အခန်း ၂၁
Vol. 3 Ch. 21
အခန်း ၂၁ : အဲ့ဒါတောင် လုပ်လို့ရသေးတာလား
ယခုအချိန်တွင် လုချင်ရှန်းနှင့် ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည် တစ်ယောက်မှ မပြေးရဲသလို ထွက်ပြေးရန် အတွေးပင် အနည်းငယ်မျှ မရှိကြပေ။
လုရန်က သစ်ကိုင်းကို ပေါ့ပေါ့ပါးပါး နှစ်ကြိမ် ရိုက်ချရုံဖြင့် ရွှေအင်မော်တယ် ငါးဦးကို သတ်ပစ်ခဲ့ပြီး ရှဲ့ထယ်ယန်အား သူ၏စိတ်ဝိညာဉ်ရတနာဖြစ်သော မိုးကြိုးမီး ရထားလုံးကိုပင် စွန့်ပစ်ကာ သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးစေခဲ့သည်ကို မြင်တွေ့ပြီးနောက်...
သူတို့ မျှော်လင့်ချက်မဲ့နေလေပြီ။
သို့သော် အမှန်အားဖြင့် လုရန်သည် ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ဖြတ်နိုင်သော်လည်း ရွှေအင်မော်တယ်များကိုသာ ဖြစ်သည်။
ရွှေအင်မော်တယ် သုံးဦး၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်ပင် မလိုအပ်ဘဲ လုံးဝအထိအခိုက်မရှိ ရင်ဆိုင်ခဲ့သည့် လုရန်၏ပုံစံကြောင့် အရူးလုပ်မခံကြပါနှင့်....
ဤသည်မှာ လုရန်၏ အင်မော်တယ် နည်းစနစ်ဖြစ်သော မင်ဝမ်ရုပ်ခန္ဓာကိုယ်ကြောင့်ပင်။
ဆန့်ကျင်ဘက်အနေဖြင့် လုချင်ရှန်းနှင့် အကြီးအကဲများသာ သူ့ကို တပြိုင်နက်တည်း တိုက်ခိုက်လာပါက လုရန် သေချာပေါက် ပျာယာခတ်သွားပေမည်။
သေချာသည်မှာ ဤသည်က လုရန်၌ ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် မရှိလျှင်သာ ဖြစ်လာနိုင်သည့်အရာပင်။
လူသားမျိုးနွယ်၏ အထွတ်အထိပ်ရတနာတစ်ခုကို ကိုင်ဆောင်ထားကာ အဆင့်မြင့် အင်မော်တယ်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်တွင်ရှိသော လုရန်သည် သူတို့ကို လုံးလုံးလျားလျား ဖိနှိပ်ထားနိုင်ပေ၏။
လုချင်ရှန်း၏ရင်ဘတ် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
နှစ်ပေါင်း တစ်သောင်းကြာ ကျင့်ကြံပြီးနောက် ဤသည်မှာ သေမင်းကို တိုက်ရိုက်ရင်ဆိုင်ရခြင်းသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အကြောက်တရားက သူ၏ နှလုံးသားကို ဖုံးလွှမ်းသွားသည်။
သူသည် အရာအားလုံးကို လျစ်လျူရှုထားလိုက်၏။ မှော်ရတနာများ၊ ဆေးလုံးများ... သူ၏ အသက်ကိုသာ ကယ်နိုင်မည်ဆိုပါက သူ အရာအားလုံးကို စွန့်လွှတ်နိုင်သည်။
"အထွတ်အထိပ်ရတနာ... ဘာလဲ... ထုတ်ပြစမ်းပါဦး... ကြည့်ရအောင်..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"မဟုတ်ဘူး... အဲ့ဒါက ကျွန်တော့်ဆီမှာ မရှိဘူး... အဲ့ဒါက..." လုချင်ရှန်းက ပြောလိုက်၏။
သူ၏စကားမဆုံးခင်မှာပင် လုရန်က သူ့ကို ကြားဖြတ်ပြောလိုက်သည်။
"မင်း ငါ့ကို လာနောက်နေတာလား..."
လုရန်က မျက်ခုံးပင့်လိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး... ကျွန်တော် မဝံ့ရဲပါဘူး... ကျွန်တော် မဝံ့ရဲပါဘူး... အဲ့ဒါက ကျွန်တော့်ဆီမှာ မရှိပေမဲ့ ဒီလီတောင်ပေါ်မှာပဲ ရှိပါတယ်... ခုဏက ဘိုးဘေးအိုကြီးဟုန်ခွေ့ကို မှတ်မိသေးလား... သူက လီတောင်ပေါ်မှာ ပုန်းနေခဲ့တာလေ... သူ သေသွားပေမဲ့ သူ့ရဲ့ ရတနာတွေက ဒီမှာ ရှိနေတုန်းပဲ... အဲ့ဒါတွေက တောင်အနောက်ဘက်မှာ ရှိတယ်..."
လုချင်ရှန်းက အလျင်အမြန် ပြောလိုက်သည်။
လုချင်ရှန်း၏ ရှင်းပြချက်အပြီးတွင်...
လူတိုင်း နောက်ဆုံး၌ သဘောပေါက်သွားကြ၏။
အတိတ်တွင် လုချင်ရှန်းသည် ဤနေရာတွင် ဓားအမိန့်နန်းဆောင်ကို တည်ထောင်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းမှာ စိတ်ကူးပေါက်၍ မဟုတ်ပေ။
မဟာလော့ ဓားဂိုဏ်းကို သူ ဆန့်ကျင်လိုခြင်းကြောင့်လည်း မဟုတ်ချေ။
ထိုစဉ်က လုချင်ရှန်းသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင်သာ ရှိသေးသည်။
သူ ခရီးသွားနေရင်း လီတောင်အနောက်ဘက်ကို ဖြတ်သန်းသွားစဉ် သူသည် ကန့်သတ်ချက်တစ်ခု ရှိနေကြောင်း မတော်တဆ တွေ့ရှိခဲ့သည်။
ထိုအချိန်တွင် ဘိုးဘေးအိုကြီး ဟုန်ခွေ့သည် အတွင်း၌ ပုန်းအောင်းနေလေပြီ။
သူ အပြင်မထွက်ရဲသဖြင့် သူ၏ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ရန် ကန့်သတ်ချက်ကို စွန့်စား၍ဖွင့်ပြီး လုချင်ရှန်းကို အတွင်းသို့ ဆွဲသွင်းခဲ့သည်။
ထို့နောက် သူသည် လုချင်ရှန်းအား မိုးခြိမ်းသံ ဓားနည်းစနစ်၊ ဆေးလုံးများနှင့် စိတ်ဝိညာဉ်ရတနာများကို ပေးအပ်ခဲ့ပြီး ဤနေရာတွင် ဂိုဏ်းတည်ထောင်ရန် ကူညီပေးခဲ့သည်။
အပြန်အလှန်အားဖြင့် လုချင်ရှန်းသည် သူ၏ ကျင့်ကြံမှုအတွက် အသုံးပြုရန် ထူးချွန်သော ပါရမီရှိသည့် အင်မော်တယ်များကို ရှာဖွေပေးရပေမည်။
"တောင်ရဲ့လှိုဏ်ခေါင်းထဲက အဲ့ဒီကျောက်ခန်းမဆောင်ထဲမှာ ထောင့်တစ်နေရာမှာထားတဲ့ သိုလှောင်သေတ္တာ အနည်းငယ်ကို ကျွန်တော် တွေ့ခဲ့တယ်... အဲ့ဒီအထဲမှာ ဟုန်ခွေ့ နှစ်တွေတလျှောက်လုံး စုဆောင်းထားခဲ့တဲ့ ရတနာတွေအားလုံး ပါတယ်... ဒါပေမဲ့ အဲ့ဒါတွေကို ကျွန်တော် တစ်ခါမှ မထိရဲခဲ့ဘူး... အခု ဟုန်ခွေ့ သေသွားပြီဆိုတော့ ရတနာတွေက ခင်ဗျားအပိုင်ပဲ..." လုချင်ရှန်းက ပြောဆိုသည်။
လုရန် အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်သည်ကို မြင်သောအခါ...
သူက အလျင်အမြန် ထပ်ပြောလိုက်၏။
"အခုချက်ချင်း ခင်ဗျားကို အဲ့ဒီကို ခေါ်သွားပြီး ကန့်သတ်ချက်ကို ကိုယ်တိုင် ဖွင့်ပေးနိုင်ပါတယ်... ခင်ဗျား မြင်ရင် သိပါလိမ့်မယ်... ကျွန်တော့်ရဲ့ ခွေးအသက်ကို ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်... ဒီနိမ့်ကျတဲ့လူက ထာဝရ ကျေးဇူးတင်နေမှာဖြစ်ပြီးတော့ ဒီဘဝမှာ ရှပြည်နယ်ကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး..."
လက်စားချေတာနဲ့ ပတ်သက်လို့တော့...
မေ့လိုက်ပါတော့... အသက်ရှင်နေရုံနဲ့တင် လုံလောက်ပါပြီ...
ရှပြည်နယ်မှ ထွက်ခွာသွားပြီးနောက် လုရန်သည် မကြာမီ အပြာရောင်ကြယ်မှ သူ၏ဂိုဏ်းသားများအားလုံးကို စုစည်းနိုင်တော့ပေမည်။ အရာအားလုံးကို ရှင်းလင်းပစ်နိုင်သော ထိုဧရာမဂိုဏ်းကြီးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထို့ပြင်...
အပြာရောင်ကြယ်မှ ဤဒဏ္ဍာရီလာဘိုးဘေးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ပစ်နိုင်ပြီး ထိုကိစ္စကို သစ်ကိုင်းတစ်ချောင်းမျှသာ အသုံးပြုကာ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ခဲ့သည်။
အချိန်ပေးမည်ဆိုပါက သူသည် ဧကရာဇ်နယ်ပယ်သို့ပင် တိုက်ရိုက်တက်လှမ်းနိုင်ပေမည်။
သူ လုချင်ရှန်းမှ လုရန်အား လက်စားချေရန် ကြိုးစားခြင်းသည် စိတ်ကူးယဉ် အိပ်မက်တစ်ခုမျှသာ ဖြစ်ပေမည်။
"ကောင်းပြီလေ... သွားကြစို့..."
လုရန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
ထို့နောက် သူက စုယွဲ့လင်တို့လူစုကို ကြည့်လိုက်သည်။
သူက ပြောဆိုသည်။
"လုချင်ရှန်းကလွဲပြီး ကျန်တဲ့လူတိုင်းကို သတ်လိုက်... တစ်ယောက်မှ အရှင်မထားနဲ့..."
ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းပြီး အမြစ်ပြတ်အောင် လုပ်ခြင်းသည် အကျင့်ဆိုးတစ်ခုဖြစ်သည်ဟု လုရန် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးပေ။
သူသည် လူ့အသက်အပေါ် ရိုသေလေးစားမှု မကင်းမဲ့သော်လည်း သူတို့သည် ပြိုင်ဘက်များဖြစ်နေသရွေ့ သေလူများသာ ဖြစ်သည်။
ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် လုချင်ရှန်းမှလွဲ၍ ဓားအမိန့်နန်းဆောင်မှ တခြားလူများအားလုံး အသတ်ခံလိုက်ရသည်။
လုရန်က ရွှေအင်မော်တယ်ငါးဦးကို ချက်ချင်းသတ်ဖြတ်ခဲ့သည်ကို မဆိုထားနှင့်....
သူ လှုပ်ရှားလိုက်ပြီးနောက် ဓားအမိန့်နန်းဆောင် တစ်ခုလုံး၌ အချိန်တိုလေးအတွင်းမှာပင် တပ်ဖွဲ့ဝင်မရှိသော တပ်မှူးတစ်ဦးအလား လုချင်ရှန်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
တောင်အနောက်ဘက်သို့ မသွားမီ လုရန်သည် ကောင်းကင်ယံရှိ မိုးကြိုးမီးရထားလုံးကို တစ်ချက် ကြည့်လိုက်၏။
ဤအရာကို ရှဲ့ထယ်ယန် အလောတကြီး ထွက်ပြေးစဉ်က ချန်ထားခဲ့ခြင်းဖြစ်သည်။
"ဖက်တီးမလေး... နှစ်ခုလုံးက စိတ်ဝိညာဉ်ရတနာတွေဆိုပေမဲ့ မြင့်မြတ်မီးတောက်ဂိုဏ်းက ဒီမိုးကြိုးမီး ရထားလုံးက မင်းရဲ့ တန်ရှောင်း ရတနာပိုးထည်ထက် အများကြီး ပိုကောင်းတယ်..."
လုရန်က မှတ်ချက်ပေးလိုက်သည်။
ထိုအရာသည် ခရီးသွားလာနိုင်ကာ ကြည့်ကောင်းပြီး ကစားစရာကောင်းတစ်ခု ဖြစ်သဖြင့် လုရန် အလွန်သဘောကျသွားသည်။
"ဆရာ... ကျွန်မကို ဘာလို့ ဖက်တီးမလေးလို့ ခေါ်နေတုန်းလဲ... အခု ကျွန်မက ဂိုဏ်းချုပ် ဖြစ်နေပြီလေ..."
စုယွဲ့လင်က မကျေမနပ်ဖြင့် နှုတ်ခမ်းဆူကာ ချွဲနွဲ့လိုက်သည်။
စုမေနှင့်တခြားသူများ ဆွံ့အသွားကြ၏။
ဤနှစ်တွေအားလုံးတွင် စုယွဲ့လင် မိန်းကလေးငယ်တစ်ယောက်ကဲ့သို့ ပြုမူသည်ကို သူတို့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
ဖြစ်နိုင်သည်မှာ လုရန်၏ရှေ့တွင်သာ စုယွဲ့လင်သည် သူမ၏ အစစ်အမှန်စရိုက်သို့ ပြန်လည်ရောက်ရှိနိုင်ပြီး လုံးဝသက်တောင့်သက်သာ ရှိနိုင်ခြင်း ဖြစ်ပေမည်။
"ဖက်တီးမလေးလို့ ခေါ်ရတာက ပိုအဆင်ပြေလို့ပါ..." လုရန်က ရယ်မောလိုက်သည်။
"ဆရာ... ဒီမိုးကြိုးမီး ရထားလုံးကို ဒီနေရာမှာ ချန်ထားခဲ့ပေမဲ့ အဲ့ဒီအရာမှာ ရှဲ့ထယ်ယန်ရဲ့ စိတ်ဝိညာဉ် အမှတ်အသား ရှိတယ်... အဲ့ဒါကို သုံးလို့မရဘူး... ယာယီ ချိတ်ပိတ်ထားလို့ပဲ ရမယ်..."
စုယွဲ့လင်က သူ့ကို သတိပေးလိုက်၏။
ထိုစကားကို ကြားသောအခါ....
လုရန်က မိုးကြိုးမီးရထားလုံးဆီသို့ လျှောက်လှမ်းသွားပြီး တစ်ချက်ကြည့်လိုက်သည်။
စိတ်ဝိညာဉ် အမှတ်အသားဟု ခေါ်သောအရာသည် အင်မော်တယ်တိုင်းနှင့် အောက်ဘုံရှိ ကျင့်ကြံသူများပင် အများဆုံး အသုံးပြုလေ့ရှိသော နည်းလမ်းတစ်ခုပင်။
ဤသည်မှာ သိပ်မရှုပ်ထွေးလှပေ။ အမှန်အားဖြင့် ဤသည်က နတ်ဘုရားစိတ်ဝိညာဉ် ကန့်သတ်ချက်တစ်ခုမျှသာ ဖြစ်သည်။
ထိုအရာသည် နတ်ဘုရားစိတ်ဝိညာဉ်နှင့် သက်ဆိုင်သောကြောင့် မှော်ရတနာတစ်ခုကို ချိတ်ပိတ်ထားသကဲ့သို့ ရှုပ်ထွေးသည်။
အပြင်လူများက ထိုအရာကို အသုံးမပြုနိုင်သလို အတင်းအကျပ် အသုံးပြုခြင်းက မှော်ရတနာကို ပျက်စီးစေပေမည်။
ထို့ကြောင့်...
တစ်စုံတစ်ယောက်သည် တခြားသူတစ်ဦး၏ မှော်ရတနာကို သိမ်းယူလိုပါက စည်းမျဉ်းသည် အမြဲတစေ ရှိနေသည်။
တစ်ဖက်လူက သူ ယှဉ်နိုင်မည်မဟုတ်ကြောင်း သိရှိပြီး သူ၏အသက်ကို ကယ်တင်ရန် စိတ်ဝိညာဉ် အမှတ်အသားကို ဆန္ဒအလျောက် ဖျက်သိမ်းလိုက်ခြင်း သို့မဟုတ် သူ အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းပြီး စိတ်ဝိညာဉ် အမှတ်အသား အလိုအလျောက် ပျောက်ကွယ်သွားခြင်း....
ထိုအရာမှလွဲ၍ တခြားနည်းလမ်း မရှိပေ။
သို့သော် တခြားသူများအတွက် နည်းလမ်းမရှိသော်လည်း လုရန်အတွက်မူ အလွန်ရိုးရှင်းလှ၏။
နတ်ဘုရားစိတ်ဝိညာဉ် ကန့်သတ်ချက်သည် မည်မျှပင် ရှုပ်ထွေးစေကာမူ ဤသည်က ဝင်္ကပါကန့်သတ်ချက်များ အမျိုးအစားအောက်တွင်သာ ရှိနေသည်။
ထို့ပြင် လုရန်သည် ဝင်္ကပါစွမ်းရည်တွင် အမြင့်ဆုံးအဆင့်၌ ရှိနေသည်။
ဤအချက်ကို တွေးမိသောအခါ...
လုရန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မိုးကြိုးမီး ရထားလုံးပေါ်သို့ ဖြည်းညှင်းစွာ ပွတ်ဆွဲလိုက်သည်။
ရှဲ့ထယ်ယန်၏ နတ်ဘုရားစိတ်ဝိညာဉ် ကန့်သတ်ချက်သည် ရှုပ်ထွေးသော ပဟေဋ္ဌိတစ်ခုအလား အလွှာလိုက် ဖြုတ်ချခံရပြီး နောက်ဆုံးတွင် 'ဘုန်း'ခနဲအသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
လုရန်သည် သူ၏ကိုယ်ပိုင် စိတ်ဝိညာဉ် အမှတ်အသားကို ပေါ့ပေါ့ပါးပါး ထည့်သွင်းလိုက်၏။
ဝုန်း...
မိုးကြိုးမီး ရထားလုံးမှ တောက်ပသော မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီးနောက် လုရန်၏ ခြေထောက်အောက်သို့ အလိုအလျောက် လွင့်မျောလာသည်။
ပြီးပြီ... အဲ့ဒါက ငါ့အပိုင်ပဲ...
နံဘေးတွင် ရပ်နေသော လုချင်ရှန်းသည် သေလုမတတ် ဖြူရော်သွားပြီး သူ၏နှလုံးသား တဆတ်ဆတ် တုန်ရီသွားသည်။
ငါ ခုဏက ဘာမြင်လိုက်တာလဲ...
လုရန်က ရွှေအင်မော်တယ်တစ်ယောက်ရဲ့ စိတ်ဝိညာဉ် အမှတ်အသားကို လက်တစ်ဖက်တည်းနဲ့ ဖျက်ပစ်လိုက်တာလား...
အဲ့ဒါတောင် လုပ်လို့ရသေးတာလား...
ပြိုင်ဘက်ကို မသတ်ဘဲ စိတ်ဝိညာဉ် အမှတ်အသားကို ဖျက်ပစ်လို့ ရတယ်လား...
မဟာပေါင်းစည်းခြင်းအင်မော်တယ် တစ်ယောက်တောင် အဲ့ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး...
ဒီအပြာရောင်ကြယ်က ဘိုးဘေးကြီးက သောက်ကျိုးနည်း အဓိပ္ပာယ်မရှိလောက်အောင် အစွမ်းထက်တာပဲ...
စုယွဲ့လင် အနည်းငယ် အံ့အားသင့်သွားသော်လည်း လုရန်၏ ထူးဆန်းသော စွမ်းရည်များနှင့် သူမ အတော်လေး ရင်းနှီးပြီးသား ဖြစ်သည်။
စုမေနှင့် တခြားသူများသည် အံ့အားသင့်သွားကြသော်လည်း သူတို့သည် ထိုကိစ္စကို ကျင့်သားရနေပြီ သို့မဟုတ် ပို၍တိကျစွာပြောရလျှင် ထုံကျဉ်နေလေပြီ။
ဤအပြာရောင်ကြယ်မှ ဘိုးဘေးကြီးအပေါ် ဖြစ်ပျက်သမျှ မည်သည့်အရာမဆို ပုံမှန်ဖြစ်ပုံရသည်။
"သွားကြစို့... ရထားလုံးပေါ်တက်ပြီး တောင်အနောက်ဘက်ကို သွားမယ်..."
လုရန်က လုချင်ရှန်းကို ကြည့်ပြီးနောက် လူတိုင်းကို ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင်...
မိုင်ရာချီဝေးသော နေရာသို့ ပျံသန်းသွားပြီဖြစ်သော ရှဲ့ထယ်ယန်...
သူ၏မျက်နှာ အရောင်အသွေး ကင်းမဲ့နေသည်။ အသက်စွမ်းအင်သွေးများ ဆုံးရှုံးမှုကြောင့် သူ၏မရီဒါန်းများအားလုံး တဆတ်ဆတ် တုန်ခါနေပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားများ ပရမ်းပတာ ဖြစ်နေသည်။
သို့သော် သူ အနည်းငယ်မျှပင် အရှိန်မလျှော့ရဲပေ။
ထိုအချိန်မှာပင်...
တစ်ခုခုကို ခံစားမိလိုက်သည့်အလား သူ၏အမြန်နှုန်း အနည်းငယ် ရပ်တန့်သွားပြီးနောက် သူ၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"မိုးကြိုးမီး ရထားလုံးရဲ့ စိတ်ဝိညာဉ် အမှတ်အသား ပျောက်သွားပြီလား... လုရန်က ငါ့ရဲ့ စိတ်ဝိညာဉ်ရတနာကို ဖျက်ဆီးပစ်လိုက်တာများလား..."
သို့သော် နောက်တစ်စက္ကန့်မှာပင်...
သူက ခေါင်းခါယမ်းပြီး တီးတိုးရေရွတ်လိုက်၏။
"မဟုတ်ဘူး... ငါ့ရဲ့ စိတ်ဝိညာဉ် အမှတ်အသားက အကြမ်းနည်းနဲ့ ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘူး... အဲ့ဒါက ဖျက်ပစ်ခံလိုက်ရတာ..."
ဒါမျိုး ငါ တစ်ခါမှ မကြားဖူးဘူး...
လုရန်သည် ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်သကဲ့သို့ ရွှေအင်မော်တယ်ငါးဦးကို လွယ်လွယ်ကူကူနှင့် သက်တောင့်သက်သာ ချက်ချင်းသတ်ဖြတ်ခဲ့သည်ကို သူ ပြန်တွေးကြည့်လိုက်သည်။
သူ့ရဲ့ တကယ့် ကျင့်ကြံမှုက ငါတို့မြင်ရတဲ့ အဆင့်မြင့် အင်မော်တယ် သေချာပေါက် မဟုတ်နိုင်ဘူး... မဟာပေါင်းစည်းခြင်းအင်မော်တယ်ထက်တောင် အများကြီး ပိုမြင့်နေသေးတယ်...
သူ၏မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး သူ၏ အမြန်နှုန်း တဖန်ပြန်၍ မြင့်တက်လာကာ လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲပြီး သူ အဝေးသို့ ဆက်လက်၍ ထွက်ပြေးသွားတော့သည်။