အခန်း ၁၉
Vol. 2 Ch. 19
အခန်း ၁၉:ရွှေအင်မော်တယ်ကို သစ်သားတုတ်နဲ့ တိုက်မလို့လား
ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် သူ၏လက်ထဲမှ ပျံ့လွင့်သွားပြီး ဓားအမိန့်နန်းဆောင်၏ အထက်တွင် မျောလွင့်နေသည်။
တာအိုလှိုင်းဂယက်အလွှာများသည် ပွင့်ဟလာပေ၏။ လုရန်က လက်တစ်ဖက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်ရာ ကောင်းကင်ပြင်ကို ခြေမွှဖျက်ဆီးလုမတတ် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်ဖိအားတစ်ရပ် ပြင်းထန်စွာ ကျဆင်းလာသည်။
ဘိုးဘေးအိုကြီးဟုန်ခွေ့၏ ကြီးမားကျယ်ပြန့်သော အနက်ရောင် မီးခိုးငွေ့များသည် ယခုမှ စတင်ထွက်ပေါ်လာခြင်းဖြစ်ပေ၏။
နောက်တစ်စက္ကန့်မှာပင် 'ဖူး'ခနဲ အသံနှင့်အတူ ထိုအရာများသည် အမှုန်အမွှားများ လွင့်စင်သွားသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ဘိုးဘေးအိုကြီးဟုန်ခွေ့သည် သူ၏နေရာတွင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေပြီး သူ၏ကိုယ်ဟန်မှာ အတော်လေး ခမ်းနားနေဆဲဖြစ်သော်လည်း အနက်ရောင် မီးခိုးငွေ့များမှာမူ ပျောက်ကွယ်သွားလေပြီ။
တကယ့်ကို... နည်းနည်းနေရခက်စရာပဲ...
သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ငေးမောကြည့်နေသည်။
တစ်ချိန်တည်းမှာပင်...
လုချင်ရှန်း၊ ဂိုဏ်းနှစ်ဂိုဏ်းလုံးမှအကြီးအကဲများ၊ စုယွဲ့လင်၊ စုမေ၊ ရှဲ့ထယ်ယန်နှင့် မြင့်မြတ်မီးတောက်ဂိုဏ်းမှ တခြားသူများသည် ဆွံ့အသွားကြ၏။
"တာအိုလှိုင်းဂယက်တွေလား... အဲ့ဒါက ရှေးဟောင်းရတနာပဲ..."
ရှဲ့ထယ်ယန်၏ အိုမင်းနေသော မျက်နှာသည် ရုတ်တရက် တည်ကြည်လေးနက်သွားပြီး သူ၏မျက်လုံး အနက်ရှိုင်းဆုံးနေရာတွင် လောဘများ ဖြတ်ပြေးသွားသည်။
တခြားသူများသည်လည်း တံတွေးမြိုချလိုက်ကြသည်။
ရှေးဟောင်းရတနာတစ်ခု....
သူတို့ ထိုအဆင့်ရတနာမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှပင် မမြင်တွေ့ဖူးခဲ့ကြချေ။
"အဲ့ဒါက အဲ့ဒီလုရန်ရဲ့ ပစ္စည်းလား..."
ပတ်ဝန်းကျင်တွင်ရှိနေသော လူတစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
"ဖြစ်နိုင်တယ်... သူ အဲ့ဒါကို ဆင့်ခေါ်လိုက်တာ ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်..."
တခြားတစ်ယောက်က ပြန်ဖြေသည်။
ရှဲ့ထယ်ယန်က သူ၏မျက်လုံးများကို အနည်းငယ် မှေးကာ လုရန်ကို ကြည့်လိုက်၏။
ထို့နောက် သူက ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ သူက အပြာရောင်ကြယ်က လုရန် မဖြစ်နိုင်လောက်ဘူး... ဒီလူက အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီ... ဒါပေမဲ့ ငါ မှတ်မိသလောက် အပြာရောင်ကြယ်က လုရန်ဆိုတာ လွန်ခဲ့တဲ့ ရက်အနည်းငယ် အကြာကမှ အထက်ဘုံကို တက်လှမ်းလာပဲ..."
ရက်အနည်းငယ်လေးအတွင်းမှာပင် အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့သလော....
မဖြစ်နိုင်ဘူး....
"သူက အဆင့်မြင့် အင်မော်တယ်နယ်ပယ်မှာပဲ ရှိသေးတယ်ဆိုတော့ ငါတို့က..."
ရှဲ့ထယ်ယန်၏နံဘေးမှလူက သူ့ကို ကြည့်ကာ တွေဝေတုံဆိုင်းစွာ ပြောဆိုသည်။
သို့သော် ရှဲ့ထယ်ယန်ကမူ အလွန်ပြတ်သားသည်။သူက ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်၏။
"သူက အပြာရောင်ကြယ်က လုရန် မဟုတ်ဘူးဆိုမှတော့ ငါတို့ အဲ့ဒီရှေးဟောင်းရတနာကို သိမ်းပိုက်ရမယ်..."
'လောဘကြီးတဲ့ မြွေတစ်ကောင်က ဆင်ကို မျိုချဖို့ ကြိုးစားတယ်' ဆိုသည့် ဆိုရိုးစကားက ဤအခြေအနေဖြင့် ထပ်တူထပ်မျှပင်။
"အဓိက ဦးစားပေးရမှာက ချီရွှမ်ကျောက်စိမ်းပြားရဲ့ အကာအကွယ်ဝင်္ကပါကို အရင်ဖျက်ဆီးဖို့ပဲ... အဲ့ဒါ ပျက်စီးသွားတာနဲ့ ဟုန်ခွေ့ကို လျစ်လျူရှုပြီး လုရန်ကို အရင်သတ်ကြစမ်း..."
ရှဲ့ထယ်ယန်က အမိန့်ပေးလိုက်သည်။
မည်သည့်အရာက အရေးကြီးပြီး မည်သည့်အရာက အရေးမကြီးသည်ကို သူ ခွဲခြားသိမြင်နိုင်သည်။
အကယ်၍ သူတို့သာ ရှေးဟောင်းရတနာကို ရရှိနိုင်မည်ဆိုပါက လက်စားမချေဘဲ ဟုန်ခွေ့ကို လွှတ်ပေးလိုက်လျှင်ပင် ကိစ္စမရှိချေ။
ချီရွှမ်ကျောက်စိမ်းပြားနှင့် ပတ်သက်၍မူ သူတို့ ယူနိုင်ရင်ယူပြီး မရလျှင်လည်း လွှတ်ထားပေးနိုင်သည်။ အင်မော်တယ်ရတနာ တစ်ထောင်ကပင် ရှေးဟောင်းရတနာတစ်ခုနှင့် ယှဉ်ပြိုင်၍ မရနိုင်ချေ။
ထို့ပြင်...
ထိုရှေးဟောင်းရတနာ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသော တာအိုလှိုင်းဂယက်များကို ကြည့်ရသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော စိတ်ဝိညာဉ်ဖိအားသည် ရှေးဟောင်းရတနာများနှင့်ပတ်သက်သော ကောလာဟလများထက်ပင် ပို၍ကြီးမားနေသည်။
ဖြစ်နိုင်သည်က ဤသည်မှာ မွေးရာပါ ရှေးဟောင်းရတနာတစ်ခု ဖြစ်နေနိုင်သည်။
ဤသို့တွေးမိသောအခါ ရှဲ့ထယ်ယန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကျင်တက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏တိုက်ခိုက်မှုများ ပို၍ပြင်းထန်လာတော့သည်။
ဟုန်ခွေ့၏မျက်လုံးများ ပို၍ပင် တောက်ပလာသည်။
"သူ့ရဲ့လက်ထဲမှာ ရှေးဟောင်းရတနာတစ်ခု တကယ်ရှိနေမယ်လို့ ထင်မထားခဲ့ဘူး... ဟား ဟား ဟား... ဒီနေ့ကတော့ ငါ ဟုန်ခွေ့ တက်လမ်းပွင့်မယ့်နေ့ပဲ..."
ဟုန်ခွေ့သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ခုန်ပေါက်မိလုနီးပါး ဖြစ်နေသည်။
အကယ်၍ သူသာ ဤအရိုးတည်ဆောက်ပုံကို စုပ်ယူနိုင်ပါက မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ရှေးဟောင်းရတနာကိုလည်း ရလိုက်မယ်ဆိုလျှင် သူ ကောင်းကင်ဘုံသို့ ပျံသန်းသွားနိုင်ပေလိမ့်မည်။
စုယွဲ့လင်၊ စုမေနှင့် တခြားသူများသည် ကောင်းကင်ယံရှိ ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ငေးမောကြည့်နေကြသည်။
အချိန်အတော်ကြာပြီးနောက် စုမေက တီးတိုးရေရွတ်လိုက်၏။
"နင့်ရဲ့ဆရာက... တကယ့်ကို ကြောက်စရာကောင်းတာပဲ..."
ထို့နောက် စုယွဲ့လင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဆရာ... အဲ့ဒါက ဘာလဲ... ရှေးဟောင်းရတနာလား..."
လုရန်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"အဲ့ဒါက ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ပဲ..."
ထိုရှေးဟောင်းရတနာကို ရရှိပြီးနောက် သူ ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် သူ အလွန်ကျွမ်းကျင်မှု မရှိသေးချေ။
ထို့ပြင် လုရန်၏ကျင့်ကြံဆင့်နယ်ပယ်သည် မမြင့်မားသေးသောကြောင့် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ စွမ်းအားပြည့်ကို ထုတ်မသုံးနိုင်သေးပေ။
ထိုအရာကို ရရှိချိန်တွင် လုရန်သည် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်နှင့် ပတ်သက်သည့် အတိုချုပ်မိတ်ဆက်ကိုလည်း ရရှိခဲ့သည်။
ခုန်းတုန်စည်းတံဆိပ်သည် လူသားမျိုးနွယ်၏ အထွတ်အထိပ်ရတနာတစ်ခု ဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုထားကြ၏။
စည်းတံဆိပ်၏အထက်တွင် နဂါးကိုးကောင် ရစ်ပတ်ထားပြီး လေးဘက်လေးတန်တွင် ဧကရာဇ်ငါးပါး၏ မြင့်မြတ်သော မျက်နှာများကို ထွင်းထုထားသည်။
စည်းတံဆိပ်၏အောက်ဘက်တွင် တာအိုကောင်းချီးစကားလုံး နှစ်လုံးဖြစ်သည့် 'ခုန်းတုန်' ဟု ပါရှိသည်။
ဤစည်းတံဆိပ်ကို ကိုင်ဆောင်ထားခြင်းဖြင့် လူသားဧကရာဇ်တစ်ပါးကို နန်းချနိုင် သို့မဟုတ် နန်းတင်နိုင်ပြီး ကိုင်ဆောင်သူသည် အိုမင်းခြင်းကင်းလွတ်ကာ အင်မော်တယ်ဖြစ်လာပြီး ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ကို ရရှိပေမည်။
ထိုသို့ဆိုလျှင် ယခုအချိန်တွင် သူ အသုံးပြုနိုင်သည့်အရာမှာ ဤရှေးဟောင်းရတနာ၏စွမ်းအားအနက်မှ ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်နေသည်။
မိုးကြိုးမီးရထားလုံးပေါ်တွင်ရှိနေသော ရှဲ့ထယ်ယန်တိူ့လူစုသည် ဟုန်ခွေ့က လုရန်ဆီသို့ ဦးတည်သွားသည်ကို မြင်သောအခါ ချက်ချင်းစိုးရိမ်သွားကြသည်။
အကယ်၍ ဟုန်ခွေ့သာ ရှေးဟောင်းရတနာကို ရရှိသွားပါက သူ မဟာပေါင်းစည်းခြင်းအင်မော်တယ်နယ်ပယ်သို့ မတက်လှမ်းနိုင်လျှင်ပင် သူ့ကို သူတို့ အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
အချိန်တခဏကြာမျှ တွန့်ဆုတ်ပြီးနောက် ရှဲ့ထယ်ယန်သည် ပြတ်သားစွာ ရပ်တန့်လိုက်ပြီး အံ့ကြိတ်ကာ လက်နှစ်ဖက်ကို ပူးဆုပ်၍ သူ၏ရင်ဘတ်ကို ပြင်းထန်စွာ ထုလိုက်သည်။
"ဖူး..."
အသက်စွမ်းအင် သွေးတစ်လုတ် ပန်းထွက်လာပြီး ပျောက်ကွယ်မသွားဘဲ သူ၏ရှေ့တွင် စုစည်းသွားပေ၏။
ရှဲ့ထယ်ယန်က သူ၏လက်များကို ဖြည်းညှင်းစွာ ဆွဲခွာလိုက်သည်။ ပူပြင်းသော မီးတောက်များနှင့် အရိုးခိုက်မတတ် အေးစက်သော လေစီးကြောင်းများ ပေါင်းဆုံသွားပြီး ကျယ်ပြန့်သော ဖြူလွှလွှမြူခိုးများသည် လေပြင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအားလုံးသို့ လွှမ်းခြုံသွားတော့သည်။
သူ၏နံဘေးရှိ ရွှေအင်မော်တယ်လေးဦး၏မျက်နှာများ ဖြူရော်သွားပြီး အလောတကြီး တော်တော်ဝေးဝေးသို့ ဆုတ်ခွာသွားကြသည်။
"ရေနဲ့မီး သန့်စင်ခြင်း..."
ရှဲ့ထယ်ယန်၏ မျက်နှာအမူအရာသည် ရက်စက်ကြမ်းကြုတ်နေပြီး သူ၏မျက်လုံးများ သွေးကဲ့သို့ နီရဲနေပေ၏။ ဤလှုပ်ရှားမှုကို ထုတ်လွှတ်ရန်အတွက် သူသည် စွမ်းအားများစွာ အသုံးပြုခဲ့ရကြောင်း သိသာထင်ရှားသည်။
ထို့နောက် ရှဲ့ထယ်ယန်သည် အင်အားနှစ်ခုကို အတူတကွ ဆွဲယူလိုက်ရာ ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ တိုက်ခတ်မိသွားပြီး ချီရွှမ်ကျောက်စိမ်းပြား၏ အကာအကွယ်ဝင်္ကပါကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
"ခရက်..."
ဤပြင်းထန်သောစွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် အကာအကွယ်ဝင်္ကပါ၌ အမှန်တကယ်ကို အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအရာကို ထိန်းချုပ်နေသော ဟုန်ခွေ့သည်လည်း ထိခိုက်သွားပေ၏။ သူ၏မျက်နှာ ဖြူရော်သွားပြီး မိုးကောင်းကင်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
ဤသည်က ထိရောက်မှုရှိကြောင်း မြင်သောအခါ ရှဲ့ထယ်ယန်သည် သူ၏အားသာချက်ကို အသုံးပြုကာ လက်များကို ဆွဲခွာလိုက်ပြီး အကာအကွယ်ဝင်္ကပါတွင် ဟာကွက်တစ်ခု ထွက်ပေါ်လာအောင် ဆုတ်ဖြဲလိုက်သည်။
"တိုက်ခိုက်စမ်း... လုရန်ကို သတ်..."
ရှဲ့ထယ်ယန်က အော်ဟစ်လိုက်သည်။
သူသည် ဟာကွက်ကို ပွင့်ဟနေစေရန် ဖိနှိပ်ထားပြီး ရွှေအင်မော်တယ်နှစ်ဦးသည် အမြန်ဆုံး တုံ့ပြန်လိုက်ကြကာ သူတို့၏ ပုံရိပ်များသည် ဖြတ်သန်းဝင်ရောက်သွားပေ၏။
သူတို့၏အမြင်အရ လုရန်သည် အဆင့်မြင့် အင်မော်တယ်တစ်ဦးမျှသာဖြစ်သည်။ ရွှေအင်မော်တယ်တစ်ဦး တိုက်ခိုက်ခြင်းဖြင့် သူ့ကို စက္ကန့်ပိုင်းအတွင်း လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေမည်။
လုရန်လည်း ဆူညံသံကို ကြားလိုက်ရသည်။ သူက ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"သောက်ကျိုးနည်း... ငါ့ကို သတ်ချင်တာလား... ဒီခွေးအိုကြီးကလည်း လူကောင်းမဟုတ်ဘူးပဲ..."
ဟုန်ခွေ့၏တုံ့ပြန်မှုက ပို၍လျှင်မြန်သည်။
ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးများကြောင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ စုတ်ပြဲသွားပြီး လူ့အရေပြားတစ်လွှာ ဖုံးအုပ်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူများမှလွဲ၍ တခြားဘာမှမရှိသကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်ကို လှစ်ဟပြနေသည်။
သူ၏ခန္ဓာကိုယ်သည် ဆွေးမြည့်ခြောက်ကပ်နေပုံ ရသော်လည်း သူသည် အလွန်လျှင်မြန်ပြီး သူ၏တစ်ကိုယ်လုံးကို အနက်ရောင်ချီများဖြင့် ဖုံးလွှမ်းထားသည်။
လုရန်သည် နောက်သို့လှမ်း၍ အနီးအနားရှိ ချုံပုတ်တစ်ခုမှ သစ်ကိုင်းတစ်ကိုင်းကိုချိုးကာ သူ၏ လက်ထဲတွင် ကိုင်ထားလိုက်၏။
အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်ကို သူက ဓားမရှိဘဲ မည်သို့ အသုံးပြုမည်နည်း။ ဤသည်က လုံလောက်အောင် ကောင်းမွန်မည်မဟုတ်သောကြောင့် သူက ဤသစ်ကိုင်းကို အစားထိုးအဖြစ် အသုံးပြုရုံသာ တတ်နိုင်တော့သည်။
ထို့နောက် သူသည် ဟုန်ခွေ့ကို ကြည့်လိုက်ပြီး နောက်ဆုတ်မည့်အစား ရှေ့သို့တက်ကာ အကွာအဝေးကို ကျဉ်းမြောင်းလိုက်သည်။
"ငါ့ရဲ့တံခါးဝကို သူ့ကိုယ်သူ လာပို့နေတာပဲ..."
ဟုန်ခွေ့ ဝမ်းသာသွားသည်။
သူ လုရန်ကို သတ်လိုက်သရွေ့ ကောင်းကင်ယံရှိ ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ပိုင်ရှင်မဲ့ ဖြစ်သွားပေမည်။ သူသည် ထိုအရာကို ပထမဆုံး လှမ်းယူပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားကို ခတ်နှိပ်ကာ သူ၏အပိုင်အဖြစ် လုပ်ဆောင်ရပေမည်။
တကယ့်ကို ထက်မြက်တဲ့ အကြံအစည်ပဲ...
ထိုအချိန်မှာပင် ဟုန်ခွေ့က ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်သည်။ သစ်ကိုင်းခြောက်တစ်ခုနှင့်တူသော သူ၏ညာဘက်လက်သည် ဆန့်တန်းလာပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချီများသည် ဧရာမလက်သည်းကြီးတစ်ခုအဖြစ် တွန့်လိမ်သွားပြီး လုရန်ကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်တော့သည်။
"ဆရာ... သတိထား..."
စုယွဲ့လင်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
သူမက နောက်ထပ်တွန့်ဆုတ်မနေဘဲ ရှေ့သို့ ပြေးထွက်သွားပေ၏။
လုရန်သည် ဟုန်ခွေ့၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ပြီး အထိအခိုက်မရှိ နေနိုင်သောကြောင့် မူလက အတော်လေး သက်တောင့်သက်သာ ရှိနေခဲ့သည်။
သို့သော် စုယွဲ့လင်က ပြေးဝင်လာခြင်းကြောင့် ဤဟန်ချက်က ပျက်စီးသွားသည်။ လုရန်သည် သူ့ကိုယ်သူ ကာကွယ်နိုင်သော်လည်း စုယွဲ့လင်ကမူ ချက်ချင်း အသတ်ခံရနိုင်ချေရှိသည်။
"ကောင်မလေး... နောက်ဆုတ်..."
လုရန်က အော်ဟစ်လိုက်၏။
သို့သော် နောက်ကျသွားပြီဖြစ်ပြီး စုယွဲ့လင်သည် သူ၏စကားကို လုံးဝနားမထောင်ချေ။
သူမသည် သူမ ပိုင်ဆိုင်သမျှ စိတ်ဝိညာဉ်ရတနာ အနည်းငယ်ကို ထုတ်လွှတ်လိုက်ပြီး အတွေးတစ်ချက်နှင့်အတူ ထိုအရာများသည် ပျံ့လွင့်သွားကာ လုရန်၏ ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခုအား ဖန်တီးလိုက်သည်။
သူမကိုယ်တိုင်ကမူ လက်ဗလာသက်သက် ဖြစ်သွားသည်။
လုရန်သည် အလျှင်အမြန် လက်လှမ်းကာ စုယွဲ့လင်၏ ဖြူဖွေးသော လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး သူမကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နောက်လှည့်၍ သူ၏ကျောကို ပေးထားပြီး သူမကို တင်းကြပ်စွာ ကာကွယ်ထားလိုက်၏။
"ဘုန်း..."
အနက်ရောင်ချီလက်သည်းကြီးက သူတို့ကို ပြင်းထန်စွာ ဝင်တိုက်သွားသည်။
ဟုန်ခွေ့၏တိုက်ခိုက်မှုအရှိန်သည် ရုတ်တရက် ကျဆင်းသွားပေ၏။ သူ၏အမြင်အရ လုရန်သည် သေချာပေါက် သေမည်ဖြစ်သောကြောင့် သူသည် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို လှမ်းယူရန်အတွက် လေထုထဲသို့ ပျံသန်းသွားရန် ရည်ရွယ်ထားသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင်...
လုရန် လုံးဝအထိအခိုက်မရှိသည်ကို အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် သူ တွေ့လိုက်ရသည်။
ဤအချိန်တွင် လုရန်သည် အမှန်တကယ်ကို ဒေါသထွက်နေပေ၏။ သူက ရင်ခွင်ထဲရှိ စုယွဲ့လင်ကို ငုံ့ကြည့်လိုက်သည်။ သူမသည် အသက်ပြင်းပြင်းရှူနေပြီး သူမ၏မျက်နှာအမူအရာမှာ ကြောက်ရွံ့ထိတ်လန့်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ ဒဏ်ရာမရခဲ့ပေ။
"ဆရာ..."
"ပါးစပ်ပိတ်ထား... မင်းနဲ့ နောက်မှ ရှင်းမယ်..."
လုရန်က သူမကို စိုက်ကြည့်ကာ စုမေကို ကြည့်ပြီး ပြောလိုက်သည်။
"သူ့ကို မင်းဆီ အပ်ခဲ့မယ်..."
ထိုသို့ပြောပြီးနောက် သူက စုယွဲ့လင်ကို စုမေဆီသို့ ပစ်ပေးလိုက်၏။
သူက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စိတ်ဝိညာဉ်ရတနာများကို ကြည့်လိုက်သည်။ ထိုအရာအားလုံးမှာ စုယွဲ့လင်၏ရတနာများဖြစ်သော်လည်း ထိုအရာများသည် ပျက်စီးနေပြီဖြစ်ပြီး ပြန်လည်ပြုပြင်ရန် လိုအပ်သည်။
ရွှေအင်မော်တယ်တစ်ဦး၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့နောက် သူသည် နောက်လှည့်ကာ သူ၏လက်ထဲရှိ သစ်ကိုင်းကို ဝှေ့ယမ်းပြီး ဟုန်ခွေ့ကို ရင်ဆိုင်လိုက်ရာ သူ၏မျက်လုံးများတွင် ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေတော့သည်။
သို့သော် ဟုန်ခွေ့ကမူ အံ့အားသင့်သွားသည်။ သူသည် ရွှေအင်မော်တယ်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသော်လည်း အဆင့်မြင့် အင်မော်တယ်တစ်ဦးကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့သလော။
ဝင်္ကပါကို ယခုလေးတင် ချိုးဖျက်ခဲ့သော ရှဲ့ထယ်ယန်တို့လူစူသည်လည်း သူတို့၏ခေါင်းများ ထူပူသွားသည်ကို ခံစားလိုက်ရသည်။
လုရန်ကို ထပ်ကြည့်လိုက်ရာ သူသည် အထိအခိုက်မရှိရုံသာမက သစ်ကိုင်းတစ်ကိုင်းကို ကိုင်ကာ ဟုန်ခွေ့ကို ရင်ဆိုင်နေသည်။
ဒီကောင်က ရွှေအင်မော်တယ်တစ်ယောက်ကို သစ်ကိုင်းနဲ့ တိုက်ခိုက်မလို့လား...