← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃: မင်း သွားချင်တဲ့နေရာတိုင်း သွားလို့ရတယ်

"သောက်ကျိုးနည်း... အဲ့ဒီလောက်တောင် ရူးသွပ်စရာကောင်းလား..."

လုရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက အော်ဟစ်လိုက်သည်။

"အဲ့ဒါက သူတို့ကို မသေနိုင်တဲ့ မျိုးနွယ်စု ဖြစ်မသွားစေဘူးလား..."

ထိုစကားကို ကြားသောအခါ ကုဟိုင်က သက်ပြင်းချပြီး ပြောလိုက်သည်။

"ဆန့်ကျင်ဘက်ပါပဲ... သူတို့ကို ဘယ်လိုနည်းနဲ့မှ သတ်လို့မရပေမဲ့ သူတို့ကိုယ်တိုင်က အသက်ဆယ့်ရှစ်နှစ်ထက် ပိုပြီးမရှင်သန်နိုင်ကြဘူး... လီမျိုးနွယ်ဝင်တွေဟာ အသက်ဆယ့်ရှစ်နှစ် ပြည့်တာနဲ့ သဘာဝအတိုင်း ပေါက်ကွဲပြီး သေဆုံးသွားကြလိမ့်မယ်... ချွင်းချက် မရှိဘူး..."

လုရန် ဤစကားကို ကြားပြီးနောက် သူ၏စိတ်နှလုံးသားထဲတွင် အလွန်ထိတ်လန့်တုန်လှုပ်သွားတော့သည်။

ဒါက ဘယ်လို ထူးဆန်းတဲ့ မျိုးနွယ်စုလဲ...

"ဒါဆို... အဲ့ဒါက ငါ သူ့ကို ထိတာနဲ့ ဘာဆိုင်လို့လဲ..." လုရန်က ထပ်မေးလိုက်သည်။

ကုဟိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ရှင်းပြသည်။

"လီမျိုးနွယ်ဝင်တွေမှာ ထိန်းချုပ်လို့မရတဲ့ နောက်ထပ် ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိသေးတယ်... သူတို့နဲ့ ထိတွေ့မိတဲ့ သက်ရှိတိုင်း.. .လူသားမျိုးနွယ် ယောင်မျိုးနွယ် မိစ္ဆာမျိုးနွယ်နဲ့မရဏကမ္ဘာက သရဲတစ္ဆေတွေပဲ ဖြစ်ဖြစ် ထျန်းခွေ့လီအဆိပ် ကူးစက်ခံရလိမ့်မယ်..."

"ကူးစက်ခံရသူတွေရဲ့ ခန္ဓာကိုယ်တွေက ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ်ချီကို အလိုအလျောက် စုပ်ယူပြီး သူတို့ရဲ့ဒန်တျန်ထဲကို ပေါင်းစပ်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအားအဖြစ် အတင်းအကြပ် ပြောင်းလဲသွားလိမ့်မယ်... ဒီအဆိပ်က ကုဆေး မရှိဘူး..."

"ပုံမှန် ကျင့်ကြံခြင်းက ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ်ချီကို စိတ်ဝိညာဉ်စွမ်းအားအဖြစ် သိုလှောင်ဖို့အတွက် ထုတ်ယူဖို့ လိုအပ်တယ်..."

"ဒါပေမဲ့ ထျန်းခွေ့လီအဆိပ် ကူးစက်ခံရသူတွေရဲ့ ခန္ဓာကိုယ်တွေဟာ မသန့်စင်ရသေးတဲ့ ကြမ်းတမ်းတဲ့ ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ်ချီကို စုပ်ယူနေတာကို တွေ့ရလိမ့်မယ်... အခြေအနေ သိပ်မဆိုးရင် ဒန်တျန် ပရမ်းပတာဖြစ်ပြီး သွေးကြောတွေ ပြတ်တောက်သွားမယ်... အခြေအနေ ဆိုးရင်တော့ ဒန်တျန် ပေါက်ကွဲပြီး သေဆုံးနိုင်တယ်..."

"လီမျိုးနွယ်ရဲ့ အင်မော်တယ် ခန္ဓာကိုယ်တွေ ဒီထူးဆန်းတဲ့စွမ်းရည်နဲ့ သူတို့ရဲ့ သီးသန့် ရိုင်းစိုင်းတဲ့ အခြေအနေတို့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဘယ်သူကမှ သူတို့ကို ရန်မစချင်ကြဘူး..."

"ဘယ်သူကမှ သူတို့အနားကို မကပ်ရဲသလို မထိရဲကြဘူး..."

ကုဟိုင်၏ရှင်းပြချက်အပြီးတွင် လုရန် ဆွံ့အသွားသည်။

စိတ်ဝိညာဉ်နယ်မြေမှာ ဒီလို ထူးဆန်းတဲ့ မျိုးနွယ်စု ရှိတယ်ပေါ့...

အင်မော်တယ် ခန္ဓာကိုယ်တွေ...

ထျန်းခွေ့လီအဆိပ်...

မွေးရာပါ ရိုင်းစိုင်းတဲ့ အခြေအနေ...

သူတို့ကို ထိတဲ့သူတိုင်း သေတယ်ပေါ့...

ဘယ်သေချင်တဲ့ကောင်က သူတို့ကို ရန်စရဲမှာလဲ...

"ဒါဆိုရင် ဒီလီမျိုးနွယ်က စိတ်ဝိညာဉ်နယ်မြေကို လွှမ်းမိုးမထားဘူးလား..."

လုရန် ပြောလိုက်သည်။

သို့သော် သူ မေးလိုက်သည်နှင့် တပြိုင်နက် လုရန်သည် သူ အလွန်မိုက်မဲသော မေးခွန်းတစ်ခုကို မေးမိကြောင်း သဘောပေါက်သွားသည်။ လီမျိုးနွယ်ဝင်များအားလုံး အသက်ဆယ့်ရှစ်နှစ်တွင် သေဆုံးသွားကြ၏။

အင်မော်တယ်တစ်ဦး၏ ရှည်လျားသော သက်တမ်းနှင့် နှိုင်းယှဉ်လျှင် ဆယ့်ရှစ်နှစ်ဆိုသည်မှာ မျက်စိတစ်မှိတ်မျှသာဖြစ်သည်။

"ဟူး... အဲ့ဒါက အဓိကပြဿနာပဲ... လီမျိုးနွယ်ဝင်တွေက အသက်ဆယ့်ရှစ်နှစ်ထက် ပိုပြီးမရှင်သန်နိုင်ကြတော့ သူတို့မှာ ရည်မှန်းချက် မရှိကြဘူး..."

ကုဟိုင်က ရှင်းပြလိုက်သည်။

"သူတို့က စိတ်ဝိညာဉ်နယ်မြေ တလျှောက်လုံးမှာ ပြန့်ကျဲနေပြီးတော့ မွေးကတည်းကစလို့ အသက်ဆယ့်ရှစ်နှစ်မှာ ပေါက်ကွဲသေဆုံးသွားတဲ့အထိ အထီးကျန် နေထိုင်ကြရတယ်... သူတို့က အသက်ဆယ့်ရှစ်နှစ်မတိုင်ခင် မျိုးပွားခဲတဲ့အတွက် လီမျိုးနွယ်ဝင် အရေအတွက်က တဖြည်းဖြည်း လျော့နည်းလာပြီး သူတို့ တစ်ခုခုဖြစ်လာဖို့ ခက်ခဲလာတယ်... သူတို့က အရမ်းဒုက္ခပေးတတ်ပေမဲ့ ဘယ်အင်အားစုကမှ သူတို့ကို သွားမရန်စကြဘူး... သူတို့ မရှိသလိုပဲ သဘောထားကြတယ်..."

ပေါင်အာ မည်သည်ကြောင့် ဤမျှထိ စိတ်လှုပ်ရှားနေပြီး သူ၏လက်ကို မလွှတ်ချင်ရကြောင်းကို လုရန် ရုတ်တရက် သဘောပေါက်သွားသည်။

ဖြစ်နိုင်သည်မှာ လုရန်သည် သူမ၏ ဘဝတလျှောက်လုံးတွင် သူမ ထိတွေ့ဖူးသမျှ သက်ရှိများအနက် သေဆုံးမသွားသော ပထမဆုံးလူ ဖြစ်နေသလော..

သူ မည်သည်ကြောင့် အဆင်ပြေနေရကြောင်းကိုလည်း လုရန် အကြမ်းဖျင်း သဘောပေါက်သွားသည်။

လီမျိုးနွယ်၏ စွမ်းရည်သည် ထိတွေ့လိုက်သည်နှင့် ထိတွေ့ခံရသူ၏ ဒန်တျန်ကို အလွန်ခြောက်သွေ့သော အခြေအနေသို့ အတင်းအကြပ် တွန်းပို့လိုက်ပုံရသည်။

ထို့ပြင် ဒန်တျန်ကို ပြန်လည်ဖြည့်တင်းရန်အတွက် စွမ်းအင်စုပ်ယူရန် တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်ချီမှတစ်ဆင့် ဖြစ်သည်။

သေချာသည်မှာ ဤသည်က အလုပ်ဖြစ်မည် မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်ချီသည် အဓိကနှင့် အသေးစား လှည့်ပတ်မှုများမှတဆင့် မသန့်စင်ပါက အလွန်ကြမ်းတမ်းလှသည်။ ဒန်တျန်နှင့် မရီဒါန်းများသည် ထိုကြမ်းတမ်းမှုကို တောင့်ခံနိုင်မည်မဟုတ်ပေ။

ဤသည်က နတ်ဘုရားစိတ်ဝိညာဉ်ကိုပင် ထိခိုက်စေနိုင်သည်။

သို့သော် လုရန်ကမူ ကွာခြားသည်။

လုရန်၏ ဒန်တျန်နှင့် ချိတ်ဆက်ထားသောအရာမှာ အပြည့်အဝ မပြောင်းလဲရသေးသော သူ၏ ချီများ ဖြစ်နေသည်။

အောက်ဘုံတွင် နှစ်ပေါင်း တစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော ကျယ်ဝန်းသည့် သမုဒ္ဒရာကြီးကဲ့သို့သော ချီများပင်။

ထို့ကြောင့် လုရန်သည် အဆင်ပြေနေပေ၏။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်က သူ၏ချီပြောင်းလဲမှုနှုန်းကိုပင် တိုးစေပေလိမ့်မည်။

ဤအချက်ကို သဘောပေါက်သွားသောအခါ လုရန်က ပြောဆိုလိုက်သည်။

"နားလည်ပြီ... ငါ့အတွက် စိတ်မပူပါနဲ့... ငါ ဘာဒုက္ခမှ မဖြစ်ပါဘူး... လီမျိုးနွယ်ရဲ့ ထျန်းခွေ့လီအဆိပ်က ငါ့အတွက် အသုံးမဝင်ဘူး..."

ကုဟိုင်သည် ယုံကြည်ရန် ခက်ခဲနေကာ ထျန်းခွေ့လီအဆိပ်ကို ခံနိုင်ရည်စွမ်းရှိသူ တစ်ယောက်အကြောင်း ဤသည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သော်လည်း သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။ လုရန်သည် လီမျိုးနွယ် မိန်းကလေးကို ကိုင်ထားသော်လည်း လုံးဝအထိအခိုက်မရှိဘဲ ဘာမှမဖြစ်သကဲ့သို့ ပြုမူနေသည်။

"ဒါနဲ့ ဆရာ... ဆရာ့ရဲ့ လက်ရှိ နယ်ပယ်က ဘာလဲ... ကျွန်တော် တကယ်ပဲ ထွင်းဖောက်မမြင်နိုင်ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဆရာ အထက်ဘုံကို တက်လှမ်းခဲ့တာ မဟုတ်ဘူးလား..."

ကုဟိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အို... ငါ အခု ရွှေအင်မော်တယ် ဖြစ်နေပြီ..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

တိတိကျကျပြောရလျှင် သူသည် ရွှေအင်မော်တယ်နယ်ပယ် ဒုတိယအဆင့်တွင် ရှိနေသည်။

ယနေ့နံနက်တွင် ရွှေအင်မော်တယ်အဖြစ် တက်လှမ်းခဲ့ပြီး ဆေးဂိုဏ်းသို့ ခရီးသွားလာခဲ့ကာ အစောပိုင်းက လင်းပေါင်အာ၏ အရှိန်မြှင့်တင်ပေးမှုနှင့်အတူ သူသည် တတိယအဆင့်သို့ ချဉ်းကပ်နေလေပြီ။

ထိုစကားကို ကြားသောအခါ ကုဟိုင် ဆွံ့အသွားသည်။

ရွှေအင်မော်တယ်လား...

သူ ကုဟိုင်သည် ကျင့်ကြံရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ သူသည် ကျင့်ကြံခြင်းကို အလွန်အမင်း စွဲလမ်းခြင်း မရှိသော်လည်း ဆေးလုံးမြောက်မြားစွာကို စားသုံးခဲ့သောကြောင့် သူ၏ ကျင့်ကြံမှုနှုန်းမှာ တခြားသူများထက် ပိုမြန်သည်။

ထိုသို့ဆိုသည့်တိုင် သူသည် အဆင့်မြင့် အင်မော်တယ်နယ်ပယ် ဆဋ္ဌမအဆင့်တွင်သာ ရှိနေပေ၏။

ဤသည်က နှစ်ပေါင်း တစ်သောင်းကျော် ကြာမြင့်ခဲ့လေပြီ။

သို့သော် သူ၏ဆရာသည် စိတ်ဝိညာဥ်နယ်မြေသို့ တက်လှမ်းလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည့်တိုင် ရွှေအင်မော်တယ် တစ်ယောက် ဖြစ်နေသလော....

"ဆရာက တကယ့်ကို ဆရာပါပဲ..."

အချိန်တခဏကြာ အံ့အားသင့်သွားပြီးနောက် ကုဟိုင်၏ ကျန်ရှိနေသော ခံစားချက်များမှာ သူ၏ဆရာအတွက် သန့်စင်သော ဝမ်းသာမှုများသာ ဖြစ်နေသည်။

"ဒါနဲ့ အဲ့ဒီကောင်မလေးကို မင်း သိလား..."

လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟူး... အဲ့ဒီကောင်မလေးက ကျွန်တော့်ရဲ့ ဆေးဂိုဏ်းကို လာပြီး ဆေးလုံးတွေကို ခဏခဏ ခိုးနေတာ... တစ်ခါတစ်လေတော့ အတင့်ရဲရဲကို လုယူတာပဲ... သူကို ထိမိတဲ့ တပည့်တွေ ပေါက်ကွဲပြီး သေသွားပြီးတဲ့နောက် သူ့ရဲ့ အထောက်အထားကို ကျွန်တော် ခန့်မှန်းမိသွားတယ်... ပြီးတော့ သူကို ကျွန်တော် မထိရဲတော့ဘူး..."

ကုဟိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကုဟိုင် ဂရုမစိုက်တော့သော်လည်း ဤသည်က တကယ့်ကို ခေါင်းကိုက်စရာ ဖြစ်ခဲ့သည်။

"ဒါဆို သူကို မင်း တိုက်ခိုက်ဖူးလား..."

လုရန်က ဆက်မေးလိုက်သည်။

ပုံမှန်ပုံပေါက်နေသော မိန်းကလေးငယ်လေးတစ်ဦးတွင် အင်မော်တယ် ခန္ဓာကိုယ် ရှိနိုင်သည်ဆိုသည်ကို သူ ယုံကြည်ရန် ခက်ခဲနေဆဲပင်။

"သေချာတာပေါ့... ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး... အစပိုင်းမှာ ကျွန်တော်က ဆေးဂိုဏ်းရဲ့ အကြီးအကဲ အသီးသီးနဲ့ ပူးပေါင်းပြီးတော့ အင်မော်တယ် ဆယ်ယောက်ကျော်ပေါင်းပြီး သူကို အစွမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်... သူက စိတ်ရိုင်းဝင်တဲ့ အခြေအနေကိုတောင် မရောက်ခဲ့ဘူး... ဒါတောင် သူ လုံးဝ အထိအခိုက်မရှိခဲ့ဘူး... ဒီလိုဖြစ်ခဲ့လို့ပဲ သူရဲ့ အထောက်အထားကို နောက်ဆုံးမှာ ကျွန်တော် အတည်ပြုနိုင်ခဲ့တာ..."

ကုဟိုင်က ပြောလိုက်သည်။

သောက်ရမ်းမိုက်တယ်...

စိတ်ရိုင်းဝင်သော အခြေအနေသို့ မရောက်သေးသော လင်းပေါင်အာသည် ရွှေအမြုတေနယ်ပယ်၌သာ ရှိသေးသော်လည်း အင်မော်တယ်ဆယ်ယောက်ကျော်၏တိုက်ခိုက်မှုအောက်တွင် အထိအခိုက်မရှိ နေနိုင်ခဲ့သည်။ သူမသည် ကောင်းကင်တာအို၏အမှားအယွင်းတစ်ခုပင်။

အကယ်၍ လီမျိုးနွယ်တွင် အသက်ဆယ့်ရှစ်နှစ်တွင် သေရမည့် ထိုကံကြမ္မာ မရှိပါက သူတို့ စိတ်ဝိညာဉ်နယ်မြေကို မလွှမ်းမိုးနိုင်ခြင်းမှာ ယုတ္တိတန်မည် မဟုတ်ချေ။

မကြာမီ လုရန်နှင့်ကုဟိုင်တို့ ပြန်လာခဲ့ကြသည်။

အဝေးမှနေ၍ လင်းပေါင်အာသည် ဆေးဖော်စပ်ခန်းမဆောင်၏ထောင့်ရှိ လှေကားထစ်များပေါ်တွင် ကွေးကွေးလေး ထိုင်နေသည်ကို သူတို့ မြင်လိုက်ရသည်။ သူမ၏လက်များက သူမ၏ ရင်ခွင်ထဲ သွင်းထားသော ခြေထောက်များကို ဖက်ထားပြီး သူမ၏မေးကို ဒူးပေါ်တွင် တင်ထားသည်။

သူမ၏ သေးငယ်သော ပုံရိပ်လေးမှာ အထီးကျန်နေပုံရပေ၏။

"မင်း ဆေးဖော်စပ်ခန်းမဆောင်ကို အရင်သွားနှင့်လိုက်..."

လုရန်က ကုဟိုင်ကို ပြောလိုက်သည်။

ထို့နောက် သူသည် လင်းပေါင်အာဆီသို့ လျှောက်သွားပြီး သူမ၏နံဘေးတွင် ထိုင်လိုက်သည်။

လင်းပေါင်အာ အံ့အားသင့်သွားပြီး မသိစိတ်အရ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

ကလေးဘဝကတည်းက ယခုချိန်အထိ သူမ၏အနား ချဉ်းကပ်လာပြီး ပေါက်ကွဲသွားသော လူများစွာကို သူမ မြင်တွေ့ဖူးခဲ့သည်။

သို့သော် သူမ လှည့်ကြည့်လိုက်ရာ လုရန်ဖြစ်ကြောင်း သိသွားချိန်၌ သူမ ရုတ်တရက် စိတ်အေးသွားသည်။

သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာပေ၏။

လုရန်က သူ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။

အောက်ဘုံရှိ နှစ်ပေါင်းတစ်သိန်းအတွင်း သူသည် တပည့်ပေါင်း မရေမတွက်နိုင်အောင် လက်ခံခဲ့သည်။

အရိုးပေါ် အရေတင်နေတဲ့ သူတောင်းစားလေးတွေ၊ ပြည့်တန်ဆာအိမ်တွေက ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးငယ်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ စားပွဲထိုးလေးတွေ... အဖြစ်ဆိုးတဲ့ ကလေးဘဝတွေကို သူ အများကြီး မြင်ခဲ့ဖူးတယ်...

ဒါပေမဲ့ လင်းပေါင်အာလို လူမျိုးကတော့ အမှန်တကယ့်ကို ထူးခြားနေတယ်....

"ပေါင်အာ... မင်း အသက်ဘယ်လောက်ရှိပြီလဲ..."

လုရန်က မေးလိုက်သည်။

"ဆယ့်ငါးနှစ်..."

ပေါင်အာက လွှတ်ခနဲ ပြန်ဖြေလိုက်သည်။

သူက ဆယ့်ငါးနှစ်တောင် ရှိနေပြီလား...

မည်ကဲ့သို့ စကားဆက်ပြောရမည်ကို ရုတ်တရက် သူ မသိတော့ချေ။

ထိုအစား လင်းပေါင်အာက ထိုစကားကို ပြောဆိုပြီးနောက် သူမသည် လက်ချောင်းများကိုချိုး၍ ရေတွက်ကာ တီးတိုးရေရွတ်လိုက်သည်။

"သုံးနှစ်ပဲ ကျန်တော့တယ်..."

ဒီကောင်မလေးက သူ့ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေတာပဲ...

"အင်း... မကြာသေးခင်က မင်းက ဘာလို့ ဆေးဂိုဏ်းကို လာပြီး ဆေးလုံးတွေကို ခိုးနေတာလဲ..."

လုရန်က စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ပေါင်အာသည် သူမ၏ ရင်ဘတ်ထဲမှ တွန့်ကြေနေသော အစိမ်းရောင် မျက်နှာဖုံးရှိသည့် စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်၏။

သူမက စာမျက်နှာတစ်ခုကိုလှန်ပြီး စာကြောင်းတစ်ကြောင်းကို လက်ညှိုးထိုးကာ လုရန်ကို ပြလိုက်သည်။

"ဒီမှာ... ဒါလေးလေ... တခြားဘယ်သူ့ကိုမှ ကျွန်မ မပြဖူးဘူး..."

ပေါင်အာက လျှို့ဝှက်သောအမူအရာဖြင့် ပြောဆိုသည်။

လုရန်က အနီးကပ် ကြည့်လိုက်သည်။

ထိုစာကြောင်းတွင် 'ဆေးလုံး ၁၀၀ ရယူရန်' ဟု ရေးထားသည်။

ဒါက ဘာလဲ...

သူ တခြားအရာများကို ကြည့်ချင်နေတုန်းမှာပင် ပေါင်အာက စာအုပ်ငယ်လေးကို ပိတ်လိုက်လေပြီ။

သူမ ထိုစာအုပ်ကို ရင်ဘတ်ကြားသို့ ပြန်ထည့်လိုက်ချိန်တွင် စာအုပ်ငယ်လေး၏ အရှေ့ဘက်တွင် ကောက်ကွေးနေသော စာလုံးကြီးလေးလုံးကို လုရန် တွေ့လိုက်ရသည်။

'နောက်ဆုံးဆန္ဒ'

"အနာဂတ်အတွက် မင်းမှာ အစီအစဉ်တွေ ရှိလား..." လုရန်က ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း သူ၏ ရင်ဘတ်ထဲတွင် တင်းကြပ်နေမှုကို ခံစားနေရသည်။

"ကျွန်မ အလယ်ပိုင်းပြည်နယ်ကို သွားချင်တယ်... ကျွန်မ ငယ်ငယ်တုန်းက အမေက ပြောဖူးတယ်... အလယ်ပိုင်းပြည်နယ်က စိတ်ဝိညာဉ်နယ်မြေရဲ့ ဗဟိုချက်တဲ့... အဲ့ဒီကို ကျွန်မ သွားကြည့်ချင်တယ်... တောရိုင်းနယ်မြေကိုလည်း သွားချင်တယ်... အဲ့ဒီမှာ ယောင်တွေ အများကြီး ရှိတယ်လို့ ကြားတယ်... ပြီးတော့... ပြီးတော့..."

လင်းပေါင်အာသည် စကားပြောရင်း ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။

ဒါပေမဲ့ စိတ်ဝိညာဉ်နယ်မြေက အရမ်းကျယ်ဝန်းတယ်...

သုံးနှစ်ဆိုသောအချိန်သည် နေရာများစွာကို သွားရောက်လည်ပတ်ရန် သူမအတွက် လုံလောက်မည် မဟုတ်ချေ။

"အစ်ကိုကြီး... အစ်ကိုကြီးက အင်မော်တယ် တစ်ယောက်ပဲ... ပြီးတော့ အစ်ကိုကြီးက ကျွန်မနဲ့ စကားပြောဖို့ ဆန္ဒရှိတဲ့ ပထမဆုံးလူပဲ... အစ်ကိုကြီး ကျွန်မကို အလယ်ပိုင်းပြည်နယ်ကို ခေါ်သွားပေးနိုင်မလား..."

ပေါင်အာက မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားဖြင့် မေးလိုက်သည်။

လုရန်က ရယ်မောလိုက်၏။ သူသည် လက်ဆန့်တန်းကာ ပေါင်အာ၏ပခုံးပေါ်တွင် တင်လိုက်ပြီး သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ပေါင်အာ မသိစိတ်အရ တင်းမာသွားပြီး လုရန်ကို အနည်းငယ် မော့ကြည့်ကာ သူမ၏ မျက်နှာအမူအရာမှာ စိုးရိမ်နေပုံရသည်။

လုရန်တွင် ဆိုးရွားသော တုံ့ပြန်မှု အမှန်တကယ် မရှိကြောင်း သဘောပေါက်ပြီးနောက် သူမသည် ချိုမြိန်စွာ ပြုံးလိုက်ပြီး လုရန်၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ မှီနေလိုက်သည်။

လုရန်က သူမ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။

"သေချာပေါက် ရတာပေါ့... စိတ်ဝိညာဉ်နယ်မြေရဲ့ ပြည်နယ်ကိုးခုလုံး...မင်း သွားချင်တဲ့နေရာတိုင်း ငါတို့ သွားလို့ရတယ်..."

All Chapters