← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄: စီနီယာအစ်မ... မတွေ့ရတာ ကြာပြီနော်

မြင့်မြတ်မီးတောက်ဂိုဏ်း၏ ပင်မခြံဝင်းအတွင်းရှိ လူများအားလုံး ထိုအမျိုးသမီးကို ကြည့်နေကြသည်။

သူမသည် ရှဲ့ထယ်ယန်ကို သူမ၏ လှပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆက်မေးလိုက်၏။

"လုရန်... အခု သူ ဘယ်မှာလဲ..."

ရှဲ့ထယ်ယန်သည် အမျိုးသမီး၏ အလှတရားကြောင့် ငေးမောနေမှုမှ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူ၏စိတ်နှလုံးသားတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဤမြေခွေးနတ်ဆိုးသည် မန္တန်တစ်ခုမျှပင် မရွတ်ဆိုရသေးသော်လည်း သူမ၏ သဘာဝမြေခွေးညှို့ဓာတ်သည် သူ၏အရိုးများထဲသို့ပင် စိမ့်ဝင်နေလေပြီ။

သူက တံတွေးတစ်လုတ် မြိုချလိုက်သည်။ ရှဲ့ထယ်ယန်သည် သူ၏အကြည့်ကို အနည်းငယ် လွှဲဖယ်ကာ ပြောလိုက်၏။

"မဟာလော့ ဓားဂိုဏ်းမှာပါ..."

ဓားအမိန့်နန်းဆောင်သည် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး လုရန်နောက်သို့ လိုက်ပါလာသူများအားလုံးမှာ မဟာလော့ ဓားဂိုဏ်းမှ ဖြစ်ကြသည်။ လုရန်၏ အထောက်အထားအရ သူသည် စုယွဲ့လင်၏ ဆရာဖြစ်ရမည်ဖြစ်ရာ အချိန်တိုအတွင်း၌ သူသည် မဟာလော့ဓားဂိုဏ်းတွင် သေချာပေါက် ရှိနေပေမည်။

"အို..."

အမျိုးသမီးက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မဟာလော့ ဓားဂိုဏ်းက ဒီကနေ သိပ်မဝေးဘူးလေ... ဂိုဏ်းချုပ်က စုယွဲ့လင်လား..."

ရှဲ့ထယ်ယန်သည် အမျိုးသမီးကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။

တောရိုင်းနယ်မြေမှ လာသော သူမက စုယွဲ့လင်ကို မည်သို့သိနိုင်သနည်းဟု သူ သိချင်နေမိသည်။

သူက စုယွဲ့လင်နဲ့လည်း ရန်ငြိုးရှိနေတာများလား... ဒါကြောင့် လုရန် ပေါ်လာတာကို သိတာနဲ့ တပြိုင်နက် သတ်ချင်နေတာပဲ ဖြစ်ရမယ်...

"ဟုတ်ပါတယ်... စုယွဲ့လင်ပါ..."

ရှဲ့ထယ်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဒီအချက်အလက်ကို နင် ဘယ်လိုရလာတာလဲ..." အမျိုးသမီးက ဆက်မေးလိုက်သည်။

ရှဲ့ထယ်ယန်သည် ဖြေရန်အလျင်မလိုဘဲ ထိုအစား မေးလိုက်သည်။

"အရှင်မက ဘယ်သူလဲဆိုတာ မေးပါရစေ... အဲ့ဒီလုရန်ကို ဘာလို့ ရှာနေတာလဲ..."

အမျိုးသမီးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အေးစက်တင်းမာစွာ ပြောလိုက်သည်။

"တောရိုင်းနယ်မြေ နတ်ဆိုးမျိုးနွယ်က နတ်ဆိုးဘုရင် ရှောက်ယင်း..."

နတ်ဆိုးဘုရင်လား...

ရှဲ့ထယ်ယန်၏စိတ်ထဲရှိ သူ၏ခန့်မှန်းချက် အမှန်တကယ်ကို မှန်ကန်နေသည်။ သူ၏ရှေ့ရှိ မြေခွေးနတ်ဆိုးသည် အနည်းဆုံး ကောင်းကင်နတ်ဆိုးနယ်ပယ်တွင် ရှိနေသည်။

ကောင်းကင်နတ်ဆိုးနယ်ပယ်ဆိုသည်မှာ မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းထားသော အင်မော်တယ်တစ်ဦးနှင့် ညီမျှပေ၏။

"ငါ့မေးခွန်းကို အခု ဖြေလို့ရပြီ... နင် အချက်အလက်ကို ဘယ်လိုရလာတာလဲ..."

ရှောက်ယင်းက ဆက်မေးလိုက်သည်။

သို့သော် ရှဲ့ထယ်ယန် စကားပြောရန် ပါးစပ်မဟနိုင်မီမှာပင် ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်း ထုတ်လွှတ်ထားသော အမျိုးသားတစ်ဦးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ခြံဝင်းအတွင်းတွင် ထွက်ပေါ်လာသည်။

ခြံဝင်းအတွင်းရှိ မြင်ကွင်းကို ကြည့်ရင်း သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။

"ဂိုဏ်းချုပ်... သတင်းတွေကို ဖြန့်ပြီးပါပြီ... ဒါပေမဲ့ ကျွန်တော် နည်းနည်း ဇဝေဇဝါ ဖြစ်နေတယ်... ဘာလို့ အဲ့ဒီလုရန်ကို ကျွန်တော်တို့ကိုယ်တိုင် မသတ်တာလဲ... ဟုန်ခွေ့ကို ရှာနေတုန်း မတော်တဆမှု တစ်ခုခုများ ဖြစ်ခဲ့လို့လား..."

ဟင်...

ထိုစကားကို ကြားသည်နှင့် တပြိုင်နက် ရှောက်ယင်း၏အကြည့်သည် ရုတ်တရက် စူးရှသွားပြီး ရန်လိုမှုများဖြင့် ပြည့်နှက်သွားကာ ထိုအမျိုးသားကို ကြည့်လိုက်သည်။

အမျိုးသား၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ထူးဆန်းသော အန္တရာယ်ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲသို့ ချက်ချင်းတွားသွားဝင်ရောက်လာတော့သည်။

သူသည် ခြေလှမ်းများကို ရပ်တန့်ပြီး ရှောက်ယင်းကို ကြည့်လိုက်၏။ သို့သော် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ၏ မျက်လုံးများ တောက်ပသွားခြင်းဖြစ်ပြီး သူ၏ မျက်လုံးအနက်ရှိုင်းဆုံးနေရာတွင် ကာမရမ္မက်အရိပ်အယောင်များ တလက်လက် တောက်ပသွားသည်။

သူက အပြုံးနှင့် ပြောလိုက်သည်။

"မိန်းကလေးက တော်တော်လေး လှတာပဲ... ငါတို့ မြင့်မြတ်မီးတောက်ဂိုဏ်းကိုလာတာ ဘာကိစ္စများ ရှိလို့လဲ..."

"ပါးစပ်ပိတ်ထား..."

ရှဲ့ထယ်ယန်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး သူက အော်ငေါက်လိုက်၏။

မအေပေး...အဲ့ဒါက နတ်ဆိုးဘုရင်လေ... မင်းက နတ်ဆိုးဘုရင်ကို စော်ကားရဲတာလား...

သို့သော် သူ တားဆီးရန် နောက်ကျသွားလေပြီ။ ရှောက်ယင်းသည် မျက်တောင်ခတ်လိုက်ပြီး ထိုအမျိုးသားကို စကားတစ်ခွန်းမျှ မပြောဘဲ ကြည့်နေလိုက်သည်။

တစ်ချိန်တည်းမှာပင် အမျိုးသား၏ စိတ်သည် လှိုင်းထလာပြီး တွင်းနက်ကြီးတစ်ခုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။

နေမင်းကြီး အနောက်ဘက်သို့ ဝင်သွားချိန်တွင် အမျိုးသမီးသည် ထိုနေရာတွင် ရပ်နေကာ သူ့ကို နူးညံ့ပြီး ညှို့ယူဖမ်းစားနိုင်သော အကြည့်ဖြင့် ကြည့်နေပေ၏။ သူမ၏မျက်ခုံးနှစ်ခုကြားရှိ ဝမ်းနည်းမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်လေးကပင် တစ်ချက်ကြည့်ရုံဖြင့် မည်သူ့ကိုမဆို နှလုံးသား နာကျင်စေရန် လုံလောက်သည်။

လူတိုင်း၏ အကြည့်အောက်တွင် အမျိုးသား၏ မျက်လုံးများ ဝေဝါးသွားပြီး သူသည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ သူ၏ကိုယ်ပိုင်ဒန်တျန်ပေါ်တွင် တင်လိုက်သည်။

နောက်တစ်စက္ကန့်မှာပင်...

ဘုန်း...

စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ရွှေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားများသည် မည်သည့်အရာကိုမျှ နောက်ဆုတ်မထားဘဲ ဖျက်ဆီးလိုသော စွမ်းအားဖြင့် သူ၏ ဒန်တျန်အတွင်းသို့ ပြင်းထန်စွာ တိုက်ခတ်သွားတော့သည်။ ထိုစွမ်းအား သူ၏ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးကို ပရမ်းပတာဖြစ်အောင် မွှေနှောက်လိုက်၏။

ဘုန်း...

အမျိုးသား၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ဝမ်းဗိုက် ပွင့်ထွက်သွားကာ သွေးများပန်းထွက်လာပြီးနောက် သူ ငြိမ်သက်သွားတော့သည်။

ထို့နောက် ရှောက်ယင်းက ရှဲ့ထယ်ယန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ရဲ့ ခေါင်းစဉ်ကို ဆက်ကြတာပေါ့..."

ရှဲ့ထယ်ယန်နှင့် ပတ်ဝန်းကျင်ရှိ လူများအားလုံး၏မျက်နှာများ ဖြူရော်သွားပြီး မလှုပ်ရှားရဲကြတော့ချေ။

လုရန်က သစ်သားတုတ် သို့မဟုတ် သစ်ကိုင်းတစ်ကိုင်းတည်းဖြင့် ရွှေအင်မော်တယ်တစ်ဦးကို ပေါ့ပေါ့ပါးပါး သတ်ပစ်ခဲ့သည်အား ရှဲ့ထယ်ယန် မြင်တွေ့ခဲ့ရသည်။ သို့သော် သူ၏ရှေ့ရှိ ရှောက်ယင်းသည် လက်တစ်ချောင်းမျှပင် မြှောက်ရန် မလိုအပ်ဘဲ တစ်ချက်ကြည့်ရုံဖြင့် မြင့်မြတ်မီးတောက်ဂိုဏ်း၏ ရွှေအင်မော်တယ်နယ်ပယ် အကြီးအကဲတစ်ဦးကို စိတ်လွတ်သွားစေပြီး သူ၏ကိုယ်ပိုင်ဒန်တျန်ကို ဖျက်ဆီးပစ်စေခဲ့သည်။

"ကျွန်တော်က... ကျွန်တော်ရဲ့လူတွေကို လီတောင်ကို ခေါ်သွားတယ်... ဘာဖြစ်လို့လဲဆိုတော့..."

ရှဲ့ထယ်ယန်သည် တွန့်ဆုတ်မနေရဲတော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

သို့သော် သူ စကားမဆုံးခင်မှာပင် နောက်ထပ် တပည့်တစ်ယောက် အလောတကြီး ပြေးဝင်လာသည်။

ရှဲ့ထယ်ယန် ငိုချင်စိတ်ပေါက်လာတော့သည်။ နောက်ထပ် သောက်ရူးတပည့်တစ်ယောက်သာ ပြဿနာဆက်ရှာလျှင် သူတို့အနက်မှ မည်သူမှ အသက်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ရှဲ့ထယ်ယန်က တိုက်ရိုက်အော်ငေါက်လိုက်သည်။

"ထွက်သွား... ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ငါတို့ကို လာမနှောင့်ယှက်နဲ့..."

သို့သော် တပည့်၏မျက်နှာအမူအရာ ကြည့်ရဆိုးနေပြီး သူက အော်ဟစ်လိုက်သည်။

"ဒါပေမဲ့... အိမ်တော်အပြင်ဘက်မှာ နဝမအမှောင် မိစ္ဆာမျိုးနွယ်တပ်တွေက ကျွန်တော်တို့ရဲ့ မြင့်မြတ်မီးတောက်ဂိုဏ်း ပင်မအိမ်တော်ကို ဝိုင်းထားကြတယ်..."

အမ်... နဝမအမှောင် မိစ္ဆာမျိုးနွယ်တပ်တွေလား...

လူသားမျိုးနွယ်က စိတ်ဝိညာဉ်နယ်မြေရဲ့ ပြည်နယ်ကိုးခုကို အုပ်ချုပ်တာလေ... နဝမအမှောင် မိစ္ဆာမျိုးနွယ်၊ တောရိုင်းနယ်မြေ နတ်ဆိုးမျိုးနွယ်နဲ့ တခြားသူတွေက ဒီနေရာကို လွယ်လွယ်ကူကူ ခြေချမှာ မဟုတ်ဘူး...

ဒါပေမဲ့ ဒီနေ့ ဘာတွေဖြစ်နေတာလဲ... နတ်ဆိုးဘုရင်တစ်ပါး ရောက်လာတယ်... အခု မိစ္ဆာတပ်တွေပါ ရောက်လာပြန်ပြီလား...

မဟုတ်ဘူး... မိစ္ဆာတပ်တွေတင် မဟုတ်ဘူး... မိစ္ဆာတပ်တွေကို ဦးဆောင်လာတဲ့သူက ဘယ်သူလဲ...

ထိုတပည့်၏စကားအဆုံးတွင် အနက်ရောင်ပုံရိပ်တစ်ခု လွင့်မျောလာသည်။ သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသော သွေးရောင်မြူခိုးများသည် ပျစ်နှစ်နေသော သွေးများနှင့် တူညီနေပေ၏။

ထိုအရာများက သူ၏သံချပ်ကာပေါ်တွင် အဆက်မပြတ် တလက်လက် တောက်ပနေသည်။ သံချပ်ကာသည် အသက်ရှင်နေသော သတ္တဝါတစ်ကောင်အလား ထိုအမျိုးသား၏ အသက်ရှူမှုနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

သူ့တွင် လေးထောင့်ကျကျမျက်နှာ၊ ပါးလွှာသော မျက်ခုံးများနှင့် စူးရှသောမျက်လုံးများရှိပြီး ကြမ်းကြုတ်သော အရှိန်အဝါရှိသော်လည်း ထူးဆန်းသော ကျော့ရှင်းမှု အနည်းငယ်လည်း ရောနှောနေသည်။

သူ၏ လက်ထဲရှိ ဓားကို ဆွဲမထုတ်ရသေးသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ဤသည်က သာမန်ပစ္စည်းမဟုတ်ကြောင်း သိရှိရန် လုံလောက်ပေ၏။

သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အမျိုးသားက သူက ရှောက်ယင်းကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် မေးမြန်းလိုက်သည်။

"မြင့်မြတ်မီးတောက်ဂိုဏ်းချုပ် ရှဲ့ထယ်ယန် ဒီမှာ ရှိလား..."

ရှဲ့ထယ်ယန်က အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော်က ရှဲ့ထယ်ယန်ပါ... အရှင်က ဘယ်သူများလဲ ဆိုတာ မေးပါရစေ..."

အမျိုးသားက သက်ပြင်းတစ်ချက်ချပြီး ပြောဆိုသည်။

"နဝမအမှောင် ကောင်းကင်နတ်ဆိုး... ဖေးလော့ထျန်းပဲ..."

ကောင်းကင်နတ်ဆိုးလား... မဟာပေါင်းစည်းခြင်းနယ်ပယ်နဲ့ ညီမျှတဲ့ နောက်ထပ် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်လား...

ရှဲ့ထယ်ယန်၏ အသက်ရှူနှုန်းများ မမှန်တော့ချေ။

တကယ်လို့ သူတို့နှစ်ယောက်လုံးက လုရန်ကို သတ်ဖို့ ဒီကို ရောက်လာတာဆိုရင် ဒီကိစ္စက ပြီးသလောက်ပဲ... မဟာပေါင်းစည်းခြင်းအင်မော်တယ်တွေနဲ့ ညီမျှတဲ့ ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက်ဖြစ်တဲ့ နတ်ဆိုးဘုရင်တစ်ပါးနဲ့ ကောင်းကင်နတ်ဆိုးတစ်ပါးက လုရန်ကို သတ်ချင်နေတာဆိုတော့... အောင်မြင်နိုင်ခြေ အရမ်းမြင့်မားတယ်...

"အရှင်တို့က လုရန်အကြောင်း သတင်းအတွက် လာကြတာလား..."

ရှဲ့ထယ်ယန်က မေးလိုက်သည်။

"သူ ဘယ်မှာလဲ..."

ဖေးလော့ထျန်းက တိုက်ရိုက်မေးမြန်းလိုက်၏။

ရှဲ့ထယ်ယန် စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် နံဘေးမှ ရှောက်ယင်းက အပြုံးနှင့် ပြောဆိုသည်။

"အချိန်ဖြုန်းမနေနဲ့... သတင်းအချက်အလက်ကို ငါ ရပြီးပါပြီ..."

ဖေးလော့ထျန်းက ရှောက်ယင်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူတို့၏အကြည့်ချင်း ဆုံသွားကြ၏။

ဖေးလော့ထျန်းသည် ရုတ်တရက် ရှောက်ယင်းကိုကြည့်ကာ သူ၏လက်ကိုပူးဆုပ်လိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

"စီနီယာအစ်မ... မတွေ့ရတာ ကြာပြီ..."

ထိုစကားကို ကြားပြီးနောက် ရှဲ့ထယ်ယန် အံ့အားသင့်သွားသည်။ သူသည် ဖေးလော့ထျန်းကို အံ့သြစွာ ကြည့်လိုက်ပြီးနောက် ရှောက်ယင်းကို ကြည့်လိုက်၏။

ဒီနှစ်ယောက်က... တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား... သူတို့က ဘယ်လိုလုပ် စီနီယာအစ်မနဲ့ ဂျူနီယာမောင်လေး ဖြစ်သွားရတာလဲ... နဝမအမှောင် ကောင်းကင်နတ်ဆိုးနဲ့ တောရိုင်းနယ်မြေ နတ်ဆိုးဘုရင်က ဘယ်လိုလုပ် ဂိုဏ်းတစ်ဂိုဏ်းတည်းက ဖြစ်သွားရတာလဲ...

ရှဲ့ထယ်ယန် ဉာဏ်တိမ်နေခြင်းမှာ သူ၏အပြစ်မဟုတ်ပေ။ သူ၏ နေ့စဉ်ဘဝတွင် ထိုကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်များကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသောကြောင့်သာ ဖြစ်သည်။

ရှောက်ယင်း၏မျက်နှာအမူအရာသည် ယခင်ကကဲ့သို့ အေးစက်မနေတော့ပေ။ သူမက အလွန်နူးညံ့သော အမူအရာဖြင့် ညင်သာစွာ ပြောလိုက်သည်။

"ဟုတ်တယ်... နှစ်ပေါင်း တစ်သောင်းတောင် ကြာခဲ့ပြီနော်... နဝမအမှောင်ဘုံမှာ အဆင်ပြေရဲ့လား..."

ဖေးလော့ထျန်းက ပြောလိုက်၏။

"ဒီလိုပါပဲ... အဆင်ပြေသလို နေနေရတာပါပဲ... စီနီယာအစ်မ... သတင်းအချက်အလက်ကို တကယ် ရပြီးပြီလား... တိကျရဲ့လား..."

ရှောက်ယင်းက ရှဲ့ထယ်ယန်ကို ကြည့်ကာ သူမက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

"မသေချာဘူး... ဒါပေမဲ့ ဒီရှဲ့ထယ်ယန် လိမ်မပြောဘူးဆိုရင် ဆရာက မဟာလော့ ဓားဂိုဏ်းမှာ ရှိနေဖို့များတယ်... ပြီးတော့ ငါတို့ရဲ့ ဂျူနီယာညီမလေး စုယွဲ့လင်က မဟာလော့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီ..."

ထိုစကားကို ကြားသောအခါ ရှဲ့ထယ်ယန် ရုတ်တရက် သဘောပေါက်သွားသည်။

အဆုံးသတ်မှာတော့ ဒီနှစ်ယောက်က လုရန်ရဲ့ သောက်​​ချေးတပည့်တွေပဲ... စုယွဲ့လင်ရဲ့ စီနီယာအစ်ကိုနဲ့ စီနီယာအစ်မလေ...

သောက်ကျိုးနည်း...

လုရန်၏ဂိုဏ်းသည် ပြည်နယ်ကိုးခုလုံး၌ ပျံ့နှံ့နေပြီး အဖွဲ့ဝင်များစွာရှိသည်ကို သူ သိထားသည်မှာ ကြာမြင့်နေလေပြီ။

နဝမအမှောင် ကောင်းကင်နတ်ဆိုးနဲ့ တောရိုင်းနယ်မြေ နတ်ဆိုးဘုရင်တောင်မှ သူ့ရဲ့ တပည့်တွေ ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...

ရှဲ့ထယ်ယန်၏ခန္ဓာကိုယ် စတင်၍ တုန်ရီလာတော့သည်။ သူ မော့ကြည့်လိုက်ရာ ဖေးလော့ထျန်း၏ မျက်လုံးများနှင့် ဆုံတွေ့သွားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ခုခု မှားယွင်းနေပြီဟု ရှဲ့ထယ်ယန် တွေးလိုက်ပြီး သူ၏ အကြည့်ကို လွှဲဖယ်ရန် ပြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခုကြောင့် ဖေးလော့ထျန်း၏ရှေ့သို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။

ဖေးလော့ထျန်းသည် လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်ပြီး ရှဲ့ထယ်ယန်၏ နဖူးပေါ်သို့ ဖိချလိုက်၏။ ရှဲ့ထယ်ယန်သည် ဤအရာက ဘာအတွက်မှန်း မသိဘဲ မသိစိတ်အရ ရုန်းကန်လွတ်မြောက်ရန် ကြိုးစားသော်လည်း သူ လုံးဝပြုလုပ်၍မရကြောင်း တွေ့လိုက်ရသည်။

သူ၏ခန္ဓာကိုယ် အေးခဲနေသကဲ့သို့ ခံစားရပြီး လက်တစ်ချောင်းမျှပင် မလှုပ်ရှားနိုင်ပေ။ ဖေးလော့ထျန်းက တီးတိုးရေရွတ်လိုက်သည်။

"စီနီယာအစ်မ... ခဏစောင့်အုံး... အချက်အလက်က တိကျလားဆိုတာ သူ့ရဲ့ ဝိညာဉ်ကို ရှာဖွေပြီးတာနဲ့ ကျွန်တော်တို့ သိရမှာပါ..."

All Chapters