← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀ :ငါက ဖိနှိပ်မယ်...မင်းက သတ်စမ်း

မြင့်မြတ်မီးတောက်ဂိုဏ်းမှ ရွှေအင်မော်တယ်နှစ်ဦးသည် ယခုအချိန်၌ အနည်းငယ် တွန့်ဆုတ်နေကြ၏။

အခြေအနေက အနည်းငယ် ထူးဆန်းနေသည်။ သူတို့ တိုက်ခိုက်သင့်သလော သို့မဟုတ် မတိုက်ခိုက်သင့်သလော။

သူတို့ တွန့်ဆုတ်နေကြသော်လည်း ဟုန်ခွေ့ကမူ မတွန့်ဆုတ်ရဲပေ။

ချီရွှမ်ကျောက်စိမ်းပြား အကာအကွယ်ကို ရှဲ့ထယ်ယန်က ဆုတ်ဖြဲလိုက်သဖြင့် သူ လုရန်၏အရိုးတည်ဆောက်ပုံကို စုပ်ယူရန် နောက်ကျသွားလေပြီ။ သူ၏ တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေးမှာ လုရန်ကို သတ်ပြီး ရှေးဟောင်းရတနာကို သိမ်းပိုက်ရန်သာ ဖြစ်သည်။

"နတ်ဘုရားလိုလို ဘာလိုလို ဟန်ဆောင်နေတာပဲ..."

ဟုန်ခွေ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

သူ၏စွမ်းအားများ တဖန်ပြန်၍ ပေါက်ကွဲလာပြီး သူ၏အသွေးအသားများ ထပ်မံ၍ ကျုံ့ဝင်သွားပုံရကာ အနက်ရောင်စွမ်းအင်များ ပို၍ထူထပ်သိပ်သည်းလာသည်။ ထိုကြောင့် သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အနည်းငယ် တွန့်လိမ်သွားသကဲ့သို့ ဖြစ်နေပေ၏။

ဤသည်ကို မြင်သောအခါ ရွှေအင်မော်တယ်နှစ်ဦးသည် ဆက်၍အငြိမ်မနေနိုင်တော့ချေ။

အကယ်၍ သူတို့ ယခုချိန်၌ မလှုပ်ရှားဘဲ ဟုန်ခွေ့က အရင်ဦးသွားပါက ဤသည်မှာ ဘေးအန္တရာယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူတို့သုံးဦးလုံး လုရန်ဆီသို့ တပြိုင်နက်တည်း ပြေးဝင်သွားကြသည်။

သူတို့သည် သူ့ထံသို့ မရောက်ရှိမီမှာပင် သူတို့၏ သက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ပြီးဖြစ်သည်။

ဤသည်က သုံးဦးသား ပူးပေါင်းတိုက်ခိုက်မှုဖြစ်ပြီး ရွှေအင်မော်တယ်သုံးဦးက အဆင့်မြင့် အင်မော်တယ် တစ်ဦးတည်းအပေါ် အာရုံစိုက်၍ တိုက်ခိုက်ခြင်းပင်။

ဤတစ်ကြိမ်တွင်မူ လုရန် သေချာပေါက် သေရပေမည်။

သေချာသည်က ဤသည်မှာ သူတို့၏ စိတ်ကူးယဉ်မှုသက်သက်ပင်။

မြင့်မြတ်မီးတောက်ဂိုဏ်းမှ လူများ၏ ယန်မီးတောက်များသည် လုရန်အပေါ်၌ ပေါက်ကွဲသွားပြီး ဟုန်ခွေ့၏ အနက်ရောင်စွမ်းအင်များသည် မရေမတွက်နိုင်သော အနက်ရောင် ဆူးချွန်များအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ စိုက်ဝင်သွားတော့သည်။

သူကို မြင့်မြတ်မီးတောက်ဂိုဏ်းရဲ့ သစ္စာဖောက်တွေလို့ ခေါ်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... ဒီလှုပ်ရှားမှုက ရှဲ့ထယ်ယန်ရဲ့ ဝိညာဉ်ခွဲသံမှိုနဲ့ အတော်လေး ဆင်တူတာပဲ...

သို့ရာတွင် ရလဒ်ကမူ...

လုရန်သည် မလှုပ်မယှက် ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်နေကာ သူ၏လက်ထဲရှိ သစ်ကိုင်းလေးပင်လျှင် စိမ်းလန်းစိုပြည်နေဆဲပင်။

သူသည် လက်ကို ပေါ့ပေါ့ပါးပါးဖြင့် ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေနှင့် တိမ်များ ပြောင်းလဲသွားပေ၏။ ပြင်းထန်သော လေပြင်းများသည် ဓားအမိန့်နန်းဆောင်တလျှောက်လုံး တိုက်ခတ်လာပြီး သဲများနှင့် ကျောက်ခဲများ လွင့်စင်သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။

ရွှေအင်မော်တယ်သုံးဦးသည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်တစ်ကိုယ်လုံးအနှံ့ ကြက်သီးမွေးညှင်းများ ထသွားကြသည်။

"ဆုတ်..."

မြင့်မြတ်မီးတောက်ဂိုဏ်းမှ လူနှစ်ဦးသည် နောက်ထပ် တွန့်ဆုတ်မနေဘဲ အော်ဟစ်လိုက်သည်။

ရွှေအင်မော်တယ်သုံးဦးသည် အာရုံစိုက်၍ တိုက်ခိုက်နေပြီး ပြိုင်ဘက်သ​ည် ကာကွယ်ရေးအစီအမံ မည်သည့်အရာမျှ မရှိသည့်တိုင် လုံးဝအထိအခိုက်မရှိသဖြင့်...

ဒီသောက်ကောင်က အဆင့်မြင့် အင်မော်တယ်တစ်ယောက် သေချာပေါက် မဟုတ်ဘူး...

ဟုန်ခွေ့သည်လည်း အန္တရာယ်ကို သတိထားမိလိုက်သည်။ သူ၏အတွေးတစ်ချက်ဖြင့် ချီရွှမ်ကျောက်စိမ်းပြား ပြန်လည်ရောက်ရှိလာပြီး သူ၏ရှေ့တွင် လွင့်မျောကာ လှည့်ပတ်နေသည်။

ရှဲ့ထယ်ယန် ဆုတ်ဖြဲထားခဲ့သော ဧရာမ ကာကွယ်ရေးဝင်္ကပါသည်လည်း လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူ့ကို ကာကွယ်ရန် နောက်ထပ် ရွှေရောင်အလင်းလွှာတစ်ခုကို ဖန်တီးလိုက်၏။

ရွှစ်...

လုရန်၏လက်ထဲရှိ သစ်ကိုင်းလေး ယမ်းခါသွားသည်။

ဓားအမိန့်နန်းဆောင်၏ မြေပြင်တစ်ခုလုံးသည် အလွန်ကြီးမားသော စွမ်းအားတစ်ရပ်ကြောင့် စုတ်ပြဲပြီး အက်ကွဲသွားတော့သည်။

ပထမဆုံး ထိခိုက်ခံရသူများမှာ မြင့်မြတ်မီးတောက်ဂိုဏ်းမှ ရွှေအင်မော်တယ်နှစ်ဦးပင်။

သူတို့သည် နောက်သို့လှည့်ကြည့်ရန်သာ အချိန်ရလိုက်ပြီး မလွတ်မြောက်နိုင်ကြောင်း သဘောပေါက်သွားသဖြင့် ကာကွယ်ရန်အတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများအားလုံးကို အလျင်အမြန် ထုတ်လွှတ်လိုက်ကြ၏။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချီ လွှမ်းမိုးသွားပြီး သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ ဖြာကျနေသော သွေးမိုးအဖြစ် ပြောင်းလဲသွားတော့သည်။

အင်မော်တယ်နည်းစနစ်များရှေ့တွင် ကာကွယ်ရေး နည်းလမ်းအားလုံး အချည်းနှီးသာဖြစ်သည်။

ထိုအရာသည် ကောင်းကင်တာအို နိယာမများ၏ စွမ်းအားပင်။

ဟုန်ခွေ့အတွက်လည်း မလွယ်ကူလှပေ။

ဓားချီထိမှန်သွားသည့်အချိန်တွင် ချီရွှမ်ကျောက်စိမ်းပြား၏ အကာအကွယ်အလွှာသည် တစ်စက္ကန့်မျှသာ တောင့်ခံနိုင်ပြီး ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ ပြိုကွဲသွားသည်။ ချီရွှမ်ကျောက်စိမ်းပြားသည်လည်း နှစ်ပိုင်းကွဲထွက်သွားတော့သည်။

ဤသည်မှာလည်း နိယာမများ၏ စွမ်းအားပင်။ အကယ်၍ အစစ်အမှန် အင်မော်တယ်တစ်ဦးကသာ ချီရွှမ်ကျောက်စိမ်းပြားကို ထောက်ပံ့နေပါက လုရန်သည် ကာကွယ်မှုကို ချိုးဖျက်နိုင်မည် မချိုးဖျက်နိုင်မည်အား မသိနိုင်ပေ။

သို့သော် ထိန်းချုပ်သူမှာ ရွှေအင်မော်တယ်တစ်ဦးဖြစ်ပြီး ကာကွယ်ခံရသူမှာလည်း ရွှေအင်မော်တယ်တစ်ဦးဖြစ်သောကြောင့် အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်ရှေ့တွင် ကာကွယ်မှုအားလုံး စုတ်ပြဲသွားပေမည်။

ဟုန်ခွေ့၏ ပိန်လှီပြီး ညှိုးနွမ်းခြောက်ကပ်နေသော ခန္ဓာကိုယ်နှင့် ပတ်သက်၍ ထိုအရာသည် တိုက်စားခံရပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားတော့သည်။

အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်...

ဤသည်မှာ သစ်ကိုင်းတစ်ချောင်း ဓားတစ်ချက်ဖြင့် ကြီးမြတ်သော ရွှေအင်မော်တယ်သုံးဦးကို သတ်ဖြတ်ခြင်းပင်။

ယခုအချိန်တွင် ရှဲ့ထယ်ယန်၏အမြင်မှ ကြည့်လျှင် လုရန်ကို ဗဟိုပြု၍ ဓားအမိန့်နန်းဆောင်တစ်ခုလုံးသည် မီးတောင်ပေါက်ကွဲသွားသည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားပြီး အဆောက်အအုံများနှင့်မြေပြင်၌ အပေါက်များစွာ ဖြစ်ပေါ်နေသည်။

နောက်တစ်စက္ကန့်မှာပင်...

လုရန်က ရှဲ့ထယ်ယန်ကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး သူ၏ လက်ထဲရှိ သစ်သားတုတ်ကို ထပ်မံ၍ မြှောက်လိုက်သည်။

"ပြေး..."

ရှဲ့ထယ်ယန်က နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ဘဲ နောက်လှည့်ကာ ထွက်ပြေးလိုက်၏။

သူသည် မိုးကြိုးမီးရထားလုံးပေါ်သို့ တက်လိုက်ရာ ထိုအရာသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားသည်။

ကြွင်းကျန်သော ရွှေအင်မော်တယ်နှစ်ဦးကို သူ လုံးဝလျစ်လျူရှုလိုက်ချိန်တွင် လုရန်က ဒုတိယမြောက် ဓားက လွှဲယမ်းပြီးဖြစ်သည်။

ကျန်ရှိနေသော ရွှေအင်မော်တယ် နှစ်ဦးသည် ဒေါသထွက်ပြီး ထိတ်လန့်နေကြ၏။ သူတို့ ပြေးချင်သော်လည်း သူတို့၏ အမြန်နှုန်းမှာ ဓားချီထက် မမြန်သည်မှာ ထင်ရှားပြီး မိုးကြိုးမီး ရထားလုံးကိုလည်း ရှဲ့ထယ်ယန်က စီးသွားလေပြီ။

ဘုန်း... ဘုန်း...

ဆက်တိုက် ပေါက်ကွဲသံနှစ်သံနှင့်အတူ ထိုရွှေအင်မော်တယ် နှစ်ဦးသည်လည်း သူတို့အဖော်များ၏ လမ်းစဉ်အတိုင်း လိုက်သွားကြတော့သည်။

ရှဲ့ထယ်ယန်သည် အလျင်အမြန် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ စိတ်ဝိညာဥ်လွင့်စင်သွားလုမတတ် ကြောက်လန့်သွားသည်။

ဒီကောင်က ဘယ်လို အင်မော်တယ်မျိုးလဲ...

ဓားနှစ်ချက်တည်းနဲ့ ရွှေအင်မော်တယ် ငါးယောက်ကို သတ်ပစ်လိုက်တယ်... ပြီးတော့ အဲ့ဒါက အရမ်းကို လွယ်ကူနေတယ်...

သူက ချီရွှမ်ကျောက်စိမ်းပြားကိုတောင် နှစ်ပိုင်းခွဲလိုက်သေးတယ်...

အဲ့ဒါက အင်မော်တယ်ရတနာတစ်ခုလေ...

လုရန် ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်၍ ဆဲဆိုလိုက်၏။

"ခွေးအိုကြီး... ခုဏလေးတင် ငါ့ကို သတ်ချင်နေတာ မဟုတ်လား... အခု ဘာလို့ ထွက်ပြေးနေတာလဲ..."

ကျယ်လောင်သောအသံက ပဲ့တင်ထပ်သွားသည်။

လုရန်သည် ရှဲ့ထယ်ယန်ဆီသို့ အမှန်တကယ် မရောက်နိုင်တော့ပေ။

သို့သော် တစ်ဖက်လူသည် ဤအသံကို ကြားလိုက်ရသောအခါ သူ၏တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ထပ်မံ၍ ရိုက်လိုက်သည်။

ဖူး...

အသက်စွမ်းအင်သွေးတစ်လုတ်ကို အလကားရသကဲ့သို့ ပန်းထုတ်လိုက်ကာ သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး ရှဲ့ထယ်ယန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ သွေးမြူများထဲသို့ ထိုးဆင်းသွားပေ၏။

သူက လက်နှစ်ဖက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို အလျင်အမြန် ဖော်ဆောင်လိုက်သည်။ ဤသည်မှာ ရှဲ့ထယ်ယန် သူ၏ဘဝတွင် အသုံးပြုဖူးသမျှအနက် အမြန်ဆုံး လက်အမြန်နှုန်း ဖြစ်နိုင်သည်။

ဝှစ်...

သွေးရောင် အလင်းတန်းတစ်ခုသည် မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းတွင် တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ဤသည်က အသက်စွမ်းအင် သွေးအနှစ်သာ များနှင့် ကျင့်ကြံမှုကို ဝါးမြိုပြီး သူ၏အခြေခံအုတ်မြစ်ကိုပင် ထိခိုက်စေသည့် သွေးလွတ်မြောက်ခြင်း နည်းစနစ်ကဲ့သို့ အရာတစ်ခု ဖြစ်နိုင်သည်။

သို့သော် ရှဲ့ထယ်ယန်သည် အလွန်အမင်း ထိတ်လန့်နေလေပြီ။ တခြားအရာများကို သူ မည်သို့ ဂရုစိုက်နိုင်မည်နည်း။ သူ၏ခြေထောက်အောက်ရှိ မိုးကြိုးမီး ရထားလုံးကို စွန့်လွှတ်ရလျှင်ပင် သူ အရင်ဆုံး ပြေးရပေမည်။

သူ၏မိဘများက သူ့ကို နောက်ထပ် ခြေထောက်နှစ်ချောင်း မပေးခဲ့သည်ကိုသာ သူ မုန်းတီးမိသည်။

လုရန်သည် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းမဲ့ပြီး တီးတိုးရေရွတ်လိုက်၏။

"ငါ သူ့ကို ချက်ချင်း သတ်နိုင်ပေမဲ့ ငါက အမြန်နှုန်း မလုံလောက်ဘူး... ဒီခွေးအိုကြီးရဲ့ အမြန်နှုန်းက နည်းနည်းတော့ လှည့်စားတတ်တယ်... သူက တကယ့်ကို ရွှေအင်မော်တယ် တစ်ယောက်ပဲ..."

လုရန်သည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်တွင် ရှိနေသော်လည်း သူသည် ထိုအမြန်နှုန်းဖြင့် မပြေးနိုင်ပေ။

ထို့နောက် သူက သစ်ကိုင်းကို လွှင့်ပစ်လိုက်ပြီး စုယွဲ့လင်တို့ကို ကြည့်လိုက်သည်။

ဝှစ်...

စုယွဲ့လင်မှလွဲ၍ တခြားအမျိုးသမီးအားလုံးသည် တောင့်တင်းစွာ မတ်တတ်ရပ်နေကြပြီး အသက်ရဲရဲမရှူရဲကြပေ။

လုရန် ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သော သစ်ကိုင်းကိုလည်း သူမတို့ လှမ်းကြည့်လိုက်ကြ၏။

ထိုသစ်ကိုင်းသည် ကောက်ကွေးနေပြီး ထိုအရာပေါ်တွင် စိမ်းလန်းသော အရွက်တချို့ပင် တွဲလောင်းကျနေသည်။

လွန်ခဲ့သော တခဏကမှ လုရန်သည် ဤအရာကို အသုံးပြု၍ ရွှေအင်မော်တယ်လေးဦးကို ချက်ချင်းသတ်ပစ်ခဲ့သည်။

စုယွဲ့လင် သူမ၏ဆရာအကြောင်း ကြွားဝါပြောဆိုသည်ကို စုမေက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးခဲ့သည်။ အတိတ်က စုမေသည် ဤစကားများကို ချဲ့ကားပြောဆိုခြင်းဖြစ်သည်ဟု ခံစားမိပေ၏။

သို့သော် ယခု ကြည့်ရသည်မှာ စုယွဲ့လင်က အလွန် ချင့်ချိန်၍ ပြောဆိုခဲ့ခြင်း ဖြစ်ပုံရသည်။

လုရန် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ဖြတ်နိုင်ခဲ့လေပြီ။

ထို့ပြင် ရွှေအင်မော်တယ်များ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင်ပင် သူသည် ဆံချည်တစ်မျှင်မျှ ထိခိုက်မှုမရှိချေ။

လုရန်က လုချင်ရှန်းကို ပြန်ကြည့်လိုက်သည်။

ဒီကောင်က ဒီနေ့အတွက် အဓိက ပစ်မှတ်ပဲ... တခြားအရာအားလုံးက မတော်တဆဖြစ်သွားတာ...

ဘုန်း...

သူ လုချင်ရှန်းကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူသည် နံဘေးရှိ ဓားအမိန့်နန်းဆောင် အကြီးအကဲများနှင့်အတူ တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်ပြတ်သားသား ဒူးထောက်လိုက်၏။

ထို့နောက်....

ချလွမ်... ချလွမ်...

လုချင်ရှန်းက စိတ်ဝိညာဉ်ရတနာများကို သူတို့၏ ရှေ့တွင် တစ်ခုပြီးတစ်ခု ပစ်ချလိုက်ပြီး သိုလှောင်အိတ်ကိုပင် ထုတ်ယူလိုက်ရာ ဆေးလုံးများနှင့် အရာအားလုံး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။

တခြားအကြီးအကဲများသည်လည်း ပစ္စည်းများ ထုတ်ယူရန် နှေးကွေးမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် လိုက်လုပ်ကြသည်။

"အစ်ကိုကြီး... အို မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ယူပြီး ကျွန်တော့်ရဲ့အသက်ကိုတော့ ချမ်းသာပေးဖို့ တောင်းဆိုပါတယ်... ကျွန်တော်က အဆင်အခြင်မဲ့ပြီး ထိုက်တောင်ကြီးကို မမြင်နိုင်ခဲ့တာပါ..."

ထိုသို့ပြောပြီးနောက် သူသည် ကြမ်းပြင် အက်ကွဲသွားသည်အထိ ဘုန်းခနဲမြ​ည်အောင် ထပ်ခါတလဲလဲ ဦးတိုက်လိုက်၏။

သူ ထွက်ပြေးရန် မစဉ်းစားခဲ့ပေ။ ထို့ထက်ပို၍တိကျစွာပြောရလျှင် သူ ထွက်ပြေးလျှင်ပင် အချည်းနှီးသာ ဖြစ်ပေမည်။ သူ့ထံတွင် ရွှေအင်မော်တယ်တစ်ဦး၏ အမြန်နှုန်းနှင့် စွမ်းရည် မရှိပေ။

လုရန်က ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ဖြတ်နိုင်သည်။

ဒါဆိုရင် သူက ဘယ်နယ်ပယ်မှာလဲ... မဟာပေါင်းစည်းခြင်းအင်မော်တယ်လား...

အို ဘုရားရေ... ရှပြည်နယ်တစ်ခုလုံးမှာ မဟာပေါင်းစည်းခြင်းအင်မော်တယ် ဘယ်နှယောက် ရှိလို့လဲ...

အခု ပြန်တွေးကြည့်တော့ လုရှောင်ယန်ရဲ့ ဓားစိတ်ဆန္ဒကို သူက ခြေတစ်လှန်းတည်းနဲ့ ခြေမွှဖျက်ဆီးနိုင်တာ သဘာဝကျပါတယ်...

အဲ့ဒီနေ့က မဟာလော့ဓားဂိုဏ်းမှာ သူတို့ကို မျိုးမဖြုတ်ပစ်ခဲ့တာက လုရန် စိတ်ကြည်နေလို့ပဲဖြစ်မယ်...

သူကတော့ ကျေးဇူး မသိတတ်တဲ့အပြင် ပြန်ပြီး ကိုက်ချင်နေသေးတယ်...

"မင်းက ငါ့ရဲ့ ဖက်တီးမလေးကို အကြံအစည်လုပ်ရဲသေးတယ်... ပြီးတော့ မင်းကို ချမ်းသာပေးစေချင်တာလား... မင်း အိပ်မက်မက်နေတာလား..."

လုရန်က ပွင့်လင်းစွာ ပြောလိုက်သည်။

"ကျွန်တော် အရာအားလုံးကို ပေးနိုင်ပါတယ်... ဒီဓားအမိန့်နန်းဆောင် တစ်ခုလုံးကို ခင်ဗျားကို ပေးပါ့မယ်... တပည့်တွေအားလုံးကို မဟာလော့ဓားဂိုဏ်းနဲ့ ပေါင်းစည်းပါမယ်... ကျွန်တော် ဒီနေရာကနေ အဝေးကြီးကို ထွက်သွားပြီးတော့ ဒီဘဝမှာ ဘယ်တော့မှ ပြန်မလာတော့ပါဘူး..."

လုချင်ရှန်းက သူ၏ သစ္စာရှိမှုကို ဖော်ပြပြီး ပြောလိုက်သည်။

"ဓားအမိန့်နန်းဆောင်က တပည့်တွေက ရက်စက်ပြီး မောက်မာထောင်လွှားတယ်လို့ ငါ ကြားဖူးတာ ကြာပြီ... ဒီအမှိုက်အုပ်စုကို ငါက ဘာလုပ်ရမှာလဲ..."

လုရန်က ပြန်ပြောလိုက်သည်။

ထို့နောက် သူ၏အတွေးတစ်ချက်ဖြင့်...

ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် တဝီဝီမြည်ဟီးကာ ဖိနှိပ်လာသည်။

ဓားအမိန့်နန်းဆောင်မှ အင်မော်တယ်နယ်ပယ်အောက်ရှိ တပည့်များအားလုံး မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲပြီး သေဆုံးသွားကြသည်။

အသက်တစ်ရှိုက်စာ အချိန်လေးအတွင်းမှာပင် ဓားအမိန့်နန်းဆောင်သည် ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။

အသက်ရှင်ရန် ရုန်းကန်နေရကာ ပြင်းထန်စွာ ဒဏ်ရာရနေသော အစစ်အမှန် အင်မော်တယ်နယ်ပယ်ရှိ တပည့် အနည်းငယ် ကျန်ရှိနေသေးသော်လည်း သူတို့သည်လည်း လှုပ်ရှားရန် ခွန်အားမရှိဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေကြ၏။

လုရန်၏နယ်ပယ်သည် အစကတည်းက သူတို့ထက် ပို၍မြင့်မားနေပြီး သူတို့ကို ဖိနှိပ်ရန် လုံလောက်နေသည်။ ယခုချိန်၌ သူ၏စွမ်းအားကို ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်နှင့် ပေါင်းစပ်လိုက်သဖြင့် သူတို့ လှုပ်ရှားချင်လျှင်ပင် မလှုပ်ရှားနိုင်တော့ပေ။

နောက်ဆုံးတွင် လုချင်ရှန်းနှင့် အကြီးအကဲများသည် မြေပြင်ပေါ်တွင် တွားသွားနေကြပြီး မထနိုင်ကြတော့ချေ။

သို့သော် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကိုအားကိုး၍ သူသည် သူတို့ကို ဖိနှိပ်ရန်သာ တတ်နိုင်ပြီး ချက်ချင်းသတ်ဖြတ်၍ မရနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ လုရန်သည် ရွှေအင်မော်တယ်များကိုသာ ချက်ချင်းသတ်ဖြတ်နိုင်ပေ၏။

စုယွဲ့လင်နှင့်တခြားသူများက လုရန်ကို ငေးမောကြည့်နေကြသည်။

ဆရာက တကယ်ပဲ အဆင့်မြင့် အင်မော်တယ် ဟုတ်ရဲ့လား...

လှုပ်ရှားမှုတစ်ခုတည်းနဲ့ ဓားအမိန့်နန်းဆောင် ဖျက်ဆီးခံလိုက်ရပြီ...

ဓားတစ်ချက်တည်းနဲ့ ရွှေအင်မော်တယ် သုံးယောက် ချက်ချင်းအသတ်ခံလိုက်ရတယ်...

နောက်ထပ် ဓားတစ်ချက်နဲ့ ရွှေအင်မော်တယ်နှစ်ယောက် ထပ်သေသွားတယ်...

အဆင့်မြင့် အင်မော်တယ်တစ်ယောက်အနေနဲ့ ဆရာက ဘာလို့ ဒီလောက်တောင် ကြမ်းရတာလဲ...

"ဖက်တီးမလေး... ဒီလူတွေကို မင်းဆီ အပ်လိုက်မယ်... တစ်ယောက်မှ အရှင်မထားနဲ့..."

လုရန်က ပြောလိုက်သည်။

သူတို့ ခုခံပြီး သူ ဒုက္ခရောက်မည်ကို ရှောင်ရှားရန်အတွက် ဖိနှိပ်မှုကို သူ တာဝန်ယူရပေမည်။ မည်သို့ပင်ဆိုစေ လူတိုင်းသည် အဆင့်မြင့် အင်မော်တယ်များ ဖြစ်ကြ၏။

လုချင်ရှန်း ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာသည် ပြာနှမ်းသွားတော့သည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခဏနေပါအုံး... ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျွန်တော့်မှာ စီနီယာကို ဆက်သဖို့ အထွတ်အထိပ်ရတနာ တစ်ခု ရှိပါတယ်... ဒါကို ကျွန်တော့်ရဲ့ ခွေးအသက်နဲ့ လဲလှယ်လို့ ရနိုင်ပါတယ်..."

Book 2 end.

All Chapters