အခန်း ၃၄
Vol. 4 Ch. 34
အခန်း ၃၄: ဆေးမိုးကြိုး
ထိုအချိန်မှစ၍ လင်းပေါင်အာက လုရန်၏နောက်သို့ တကောက်ကောက် လိုက်နေခဲ့သည်။
မူလက လုရန်သည် လင်းပေါင်အာကို သူ၏တပည့်အဖြစ် အမှန်တကယ် လက်ခံလိုခဲ့ပေ၏။
အဘယ်ကြောင့်ဆိုသော် အောက်ဘုံရှိ လုရန်၏ တပည့်များအားလုံးနီးပါးကို သူသည် သူတို့၏ ကလေးဘဝတွင် တွေ့ရှိခဲ့ပြီး ထိုအချိန်မှစ၍ သူနှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
သို့သော် လင်းပေါင်အာတွင် အသက်ရှင်ရန် သုံးနှစ်သာ ကျန်တော့ကြောင်းကို သူ ပြန်တွေးမိသည်။
သုံးနှစ်အတွင်းတွင် သူ မည်သည့်အရာအား သင်ပေးနိုင်မည်နည်း....
သူမကိုယ်တိုင်ကလည်း သင်ယူရန် ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။
လင်းပေါင်အာက သူ့ကို အစ်ကိုကြီးဟု ခေါ်နေသည်ကို မြင်သောအခါ သူမ သဘောအတိုင်းသာ သူ ခွင့်ပြုလိုက်သည်။
သို့သော် ကုဟိုင်သည် လင်းပေါင်အာနှင့် ထိတွေ့ရဲခြင်းမရှိချေ။ သူမ လုရန်၏နံဘေးတွင် ရှိနေသရွေ့ သူသည် အနည်းဆုံး ငါးမီတာ အကွာအဝေးတွင်သာ နေခဲ့သည်။
ထိုကောင်မလေး ဟန်ချက်ပျက်ပြီး သူ့ကို ဝင်တိုက်မိမည်အား သူ ကြောက်ရွံနေခြင်းပင်။
"ဆရာရဲ့ပုံစံနဲ့ တကယ်ကို တူတယ်နော်... ဟီးဟီး..."
ကုဟိုင်က ရယ်မောပြီး ပြောလိုက်သည်။
နံဘေးတွင်ရှိသော ရှောင်ယွဲ့ အံ့အားသင့်သွားသည်။
နှစ်ပေါင်းများစွာတိုင်အောင် ကုဟိုင်သည် သူ၏ တင်းကြပ်သော အမူအကျင့်များဖြင့် ကျော်ကြားခဲ့ပြီး သူ၏ စိတ်ကို ဆေးဖော်စပ်ခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။
သို့သော် ဘိုးဘေး ထွက်ပေါ်လာပြီးနောက် ရလဒ်မှာ ကွဲပြားသွားသည်။
"ဘယ်လို ပုံစံမျိုးလဲ..."
လုရန်က မေးလိုက်၏။
"အောက်ဘုံမှာတုန်းက ကျွန်တော်တို့တွေထဲမှာ စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေက အများဆုံးမှ ငါးယောက်လောက်ပဲ ရှိတာ... ပြီးတော့ ကျွန်တော် အပါအဝင် လူတိုင်းကို ငယ်ငယ်လေးကတည်းက ဆရာ မွေးစားခဲ့တာလေ..."
ကုဟိုင်က ပြောလိုက်သည်။
ထို့ကြောင့် အပြာရောင်ဂိုဏ်း တပည့်များအတွက်...
လုရန်သည် သူတို့၏ ဆရာဖြစ်သော်လည်း အချိန်အများစုတွင် သူသည် ပေါ့ပေါ့ဆဆနေတတ်သော ဖခင်အိုတစ်ဦးနှင့် ပိုတူသည်။
ထိုသို့ပြောခြင်းက အနည်းငယ် ထူးဆန်းနိုင်သော်လည်း တစ်နေ့တာအတွက် ဆရာတစ်ဦးသည် တစ်သက်တာအတွက် ဖခင်တစ်ဦးဖြစ်သည်ဟု ယူဆပါက ဤသည်မှာ ပြဿနာမရှိချေ။
သို့သော် အမျိုးသမီးတပည့်တချို့အတွက်မူ စွဲလမ်းမှု၏ သက်ရောက်မှုနှင့် ပေါင်းစပ်လိုက်ချိန်၌ တခြားသော ခံစားချက်တချို့လည်း ပါဝင်နိုင်သည်။
"ဒါနဲ့... ဒါက ခုဏက ဆေးလုံး..."
လုရန်က လင်းပေါင်အာ ခိုးသွားသော တတိယမြောက်ဆေးလုံးကို ကုဟိုင်ထံ ပစ်ပေးလိုက်သည်။
"ကျွန်တော် သိသားပဲ... ဒီလောကမှာ ဆရာ့လိုမျိုး ထူးချွန်ပြောင်မြောက်တဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်မျိုး ဘယ်သူမှာမှ မရှိနိုင်ဘူးဆိုတာ ကျွန်တော် သိသားပဲ..."
ကုဟိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ခုဏက ဆေးညွှန်းနှစ်ခုကို မင်း မှတ်မိတယ် မဟုတ်လား..."
လုရန်က မေးလိုက်၏။
ကုဟိုင်၏မျက်နှာအမူအရာ ချက်ချင်းအနေရခက်သွားသည်။ သူက ခေါင်းကုတ်ပြီး ပြောဆိုသည်။
"ကျွန်တော်... ကျွန်တော် ပထမဆေးလုံးကို မမှတ်မိလိုက်ဘူး..."
သူသည် ပထမဆုံး ဆေးမီးဖိုဖြင့် ဆေးဖော်စပ်ခြင်းကို စမ်းသပ်လိုသည့် စိတ်ထားဖြင့် ချဉ်းကပ်ခဲ့ပြီး လုံးဝမမှတ်မိခဲ့သော်လည်း ဒုတိယ ဆေးမီးဖိုကိုမူ သူ အမှန်တကယ် မှတ်မိခဲ့သည်။
"ကိစ္စမရှိပါဘူး... မင်းအတွက် ငါ ချရေးပေးမယ်... ဒါနဲ့ ဒီတတိယမြောက် ဆေးလုံးအတွက် ဆေးညွှန်းကိုလည်း ငါ ထုတ်ယူပေးမယ်..."
လုရန်က ပြောလိုက်သည်။
"ရှောင်ယွဲ့... စက္ကူနဲ့ စုတ်တံ အဆင်သင့်ပြင်ထား..." ကုဟိုင်က အံ့အားသင့်သွားပြီး အလျင်အမြန် ပြောဆိုသည်။
လုရန်သည် ပထမဆုံးဆေးညွှန်းကို ရေးပြီးနောက်....
သူသည် တတိယမြောက် ဆေးလုံးကို ကုဟိုင်၏ လက်ထဲမှ ပြန်ယူကာ ဂရုတစိုက် အနံ့ခံပြီးနောက် သူ၏ မျက်လုံးများကို မှေးစင်းသွားသည်။
မကြာမီမှာပင်....
သူက ဆေးလုံးကို ကုဟိုင်ထံ ပြန်ပစ်ပေးလိုက်၏။
လုရန်သည် စကားတစ်ခွန်းမျှ မပြောဘဲ စိတ်ဝိညာဉ်ဆေးပင်အမျိုးမျိုးကို စတင်၍ ပြင်ဆင်တော့သည်။
သူ၏လှုပ်ရှားမှုများမှာ တွန့်ဆုတ်မှုအနည်းငယ်မျှ မရှိဘဲ လျင်မြန်လှသည်။
ကုဟိုင် အံ့အားသင့်သွားသည်။
အဲ့ဒါပဲလား... ဆရာက ဆေးညွှန်းကို သိနေပြီလား...
မျှော်လင့်ထားတဲ့အတိုင်းပဲ... ဆရာက အရင်တုန်းကလိုမျိုး ကောင်းကင်ကို အံတုနိုင်တုန်းပဲ...
"မင်းဆီမှာ စိတ်ဝိညာဉ်ဆေးပင် အမျိုးအစားတွေ တော်တော်လေး စုံလင်တာပဲ..."
လုရန်က ချီးကျူးလိုက်သည်။
ဤအကောင်းဆုံး ဆေးဖော်စပ်ခြင်း အခြေအနေသည် အောက်ဘုံတွင် သူထံ၌ပင် မရှိခဲ့သောအရာဖြစ်သည်။
"အဲ့ဒါက စိတ်ဝိညာဉ်နယ်မြေကို ရောက်လာပြီးတဲ့နောက် ကျွန်တော်က ဒါကိုပဲ အပြည့်အဝ အာရုံစိုက်ထားလို့လေ... နှစ်ပေါင်း တစ်သောင်းကျော်တောင် ပြင်ဆင်လာခဲ့တာဆိုတော့ အဆင်ပြေပါတယ်... ဒါက အဆင်ပြေပါတယ်..."
ကုဟိုင်က နှိမ့်ချစွာ ပြောလိုက်သည်။
ထို့နောက် သူက ဆေးမီးဖိုကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဆရာ... ဒါက... ပြီးပြီလား..."
လုရန်က ခေါင်းညိတ်ပြပြီး ဆေးဖော်စပ်ခြင်းကို စတင်နိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်၏။
သို့သော် ထိုကိစ္စ မတိုင်မီ သူက သတိပေးလေသည်။
"မင်းရဲ့ ဆေးမီးတောက် ဂုဏ်သတ္တိနဲ့ အပူပေးတဲ့ အလေ့အကျင့်တွေအရ ဆေးညွှန်းကို ငါ ပြင်ဆင်ထားတယ်... အဲ့ဒီပါဝင်ပစ္စည်းတွေကို ကြည့်ပြီး သေချာ မှတ်ထား..."
ကုဟိုင်က ကြက်တစ်ကောင် အစာကောက်နေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
ဆေးမီးဖိုထဲရှိ ပါဝင်ပစ္စည်းများကို ကြည့်ရင်း သူ၏ ခေါင်း ထူပူသွားပြီး စိတ်ပျက်လက်ပျက် ခံစားချက်ကိုပင် ခံစားလိုက်ရသည်။
သူသည် ဆေးညွှန်းကို နှစ်ပေါင်း တစ်ထောင်နီးပါး လေ့လာခဲ့သော်လည်း တိုးတက်မှု သိပ်မရှိဘဲ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ထိုသို့ဆိုသည့်တိုင် လုရန်က တစ်ချက် နမ်းရှိုက်ရုံဖြင့် ချက်ချင်းသိသွားပေ၏။
ဒါကြောင့်လည်း သူက ဆရာဖြစ်နေတာပေါ့...
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ကုဟိုင်၏ ဆေးမီးတောက် ထွက်ပေါ်လာသည်။
ထိုအရာသည် ဆေးမီးဖိုဆီသို့ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
"အပူချိန်က နည်းနည်းများနေတယ်..."
"နိမ့်နိမ့်လေးထား..."
"မလောနဲ့... အပြင်ဘက်က စိတ်ဝိညာဉ်ဆေးပင်တွေ အဆီအနှစ်ထွက်လာတဲ့အထိ စောင့်..."
"အဲ့လောက်ဆို လုံလောက်ပြီ... အပူချိန်ကို တင်လိုက်..."
...
လုရန်သည် နံဘေးမှ ကြည့်နေပြီး ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ရှိ ပြဿနာများကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ကုဟိုင်သည် အောက်ဘုံတွင် တနေကုန် လုရန်၏ ပညာသင်ပေးခြင်းကို ခံရသကဲ့သို့ ဤခံစားချက်ကို အလွန်သဘောကျနေပေ၏။
မကြာမီမှာပင်....
ဆေးလုံး ပုံပေါ်လာပြီး ပြင်းထန်သော ဆေးရနံ့များ ပွင့်အံ့ထွက်လာသည်။
"ပြီးပြီ..."
ကုဟိုင်က အလွန် ဝမ်းသာသွားပြီး ဆေးလုံးကို ယူရန်အတွက် သူ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်ရန် ဟန်ပြင်လိုက်သည်။
"မလောနဲ့... စောင့်ဦး..."
လုရန်က သူ့ကို ဟန့်တားလေသည်။
ကုဟိုင်သည် လုရန်ကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်၏။
နောက်တစ်စက္ကန့်မှာပင်...
ဝုန်း...
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်များ တုန်ခါသွားကာ ထူးဆန်းသော ဖိအားတစ်ခု ကျဆင်းလာသည်။
ရှောင်ယွဲ့က ဆေးနန်းဆောင်၏အမိုးခုံးကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
သူမက တီးတိုးရေရွတ်လိုက်၏။
"ထူးဆန်းတယ်... ဒီဆေးဂိုဏ်းမှာ မိုးရွာရင်တောင်မှ မိုးကြိုးတိမ်တိုက်တွေ ရှားရှားပါးပါးပဲ ထွက်ပေါ်လာတာလေ..."
သို့သော် ကုဟိုင်၏ မျက်လုံးများ တောက်ပသွားပြီး သူက အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒီခံစားချက်က... ဒါက... ဒါက ဆေးမိုးကြိုးပဲ..."
ဆေးမိုးကြိုးဆိုသည်မှာ ဆေးလုံးတစ်ခု၏ ကပ်ဘေးမိုးကြိုးဖြစ်ပြီး ဆေးလုံး၏ အရည်အသွေးသည် ကောင်းကင်တာအို၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေရန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသောအချိန်မှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။
အောက်ဘုံတွင် လုရန် ဆေးဖော်စပ်ပါက ဆေးမိုးကြိုးများ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည်။
ဤသည်က ဆေးဖော်စပ်စဉ် ထွက်ပေါ်လာသော ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ကုဟိုင်ကို တွေးထင်စေခဲ့သည်။
သို့သော် ကုဟိုင် စိတ်ဝိညာဉ်နယ်မြေတွင် ရှိနေခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်အတွင်း ဆေးမိုးကြိုး ထွက်ပေါ်လာသည့် အကြိမ်အရေအတွက်မှာ လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်လောက်အောင် နည်းပါးလှ၏။
မျှော်လင့်ထားသည့်အတိုင်း...
နောက်တစ်စက္ကန့်မှာပင်....
ဝုန်း...
ဖျော့တော့သော ခရမ်းရောင် လျှပ်စီးမိုးကြိုးကြောင်းတစ်ခုက အမိုးခုံးကို တိုက်ရိုက်ထွင်းဖောက်လာသည်။
ထိုအရာသည် လျှပ်စီးမိုးကြိုးမြွေတစ်ကောင်ကဲ့သို့ ဆေးမီးဖိုအတွင်းရှိ ဆေးလုံးထဲသို့ ဝင်ရောက်သွားတော့သည်။
အသစ်ဖွဲ့စည်းထားသော ဆေးလုံးသည် ချက်ချင်းပင် အနည်းငယ် တုန်ခါလာပြီး လျှပ်စီးမိုးကြိုး၏ လွှမ်းမိုးမှုအောက်တွင် ဆေးရနံ့မှာ ဆူပွက်နေသကဲ့သို့ ပို၍ပြင်းထန်လာပေ၏။
ထိုဆေးလုံးအတွင်း၌ ထူးခြားသော ရနံ့တစ်ခုပင် ရောနှောနေသည်။
ဆေးမိုးကြိုး တစ်ချက်တည်းသာ ရှိခဲ့ပြီးနောက် မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားသည်။ ဤအချိန်တွင် သေးငယ်သော လျှပ်စီးကြောင်းများသည် ဆေးလုံးပေါ်တွင် တစ်ခါတစ်ရံ တောက်ပနေသည်ကို မြင်တွေ့နိုင်သည်။
ဤအရည်အသွေးရှိသော ဆေးလုံးသည် ကုဟိုင်၏ လက်ထဲရှိ ပြိုင်ဘက်ကင်းဆေးလုံးထက် များစွာသာလွန်နေသည်။
"ဆေးမိုးကြိုး တစ်ချက်တည်းပဲ ရှိတာ နှမြောစရာပဲ... ဒါပေမဲ့ မဆိုးပါဘူး... ငါ ခုဏက ပြောခဲ့တဲ့ ဆေးဖော်စပ်နည်းနဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး..."
လုရန်က မှတ်ချက်ပေးလိုက်သည်။
ကုဟိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်၏။
ဆေးမိုးကြိုး တစ်ချက်တည်းဖြင့်ပင် သူ အလွန်အမင်း စိတ်ကျေနပ်နေလေပြီ။
အောက်ဘုံတွင် လုရန် ဆေးဖော်စပ်စဉ်က ဆေးမိုးကြိုးကိုးချက် ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
နံဘေးတွင်ရှိသော ရှောင်ယွဲ့သည် ယခုအချိန်၌ လုံးလုံးလျားလျား ယုံကြည်သွားလေပြီ။
ကုဟိုင်သည် ဘိုးဘေး၏ ဆေးဖော်စပ်ခြင်း စွမ်းရည်အကြောင်း ကြွားဝါပြောဆိုသည်ကို သူမ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကြားဖူးခဲ့သည်။
ယခု သူမ မြင်တွေ့ရချိန်တွင် ဤသည်က ဘိုးဘေး၏ ဂုဏ်သတင်းနှင့် ကိုက်ညီနေသည်။
ဤသည်က ပို၍ပင် လွန်ကျူူးပြီး အံ့အားသင့်စရာ ကောင်းနေပေ၏။
"သွားကြစို့ ဆရာ... လက်ဖက်ရည်နဲ့ အစားအသောက်တချို့ ပြင်ဆင်ခိုင်းလိုက်မယ်... သေချာ စကားပြောကြတာပေါ့..."
ကုဟိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဆရာက ဆေးညွှန်းသုံးခုလုံးကို တပြိုင်နက်တည်း ဖြေရှင်းပေးလိုက်သဖြင့် ကုဟိုင်သည် ယခုအချိန်၌ အလွန်သက်တောင့်သက်သာရှိပြီး စိတ်သက်သာရာရသွားသည်။
သူသည် ဆရာ့ကို မတွေ့ရသည်မှာ နှစ်ပေါင်း တစ်သောင်းကျော် ရှိပြီဖြစ်သောကြောင့် ယခုအချိန်၌ ပြောစရာ စကားများ အဆုံးအစမရှိ ဖြစ်နေသည်။
မကြာမီမှာပင်....
ခန်းမဆောင်အတွင်းတွင်....
လုရန် ထိုင်လိုက်ရာ လင်းပေါင်အာသည် အခွင့်အရေးကိုယူ၍ သူ၏နံဘေးတွင် ကပ်ထိုင်လိုက်သည်။
စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို ကြည့်ရင်း သူမ၏ မျက်လုံးများ တောက်ပလာပြီး လုရန်ကို မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"မင်း စားချင်တာ စား..."
လုရန်က သူမကို ပြောလိုက်သည်။
ခွင့်ပြုချက်ရရှိပြီးနောက် လင်းပေါင်အာသည် အလွန် ဝမ်းသာသွားပြီး အစားအစာများကို လှမ်းယူကာ စတင်စားသောက်တော့သည်။
လင်းပေါင်အာကြောင့် ကုဟိုင်သည် လုရန်၏နံဘေးတွင် မထိုင်ရဲပေ။
သူသည် လုရန်၏ မျက်နှာချင်းဆိုင်သို့ လျှောက်သွားပြီး ထိုင်လိုက်သည်နှင့် တပြိုင်နက် စိတ်မရှည်စွာ မေးလိုက်သည်။
"ဆရာ... ဒီနေရာမှာ ကျွန်တော် ရှိနေတယ်ဆိုတာ ဆရာ ဘယ်လိုသိတာလဲ..."
ထိုစကားကိုကြားချိန်တွင် လုရန် ရုတ်တရက် သူ့နဖူးသူ ရိုက်လိုက်မိသည်။
အရေးကြီးကိစ္စကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့လေ၏။
ထို့ကြောင့် သူက ပြောဆိုလိုက်သည်။
"ငါ မဟာလော့ ဓားဂိုဏ်းကနေ လာတာ... ငါ ထွက်ပေါ်လာတဲ့ အင်မော်တယ်ဆေးကြောရေး ရေကန်က မဟာလော့ ဓားဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ ရှိတယ်..."
ကုဟိုင်၏ မျက်လုံးများ တောက်ပသွားသည်။
"ဂျူနီယာညီမ ယွဲ့လင်ရဲ့ ဒေသကနေ တက်လှမ်းလာတာလား... ဒါက တကယ်ကို အံ့သြစရာပဲ... ဂျူနီယာညီမက ဆရာနဲ့အတူ လိုက်မလာဘူးလား..."
လုရန်က ပြောလိုက်သည်။
"အဲ့ဒီကိစ္စတွေကို ငါတို့ နောက်မှ ပြောလို့ရပါတယ်... ငါ မင်းကို လာရှာတာက မင်း အလယ်ပိုင်းပြည်နယ်ကို သွားဖူးလားလို့ မေးချင်လို့ပါ... မင်းရဲ့ ဆရာကတော်အကြောင်း သတင်းတွေရှိလား..."