အခန်း ၂၅
Vol. 3 Ch. 25
အခန်း ၂၅: နတ်ဆိုးနှိမ်နင်းရေး စိတ်ဝိညာဉ်မီးတောက်
နတ်ဆိုးမျိုးနွယ်များ၏ စိတ်ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်မှ နာကျင်မှုသည် နာမည်ဆိုးဖြင့် ကျော်ကြားလှ၏။
ရှဲ့ထယ်ယန်သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို သံမဏိဓားတစ်လက်ဖြင့် အထပ်ထပ်အခါခါ လှီးဖြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သို့တိုင် သူသည် သူ၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင် မထိန်းချုပ်နိုင်သလို အော်ပင် မအော်နိုင်ပေ။
နာကျင်လွန်းသော နှိပ်စက်ညှဉ်းပန်းမှုက ရှဲ့ထယ်ယန်ကို ရူးသွပ်လုမတတ် ဖြစ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖေးလော့ထျန်း၏ မျက်နှာအမူအရာမှာ ထူးဆန်းနေပေ၏။
အချိန်အတန်ကြာပြီးနောက် ဖေးလော့ထျန်းက စိတ်ဝိညာဉ်ရှာဖွေခြင်းကို ရပ်တန့်လိုက်သည်။
ရှောက်ယင်းက စိတ်တ်မရှည်စွာ ချက်ချင်းမေးလိုက်သည်။
"သတင်းက ဘာလဲ..."
ဖေးလော့ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"တကယ်ပဲ ဆရာပါ... ဆရာ့ကို ကျွန်တော် တကယ် မြင်လိုက်ရတယ်..."
ဤသည်က ရှဲ့ထယ်ယန်၏ နတ်ဘုရားစိတ်ဝိညာဉ်မှ ထုတ်ယူထားသော မှတ်ဉာဏ်တစ်ခုမျှသာ ဖြစ်သော်လည်း အဆုံးအစမရှိသော နှစ်များစွာကတည်းက မမြင်တွေ့ခဲ့ရသော ထိုပုံရိပ်သည် နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့ပေ၏။
ဖေးလော့ထျန်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ငိုချင်စိတ်ပေါက်လာတော့သည်။
"မဟာလော့ ဓားဂိုဏ်းမှာလား..."
ရှောက်ယင်း၏ လှပသော မျက်လုံးများသည် မျက်ရည်များဖြင့် တလက်လက် တောက်ပနေပြီး သူမ၏ အသက်ရှူနှုန်း မြန်ဆန်လာကာ သူမ၏ ရင်ဘတ် အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ဤသည်က ပတ်ဝန်းကျင်ရှိ မြင့်မြတ်မီးတောက်ဂိုဏ်း တပည့်များကို တံတွေးများ မြိုချသွားစေခဲ့သည်။
"ဆရာက ဓားအမိန့်နန်းဆောင်မှာ နောက်ဆုံး ပေါ်လာခဲ့တာ... ပြီးတော့ ဂျူနီယာညီမလေးက ဆရာ့ဘေးမှာ တကယ်ပဲ ရှိနေတယ်..."
ထို့နောက် ဖေးလော့ထျန်းသည် ရှဲ့ထယ်ယန်ကို ထပ်ကြည့်ပြီး ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီကောင်က အသက်လုပြေးရင်းနဲ့မှ ဒီကို ပြန်ရောက်လာတာ... သူ ခေါ်သွားတဲ့ ရွှေအင်မော်တယ် ငါးယောက်လုံး သေသွားပြီ... သူက ပြေးတာ မြန်လို့သာ အသက်ရှင်ကျန်ခဲ့တာ..."
ရှဲ့ထယ်ယန် ရှင်းပြနေရန် မလိုတော့ပေ။
စိတ်ဝိညာဉ်ရှာဖွေပြီးနောက် အဖြစ်အပျက်တစ်ခုလုံးကို သိရှိသွားပြီးဖြစ်သော ဖေးလော့ထျန်းသည် အရာအားလုံးကို အသေးစိတ် ပြန်လည်ပြောပြလိုက်၏။
"သစ်ကိုင်းတစ်ကိုင်းတည်းနဲ့ ရွှေအင်မော်တယ် ငါးယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်တယ်လား... ဆရာ့ရဲ့ နယ်ပယ်က အဲ့ဒီလောက်တောင် မြင့်နေတာလား..."
ရှောက်ယင်း အနည်းငယ် အံ့အားသင့်သွားသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူ အထက်ဘုံကို တက်လှမ်းလာတာ မဟုတ်ဘူးလား....
သူက ဘယ်လိုလုပ် ရွှေအင်မော်တယ်တွေကို ချက်ချင်း အနိုင်ယူနိုင်ရတာလဲ....
"တိကျတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ ဆရာက... စီနီယာအစ်မ သိတဲ့အတိုင်းပဲ... သူက သာမန်လူတွေနဲ့ မတူဘူးလေ..."
ဖေးလော့ထျန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ဒါလည်း ဟုတ်တာပါပဲ... အနည်းဆုံးတော့ ငါစိတ်ပူစရာ မလိုတော့ဘူး..."
ရှောက်ယင်းက သက်ပြင်းချလိုက်သည်။
ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ဖြတ်နိုင်ခြင်းက လုရန်၏လုံခြုံရေးအတွက် ကြီးမားသော အာမခံချက်တစ်ခုကို ပေးစွမ်းနိုင်သည်။
ထို့နောက် ရှောက်ယင်းသည် ရှဲ့ထယ်ယန်ကို သူမ၏ လှပသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။
"ဒါဆို နင်က အပြာရောင်ဂိုဏ်းကို ရန်လိုတဲ့ အင်အားစုတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ သတင်းဖြန့်ပြီး သူတို့ရဲ့ လက်နဲ့ ငါ့ရဲ့ဆရာကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ခဲ့တာပေါ့လေ..."
ရှဲ့ထယ်ယန်၏မျက်နှာ ကြည့်ရဆိုးသွားသည်။ သို့သော် သူ မငြင်းရဲသဖြင့် မရေမရာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"နီး... နီးစပ်ပါတယ်..."
သူ၏ စကားမဆုံးခင်မှာပင် ဖေးလော့ထျန်းက ကြားဖြတ်ပြောဆိုသည်။
"ဒီလောက်တင် မဟုတ်ဘူး မဟုတ်လား..."
စိတ်ဝိညာဉ်ရှာဖွေခြင်း ခံထားရပြီးဖြစ်ရာ ရှဲ့ထယ်ယန်၏ လျှို့ဝှက်ချက်လေးများကို ဖုံးကွယ်ထား၍ မရတော့ပေ။
သူက အလျင်အမြန် ပြောလိုက်သည်။
"ကျွန်တော့်မှာ တခြားအကြံအစည်တစ်ခု ရှိခဲ့ပါတယ်... အဲ့ဒါက... တာအိုဆွေးနွေးပွဲရဲ့ လက်ကို အသုံးပြုပြီး လုရန်ကို ဖယ်ရှားဖို့ပါ... ဒါပေမဲ့ စိတ်ချပါ... ကျွန်တော် အဲ့ဒါကို ချက်ချင်း စွန့်လွှတ်လိုက်ပါ့မယ်... တာအိုဆွေးနွေးပွဲကို ဖျက်သိမ်းပြီး ဖိတ်စာတွေကို ပြန်ရုပ်သိမ်းဖို့ အချိန်ရပါသေးတယ်..."
ရှောက်ယင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"တာအိုဆွေးနွေးပွဲ... အဲ့ဒါက ဘာလဲ..."
စိတ်ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ထားသော ဖေးလော့ထျန်းသည် ရှင်းလင်းစွာ သိရှိထားပြီး ရှင်းပြလေသည်။
"ဒီတာအိုဆွေးနွေးပွဲကို တကယ်တော့ မြင့်မြတ်မီးတောက်ဂိုဏ်း ယီချီစမ်းချောင်းဂိုဏ်း ထျန်းကန်းဂိုဏ်းနဲ့ ချင်းရွှမ်ဂိုဏ်းတို့က သူတို့ဘာသာသူတို့ တည်ထောင်ထားတာပါ... သူတို့က အဲ့ဒါကို သူတို့ရဲ့ နယ်မြေအတွင်းက ဂိုဏ်းတွေဆီက ရတဲ့ အခွန်အခတွေအပြင် သတ္တုတွင်းတွေနဲ့ တခြားလုပ်ငန်းတွေကို ခွဲဝေမှုမှာ ထိန်းညှိဖို့ အသုံးပြုတာပါ..."
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်က အစုရှယ်ယာရှင်များ အစည်းအဝေးနှင့် ဆင်တူသည်။
နယ်မြေအတွင်းရှိ ဂိုဏ်းအားလုံးသည် သူတို့လေးဦးအတွက် အရင်းအမြစ်များဖြစ်ပြီး သူတို့ သဘောကျ ခွဲဝေယူကြသည်။
"ရွှေအင်မော်တယ်တစ်စုက နယ်မြေသတ်မှတ်ပြီး ဘုရင်တွေလို ပြုမူရဲတယ်ပေါ့... နင်တို့အားလုံးက ဘယ်လို ကစားရမလဲဆိုတာ သိနေတာပဲ..."
ရှောက်ယင်းက လှောင်ပြောင်လိုက်သည်။
ရှဲ့ထယ်ယန်၏မျက်နှာ ရှုံမဲ့သွားပြီး သူ၏စိတ်နှလုံးသားသည် ခါးသီးသောခံစားချက်များ ပြည့်နှက်သွားသည်။
ရွှေအင်မော်တယ်ဖြစ်တာ ဘာမှားနေလို့လဲ..
ငါတို့က နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာလေ...ငါတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ဒေသအတွင်းမှာ ရွှေအင်မော်တယ်ဆိုတာ ကောင်းကင်ကြီးပဲလေ...
မဟာလော့ ဓားဂိုဏ်း၊ ဓားအမိန့်နန်းဆောင် စသည်တို့ကဲ့သို့ တခြားလက်အောက်ခံ ဂိုဏ်းအများစုတွင် ရွှေအင်မော်တယ်တစ်ဦးပင် မရှိကြပေ။
ထို့အပြင် ဤတစ်ကြိမ်တွင် ရှဲ့ထယ်ယန် ပြန်ရောက်လာပြီးနောက် တာအိုဆွေးနွေးပွဲကို စီစဉ်နေစဉ် သတင်းကို ဖြန့်ဝေခဲ့သည်။
သူသည် မဟာလော့ ဓားဂိုဏ်းသို့ လက်စားချေရန် မသွားရဲခဲ့ပေ။
သို့သော် သတင်းဖြန့်ခြင်းက မည်မျှ ထိရောက်မှုရှိမည်ကို သူ မသေချာသောကြောင့် အာမခံနှစ်ထပ်အနေဖြင့် မြင့်မြတ်မီးတောက်ဂိုဏ်း၏ သတ္တုတွင်းတစ်ခုကို စတေး၍ တာအိုဆွေးနွေးပွဲကို ဦးဆောင်ခေါ်ယူကာ တခြားဂိုဏ်းသုံးဂိုဏ်းကို ပါဝင်ရန် ဖိတ်ကြားခဲ့လေ၏။
ယခုအချိန်တွင် ဂိုဏ်းလေးဂိုဏ်း၏ အဖွဲ့ဝင်များသည် ဖိတ်စာများကို စတင်၍ ဖြန့်ချီနေလေပြီ။
ဖိတ်စာရရှိသော ဂိုဏ်းများသည် ပျက်ကွက်ခွင့်မရှိဘဲ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် လက်ဆောင်ကြီးများ ပြင်ဆင်ရန် လိုအပ်သည်။
ဤသည်က ဂိုဏ်းအသီးသီးအား အခွန်ဆက်သစေရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်ပေ၏။
"ထူးဆန်းတယ်... မင်းတို့အားလုံးက ရွှေအင်မော်တယ်တွေလေ... ဘယ်လိုလုပ်ပြီး အတင့်ရဲတာလဲ... ငါ့ရဲ့ဆရာ ရောက်လာပြီးတော့ မင်းတို့အားလုံးကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်သုတ်သင်ပစ်မှာကို မကြောက်ဘူးလား..."
ဖေးလော့ထျန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
လုရန်သည် ရွှေအင်မော်တယ် ခြောက်ဦးကို သစ်ကိုင်းတစ်ကိုင်းတည်းဖြင့် အလွယ်တကူ သတ်ပစ်ခဲ့သည်။
ဤစွမ်းအားဖြင့် ဂိုဏ်းလေးဂိုဏ်း ပူးပေါင်းလျှင်ပင် သူတို့သည် လုရန်ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ဒါကလည်း အာမခံ နှစ်ထပ်လို့ ခေါ်လို့ရတာပဲလား...
ရှဲ့ထယ်ယန်က အနေရခက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့... ကျွန်တော်တို့ မဝံ့ရဲပါဘူး... ပြီးတော့ ကျွန်တော်တို့မှာ အဲ့ဒီစွမ်းရည်လည်း မရှိပါဘူး... ဒါပေမဲ့ ချင်းရွှမ်ဂိုဏ်းက မတူဘူးလေ... ချင်းရွှမ်ဂိုဏ်းရဲ့ နောက်ကွယ်မှာ သူတို့ကို ကျောထောက်နောက်ခံပေးထားတဲ့ မဟာပေါင်းစည်းခြင်းအင်မော်တယ်တစ်ယောက် ရှိတယ်..."
ရှဲ့ထယ်ယန်၏ရှင်းပြချက်အရ ဂိုဏ်းလေးဂိုဏ်းသည် ပူးပေါင်းထားသော်လည်း ခေါင်းဆောင်မှာ ချင်းရွှမ်ဂိုဏ်းဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ချင်းရွှမ်ဂိုဏ်းသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ဦး၏ ကျောထောက်နောက်ခံ ရှိသောကြောင့်ပင်။ သူတို့သည် အရင်းအမြစ်အားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ကို အခြေခံအားဖြင့် ထိန်းချုပ်ထားပေ၏။
ကျန်သုံးဦးမှာ ချင်းရွှမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးရုံသက်သက်ဖြစ်သော လက်အောက်ခံများ သို့မဟုတ် ခွေးများနှင့် ပို၍တူညီသည်။
ထို့ကြောင့် ရှဲ့ထယ်ယန် တာအိုဆွေးနွေးပွဲ ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ စုယွဲ့လင်ကို ခေါ်ယူရန်နှင့် တစ်ချိန်တည်းမှာပင် သူမနှင့်အတူ တာအိုဆွေးနွေးပွဲသို့ လိုက်ပါလာမည့် လုရန်ကို သတ်ဖြတ်ရန်အတွက် ချင်းရွှမ်ဂိုဏ်း၏ အင်အားကို အသုံးပြုရန်ပင်။
"အကြံကောင်းပဲ..."
ရှောက်ယင်းက ရှဲ့ထယ်ယန်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ရှဲ့ထယ်ယန်၏ မျက်နှာအမူအရာ အလွန်အမင်း ပျက်ယွင်းသွားပေ၏။
သူက အလျင်အမြန် ပြောလိုက်သည်။
"အဲ့ဒါကို ဖျက်သိမ်းလို့ ရပါတယ်... အခုချက်ချင်း ဖျက်သိမ်းလို့ ရတယ်... ပို့ထားပြီးသား ဖိတ်စာတွေကိုလည်း ပြန်ရုပ်သိမ်းလို့ ရတယ်..."
သို့သော် ရှောက်ယင်းက ခေါင်းယမ်းလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ သူမက ပြောလိုက်၏။
"ဖျက်သိမ်းဖို့ မလိုဘူး... တာအိုဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လုပ်မယ်..."
ဖေးလော့ထျန်းက ရှောက်ယင်းကို အနည်းငယ် သိချင်စိတ်ဖြင့် ကြည့်ပြီး သူက မေးလိုက်သည်။
"စီနီယာအစ်မ... ကျွန်တော်တို့ရဲ့ အစီအစဉ်က ဘာလဲ... ဆရာ့ကိုရှာဖို့ မဟာလော့ ဓားဂိုဏ်းကို ချက်ချင်း ထွက်သွားကြမလား..."
ရှောက်ယင်းက ခေါင်းယမ်းပြပြီး သူမက ပြန်ဖြေသည်။
"ငါ သွားမယ်... နင် နေခဲ့..."
ထို့နောက် သူမက ရှဲ့ထယ်ယန်ကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်။
"နင်က မိစ္ဆာစစ်သည် အများကြီး ခေါ်လာပြီးတော့ မိသားစုတစ်ခုလုံးကို ဆွဲခေါ်လာတော့ ခရီးသွားရတာ အဆင်မပြေဘူး... ဒီမှာနေပြီး သူ့ကို စောင့်ကြည့်... တာအိုဆွေးနွေးပွဲ အစီအစဉ်အတိုင်း ဖြစ်အောင် သေချာလုပ်... ပြီးတော့ သူ့ပါးစပ်ကို ပိတ်ထားပြီး မပြောသင့်တာတွေ မပြောအောင် သေချာလုပ်..."
"ဒါက ရိုးရှင်းပါတယ်..."
ဖေးလော့ထျန်းက ခေါင်းညိတ်လိုက်သည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ခရမ်းရောင် တောက်ပနေသော အလင်းစက်တစ်ခုက သူ၏ လက်ချောင်းထိပ်တွင် အနည်းငယ် တောက်ပသွားသည်။
နောက်တစ်စက္ကန့်မှာပင် ရှဲ့ထယ်ယန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်ကာ နာကျင်စွာ လူးလှိမ့်နေပေ၏။ သူ၏ လက်များသည် သူ၏ခန္ဓာကိုယ်ကို ရူးသွပ်စွာ ကုတ်ခြစ်နေကာ သူ၏အဝတ်အစားများ လျှင်မြန်စွာ စုတ်ပြတ်သတ်သွားတော့သည်။
ထို့နောက် ဖေးလော့ထျန်းက ရပ်တန့်လိုက်သည်။
ရှဲ့ထယ်ယန်သည် မြေပြင်ပေါ်တွင် လဲလျောင်းကာ အသက်ကို လုရှူနေရပြီး သူ၏မျက်နှာ သေမတတ် ဖြူရော်နေကာ တစ်ကိုယ်လုံး တုန်ရီနေသည်။
မြေပြင်၏ အစိတ်အပိုင်း အတော်များများသည် ဆီးများဖြင့် စိုရွှဲနေပေ၏။
သူသည် သူ၏ဆီးအိမ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့လေပြီ။
"မင်း... မင်း ဘာလုပ်လိုက်တာလဲ..."
ရှဲ့ထယ်ယန်က တုန်ရီစွာ မေးလိုက်သည်။
ဖေးလော့ထျန်းကို ထပ်ကြည့်လိုက်ရာ သူသည် နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။
"နတ်ဆိုးနှိမ်နင်းရေး စိတ်ဝိညာဉ်မီးတောက်... စောစောက စိတ်ဝိညာဉ်ရှာဖွေနေတုန်း ငါ အဲ့ဒါကို ပျိုးထောင်ခဲ့တာလေ... မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က အခု ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ..."
ဖေးလော့ထျန်းက အေးစက်စွာ ပြောလိုက်သည်။
ရှောက်ယင်းက သဘောတူညီစွာ ခေါင်းညိတ်ပြပြီး သူမက ပြောလိုက်သည်။
"ဒီနည်းလမ်းက မဆိုးဘူးပဲ... နင်တို့ မိစ္ဆာမျိုးနွယ်ရဲ့ နည်းလမ်းတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ..."
ဖေးလော့ထျန်းသည် သူ၏ခေါင်းကို အနေရခက်စွာ ကုတ်ပြီး ပြောလိုက်၏။
"ဒါက နည်းနည်း ကြမ်းတမ်းရုံပါ... ပြီးတော့ ဒီနတ်ဆိုးနှိမ်နင်းရေး စိတ်ဝိညာဉ်မီးတောက်ကို ငါတို့ အောက်ဘုံမှာ ရှိနေတုန်းက ဆရာ သင်ပေးခဲ့တာလေ... အဲ့ဒါကို စိတ်ဝိညာဉ်နယ်မြေမှာလည်း သုံးလို့ရတော့ ငါ ဆက်သုံးနေတာပါ..."
ရှောက်ယင်းက ခေါင်းညိတ်လိုက်ပြီး ပြောဆိုသည်။
"ဒါက ဆရာ့ရဲ့ ပုံစံနဲ့ တူသားပဲ..."
သူတို့ စကားပြောနေစဉ် နံဘေးတွင်ရှိသော ရှဲ့ထယ်ယန်သည် မျှော်လင့်ချက်မဲ့နေလေပြီ။
ရုတ်တရက်ကြီး ငါက မိစ္ဆာမျိုးနွယ် ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ရုပ်သေးရုပ် ဘယ်လိုဖြစ်သွားရတာလဲ...
ခုခံမယ် ဟုတ်လား... အဲ့ဒါမျိုး မရှိဘူး... ငါက အတွေးလေး တစ်ချက်တောင် မတွေးရဲဘူးလေ...
ငါ နောက်ထပ် စိတ်ဝိညာဉ်ရှာဖွေမှုကို မခံချင်တော့ဘူး...
ဖေးလော့ထျန်းရှေ့တွင် သူ မည်သည့်အရာကိုမျှ ဖုံးကွယ်ထား၍ မရဘူးချေ။
"ဒီလိုဆိုမှတော့ ဒါက ကိစ္စတွေကို နင့်ဆီ အပ်ခဲ့မယ်... ငါ မဟာလော့ ဓားဂိုဏ်းကို သွားတော့မယ်..."
ဖေးလော့ထျန်းက ဤနေရာတွင် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသဖြင့် ရှောက်ယင်း စိတ်သက်သာရာရသွားသည်။
ဖေးလော့ထျန်းက ခေါင်းညိတ်ပြလိုက်၏။
သို့သော် သူသည်လည်း ဆရာ့ကို တွေ့ချင်နေသည်။
ထို့နောက် သူမ၏ နှလုံးသားထဲရှိ အလျင်စလိုဖြစ်မှုကို မဖိနှိပ်နိုင်တော့ဘဲ စကားတစ်ခွန်း ချန်ထားခဲ့ကာ ရှောက်ယင်းသည် သူမ၏ ပုံရိပ်ကို တွန့်လိမ်ပြီး သူမ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်သည်။
မိုးထိမြင့်မားလုမတတ် ကြီးမားသော အမြှီးကိုးချောင်းမြေခွေးကြီး၏ ပုံရိပ်သည် မြေကြီးမှ ထွက်ပေါ်လာပြီး ညအမှောင်အတွင်း၌ မိုးကုပ်စက်ဝိုင်းသို့ ထွက်ပြေးကာ လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။