အခန်း ၁၈
Vol. 2 Ch. 18
အခန်း ၁၈: ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်
"အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာ မင်းက ငါ့ကို သတိပေးဖို့ လိုလို့လား..."
ဘိုးဘေးအိုကြီးဟုန်ခွေ့သည် သူ၏ ခြောက်သွေ့ပြီး ဝါကြန့်ကြန့် မျက်လုံးများဖြင့် လုချင်ရှန်းကို တစ်ချက် ကြည့်လိုက်၏။
လုချင်ရှန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးစက်သွားမှုကို ချက်ချင်းခံစားလိုက်ရသည်။
သူက အလျင်အမြန် ပြောလိုက်သည်။
"ဒီဂျူနီယာက မဝံ့ရဲပါဘူး..."
ထိုအချိန်မှသာ ဘိုးဘေးအိုကြီးဟုန်ခွေ့သည် သတိပြန်ဝင်လာပြီး လုရန်တို့လူစုကို ဆက်ကြည့်လေသည်။
သူက အက်ကွဲနေသော နှုတ်ခမ်းများကို သပ်ပြီး သူ၏မျက်လုံးကိုမှေးကာ ပြောလိုက်သည်။
"သူတို့ကို သတ်ပစ်လိုက်ရင် နှမြောစရာကောင်းလိမ့်မယ်... ဒီမိန်းကလေးတွေ အားလုံးက အင်မော်တယ်နယ်ပယ်မှာ ရှိနေကြပြီးတော့ ကောင်းမွန်တဲ့ အရိုးတည်ဆောက်ပုံတွေ ရှိတယ်... သူတို့ကို အသုံးချလို့ ရတယ်..."
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
"ခဏနေအုံး... ခင်ဗျား ဘာကို ဆိုလိုတာလဲ... အဘိုးကြီး ခင်ဗျား မျက်စိကန်းနေတာလား... ဒီမိန်းကလေးတွေက အရိုးတည်ဆောက်ပုံ ကောင်းကြတယ်ဆိုတာ အမှန်ပဲ... ဒါပေမဲ့ ကျုပ်ကရောချို့ယွင်းနေလို့လား... သေချာကြည့်စမ်းပါဦး..."
လုရန် မယုံနိုင်လောက်အောင် ဒေါသထွက်သွားသည်။
သူသည် မိန်းကလေးများကြားတွင် ရပ်နေကာ အလွန်သိသာထင်ရှားသော်လည်း အဘိုးအိုသည် သူ့ကို လုံးဝကျော်သွားခဲ့သည်။
ဘိုးဘေးအိုကြီးဟုန်ခွေ့၏နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး လုရန်ကို အနေခက်စွာကြည့်ကာ ပြောလိုက်သည်။
"မင်း... ကလည်း အဆင်ပြေပါတယ်..."
"ဒါမှပေါ့..."
လုရန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
စုယွဲ့လင်က လုရန်၏အဝတ်စကို ကြောက်ရွံ့စွာ ဆွဲကာ ပြောလိုက်သည်။
"ဆရာ... အခုက နောက်နေရမယ့် အချိန်မဟုတ်ဘူး... မြန်မြန်... နည်းလမ်းတစ်ခုခု စဉ်းစားပါဦး..."
လုရန်က စုယွဲ့လင်၏ အနည်းငယ် အေးစက်နေသော လက်လေးကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောဆိုသည်။
"စိတ်ချပါ တပည့်လေး... အဲ့ဒီ အဘိုးကြီးရဲ့ ခေါင်းကို ငါ ရိုက်ခွဲလိုက်မယ်..."
ထိုသို့ပြောပြီးနောက် လုရန်သည် ဘိုးဘေးအိုကြီး ဟုန်ခွေ့ကို လှည့်ကြည့်လိုက်သည်။
သူသည် ဤဘိုးဘေးအိုကြီးကို အရင်ဆုံး တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ရည်ရွယ်ထားပြီး ပျော်ရွှင်မှုတချို့ ရရှိရန်အတွက် အင်မော်တယ်ကွပ်မျက်ခြင်းဓားတစ်ချက်ကို အသုံးပြုရန် ရည်ရွယ်ထားသည်။
သို့သော် ထိုအချိန်မှာပင်...
ဝှစ်...
လေထုကို ထိုးဖောက်သွားသည့် စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဘိုးဘေးအိုကြီးဟုန်ခွေ့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး လက်တဖဝါးအရွယ်အစားရှိသော ကျောက်စိမ်းပြားတစ်ခုကို ရုတ်တရက် ပစ်ထုတ်လိုက်သည်။
ဒေါင်...
အေးစက်သော အလင်းတန်းတစ်တန်းသည် ထိုကျောက်စိမ်းပြားနှင့် ထိတွေ့လိုက်သည်နှင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
လူအများကြည့်လိုက်ချိန်၌ ထိုအရာသည် လက်သန်းလုံးခန့်ထူပြီး တစ်တောင်မျှ ရှည်လျားကာ သေသပ်လှပစွာ ပုံဖော်ထားသော ငွေရောင်သံမှိုတစ်ခု ဖြစ်နေသည်။
ထိုငွေရောင်သံမှိုကို တားဆီးထားသောအရာမှာ ဘိုးဘေးအိုကြီးဟုန်ခွေ့၏ရှေ့တွင် လွင့်မျောနေသော ရှေးဟောင်းကျောက်စိမ်းပြားတစ်ခုပင်။
ထိုအရာ၏အပေါ်တွင် အနည်းငယ် တွန့်လိမ်နေသော ယင်ယန်ငါးပုံစံ အခေါင်းပေါက် ထွင်းထုထားသည်။
"ဝိညာဉ်ခွဲသံမှို... ကျစ်... သူတို့ ငါ့ကို ရှာတွေ့သွားပြန်ပြီ..."
ဘိုးဘေးအိုကြီးဟုန်ခွေ့၏ မျက်နှာအမူအရာသည် အလွန်ပျက်ယွင်းနေပေ၏။
နောက်တစ်စက္ကန့်မှာပင်...
ဝိညာဉ်ခွဲသံမှိုသည် မြေပြင်ပေါ်တွင် အနည်းငယ် တုန်ခါသွားပြီးနောက် အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျှပ်စီးကြောင်းတစ်ခုအလား ပျံသန်းသွားတော့သည်။
ဝိညာဉ်ခွဲသံမှို သွားရာလမ်းကြောင်းကို ကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းတစ်ခွင်တွင် မိုးခြိမ်းသံများ တလိမ့်လိမ့်ထနေသည်။
ထို့နောက် မိုးကြိုးတိမ်တိုက်များ ရစ်ပတ်ထားသော မိုးကြိုးမီးရထားလုံးတစ်စီးသည် ရှေ့သို့တရကြမ်းမောင်းနှင်လာပေ၏။
မြင့်မားသော မီးတောက်များက ကောင်းကင်ယံတစ်ဝက်ကို ဖုံးလွှမ်းထားသည်။
ကြီးမားသော ရထားလုံးပေါ်တွင် ပုံရိပ်များစွာကို မြင်တွေ့နိုင်သည်။ ရှေ့ဆုံးရှိ လူငါးဦးသည် ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူတို့၏ ခေါင်းဆောင်မှာ အင်မော်တယ်တစ်ဦး၏ အရှိန်အဝါမျိုးရှိသော အဘိုးအိုတစ်ဦးပင်။
ဝိညာဉ်ခွဲသံမှိုသည် ယခုအချိန်၌ အဘိုးအို၏ရှေ့တွင်မျောလွင့်နေသည်။
ပြောရမည်ဆိုလျှင် ဤရှေ့ဆုံးမှလူငါးဦးလုံး၏ ခေါင်းနောက်တွင် ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်း တစ်ခုစီ ရှိနေကြသည်။
ရွှေအင်မော်တယ် ငါးယောက်...
အို ဘုရားရေ... သာမန်အနေနဲ့ ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရွှေအင်မော်တယ် တစ်ယောက် ဖြတ်သွားတာကိုတောင် နှစ်ဝက်လောက်နေလို့ တစ်ခါ မတွေ့ရပါဘူး... ဒါပေမဲ့ ဒီနေ့တော့ ဘိုးဘေးအိုကြီး ဟုန်ခွေ့ အပါအဝင် ခြောက်ယောက်တောင် ပေါ်လာတာပဲ...
"ယုတ်မာတဲ့ တပည့်... ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းက ရှပြည်နယ်ကနေ ထွက်မသွားသေးဘူးကိုး..."
ဦးဆောင်လာသော အဘိုးအိုက လှောင်ပြောင်လိုက်သည်။
ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်လိုက်၏။
ဤတစ်ကြိမ်တွင် ရာနှင့်ချီသော ဝိညာဉ်ခွဲသံမှိုများသည် သူ၏ရှေ့တွင် ထူထပ်သိပ်သည်းစွာ မျောလွင့်နေပြီး ဘိုးဘေးအိုကြီးဟုန်ခွေ့ဆီသို့ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပစ်ခတ်လိုက်သည်။
"ကျောက်စိမ်း..."
ဘိုးဘေးအိုကြီး ဟုန်ခွေ့၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားပြီး အော်ငေါက်လိုက်သည်။
သူ၏ရှေ့ရှိ ရှေးဟောင်းကျောက်စိမ်းသည် လျှင်မြန်စွာ လှည့်ပတ်ပြီး ကောင်းကင်ယံသို့ ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ဧရာမ ပန်းကန်လုံးပုံစံ အကာအကွယ် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့အပေါ်သို့ ဖုံးအုပ်လိုက်၏။
ဒေါင် ဒေါင် ဒေါင်...
ဝိညာဉ်ခွဲသံမှိုအားလုံး အတားအဆီး၏အပြင်ဘက်တွင် တားဆီးခြင်းခံလိုက်ရသည်။ အတားအဆီး၏ တောက်ပမှုသည် မှေးမှိန်မသွားဘဲ အနည်းငယ် တုန်ခါသွားပြီးနောက် တဖန်ပြန်၍တည်ငြိမ်သွားသည်။
ယခုချိန်တွင် မိုးကြိုးမီးရထားလုံးသည် ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ဘုံကိုးထပ်၏အမြင့်တွင် မျောလွင့်နေသည်။
ဦးဆောင်လာသော အဘိုးအိုက မျက်လုံးအပြူးသားဖြင့် ဟုန်ခွေ့ကို စိုက်ကြည့်လိုက်၏။
"ယုတ်မာတဲ့ တပည့်... ချီရွှမ် ကျောက်စိမ်းပြားကို မင်း ခိုးသွားတာပါလား..."
ဘိုးဘေးအိုကြီးဟုန်ခွေ့က သူ၏စိတ်နှလုံးသား တည်ငြိမ်သွားစေရန် အသက်အနည်းငယ် ရှူလိုက်သည်။ ချီရွှမ်ကျောက်စိမ်းပြား၏ အကာအကွယ်ဝင်္ကပါသည် အလွန်တည်ငြိမ်နေသည်ကို မြင်ချိန်မှသာ နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်ခဲ့သည်။
တစ်ဖက်တွင်မူ လုရန်တို့လူစု အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။
အခြေအနေက ဘယ်လိုဖြစ်သွားတာလဲ...
ဒီဘိုးဘေးအိုကြီးဟုန်ခွေ့နဲ့ တိုက်ခိုက်ဖို့ နောက်ထပ် လူတစ်စုက ဘာလို့ ရောက်လာတာလဲ....
"အဲ့ဒါက မြင့်မြတ်မီးတောက်ဂိုဏ်းရဲ့ မိုးကြိုးမီး ရထားလုံးနဲ့ ဂိုဏ်းချုပ် ရှဲ့ထယ်ယန်ရဲ့ ဝိညာဉ်ခွဲသံမှိုပဲ..."
စုယွဲ့လင်က အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒီမြင့်မြတ်မီးတောက်ဂိုဏ်းက ဘာလုပ်တာလဲ... ဓားအမိန့်နန်းဆောင်နဲ့ ငါတို့ရဲ့ ရန်ငြိုးကို ဝင်စွက်ဖက်ဖို့ သူတို့က ဘာလို့ ပြေးလာတာလဲ..."
လုရန်က သံသယဖြင့် မေးလိုက်၏။
သူသည် စုယွဲ့လင်နှင့်တခြားသူများလောက် စိုးရိမ်ပူပန်ခြင်း မရှိပေ။
တခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင် ဤရွှေအင်မော်တယ် ခြောက်ယောက်သည် လုရန်၏ မျက်စိထဲတွင် အားအနည်းဆုံးဖြစ်ပြီး သူ စိုးရိမ်ရန် မလိုအပ်ဆုံးသူများပင်။
စုယွဲ့လင်က ရှင်းပြသည်။
"မြင့်မြတ်မီးတောက်ဂိုဏ်းဆိုတာ မိုင်ငါးထောင်အကွာမှာရှိတဲ့ ကျင်းလင်မြို့က သက်တမ်းရင့်မာတဲ့ အခြေခံအုတ်မြစ်ရှိတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ..."
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက မြင့်မြတ်မီးတောက်ဂိုဏ်းမှာ မကောင်းဆိုးဝါး ကျင့်စဉ်တွေကို လျှို့ဝှက်ကျင့်ကြံပြီး ဂိုဏ်းကို အရှက်ခွဲခဲ့တဲ့ သစ္စာဖောက်တစ်ယောက် ပေါ်ပေါက်ခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်..."
"မြင့်မြတ်မီးတောက်ဂိုဏ်းက အဲ့ဒီသူပုန်ကို ကွပ်မျက်ချင်ခဲ့ပေမဲ့ သူက မြင့်မြတ်မီးတောက်ဂိုဏ်းရဲ့ ရာနဲ့ချီတဲ့ တပည့်တွေကို သတ်ဖြတ်ပြီး ထွက်ပြေးသွားခဲ့တယ်..."
"သူ ထွက်မပြေးခင်မှာ မြင့်မြတ်မီးတောက်ဂိုဏ်းကနေ အင်မော်တယ်ရတနာတစ်ခုကိုလည်း ခိုးသွားသေးတယ်..."
"အခု ကြည့်ရတာ ဒီဟုန်ခွေ့က အဲ့ဒီသစ္စာဖောက်များ ဖြစ်နေမလား..."
...
စုယွဲ့လင်၏ခွဲခြမ်းစိတ်ဖြာမှုမှာ ရိုးရှင်းပြီး ဖြစ်နိုင်ချေ အလွန်မြင့်မားလှသည်။
လုရန်က လုချင်ရှန်းကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာ အလွန် ကြည့်ရဆိုးနေသည်ကို မြင်တွေ့လိုက်ရသည်။
သူသည် ဘိုးဘေးကို အကူအညီတောင်းရန် အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသော်လည်း မည်သို့ဖြစ်၍ နောက်ထပ် ရွှေအင်မော်တယ်ငါးယောက်ကို ဆွဲဆောင်နိုင်ခဲ့သနည်း....
ဒီကိစ္စက ရှုပ်ထွေးသွားပြီ....
ဟုန်ခွေ့က ဒီရွှေအင်မော်တယ်တွေကို တောင့်ခံနိုင်ပါ့မလား။
"ဟားဟား... အံ့သြစရာပဲ... တကယ့်ကို အံ့သြစရာပဲ... ဒီချီရွှမ်ကျောက်စိမ်းပြားရဲ့ အကာအကွယ်ဝင်္ကပါက ဖျက်ဆီးလို့မရဘူး... မင်းတို့ကောင်တွေ ငါ့ကို နှစ်တစ်သောင်းကြာအောင် နှောင့်ယှက်ခဲ့တယ်... ငါက လီတောင်မှာ နှစ်တစ်သောင်းကြာအောင် ပုန်းနေခဲ့တာတောင် မင်းတို့က ငါ့အနံ့ကိုခံပြီး လိုက်ဖမ်းနိုင်သေးတယ်ပေါ့..."
ဟုန်ခွေ့က ရယ်မောကာ ပြောလိုက်သည်။
"ချီရွှမ် ကျောက်စိမ်းပြားက ငါ့တို့ဂိုဏ်းရဲ့ အထွတ်အထိပ်ရတနာပဲ... ဒါကြောင့် အဲ့ဒီအရာရဲ့ ကာကွယ်မှုအကျိုးသက်ရောက်မှုက ကောင်းမွန်တာ မဆန်းပါဘူး... ဒါပေမဲ့ မင်းက ခဏလေးပဲ ပုန်းနေနိုင်မှာ... တစ်သက်လုံး ပုန်းနေနိုင်လို့လား..."
ရှဲ့ထယ်ယန်က အေးစက်တင်းမာစွာ ပြောလိုက်သည်။
သူ၏နံဘေးရှိ ရွှေအင်မော်တယ် လေးဦးသည်လည်း ဟုန်ခွေ့ကို စူးစိုက်၍ ကြည့်နေကြ၏။
ဤအကာအကွယ် အတားအဆီးသည် ဟုန်ခွေ့၏ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမြိုနေသည်။ သူ အချိန်မည်မျှထိကြာကြာ တောင့်ခံနိုင်မည်နည်း....
သူ ထွက်ပြေး၍ မရနိုင်ချေ။
သို့သော် ဟုန်ခွေ့က အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောဆိုသည်။
"ငါက ရွှေအင်မော်တယ်နယ်ပယ် နဝမအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိတယ်... ချီရွှမ်ကျောက်စိမ်းပြားရဲ့ အကာအကွယ်ဝင်္ကပါကို သုံးနာရီကြာအောင် ထောက်ပံ့ဖို့က ပြဿနာမရှိပါဘူး... ဒါပေမဲ့ ငါ့အတွက်က သုံးနာရီ မလိုဘူး..."
သူက လုရန်တို့လူစုကို ကြည့်ကာ သူ၏နှုတ်ခမ်းကို သပ်ပြီး ဆက်လက်၍ ပြောလိုက်သည်။
"ဒီနေရာမှာ အင်မော်တယ်နယ်ပယ်က လူတွေ တော်တော်များများ ရှိတယ်... သူတို့ကို ငါ စုပ်ယူပြီးတာနဲ့ မဟာပေါင်းစည်းခြင်းအင်မော်တယ်နယ်ပယ်ကို တက်လှမ်းဖို့ အခွင့်အရေး ရလာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ကြောက်လန့်နေရမယ့်သူတွေက မင်းတို့ ဖြစ်သွားလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ...
ရှဲ့ထယ်ယန်နှင့်တခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
သူတို့က လုရန်တို့လူစုကို ကြည့်လိုက်သည်။ အမျိုးသမီးအနည်းငယ်သည် အဆင့်မြင့် အင်မော်တယ်များ ဖြစ်ကြပြီး အမျိုးသားတစ်ဦးသည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်တွင် ရှိနေသည်။
ဟုန်ခွေ့သည် ရွှေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိနေပေ၏။ အကယ်၍ သူသာ ဤလူများ၏ အရိုးတည်ဆောက်ပုံများကို စုပ်ယူလိုက်ပါက သူ မဟာပေါင်းစည်းခြင်းအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန် အမှန်တကယ် အခွင့်အရေး ရရှိသွားနိုင်သည်။
ထိုအချိန်သို့ရောက်လျှင် သူတို့ ထွက်ပြေးနိုင်မည် မပြေးနိုင်မည်ကို မဆိုထားနှင့် မြင့်မြတ်မီးတောက်ဂိုဏ်းပင်လျှင် ဟုန်ခွေ့၏ လက်စားချေမှုကြောင့် ပြိုလဲပျက်စီးသွားနိုင်သည်။
"မင်းတို့ဆီမှာ ရှိသမျှ အရာအားလုံးနဲ့ ဝင်္ကပါကို ချိုးဖျက်ကြစမ်း..."
ရှဲ့ထယ်ယန်က နောက်ထပ်တွန့်ဆုတ်မနေဘဲ အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင်...
ရွှေအင်မော်တယ် လေးဦးသည် နေရာယူလိုက်ကြပြီး ရှဲ့ထယ်ယန်နှင့်အတူ ချီရွှမ်ကျောက်စိမ်းပြားကို ရူးသွပ်စွာ ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်တော့သည်။
ဟုန်ခွေ့ အံ့အားသင့်သွားပေ၏။
သူ နှောင့်နှေးမနေရဲပေ။ ယခုချိန်သည် သူ့အတွက် သေရေးရှင်ရေး အခြေအနေတစ်ခုပင်။
သူ့ထံမှ အနက်ရောင်ချီလှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။
ဟုန်ခွေ့က သူ၏ လှုပ်ရှားမှုကို စတင်တော့ပေမည်။
"ဘိုးဘေး... လုရန်ကို အရင်သတ်ပါ..."
လုချင်ရှန်းက အော်ဟစ်လိုက်သည်။
တခြားလူများသည် အရေးမကြီးသော်လည်း လုရန်သာ မသေပါက အပြာရောင်ကြယ်မှ အထက်ဘုံတက်လှမ်းလာသူများ စုဝေးပြီး သူ့ကို အရှင်လတ်လတ် အရေခွံခွာကြပေလိမ့်မည်။
"လုရန်လား..."
ရှဲ့ထယ်ယန် အံ့အားသင့်သွားသည်။
"အပြာရောင်ကြယ်က လုရန်များ ဖြစ်နေမလား... ဒီရက်ပိုင်း အပြာရောင်ကြယ်ကနေ အထက်ဘုံကို တက်လှမ်းလာသူတွေက သူတို့ရဲ့ ဘိုးဘေး လုရန်အတွက် ဆူညံပွက်လောရိုက်နေကြတာလေ..."
အနီးအနားရှိ ရွှေအင်မော်တယ်တစ်ဦးက ပြောလိုက်၏။
"ငါ မှတ်မိတယ်... အဲ့ဒီမိန်းကလေးက အပြာရောင်ကြယ်ကနေ အထက်ဘုံတက်လှမ်းလာတဲ့ မဟာလော့ ဓားဂိုဏ်းက စုယွဲ့လင်နဲ့ တူတယ်... ဒါဆို ဒီလုရန်က အဲ့ဒီလူ ဖြစ်ဖို့များတယ်..."
နောက်ထပ် ရွှေအင်မော်တယ်တစ်ဦးက ပြောလိုက်သည်။
"သူ့ကို စိတ်မပူနဲ့... ဟုန်ခွေ့နဲ့ အင်မော်တယ်ရတနာကို သိမ်းပိုက်ဖို့အတွက် ဝင်္ကပါကို ချိုးဖျက်တာကိုပဲ အာရုံစိုက်... လုရန်ကို မထိနဲ့..."
ရှဲ့ထယ်ယန်က ညွှန်ကြားလိုက်သည်။
အကာအကွယ် အတားအဆီးအတွင်း၌...
အနက်ရောင် မီးခိုးလုံးကြီး သူ့ဆီသို့ လွင့်လာသည်ကို ကြည့်ရင်း လုရန်က မျက်မှောင်ကြုတ်လိုက်၏။
သူက ပြောဆိုသည်။
"ကျစ်... ဒီဟုန်ခွေ့က ဘယ်လို မကောင်းဆိုးဝါး ကျင့်စဉ်မျိုးကို ကျင့်ကြံနေတာလဲ... သူက ဓာတ်ငွေ့အိုးနဲ့ ကျင့်ကြံနေသလိုပဲ... ဒီလောက် နံစော်နေတဲ့ အရှုပ်အထွေးကြီးကို လုပ်နေတယ်..."
ထိုသို့ပြောပြီးနောက် သူက ပစ္စည်းတစ်ခုကို ပစ်ထုတ်လိုက်သည်။
ထိုအရာသည် စတုရန်းပုံဖြစ်ပြီး သတ္တုလည်း မဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်ဘဲ တရားဝင်တံဆိပ်တုံးတစ်ခုနှင့် တူသည်။ ထိုအရာ၏ ဘေးဘက်များတွင် ရှုပ်ထွေးသော အခေါင်းပေါက် ပုံစံများ ထွင်းထုထားပြီး သူ၏လက်ထဲမှ ထွက်ခွာသွားသည်နှင့် ခုနစ်ရောင်ခြယ် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်...