အခန်း ၂၆
Vol. 3 Ch. 26
အခန်း ၂၆: မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်
နောက်တစ်နေ့ နံနက်ခင်းတွင်...
လုရန်က ဂိုဏ်းအတွင်း၌ လမ်းလျှောက်နေသည်။ အချိန်အနည်းငယ် လမ်းလျှောက်ပြီးနောက် ရုတ်တရက် မုယောင် ဖြတ်သွားသည်ကို သူ တွေ့လိုက်ရသည်။
မုယောင်သည်လည်း လုရန်၏ ပုံရိပ်ကို မတော်တဆ မြင်တွေ့မိလေ၏။
သို့သော် သူမ၏ တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားပြီး သူမသည် မလှုပ်ရဲဘဲ နေရာတွင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေသည်။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူမက ပြောဆိုသည်။
"ဘိုး... ဘိုးဘေးအိုကြီး... မင်္ဂလာနံနက်ခင်းပါ..."
"ဘိုးဘေးအိုကြီးဆိုတာက ဘာလဲ... မင်းက မဟာလော့ ဓားဂိုဏ်းရဲ့ တပည့်တောင် မဟုတ်ဘူးလေ..."
လုရန် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
လုရန်၏ သက်တောင့်သက်သာရှိသော တုံ့ပြန်မှုကို မြင်သောအခါ မုယောင်၏စိတ်တင်းမာမှု အနည်းငယ် လျော့ကျသွားသည်။
သူမက သက်ပြင်းချပြီး ပြောလိုက်သည်။
"ရှင့်အကြောင်း ကျွန်မ ကြားဖူးပါတယ်... ရှင်က အောက်ဘုံမှာ နှစ်ပေါင်း တစ်သိန်းတောင် နေခဲ့တာ... ပြီးတော့ ရှင့်ရဲ့ တပည့်တွေက စိတ်ဝိညာဉ်နယ်မြေရဲ့ ပြည်နယ်ကိုးခုလုံးမှာ ပြန့်ကျဲနေတယ်လေ... ရှင်က... ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ပဲ..."
မုယောင်က သူမနှင့် လုရန်သည် တစ်ချိန်တည်း အထက်ဘုံသို့ တက်လှမ်းလာသော အဖော်များဖြစ်ကာ တစ်အုပ်စုတည်း ဖြစ်သည်ဟု မူလက တွေးထင်ထားခဲ့သည်။
သို့သော် အမှန်အားဖြင့် သူမကသာ အတွေ့အကြုံလုံးဝမရှိသေးသော လူသစ်တစ်ယောက်ဖြစ်ပြီး လုရန်ကတော့ အစစ်အမှန် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေ၏။
"ဒါလည်း ဟုတ်တာပဲ... မနက်စောစောစီးစီး ဘာလို့ မအိပ်တာလဲ... ဘယ်သွားမလို့လဲ..."
လုရန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ကျွန်မမှာ လုပ်စရာ ဘာမှမရှိလို့ ဦးလေးမုကို ရှာဖို့ သိုင်းပညာလေ့ကျင့်ရေးကွင်းကို သွားမလို့ပါ..."
မုယောင်က ပြောလိုက်သည်။
ဦးလေးမုဆိုသည်မှာ မုယွန်ကျုံးပင်။ သူတို့၏ ကမ္ဘာတွင် မုယွန်ကျုံး အထက်ဘုံသို့ မတက်လှမ်းမီက သူသည် မုမိသားစု၏ အိမ်တော်ထိန်းဖြစ်ပြီး မုယောင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူ ဖြစ်သည်။
မုယောင်သည် မုယွန်ကျုံးအပေါ် အလွန်မှီခိုအားထားနေဆဲပင်။
ထို့ကြောင့် သူတို့နှစ်ဦးသား သိုင်းပညာလေ့ကျင့်ရေးကွင်းသို့ အတူတကွ သွားခဲ့ကြသည်။
သူတို့ နီးကပ်လာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေကြောင်း သူတို့ နားလည်သဘောပေါက်သွားကြသည်။
သိုင်းပညာလေ့ကျင့်ရေးကွင်းပေါ်တွင် လူတစ်စုသည် ဂိုဏ်းချုပ်၏မဟာခန်းမဆောင်ရှေ့၌ ရပ်နေပြီး သူတို့ထံတွင် မာနကြီးကာ အနိုင်ကျင့်လိုသော အမူအရာများ ရှိနေကြသည်။
"ငါတို့ ရောက်နေပြီဆိုမှတော့ မင်းတို့ရဲ့ မဟာလော့ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘာလို့ ဒီလောက် အချိန်အကြာကြီး ပေါ်မလာရတာလဲ... ဘယ်လောက်တောင် ရဲတင်းလိုက်လဲ..."
ထိုလူအုပ်စုကို ဦးဆောင်လာသူမှာ အနက်ရောင်ပိုးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးပင်။
လုရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဘာတွေဖြစ်နေတာလဲ...
အမျိုးသားနှင့် မလှမ်းမကမ်းတွင်ရှိနေကာ စုမေက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ရှင်တို့က အခုလေးတင် ရောက်လာတာလေ... 'ဒီလောက် အချိန်အကြာကြီး ပေါ်မလာဘူး' ဆိုတာ ဘာကို ဆိုလိုတာလဲ..."
"ရဲတင်းလိုက်တာ... မင်းက ပြန်တောင် ပြောရဲသေးတယ်ပေါ့..."
အမျိုးသားက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
စုမေသည် အံ့ကြိတ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ မခံချင်စိတ်များဖြင့် ပြည့်နှက်နေသော်လည်း သူမ ထပ်မပြောရဲတော့ပေ။
လုရန်နှင့် မုယောင်တို့သည် ကွင်းပြင်အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုကို စောင့်ကြည့်နေသော မုယွန်ကျုံးထံသို့ လျှောက်လှမ်းသွားကြသည်။
"သခင်မလေး... ရောက်လာပြီလား..."
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် မုယွန်ကျုံးသည် မုယောင်၏နံဘေးရှိ လုရန်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်း ပါးစပ်ပိတ်သွားပြီး ကျယ်လောင်စွာပင် အသက်မရှူရဲတော့ပေ။
လုရန်ကမူ ထိုကိစ္စကို သိပ်ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒီအုပ်စုက ဘာလုပ်နေတာလဲ... ပြီးတော့ ခေါင်းဆောင်နေတဲ့ ဒေါသကြီးတဲ့ကောင်က ဘယ်သူလဲ... မနက်စောစောစီးစီး မဟာလော့ ဓားဂိုဏ်းကို လာပြီး ပြဿနာရှာနေတာ... သူ သေချင်နေတာလား..."
ဤလူအုပ်စုသည် အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး မဟာလော့ ဓားဂိုဏ်းနှင့် အလွန်ကွာခြားနေသည်။
ထို့အပြင် သူတို့တစ်ဦးစီသည် မာနကြီးပုံရပေ၏။ ခေါင်းဆောင်တစ်ဦးတည်းသာ ရွှေအင်မော်တယ်ဖြစ်ပြီး သူ၏နောက်မှ လူများသည် အဆင့်မြင့် အင်မော်တယ်များနှင့် အစစ်အမှန် အင်မော်တယ် အနည်းငယ်သာ ဖြစ်သော်လည်း သူတို့သည် မယုံနိုင်လောက်အောင် မာနကြီးနေဆဲပင်။
"သူတို့က ထျန်းကန်းဂိုဏ်းကလေ... တာအိုဆွေးနွေးပွဲအတွက် ဖိတ်စာလာပို့တာ... နည်းနည်းတော့ ထူးဆန်းတယ်... သာမန်အနေနဲ့ တာအိုဆွေးနွေးပွဲက တစ်နှစ်ကို တစ်ကြိမ် လုပ်တာလေ... ဒါပေမဲ့ ဒီနှစ်တော့ သုံးလ စောနေတယ်..."
မုယွန်ကျုံးက ဇဝေဇဝါဖြင့် ပြောလိုက်သည်။
"ထျန်းကန်းဂိုဏ်းက ဘာလုပ်တာလဲ... ပြီးတော့ တာအိုဆွေးနွေးပွဲဆိုတာ ဘာလဲ..."
လုရန်က ဆက်လက်၍ မေးမြန်းသည်။
မုယွန်ကျုံးက အတိုချုပ်၍ ရှင်းပြလိုက်၏။
ဤသည်က ရှဲ့ထယ်ယန်ထံမှ ဖေးလော့ထျန်း သိရှိခဲ့သောအရာနှင့် အကြမ်းဖျင်း တူညီသည်။
"အမ်... ဒါက အခွန်လာကောက်တာပဲလေ... အခွန်လာသွင်းဖို့ လူတွေကို ခေါ်နေတာ... အဲ့ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ တာအိုဆွေးနွေးပွဲလဲ..."
လုရန် အနည်းငယ် ဆွံ့အသွားသည်။
ဒါက ကာကွယ်ပေးခ ကောက်တာကို နာမည်ပြောင်းထားတာ မဟုတ်လား...
"သေချာပေါက် ဟုတ်ပါတယ်... ဒါပေမဲ့ နည်းလမ်းမရှိဘူးလေ... တာအိုဆွေးနွေးပွဲက အင်အားစုလေးခုက တကယ်ကို အရမ်းအစွမ်းထက်တာကိုး..."
မုယွန်ကျုံးက ပြောလိုက်သည်။
ထိုအချိန်မှာပင်...
စုယွဲ့လင်သည် နောက်ကျမှ ရောက်လာပြီး ဤလူများကို တွေ့လိုက်ရသည်။
သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"တာအိုဆွေးနွေးပွဲအတွက် ရက်မရောက်သေးပါဘူး... ဒါက ဘာသဘောလဲ..."
ခေါင်းဆောင် အမျိုးသားက လှောင်ပြောင်ပြီး ပြောလိုက်သည်။
"တာအိုဆွေးနွေးပွဲကို ဘယ်အချိန် လုပ်မယ်ဆိုတာ ငါတို့ ဆုံးဖြတ်ရမှာပဲ... မင်းလုပ်ရမှာက ဖိတ်စာကို လက်ခံပြီး အစည်းအဝေးကို တက်ရောက်ဖို့ပဲ... မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ငါ့ကို ထပ်မပြောနဲ့တော့..."
ထိုသို့ပြောပြီးနောက်...
သူက လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဖိတ်စာတစ်စောင်ကို ပစ်ထုတ်လိုက်သည်။
စုယွဲ့လင်က လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်သော်လည်း ဖိတ်စာ၏နောက်ကွယ်ရှိ အင်အားမှာ ကြီးမားလှ၏။ စုယွဲ့လင်သည် မနည်းတည်ငြိမ်အောင် မထိန်းနိုင်မီ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။
"မိန်းမတွေက တကယ်ကို ခွန်အား သိပ်မရှိဘူးပဲ... မင်းက အဓိပ္ပာယ်မရှိတဲ့ ဂိုဏ်းချုပ်လုပ်နေမယ့်အစား အိပ်ရာထဲမှာ အကြမ်းဖက်ခံနေရသင့်တာ..." အမျိုးသားက ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်သည်။
သူ၏ အကြည့်သည် စုယွဲ့လင်၏ခန္ဓာကိုယ်ကို ခေါင်းမှခြေအထိ အရှက်မဲ့စွာ ဖြတ်သန်းသွားပြီး သူ၏နှုတ်ခမ်းကို သပ်လိုက်သည်။
ဤစော်ကားသော အကြည့်က စုယွဲ့လင်၏ နှလုံးသားကို ဒေါသများဖြင့် လောင်ကျွမ်းစေခဲ့သည်။
သို့သော် ထို့ထက်ပို၍ ဒေါသထွက်နေသူမှာ လုရန်ပင်။
သူက အေးစက်သော မျက်နှာထားဖြင့် ရှေ့ထွက်လာပြီး စုယွဲ့လင်၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်၏။
"ဆရာ..."
စုယွဲ့လင်က ငိုမဲ့မဲ့ဖြင့် နှုတ်ခမ်းဆူလိုက်သည်။
နှစ်ထောင်ပေါင်းများစွာတိုင်အောင် စုယွဲ့လင်သည် မတရားခံရတိုင်း သူမတစ်ယောက်တည်း သည်းခံခဲ့ရသည်။
သို့သော် ယခုချိန်၌ လုရန် ရောက်နေပြီဖြစ်ရာ စုယွဲ့လင်က သူမ၏ ကျောထောက်နောက်ခံကို ချက်ချင်း ရှာတွေ့သွားခဲ့သည်။
"ဒီကိစ္စကို ငါ ရှင်းလိုက်မယ်..."
လုရန်က စုယွဲ့လင်၏ လက်သေးသေးလေးကို ကိုင်ကာ ညှစ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
သို့သော် ဤလုပ်ရပ်က အမျိုးသား၏ မျက်ခုံးများကို ကျုံ့သွားစေခဲ့သည်။
ဖိတ်စာပို့ခြင်းအတွက် စည်းမျဉ်းများ ရှိသည်။ သူ အလွန်အကျွံ လုပ်၍မရသလို နှုတ်ဖြင့် နောက်ပြောင်ခြင်းက တစ်ပိုင်းဖြစ်သည်။
သို့သော် သူ၏ရှေ့ရှိ မိန်းမလှလေးသည် တခြားလူတစ်ဦးနှင့် ဤမျှ နီးကပ်နေသည်ကို မြင်သောအခါ သူ၏ နှလုံးသားသည် မနာလိုမှုများဖြင့် ချက်ချင်းပူလောင်ပြင်းပြသွားတော့သည်။
"မင်းက ဘယ်သူလဲ... ငါ့ကို မြင်တာတောင် ဘာလို့ ဒူးမထောက်တာလဲ..."
အမျိုးသားက ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။
လုရန်က ထိုအမျိုးသားကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
သူက အမျိုးသားကို လုံးဝဂရုမစိုက်ဘဲ စုယွဲ့လင်ကိုကြည့်ကာ ပြောဆိုသည်။
"လက်နှစ်ဖက်နဲ့ ခြေထောက်သုံးချောင်း... ဘယ်တစ်ခုကို အရင်ဖြတ်စေချင်လဲ..."
အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်သည် သူ့ကို ချက်ချင်းသတ်နိုင်သော်လည်း ဤသည်က လုံလောက်အောင် နာကျင်စေမည် မဟုတ်ပေ။
ထိုကောင်စုတ်သည် ဖက်တီးမလေးကို စော်ကားရဲသဖြင့် လုရန်သည် သူ့ကို ဤမျှထိ ရိုးရိုးရှင်းရှင်း သေခွင့်မပြုနိုင်ချေ။
အောက်ဘုံတွင် သူ၏တပည့်များမှ ပေးထားသည့် လုရန်အတွက် တခြားအမည်တစ်ခုရှိသည်။ ဤသည်မှာ 'တပည့်ကို ကာကွယ်သည့် ရူးသွပ်သူ' ပင်။
စုယွဲ့လင်က မျက်တောင်ခတ်ပြီး အချိန်တခဏကြာမျှ အံ့အားသင့်သွားသည်။
ခြေထောက်သုံးချောင်းလား...
ရုတ်တရက် သူ ဘာကိုဆိုလိုကြောင်း သူမ သဘောပေါက်သွားပြီး သူမ၏မျက်နှာ ချက်ချင်းနီရဲသွားတော့သည်။
"ဘယ်... ဘယ်ဟာဖြစ်ဖြစ် ရပါတယ်..."
စုယွဲ့လင်၏လျှာသည် သူမ၏စကားလုံးများအပေါ် ခလုတ်တိုက်မိသွားပြီး ပြောလိုက်သည်။
"ဒါဆိုရင် ပထမဆုံး..."
လုရန်က ခြေထောက်နှစ်ချောင်းကို အရင်ဖြတ်ပြီး နောက်မှ ဖြည်းဖြည်းချင်းနှိပ်စက်ရန် ရည်ရွယ်ကာ တီးတိုးရေရွတ်လိုက်၏။
သို့သော် အမျိုးသားက အရင်ဆုံး ဒေါသထွက်သွားကာ အော်ငေါက်လိုက်သည်။
"ကောင်လေး... ရဲတင်းလိုက်တာ... မင်းက ငါ့ရှေ့ကို ရောက်နေတာတောင် ဒူးမထောက်သေးဘူးလား...အခုချက်ချင်း ဒူးထောက်လိုက်စမ်း..."
အမျိုးသားသည် မနာလိုဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူလိုသော်လည်း တစ်ဖက်လူက သူ့ကို လုံးဝ လျစ်လျူရှုထားသဖြင့် သူ၏ သာလွန်မှု ခံစားချက်ကို ပျောက်ကွယ်သွားစေခဲ့သည်။
"ဒူးထောက်ရမယ် ဟုတ်လား... အခုချက်ချင်း မင်းရဲ့ ခြေထောက်နှစ်ချောင်းကို ငါ ဖြတ်ပစ်မယ်... မဟုတ်ဘူး... သုံးချောင်းလုံးပဲ..."
လုရန်က ဆဲဆိုလိုက်သည်။
ထို့နောက် သူသည် တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင်...
ဝီ...
ကောင်းကင်နှင့် မြေကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်ဖိအားတစ်ခုနှင့်အတူ လေထုကို ဖောက်ထွင်းလာသည့် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
လက်ရှိနေရာ၌ ရှိနေသူတိုင်း သူတို့၏အသက်ရှူနှုန်း ခက်ခဲလာသည်ကို ခံစားလိုက်ရသည်။
သူတို့၏ဆံပင်များ ထောင်မတ်သွားကြ၏။
သူတို့ မော့ကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားပုံရသော ဧရာမ ပုံရိပ်ကြီးတစ်ခုသည် မိုးကုပ်စက်ဝိုင်းမှ တလိမ့်လိမ့် ဆင်းသက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုံရိပ်၏ အသွင်အပြင် အပြည့်အစုံကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
"အဲ့ဒါက မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်ဝင်ပဲ..."
မုယွန်ကျုံး အံ့အားသင့်သွားသည်။
သူ၏နံဘေးရှိ မုယောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယောင်မျိုးနွယ်က အရမ်းအစွမ်းထက်တာလား..."
မုယွန်ကျုံးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အစွမ်းထက်တဲ့ ယောင်တွေက ကြောက်စရာကောင်းတာပေါ့... ဒါပေမဲ့ ထူးဆန်းတယ်... မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်နဲ့ဆိုရင် ဘယ်ဖက်ကမှ နယ်စပ်မဖြတ်ဘဲ ကိုယ့်ဘာကိုယ် နေလာခဲ့တာလေ... ရှပြည်နယ်က တောရိုင်းနယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပေမဲ့ ဒီနှစ်တွေတလျှောက်လုံး ယောင်မျိုးနွယ်ဝင်တွေကို ငါ သိပ်မတွေ့ဖူးပါဘူး... ဒီမြေခွေးနတ်ဆိုးက ဘာလို့ ဒီနေရာမှာ ထွက်ပေါ်လာရတာလဲ..."
အမျိုးသားသည် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် ရက်စက်ကြမ်းတမ်းဟန်ဆောင်နေဆဲပင်။
ကောင်းကင်ယံကို ဖြတ်သန်းလာသော အမြှီးးကိုးချောင်းမြေခွေးကို ရုတ်တရက် မြင်လိုက်ရသောအခါ သူ၏မျက်နှာ ဖြူရော်သွားတော့သည်။
"ဒါက မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်ပဲ... ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားဆိုတော့... ကောင်းကင်နတ်ဆိုး တစ်ကောင်များ ဖြစ်နေမလား..." အမျိုးသားက တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူ၏ ပထမဆုံး အလိုအလျောက် တုံ့ပြန်မှုမှာ သူ၏လူများကို ခေါ်ကာ ထွက်ပြေးရန်ပင်။
သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင်...
မြေခွေးမီးတောက် လှိုင်းလုံးတစ်ခုသည် ကောင်းကင်ဘုံကိုးထပ်မှ လွှမ်းခြုံဆင်းသက်လာပြီး သိုင်းပညာလေ့ကျင့်ရေးကွင်းကို ချက်ချင်းဝါးမျိုသွားတော့သည်။
သို့သော် အတိုင်းအတာမှာ မကြီးမားဘဲ ထျန်းကန်းဂိုဏ်းမှ လူများကိုသာ အလွန်ဂရုတစိုက် ဖုံးအုပ်ထားသည်။
ပူလောင်သော အပူချိန်သည် အတွင်းရှိ အစစ်အမှန် အင်မော်တယ်များကို ချက်ချင်းအရည်ပျော်သွားစေလုနီးပါးပင်။ အဆင့်မြင့် အင်မော်တယ်များအတွက်ပင် သူတို့၏ခန္ဓာကိုယ်များ လျှင်မြန်စွာ လောင်ကျွမ်းလာတော့သည်။
မြေခွေးမီးတောက်၏ ကျူးကျော်မှုကို အသည်းအသန် ခုခံရန်အတွက် သူတို့သည် မှော်ရတနာများကို ဆက်တိုက်ထုတ်ယူလိုက်ကြ၏။
ခေါင်းဆောင် အမျိုးသားနှင့် ပတ်သက်၍မူ သူသည်လည်း တောင့်ခံနိုင်ရန် ရုန်းကန်နေရသည်။ သူသည် သူ၏မှော်ရတနာများကို ပစ်ထုတ်ထားပြီးဖြစ်သော်လည်း အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိသည်။
ကောင်းကင်နတ်ဆိုးတစ်ကောင်၏ မြေခွေးမီးတောက်သည် နောက်ပြောင်စရာ မဟုတ်ပေ။
အမျိုးသားသည် ထွက်ပြေးချင်သော်လည်း မြေခွေးမီးတောက်၏ ဖိနှိပ်မှုအောက်တွင် သူသည် စဥ့်နီတုံးပေါ်ရှိ အသားနှင့် တူနေသည်။ သူ၏ခန္ဓာကိုယ်သည် မြေခွေးမီးတောက်ကြောင့် တိုက်စားခံရပြီး လောင်ကျွမ်းသွားတော့သည်။
မြေခွေးနတ်ဆိုး ကျော့ရှင်းစွာ ဆင်းသက်လာချိန်တွင် ထိုလူအုပ်စုသည် အခြေခံအားဖြင့် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရလေပြီ။
စုယွဲ့လင်၏နံဘေးရှိ စုမေနှင့်တခြားသူများသည် ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသည့်အလား တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်နေကြသည်။
ထျန်းကန်းဂိုဏ်းမှ ထိုခေါင်းဆောင်အမျိုးသားသည် ရွှေအင်မော်တယ်တစ်ဦးပင်။
သို့တိုင် သူသည် ခုခံရန် အခွင့်အရေးပင် မရှိဘဲ မီးကင်၍ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဤအရာကို ဤမျှထိ လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်းက ဤမြေခွေးနတ်ဆိုးသည် ကောင်းကင်နတ်ဆိုး အဆင့်ရှိသော ယောင်သားရဲတစ်ကောင်ဖြစ်ကြောင်း သက်သေပြနေသည်။
လူအုပ်၏အစွန်အဖျားတွင်ရှိနေသော မုယွန်ကျုံး၏ အသက်ရှူနှုန်းသည်လည်း မြန်ဆန်လာသည်။
သူက မုယောင်ကိုကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။
"သခင်မလေး... ပြေး... ငါတို့ မြန်မြန် ပြေးရမယ်... အဲ့ဒါက ကောင်းကင်နတ်ဆိုးတစ်ကောင်... မဟာပေါင်းစည်းခြင်း အင်မော်တယ်နဲ့ ညီမျှတယ်... ဒီနေရာက ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."