← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉: ဆေးညွှန်းများကို သန့်စင်ခြင်း

လုရန်သည် နံနက်ပိုင်း၌ မဟာလော့ဓားဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။

သို့သော် မိုးကြိုးမီးရထားလုံးကို သူ ဆေးဂိုဏ်းသို့ မောင်းနှင်ပြီးနောက်တွင်မူ မွန်းလွဲပိုင်းသို့ ရောက်ရှိနေလေပြီ။

သူသည် စုယွဲ့လင်နှင့်အတူ တာအိုဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် ရှောက်ယင်းကို မဟာလော့ဓားဂိုဏ်းတွင် ချန်ထားခဲ့သည်။

"ကုဟိုင်က နေရာရွေးတတ်တာပဲ..."

အောက်ဘက်ရှိ တောင်ထိပ်များကြားတွင် ပြန့်ကျဲနေသော ဆေးဂိုဏ်း၏ အဆောက်အအုံများကို ကြည့်ရင်း လုရန်က တီးတိုးရေရွတ်လိုက်၏။

စုယွဲ့လင်သည် သူ မလာမီက ဤအကြောင်းကို ပြောပြခဲ့သည်။

ကုဟိုင် ဆေးဂိုဏ်းကို တည်ထောင်ခဲ့သော တောင်သည် မူလက စိတ်ဝိညာဉ် သွေးကြောတစ်ခု၏ အစိတ်အပိုင်းပင်။

ဤနေရာတွင် စိတ်ဝိညာဉ်ချီများ သိပ်သည်းပြီး စိတ်ဝိညာဉ်သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်နေသည်။ ဤသည်က ကျင့်ကြံရန်နှင့် စိတ်ဝိညာဉ်သစ်ပင်များ စိုက်ပျိုးရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခုပင်။

သေချာသည်မှာ...

အကယ်၍ တခြား စိတ်ဆတ်သော လူသစ်တစ်ဦးသာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန် ထိုကဲ့သို့ အကောင်းဆုံးနေရာကို သိမ်းပိုက်လိုပါက ဤသည်မှာ လွယ်ကူမည် မဟုတ်ပေ။

ဤသည်က ဆေးဂိုဏ်းဖြစ်နေ၍သာ အဆင်ပြေသွားခြင်းပင်။

ချင်းရွှမ်ဂိုဏ်းသာမက တခြားဂိုဏ်းများသည်လည်း သူတို့အတွက် ဆေးလုံးများသည် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်နေသဖြင့် ဆေးဂိုဏ်းကို ရန်သူအဖြစ် မပြုလုပ်နိုင်ကြပေ။

ဆက်ဆံရေးအရ ပြောရလျှင် ဆေးဂိုဏ်းသည် မဟာလော့ဓားဂိုဏ်းထက် များစွာပို၍ကောင်းမွန်သော ဆက်ဆံရေးကို ရရှိထားသည်။

ထို့ပြင်...

ကုဟိုင်သည် သူ၏ဂျူနီယာညီမ စုယွဲ့လင်ကို တစ်ခါတစ်ရံ ကြည့်ရှုစောင့်ရှောက်ရန် သူ၏ အဆက်အသွယ်များကို အသုံးပြုခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း၌ ကျင်းပသောတာအိုဆွေးနွေးပွဲများတွင် ကုဟိုင်ကို မျက်နှာသာပေးခဲ့ပြီး မဟာလော့ ဓားဂိုဏ်းအတွက် အခွန်ပေးဆောင်မှု သတ်မှတ်ချက်များကို အထူးနိမ့်ကျစေခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် ကုဟိုင်ကို မတွေ့ရသည့် အကြောင်း တွေးမိသောအခါ လုရန် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

သူ ဆက်လက်၍ မစောင့်နိုင်တော့ပေ။ သူသည် မိုးကြိုးမီးရထားလုံးကို သိမ်းဆည်းလိုက်ပြီး အောက်သို့ ဆင်းသက်သွားတော့သည်။

သူ၏ခရီးပန်းတိုင်မှာ ပင်မတောင်ထိပ်ရှိ ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် ဖြစ်နေသည်။

ထိုအရာကို ခွဲခြားသိမြင်ရန် အလွန်လွယ်ကူပေ၏။ ဂိုဏ်းအတွင်းရှိ အမြင့်ဆုံး အခမ်းနားဆုံးနှင့် အကြီးမားဆုံး အဆောက်အအုံသည် ဂိုဏ်းချုပ်၏မဟာခန်းမဆောင် ဖြစ်ပေမည်။

မဟာခန်းမဆောင်ရှေ့သို့ အရောက်တွင် လုရန်က တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

သို့သော် အဝင်ဝရှိ ကင်းစောင့်တပည့် အနည်းငယ်သည် လုရန်ကို အလျင်အမြန် တားဆီးလိုက်၏။

"ခင်ဗျား ဘာလုပ်နေတာလဲ... ဝင်ခွင့်လက်မှတ် ဘယ်မှာလဲ..."

အစောင့်တပည့်က မေးလိုက်သည်။

လုရန်သည် ဝင်ခွင့်လက်မှတ်ဆိုသည်မှာ မည်သည့်အရာမှန်း မသိပေ။

သူက ယဉ်ကျေးစွာ ပြောလိုက်သည်။

"မင်္ဂလာပါ လူငယ်လေး... မင်းတို့ရဲ့ ဂိုဏ်းချုပ် ကုဟိုင်ကို ငါ လာရှာတာပါ... ငါ့ကို လာတွေ့ဖို့ သူ့ကို ပြောပေးပါ..."

မည်သို့ပင်ဆိုစေ သူတို့သည် ကုဟိုင်၏ တပည့်များဖြစ်သောကြောင့် လုရန်က ကြင်နာစွာ ဆက်ဆံခဲ့လေ၏။

သူက ကုဟိုင်ကို သူ့အား လာတွေ့ရန် တောင်းဆိုခြင်းမှာ လုံးဝအဆင်ပြေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကုဟိုင်၏ဆရာပင်။

သို့သော် ကင်းစောင့်တပည့်များ၏ နားထဲတွင် ထိုလေသံမှာ လုံးဝမမှန်ကန်ပေ။

"ခင်ဗျားပြောတဲ့ 'လူငယ်လေး' က ဘယ်သူလဲ... အကျွမ်းတဝင်ရှိသလို လာမလုပ်နဲ့... ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ကို တွေ့ချင်တဲ့လူတွေ အများကြီးပဲ... ခင်ဗျားမှာ ဝင်ခွင့်လက်မှတ်လည်း မရှိဘူး...ချိန်းဆိုထားတာလည်း မရှိဘူးဆိုတော့ လာလမ်းအတိုင်း ပြန်သွားလိုက်..."

တပည့်သည် လုရန်ကို မောက်မာထောင်လွှားစွာ ကြည့်လိုက်ပြီး ထပ်မံ၍ မေးမြန်းသည်။

"ပြီးတော့ ဝင်ခွင့်လက်မှတ် မရှိဘဲနဲ့ ခင်ဗျားက အထဲကို ဘယ်လိုဝင်လာတာလဲ..."

လုရန် ဆွံ့အသွားသည်။

ဂိုဏ်းချုပ်တစ်ယောက်ကို တွေ့ရတာ ဒီလောက်တောင် ဒုက္ခများတာလား...

သို့သော် လုရန် ဒေါသမထွက်ခဲ့ပေ။ ထိုအစား သူက အတွေးတစ်ချက်ကို လှုံ့ဆော်လိုက်၏။

ဝီ...

ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းတစ်ခုက သူ၏ ခေါင်းနောက်တွင် ထွက်ပေါ်လာသည်။

အစောင့်တပည့်များ ချက်ချင်းအံ့အားသင့်သွားကြပြီး သူတို့၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ... ကျွန်တော်... ဂိုဏ်းချုပ်ကို ချက်ချင်း သွားပြီး သတင်းပို့လိုက်ပါ့မယ်..."

အစောင့်တပည့်တစ်ဦးက အလျင်အမြန် ပြောလိုက်သည်။

ဒီလူက ရွှေအင်မော်တယ် တစ်ယောက်လေ...

သာမန်အားဖြင့် သူတို့သည် အစစ်အမှန် အင်မော်တယ်များနှင့် အဆင့်မြင့် အင်မော်တယ်များကို တွေ့လျှင်ပင် ရိုသေလေးစားစွာ ဆက်ဆံရပေမည်။ ဤရွှေအင်မော်တယ်သည် ဂိုဏ်းကြီးလေးဂိုဏ်းအနက် တစ်ဂိုဏ်းမှ လူတစ်ယောက် ဖြစ်နေနိုင်သည်။

သူတို့သည် မပေါ့ဆဝံ့ဘဲ သတင်းပို့ရန် အပြေးအလွှား သွားကြတော့သည်။

"သွားလေ..."

လုရန်က ရယ်မောပြီး ပြောလိုက်၏။

ဤအချိန်တွင်....

ကုဟိုင်သည် ဂိုဏ်းချုပ်၏မဟာခန်းမဆောင်တွင် ရှိမနေချေ။

အမှန်အားဖြင့် ကုဟိုင်သည် ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်တွင် ရှားရှားပါးပါးသာ ရှိနေတတ်သည်။ အချိန်အများစုတွင် သူသည် ဆေးဖော်စပ်ခန်းမဆောင် သို့မဟုတ် စိတ်ဝိညာဉ်ဆေးပင်သိုလှောင်ရုံတွင် ရှိနေပေ၏။ ထိုသို့မဟုတ်ပါက အာဏာသုံးပါး ဆေးဥယျာဉ်ရှိ သူ၏စိတ်ဝိညာဉ်ဆေးပင်များကို ပြုစုစောင့်ရှောက်နေတတ်သည်။

အစောင့်တပည့်သည် နောက်ဆုံးတွင် ကုဟိုင်ကို စိတ်ဝိညာဉ်ဆေးပင်သိုလှောင်ရုံတွင် တွေ့သွားခဲ့သည်။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ မဟာခန်းမဆောင်မှာ လူတစ်ယောက် ရောက်နေပြီးတော့ ဂိုဏ်းချုပ်ကို တွေ့ချင်နေတယ်..."

ထိုတပည့်က သတင်းပို့သည်။

"အို... ငါ မတွေ့ဘူး..."

ကုဟိုင်က နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။

သူသည် ခေါင်းငုံ့ကာ စိတ်ဝိညာဉ်ဆေးပင်များကို ဆက်လက်၍ ရှာဖွေနေပေ၏။

"ဒါပေမဲ့... အဲ့ဒီလူက ရွှေအင်မော်တယ် တစ်ယောက်ပါ... ပြီးတော့ သူက ဂိုဏ်းကြီးလေးဂိုဏ်းက လူတစ်ယောက် ဖြစ်နိုင်တယ်..."

တပည့်က သတိထား၍ ပြောလိုက်သည်။

"ရွှေအင်မော်တယ်လား..."

ကုဟိုင်က ထိုတပည့်ကို ပြန်ကြည့်ကာ ခေါင်းခါယမ်းပြလေသည်။

"မတွေ့သေးဘူး... သူ့ကို လမ်းလျှောက်ခိုင်းလိုက်... စကားနည်းနည်းနဲ့ ကိုင်တွယ်ပြီး ပြန်လွှတ်လိုက်... သူတို့ ဘာမှ မလုပ်ရဲပါဘူး..."

အကယ်၍ အစစ်အမှန် အင်မော်တယ် သို့မဟုတ် အဆင့်မြင့် အင်မော်တယ် တစ်ယောက်သာဆိုရင် ကုဟိုင်က ထိုလူကို တိုက်ရိုက်မောင်းထုတ်လိုက်ပေမည်။

ရွှေအင်မော်တယ်တစ်ယောက်ဆိုရင်မူ...

အင်း... ထိုလူကို မျက်နှာသာ နည်းနည်းပေးလိုက်လျှင် လုံလောက်နေလေပြီ။

အစောင့်တပည့် ထွက်သွားပြီးနောက် ကုဟိုင်က စိတ်ဝိညာဉ်ဆေးပင်များကို ဆက်လက်၍ ရှာဖွေနေသည်။

သူ၏နံဘေးရှိ အမျိုးသမီးတပည့်တစ်ဦးက သူရှာဖွေပြီးသော စိတ်ဝိညာဉ်အပင်များကို ပြန်လည်စီစဉ်ပေနေလေ၏။

"အဆင်မပြေဘူး... အဆင်မပြေဘူး... အခုထိ အဆင်မပြေသေးဘူး... ဘယ်ဟာကို သုံးရမလဲဆိုတာ ငါ မဆုံးဖြတ်နိုင်ဘူး... ကျစ်... ငါ့ရဲ့ အရည်အချင်းက အခုထိ မလုံလောက်သေးဘူး..."

ကုဟိုင်က ဒေါသတကြီးဖြင့် သူ၏လက်ထဲရှိ စိတ်ဝိညာဉ်ဆေးပင်ကို သေတ္တာထဲသို့ ပြန်ပစ်ထည့်လိုက်ပြီး အလွန်စိတ်ပျက်နေသည်။

နံဘေးရှိ အမျိုးသမီးတပည့်က ပြောလိုက်သည်။

"ဆရာ... ဘာလို့ ရက်နည်းနည်းလောက် မနားတာလဲ... ဆေးညွှန်းတစ်ခုကို သန့်စင်ဖို့ဆိုတာ ညတွင်းချင်း ဖြစ်လာမယ့်ကိစ္စ မဟုတ်ဘူးလေ... ဆရာ အလျင်စလို လုပ်လို့မရဘူး..."

ကုဟိုင် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။

သူက အမျိုးသမီးတပည့်ကို ကြည့်ကာ ပြောလိုက်၏။

"ငါ့ရဲ့ဆရာသာဆိုရင် သူ့ကို ဆေးလုံးတစ်လုံး ပေးလိုက်တာနဲ့ ဆေးဖော်စပ်နည်းကို သူ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်..."

အမျိုးသမီးတပည့်သည် အနည်းငယ် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤကဲ့သို့ စကားများကို သူမ ကြားခဲ့ရသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေလေပြီ။

ကုဟိုင်၏လက်သုံးစကားမှာ 'ငါ့ဆရာသာဆိုရင် သူက ဒီလိုဒီလို လုပ်မှာ...'ဟူ၍ပင်။

ကုဟိုင်၏ဆေးဖော်စပ်ခြင်း စွမ်းရည်သည် အလွန်ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ငြင်းဆန်၍ မရနိုင်ချေ။

သို့သော် ကုဟိုင်၏ အဆိုအရ ဤစွမ်းရည်အဆင့်သည် သူ၏ဆရာ လုရန်၏ရှေ့တွင် နွားကိုးကောင်ရှိ အမွှေးတစ်ပင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်နေသည်။

အမှန်အားဖြင့် အမျိုးသမီးတပည့်၏စကားများသည် မမှားပေ။

ဆေးညွှန်းတစ်ခုကို သန့်စင်ခြင်းကဲ့သို့ အရာများသည် ခက်ခဲကာ အလွန့်အလွန်ခက်ခဲလှသည်။

ဆေးလုံးတစ်လုံးကို ရရှိပြီး ဆေးဖော်စပ်ရာတွင် လိုအပ်သော ပါဝင်ပစ္စည်းများကို သတ်မှတ်ရန်အတွက် တစ်စုံတစ်ယောက်သည် သူ၏စွမ်းရည်ကို အသုံးပြုရန်မှာ အလွန်ခက်ခဲနေလေပြီ။

ထို့ပြင် ပါဝင်ပစ္စည်းတစ်ခုစီကြားက အချိုးအစားကို တိကျရန် လိုအပ်သည်က ကောင်းကင်ဘုံကို တက်လှမ်းရသည်ထက် ပို၍ခက်ခဲပေလိမ့်မည်။

တခြားတစ်ဖက်တွင်....

အစောင့်တပည့် ပြန်ရောက်လာသည်။

သူ တစ်ယောက်တည်း ပြန်လာသည်ကို မြင်သောအခါ လုရန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ကုဟိုင် ဘယ်မှာလဲ..."

တပည့်က ရှောင်လွှဲကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်က အခု အလုပ်များနေလို့ လာလို့မရပါဘူး... တကယ်လို့ ခင်ဗျား စိတ်ဝင်စားရင် ကျွန်တော်တို့ ဆေးဂိုဏ်းရဲ့ စိတ်ဝိညာဉ်တောင်ပေါ်မှာ လမ်းလျှောက်လို့ ရပါတယ်..."

ဤသည်က ငြင်းပယ်မှုတစ်ခု ဖြစ်သည်မှာ သိသာရှင်းလင်းသည်။

ရွှေအင်မော်တယ်တစ်ဦး၏ အဆင့်အတန်းဖြင့် လူတစ်ဦးသည် တွေ့ဆုံခွင့်မရပါက အများအားဖြင့် သူတို့သည် စိတ်ပျက်သွားကာ ထွက်ခွာသွားကြပေမည်။

သို့သော် လုရန်က ခေါင်းညိတ်လိုက်ပြီး ပြောဆိုသည်။

"အဲ့ဒါလည်း အဆင်ပြေပါတယ်... ဒါဆို ငါ လမ်းလျှောက်လိုက်ဦးမယ်..."

အမ်...

အစောင့်တပည့် အံ့အားသင့်သွားသည်။

ခင်ဗျားက တကယ်ကြီး လမ်းလျှောက်မလို့လား...

သို့သော် သူ၏အတွေးများကို သူ ထုတ်ဖော်မပြောရဲပေ။ မည်သို့ပင်ဆိုစေကူမူ တစ်ဖက်လူသည် သူ့ကို လက်တစ်ချောင်းတည်းဖြင့် ခြေမွပစ်နိုင်သော ရွှေအင်မော်တယ်တစ်ဦးပင်။

တခြားရွေးချယ်စရာမရှိသဖြင့် သူသည် လုရန် ဂိုဏ်းအတွင်း လှည့်လည်သွားလာရာတွင် လိုက်ပါသွားရုံသာ တတ်နိုင်တော့သည်။

လုရန်သည် သူ့ကလေးများ၏ မိသားစုလုပ်ငန်းကို လာရောက်လည်ပတ်နေသကဲ့သို့ ခံစားနေရပေ၏။ ကုဟိုင်က ဆေးဂိုဏ်းတစ်ဂိုဏ်းလုံးကို အမှန်တကယ်ပင် ကောင်းမွန်စွာ စီမံခန့်ခွဲထားသည်။

ထိုအချိန်မှာပင် ခန်းမဆောင်တစ်ခုရှေ့၌ သူ လမ်းလျှောက်နေစဉ် ဆေးရနံ့များ သင်းပျံ့လာသည်။

လုရန်၏ မျက်လုံးများ တောက်ပသွားပြီး သူသည် ချက်ချင်းခြေလှမ်းများကို လှည့်ကာ ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

အစောင့်တပည့် အံ့အားသင့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ဒါက ဆေးဖော်စပ်ခန်းမဆောင်ပါ... ဂိုဏ်းချုပ်သီးသန့် အသုံးပြုတဲ့နေရာပါ... အပြင်လူတွေ အဝင်အထွက် မလုပ်ရဘူးလို့ သူ အမိန့်ထုတ်ထားပါတယ်..."

လုရန်က လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

"ငါ့ကို ယုံပါ... ငါက အပြင်လူ မဟုတ်ဘူး... တခြားလူတွေက အဝင်အထွက် လုပ်လို့မရပေမဲ့ ငါကတော့ ရတယ်..."

သူ စကားပြောဆိုနေစဉ် သူ၏ ခြေလှမ်းများသည် ရပ်တန့်မသွားပေ။

အစောင့်တပည့် စိုးရိမ်သွားသည်။ အကယ်၍ လုရန် အထဲဝင်သွားပြီး တစ်ခုခု မှားယွင်းသွားပါက သူသည် အကျိုးဆက်များကို ခံစားရပေမည်။

သို့သော် သူ မတားဆီးနိုင်ပေ။

ထို့ကြောင့် သူသည် ကုဟိုင်ထံ သတင်းပို့ရန် အလျင်အမြန် ပြေးသွားတော့သည်။

လုရန်သည် ကင်းစောင့်တပည့်၏ ထူးဆန်းသော အပြုအမူကို လျစ်လျူရှုပြီး ဆေးဖော်စပ်ခန်းမဆောင်အတွင်းသို့ ဝင်သွားလိုက်ရာ ဆေးရနံ့မှာ ပို၍ပင် သင်းပျံ့နေသည်။

ခန်းမဆောင်၏ အလယ်ဗဟိုတွင် ဆေးမီးဖိုများစွာ ချထားပြီး ထိုအရာများ၏နံဘေးတွင် ဆေးလုံးသုံးလုံး တင်ထားသော အထူးစင်တစ်စင် ရှိနေသည်။

တခြားတစ်ဖက်တွင် စိတ်ဝိညာဉ်ဆေးပင် အမျိုးမျိုးဖြင့် ပြည့်နှက်နေသော စင်တစ်စင် ရှိနေပေ၏။

"ဒါက... ဆေးညွှန်းအတိုင်း သန့်စင်နေတာလား..."

လုရန်က မျက်ခုံးပင့်လိုက်သည်။

ဆေးမီးဖိုများနှင့် စင်များ၏ အစီအစဉ်မှာ အောက်ဘုံတွင် ကုဟိုင်ကို ဆေးညွှန်းများသန့်စင်ရန် သူ သင်ကြားပေးစဉ်ကအတိုင်း ထပ်တူထပ်မျှပင်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ကုဟိုင်၏ အလေ့အကျင့်များသည် ယခင်အတိုင်း ဆက်လက်၍ တည်ရှိနေဆဲဖြစ်သည်။

ဤအရာနှင့် မကစားရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် လုရန် လက်ယားလာပြီး ထိုနေရာသို့ ချက်ချင်းသွားလိုက်သည်။

သူသည် ပထမဆုံး ဆေးလုံးကို ကောက်ကိုင်လိုက်ပြီး သူ၏နှာခေါင်းအောက်တွင် နမ်းရှိုက်လိုက်ရာ သူ၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ဆေးဖော်စပ်ခြင်း စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ ရောက်ရှိထားသော လုရန်သည် အသက်အနည်းငယ်ရှူပြီးနောက် သူ၏မျက်လုံးများကို ဖွင့်ကာ ဆေးမီးဖိုအတွင်းသို့ ကြည့်လိုက်သည်။

စိတ်ဝိညာဉ်ဆေးပင်တချို့ကို ဆေးမီးဖိုအတွင်းတွင် ထည့်ထားပြီးဖြစ်သည်။

သို့သော် ထိုအရာများသည် ပရမ်းပတာဖြစ်ပြီး စနစ်တကျ မရှိပေ။ ဤသည်က ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက် စမ်းသပ်ထားသော ဆေးညွှန်းအသစ်တစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။

"အဓိက စိတ်ဝိညာဉ်ဆေးပင်တချို့ကို ရှာတွေ့ထားပေမဲ့ ကံမကောင်းတာက နည်းနည်းလိုနေသေးတယ်... ပြီးတော့ အချိုးအစားကလည်း ပြဿနာရှိတယ်..." လုရန်က တီးတိုးရေရွတ်လိုက်သည်။

သူက နံဘေးရှိ စင်ကို စူးစမ်းလေ့လာလိုက်၏။

စိတ်ဝိညာဉ်နယ်မြေတွင် အောက်ဘုံ၌ မရှိသော စိတ်ဝိညာဉ်ဆေးပင်များစွာ ရှိသည်။ လုရန်သည် ထိုအရာများကို မသိသလို နာမည်လည်း မခေါ်တတ်ပေ။

သို့သော် စိတ်ဝိညာဉ်ဆေးပင်များ၏ ဆေးဘက်ဝင်ဂုဏ်သတ္တိများနှင့် လုပ်ဆောင်ချက်များကို သူ ခန့်မှန်းနိုင်ပေ၏။ သူသည် ထိုအရာများကို ဆေးညွှန်းအတိုင်း ယူရန်သာ လိုအပ်သည်။

ထို့ကြောင့် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အချိန်တခဏအတွင်းမှာပင် သူသည် ပထမဆုံး ဆေးမီးဖိုနှစ်ခုရှိ ပါဝင်ပစ္စည်းများကို အပြီးသတ်လိုက်ပြီး အချိုးအစားများကို မှန်ကန်စွာ သတ်မှတ်ပေးလိုက်သည်။

သို့သော် သူသည် ဆေးဖော်စပ်ရန် မီးမမွှေးခဲ့ပေ။ ထိုအစားထိုး ဤသည်ကို သင်ကြားရေး ပစ္စည်းတစ်ခုအနေဖြင့် ချန်ထားခဲ့ကာ ကုဟိုင် ရောက်လာသောအခါ သူ့ကို သင်ကြားပေးရန်နှင့် မှတ်မိစေရန် ရည်ရွယ်ထားပေ၏။

ထို့နောက် သူက တတိယမြောက် ဆေးလုံးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

တခြားတစ်ဖက်တွင်....

ဆေးညွှန်းအတွက် တိကျသော ပါဝင်ပစ္စည်းများကို မသတ်မှတ်နိုင်ဖြစ်နေသော ကုဟိုင်သည် ဆေးဖော်စပ်ခန်းမဆောင်သို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာကြောင်း တပည့်၏ သတင်းပို့ချက်ကို ကြားလိုက်ရသည်။

သူ ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ နှာခေါင်းပင် ကောက်ကွေးသွားတော့သည်။

"ငါ့ရဲ့ ဆေးဂိုဏ်းက ဆေးဖော်စပ်ခန်းမဆောင်ထဲကို ကျူးကျော်ဝင်ရောက်ရဲတာလား... ဘယ်ရွှေအင်မော်တယ်က ဒီလောက်ထိ ရဲတင်းနေတာလဲဆိုတာ ငါ ကြည့်ချင်တယ်..."

All Chapters