← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂: ရှေးဟောင်း ကန့်သတ်ချက်များ

တောင်အနောက်ဘက် ချောက်ကမ်းပါးအောက်တွင်....

"ဒီနေရာလား... သာမန်ပါပဲ... ဘာမှလည်း မရှိဘူး..." စုယွဲ့လင်က သံသယဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ထို့နောက် သူမသည် လုချင်ရှန်းကို ကြည့်လိုက်၏။

ဤလူသည် မသေမီ လှည့်ကွက်တစ်ခုခု ကြံစည်နေသည်ဟု သူမက လုံးလုံးလျားလျား သံသယဝင်နေသည်။

သို့သော် လုရန်က ပြောဆိုသည်။

"ဒီမှာ ကန့်သတ်ချက်တစ်ခု တကယ်ရှိတယ်... အရမ်းရှုပ်ထွေးပြီးတော့ ဟုန်ခွေ့ရဲ့ လက်ရာနဲ့ မတူဘူး.."

ထိုသို့ပြောဆိုပြီးနောက် လုရန်သည် ချောက်ကမ်းပါးနားသို့ လျှောက်သွားပြီး ရှုပ်ပွနေသော ချုံပုတ်များ ဖုံးလွှမ်းနေသည့် ကျောက်ကမ်းပါးကို ကြည့်လိုက်သည်။

လုချင်ရှန်းက အနေရခက်စွာဖြင့် ပြောဆိုလေ၏။

"ခင်ဗျားရဲ့ မျက်လုံးကို ဘာမှ ပုန်းကွယ်လို့ မရပါဘူး... တကယ်တော့ ဒီတောင်ထဲက ကျောက်ခန်းမဆောင်က ရှေးခေတ်ကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး ကန့်သတ်ချက်ကလည်း ဒီနေရာက မူလရှေးဟောင်း ကန့်သတ်ချက်ပဲ... ဟုန်ခွေ့ ရောက်လာတဲ့အချိန်မှာ ကန့်သတ်ချက်ကို ဖွင့်မယ့်နည်းလမ်းကို မတော်တဆ တွေ့ရှိသွားပြီးတော့ အထဲမှာ ပုန်းအောင်းနေခဲ့တာပါ..."

ဤကန့်သတ်ချက်ကို ပိတ်လိုက်ပြီးနောက် ဟုန်ခွေ့၏ အရှိန်အဝါကို လုံးလုံးလျားလျား ဖုံးကွယ်ထားနိုင်ခဲ့သည်။

မြင့်မြတ်မီးတောက်ဂိုဏ်းသည် နှစ်ပေါင်းတစ်သောင်းကြာသည်အထိ သူ့ကို မည်သို့မျှ မရှာဖွေနိုင်ခဲ့ပေ။

ထို့ပြင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နှစ်ပေါင်းတစ်သောင်းကြာမြင့်လာမှုက ဟုန်ခွေ့ကို တဖြည်းဖြည်း သတိပေါ့လျော့လာစေခဲ့သည်။

လုချင်ရှန်းက ကန့်သတ်ချက်ကို ဖွင့်လိုက်ချိန်တွင် မြင့်မြတ်မီးတောက်ဂိုဏ်းသည် သူ၏အရှိန်အဝါကို ခံစားလိုက်ရသဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပေ၏။

သူတို့သည် တည်နေရာကို အတိအကျ မသတ်မှတ်နိုင်ခဲ့ကြပေ။

သို့သော် ဟုန်ခွေ့သည် လုရန်နှင့်တခြားသူများကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သူကိုယ်တိုင် ခုန်ထွက်လာခဲ့ပြီးနောက် ပြန်လည်ပုန်းအောင်းကာ မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် ရည်ရွယ်ခဲ့သည်။

မမျှော်လင့်ဘဲ ရှဲ့ထယ်ယန်တို့လူစုက သူ့ကို တိကျစွာ ရှာတွေ့သွားခဲ့သည်။

"ရှေးဟောင်း ကန့်သတ်ချက်..."

လုရန်က တီးတိုးရေရွတ်လိုက်၏။

အမှန်တကယ်ကိုပင် ဤကန့်သတ်ချက်၏ ရှုပ်ထွေးမှုသည် လုရန် မြင်ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးပင်။

"စိတ်မပူပါနဲ့ ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ဟုန်ခွေ့က ကန့်သတ်ချက် ဖွင့်တဲ့နည်းလမ်းကို ကျွန်တော့်ကို ပြောပြခဲ့တယ်... အခု သူ သေသွားပြီဆိုတော့ ဒီကန့်သတ်ချက်ကို ဖွင့်နိုင်တာ ကျွန်တော် တစ်ယောက်တည်း ရှိပါတော့တယ်..."

လုချင်ရှန်းသည် စကားပြောနေရင်း အနည်းငယ် ဂုဏ်ယူဝင့်ကြွားလိုစိတ်ကို မထိန်းနိုင်ဖြစ်သွားသည်။

သို့သော် ဂုဏ်ယူရမည့်အချိန် မဟုတ်ကြောင်း သဘောပေါက်သွားသဖြင့် သူက အလျင်အမြန် စိတ်ကို တည်ငြိမ်အောင်ထားကာ ရှေ့သို့ တက်လာပြီး ကန့်သတ်ချက်ကိုဖွင့်ရန် ရည်ရွယ်လိုက်သည်။

သို့သော် သူ မမျှော်လင့်ထားခဲ့သည်မှာ...

လုရန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်မှ စိတ်ဝိညာဉ်စွမ်းအားများ ဖြည်းညှင်းစွာ ပျံ့လွင့်သွားသည်။

ရိုးရိုးသားသား ပြောရလျှင် လုချင်ရှန်းသည် လုရန်၏စွမ်းအားကို အသိအမှတ်ပြုသော်လည်း နည်းလမ်းကို မသိဘဲ ဤရှေးဟောင်း ကန့်သတ်ချက်ကို ဖွင့်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်...

အရှေ့ရှိ ချောက်ကမ်းပါးသည် ဖြည်းညှင်းစွာ တွန့်လိမ်လာပြီး ရွှေရောင်ပုံစံများသည် ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားတော့သည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

ထို့နောက် ချောက်ကမ်းပါး ပျောက်ကွယ်သွားပြီး ကျောက်တံခါး ထွက်ပေါ်လာကာ ဖြည်းညှင်းစွာ ပွင့်သွားလေ၏။

မှောင်မည်းနေသော လိုဏ်ခေါင်းတစ်ခုက သူတို့၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

လုချင်ရှန်း အသက်ရှူမှားသွားသည်။

ဒီရှေးဟောင်းကန့်သတ်ချက်ကိုလည်း လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ဖွင့်နိုင်တယ်လား...

"အထဲဝင်ပြီး သွားကြည့်ကြတာပေါ့..."

လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ထို့နောက် သူက လုချင်ရှန်းကို ကြည့်လိုက်ရာ တစ်ဖက်လူက အထဲသို့ ဦးဆောင်၍ ဝင်သွားသည်။

လမ်းကြောင်းကို ကျွမ်းဝင်နေပြီဖြစ်သော လုချင်ရှန်းသည် ဤနေရာတွင် ထောင်ချောက်များ သို့မဟုတ် ချုံခိုတိုက်ခိုက်မှုများ မရှိကြောင်း သိထားသည်။

လုရန်နှင့်တခြားသူများသည် အနောက်မှ လိုက်ပါလာကြပြီး သူတို့၏ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြ၏။

ဤလိုဏ်ခေါင်းကို လူကိုယ်တိုင် တူးဖော်ထားခြင်းဖြစ်ပြီး အလင်းရောင် မရှိသော်လည်း အင်မော်တယ်နယ်ပယ်ရှိ လူများအတွက်မူ ကိစ္စမရှိပေ။

လိုဏ်ခေါင်းနံရံများပေါ်တွင် လှပသေသပ်သော ပန်းပုပုံစံတချို့ကို ထွင်းထုထားသည်။

စိတ်ဝိညာဉ်စွမ်းအား အတက်အကျ မရှိသော်လည်း ထိုအရာများကို စူးစိုက်ကြည့်ရုံဖြင့် ရွှေရောင်သံမဏိမြင်းများ၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း အရှိန်အဝါများ သူတို့ဆီသို့ ပြေးဝင်လာသည်ကို ခံစားနိုင်ပေ၏။

ဤလိုဏ်ခေါင်းကို တည်ဆောက်ခဲ့သူသည် အလွန် ထူးခြားပြောင်မြောက်သော စွမ်းအားနယ်ပယ် ရှိခဲ့မည်မှာ သေချာပေါက်ပင်။

"ဒီနေရာက တအားနံ့တာပဲ..."

စုယွဲ့လင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပြောလိုက်သည်။

အမှန်တကယ်ကိုပင်....

ဆွေးမြည့်နေသောအနံ့အပြင် ညှီနံ့တစ်ခုလည်း ရောနှောနေသည်။

"ဒီနေရာမှာ အနံ့က နည်းနည်း ပြင်းတယ်... ဒါက ကျွန်တော်လည်း မတတ်နိုင်ဘူး..."

လုချင်ရှန်းက အနေရခက်စွာ ပြောလိုက်သည်။

သူတို့ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားကြ၏။

နေရာသည် ရုတ်တရက် ကျယ်ပြန့်သွားကာ ဘိုးဘေးအိုကြီးဟုန်ခွေ့ နေထိုင်ခဲ့သော ကျောက်ခန်းမဆောင်က သူတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။

မြက်ဖျာမှာ ရှိနေဆဲဖြစ်သော်လည်း ဘိုးဘေးအိုကြီးဟုန်ခွေ့မှာမူ မရှိတော့ချေ။

ဖျာ၏နံဘေးတွင် ခြောက်သွေ့နေပြီး မဆွေးမြည့်သေးသော အလောင်းတစ်လောင်း ရှိနေသည်။

စုယွဲ့လင်က ထိုအလောင်းကို တစ်ချက်ကြည့်ပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။

"ဒီဝတ်စုံကို ကြည့်ရတာ လုရှောင်ယန်နဲ့ တူတယ်.. သူ ဘယ်လို သေသွားတာလဲ..."

လုချင်ရှန်းက ပြောဆိုလေ၏။

"သူ့ရဲ့ ဓားတာအို အခြေခံအုတ်မြစ်က... ကြီးမြတ်တဲ့ အင်မော်တယ်ကြီး ဖျက်ဆီးလိုက်လို့ သူက တန်ဖိုးမရှိတော့ဘူး... ဒါပေမဲ့ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ထူးချွန်တော့ ဘိုးဘေးဟောင်း ဟုန်ခွေ့က အဲ့ဒါကို သုံးဖို့လိုတယ်ဆိုလို့ ငါ သူ့ကို ပေးလိုက်တာ..."

လုရန်က လုချင်ရှန်းကို တစ်ချက်ကြည့်ကာ​ ပြောလိုက်သည်။

"ခင်ဗျားက တော်တော်ရက်စက်နိုင်တာပဲ... ဒါဆို ကျုပ်တို့ကို သတ်ဖို့အတွက် ဟုန်ခွေ့ကို သွေးဆောင်တဲ့နေရာမှာ ခင်ဗျားသားရဲ့ အသက်ကို အသုံးပြုခဲ့တာပေါ့..."

လုချင်ရှန်းသည် အနေရခက်စွာ ခေါင်းညိတ်လိုက်ပြီး နောက်ထပ်စကားမပြောရဲတော့ပေ။

ထို့နောက် လုရန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ခန်းမဆောင်၏ထောင့်များတွင် ခြောက်ကပ်နေသော အရိုးများနှင့် ပုပ်ပွနေသော အသားပုံများ ရှိနေပြီး အများစုမှာ နှစ်များတလျှောက် လုချင်ရှန်း ပေးပို့ခဲ့သော ပျိုးပင်ကောင်းများ ဖြစ်ကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

သူတို့အားလုံးကို ဟုန်ခွေ့က မိစ္ဆာနည်းလမ်းများ အသုံးပြု၍ သန့်စင်ပြီး စုပ်ယူခဲ့ခြင်းပင်။

သို့သော် ထောင့်တစ်ထောင့်၌ သန့်ရှင်းနေပြီး ထိုနေရာတွင် သေတ္တာသုံးလုံး ချထားသည်ကို သူ မြင်တွေ့မိပေ၏။

ထိုသေတ္တာများကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း မသိရသော်လည်း ထိုအရာပေါ်တွင် လေဟာနယ်ဝင်္ကပါ အမှတ်အသားများ ထွင်းထုထားပြီး သိုလှောင်သေတ္တာများအဖြစ် အသုံးပြုကြသည်။

"အဲ့ဒါတွေပဲ... အထဲမှာ ဘာရှိလဲဆိုတာ ကျွန်တော် မမြင်ဖူးပေမဲ့ ဟုန်ခွေ့က ဒီနေရာမှာ သေချာဂရုတစိုက် ထားခဲ့တာဆိုတော့ သာမန်ပစ္စည်းတွေတော့ မဖြစ်နိုင်ဘူး..."

လုချင်ရှန်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။

သူသည် သူ၏ နှလုံးသားထဲတွင်လည်း ဆုတောင်းနေမိပေ၏။

ဟုန်ခွေ့ထံတွင် ပိုင်ဆိုင်မှုတချို့ရှိနေမှ ဖြစ်ပေမည်။အကယ်၍ အထဲတွင် အဝတ်အစား သို့မဟုတ် အတွင်းခံများသာ ရှိနေပါက ဤသည်က သူ့အတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

လုရန်က ပထမဆုံးသေတ္တာအနီးသို့ ချဉ်းကပ်သွားသည်။ ဟုန်ခွေ့ သေဆုံးသွားပြီဖြစ်သောကြောင့် ကန့်သတ်ချက်သည်လည်း ပျောက်ကွယ်သွားလေပြီ။

ထို့ကြောင့် သူက အထဲမှ အရာများကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။

ပထမဆုံး သေတ္တာထဲတွင် ဆေးလုံးတချို့၊ ဆေးပုလင်းများနှင့် အိုးအမျိုးမျိုး ရှိနေသည်။ အရေအတွက် မများသော်လည်း ဆေးရနံ့များ သင်းပျံ့နေပြီး ထိုအရာအားလုံးသည် အမှန်တကယ်ကို ပစ္စည်းကောင်းများ ဖြစ်ကြ၏။

လုရန်က ထိုအရာအားလုံးကို ယူလိုက်ပြီး နောက်မှ လေ့လာရန် ရည်ရွယ်လိုက်သည်။

ဒုတိယသေတ္တာထဲတွင် စိတ်ဝိညာဉ်ရတနာ အနည်းငယ်ရှိနေပြီး လုရန်က ထိုအရာများကိုလည်း ယူလိုက်သည်။

သူသည် စိတ်ဝိညာဉ်ရတနာများကို အထင်သေးနေခြင်း မဟုတ်ချေ။ သူ့ထံတွင် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် ရှိနေသော်လည်း ဤသည်က စနစ်၏တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်မှ ပေးအပ်ထားသော ပစ္စည်းကောင်းတစ်ခုပင်။

နောက်ပိုင်းတွင် အမြင့်ဆုံးရမှတ် ဖြစ်နိုင်ခြေ ပိုများမည်မများမည်ကို သူ အတပ်မပြောနိုင်ချေ။

စိတ်ဝိညာဉ်ရတနာများသည် ရှားပါးနေဆဲပင်။

တတိယ သေတ္တာထဲတွင် အရာတစ်ခုတည်းသာ ရှိနေသည်။

ဤသည်မှာ ကျင့်ကြံနည်းစနစ်တစ်ခုပင်။

မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်းမသိသော အနီရင့်ရောင် စာရွက်မျက်နှာပြင်မှ နတ်ဆိုးချီများ ဝိုးတဝါးထုတ်လွှတ်နေသည်။

စာအုပ်မျက်နှာဖုံးပေါ်တွင် စာလုံးကြီးကြီးတချို့ကို ရေးသားထားသည်။

ဤသည်မှာ 'နီဗားနားအလောင်းနတ်ဆိုး'နည်းစနစ်ပင်။

"ဒါက ဟုန်ခွေ့ ကျင့်ကြံခဲ့တဲ့ မိစ္ဆာနည်းစနစ် ဖြစ်ဖို့များတယ်... ပြီးတော့ သူက ဒီနေရာမှာ သေချာ သိမ်းဆည်းထားတာပဲ..."

လုရန်က တီးတိုးရေရွတ်လိုက်၏။

ထို့နောက် သူ၏လက်ဝါးအတွင်း စိတ်ဝိညာဉ်စွမ်းအားများ မြင့်တက်လာမှုနှင့်အတူ သူက ဤအရာကို အမှုန်အမွှားဖြစ်သွားအောင် ခြေမွှဖျက်ဆီးလိုက်သည်။

ဤအချိန်တွင်....

လုချင်ရှန်းသည် မျှော်လင့်ချက်မဲ့နေလေပြီ။

သောက်ကျိုးနည်း... ဘာပစ္စည်းကောင်းမှ မရှိဘူးပဲ...

သူသည် ဖြည်းညှင်းစွာ နောက်ဆုတ်သွားပြီး အသက်ပင် မရှူရဲတော့ပေ။ သို့သော် နောက်တစ်စက္ကန့်မှာပင် လုရန်က လုချင်ရှန်းကို လှည့်ကြည့်လိုက်သည်။

"ဒါက ခင်ဗျား ပြောနေတဲ့ ပစ္စည်းကောင်းတွေလား..." လုရန်က မေးလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... အထဲမှာ ဒါတွေပဲ ရှိတယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး... အဲ့ဒီ... အဲ့ဒီ မိစ္ဆာနည်းစနစ်က သေချာပေါက် အစွမ်းထက်မှာပါ... ခင်ဗျားကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာလေ... အဲ့ဒါက သေချာပေါက် ရတနာတစ်ခုပဲ..."

လုချင်ရှန်းက အော်ဟစ်လိုက်၏။

လုရန်၏မျက်နှာပေါ်၌ ခံစားချက်ကင်းမဲ့နေသည်။

သူက ခေါင်းခါယမ်းပြီး ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို နောက်တစ်ကြိမ် ဆင့်ခေါ်ကာ လုချင်ရှန်းကို ဖိနှိပ်လိုက်သည်။

ထို့နောက် သူက စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။

"သတ်..."

မျက်စိတစ်မှိတ်အတွင်းမှာပင် စုယွဲ့လင်နှင့်တခြားသူများသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့တက်သွားကာ သူ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ထစ်လိုက်၏။

လုရန် အနည်းငယ် စိတ်ပျက်သွားသည်။

သူသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ရွှေအင်မော်တယ်တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း တူညီသော နယ်ပယ်ရှိ အင်မော်တယ်တစ်ဦးကို တိုက်ခိုက်ခြင်းမှာ အနည်းငယ် ပြဿနာရှိနေဆဲပင်။ သူ ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို မဖြစ်မနေ အသုံးပြုရပေမည်။

ထိုအချိန်ကျမှသာ သူ အနိုင်ရရန် သေချာပေမည်။

သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် လုချင်ရှန်းကို လွှမ်းမိုးနိုင်သော်လည်း လုံခြုံစိတ်ချရစေရန်အတွက် ရှောင်လွှဲ၍ရပါက သူ မတိုက်ခိုက်လိုပေ။

စုမေတို့လူစုအတွက်မူ လုရန်၏လုပ်ရပ်များတွင် မှားယွင်းမှု တစ်စုံတစ်ရာ ရှိသည်ဟု သူမတို့ တွေးထင်မထားခဲ့ကြချေ။ လုရန်သည် သူမတို့ကို ဒေါသထွက်ခွင့်နှင့် လက်စားချေရန် အခွင့်အရေး ပေးလိုသောကြောင့် သူမတို့ကို သတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟုသာ တွေးထင်ခဲ့ကြသည်။

"နှမြောစရာပဲ... ရှေးဟောင်း ကန့်သတ်ချက်ထဲမှာ ဘာမှ မရှိဘူးလား... ဒီဟုန်ခွေ့က တော်တော်လေး ဆင်းရဲတာပဲ..."

စုယွဲ့လင်က နောင်တရစွာ ပြောလိုက်သည်။

သို့သော် လုရန်က ခေါင်းခါယမ်းလိုက်၏။

ကြိုတင်ခံစားမှုတစ်ခုဖြင့် သူသည် လိုဏ်ခေါင်းနှင့်ဆန့်ကျင်ဘက်ရှိ ကျောက်နံရံသို့ လျှောက်လှမ်းသွားပြီး ရပ်တန့်လိုက်သည်။

သူက လက်ဆန့်တန်းပြီး စမ်းသပ်လိုက်သည်။

ကျောက်နံရံသည် အနည်းငယ် တောက်ပလာပြီး သူက ရေရွတ်လိုက်၏။

"ဒီနေရာမှာ နောက်ထပ်ကန့်သတ်ချက်တစ်ခု ရှိသေးတယ်... ပိုပြီး ရှုပ်ထွေးတယ်... ပြီးတော့ အဲ့ဒါကို မဖွင့်ခဲ့တာ အနည်းဆုံး နှစ်ပေါင်းတစ်သောင်းကြာနေပြီ..."

ဆိုလိုသည်မှာ ဟုန်ခွေ့ပင်လျှင် ဤနေရာကို ရှာမတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင်....

အကယ်၍ ဤကြီးမားသော ရှေးဟောင်း ကန့်သတ်ချက်နှစ်ခုသည် တစ်ခုခုကို ကာကွယ်ရန် ဤနေရာတွင် ရှိနေပါက ထိုအရာသည် ရှိနေနိုင်သေးသည်။

ထို့ပြင် ဤသည်က ရတနာတစ်ခု သေချာပေါက်​ ဖြစ်ပေမည်။

ဤအချက်ကို တွေးမိသောအခါ လုရန်သည် သူ၏ ဂဏာမငြိမ်သော နှလုံးသားကို ဆက်၍ဖိနှိပ်မထားနိုင်တော့ဘဲ လက်တစ်ဖက်ကို ဆန့်တန်းကာ စိတ်ဝိညာဉ်စွမ်းအားများကို လှည့်ပတ်စေပြီး ကန့်သတ်ချက်ကို စတင်ဖြေရှင်းကာ ချိုးဖျက်တော့သည်။

All Chapters