← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆: ဒီအပြာရောင်ဂိုဏ်းက နည်းနည်းလွန်နေပြီ

ဝီ...

ထိုပုံရိပ်သည် မိုးကုပ်စက်ဝိုင်းတွင် ရှိနေပုံရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် တလက်လက် တောက်ပလာပြီး ခြံဝင်းအတွင်း၌ ထွက်ပေါ်လာသည်။

သူသည် ရှဲ့ထယ်ယန်နှင့် မလှမ်းမကမ်းတွင် ပျင်းတိပျင်းရွဲပုံစံဖြင့် မတ်တတ်ရပ်နေပေ၏။

သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

သူက တီးတိုးရေရွတ်လိုက်သည်။

"ဒါက ရှပြည်နယ်ရဲ့ နယ်မြေလေ... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ နဝမအမှောင်နယ်မြေက မိစ္ဆာစစ်သည်တွေ ရှိနေရတာလဲ..."

သို့သော် သူ ဂရုမစိုက်ဘဲ ရှဲ့ထယ်ယန်ကို ကြည့်ကာ မေးလိုက်သည်။

"ဒါက မြင့်မြတ်မီးတောက်ဂိုဏ်းလား..."

ရှဲ့ထယ်ယန်သည် တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီးခေါင်းညိတ်ကာ ပြောဆိုလိုက်၏။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော်... ကျွန်တော်က မြင့်မြတ်မီးတောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရှဲ့ထယ်ယန်ပါ... အရှင်က ဘယ်သူများလဲ..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

မိစ္ဆာချီလှိုင်းတစ်ခု လွှမ်းမိုးလာပြီး ဖေးလော့ထျန်း၏ ပုံရိပ်က ရှဲ့ထယ်ယန်၏နံဘေးတွင် ထွက်ပေါ်လာသည်။

သူက ရောက်ရှိလာသော သူတောင်းစားကို အေးစက်စွာ ကြည့်လိုက်သည်။

တစ်ဖက်လူသည် စုတ်ပြတ်သတ်နေပုံရသော်လည်း ရှဲ့ထယ်ယန်သည် သူ၏ တာလော့ ဓမ္မပုံရိပ်ယောင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ဖေးလော့ထျန်းသည်လည်း တဖက်လူ၏ မဟာပေါင်းစည်းခြင်း အင်မော်တယ် အရှိန်အဝါကို သဘာဝကျကျ ခံစားနိုင်သည်။

ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အရှင်... အရှင်က ဘယ်သူလဲ... လုရန်အကြောင်း သတင်းအတွက် ရှဲ့ထယ်ယန်ကို လာရှာတာလား..."

မိတ်ဆွေလား ရန်သူလားဆိုသည်ကို လောလောဆယ် မသိနိုင်သေးချေ။

"အပြာရောင်ဂိုဏ်း တပည့်... စွန်းထျန်းယို..."

သူတောင်းစားက ဖေးလော့ထျန်းကို စိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် ဖြေလိုက်၏။

ဖေးလော့ထျန်း အံ့အားသင့်သွားပြီး သူက အံ့အားတသင့် အော်ဟစ်လိုက်သည်။

"အပြာရောင်ဂိုဏ်း တပည့်လား... ဆရာ့အတွက် လာတာလား..."

ဆရာလား...

စွန်းထျန်းယိုက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ..."

ဖေးလော့ထျန်းက ချက်ချင်း ပြောလိုက်သည်။

"အပြာရောင်ဂိုဏ်း တပည့်... ဖေးလော့ထျန်း..."

အို ဘုရားရေ... ဂိုဏ်းတူ ညီအစ်ကိုတွေပါလား...

သို့ရာတွင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းပုံမပေါ်ချေ။

ဤသည်မှာ မထူးဆန်းချေ။

လုရန်သည် အောက်ဘုံတွင် နှစ်ပေါင်း တစ်သိန်းကြာ နေထိုင်ခဲ့ပြီး တပည့်များစွာကို လက်ခံကာ အထက်ဘုံသို့ အသုတ်လိုက် စေလွှတ်ခဲ့သည်။ တပည့်အားလုံးသည် တစ်ချိန်တည်း၌ အတူရှိနေရန် မဖြစ်နိုင်ချေ။

သို့သော် သူတို့သည် အပြာရောင်ဂိုဏ်း တပည့်များအဖြစ် အချင်းချင်း၏အဆင့်အတန်းကို နှုတ်ဖြင့် အသိအမှတ်ပြုခဲ့ကြသော်လည်း...

မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နှစ်ဖက်လုံးသည် အချင်းချင်း သံသယဝင်နေကြပြီး သူတို့၏သတိကို မလျှော့ချရဲကြချေ။

တစ်ဖက်တွင်မူ ရှဲ့ထယ်ယန်သည် ငိုချင်စိတ်ပေါက်နေလေပြီ။

နောက်ထပ်မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါး ထပ်ရောက်လာပေ၏။ ရှောက်ယင်း၊ ဖေးလော့ထျန်းတို့နှင့် ပေါင်းလိုက်လျှင် လူသားမျိုးနွယ် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ဦး၊ တောရိုင်းနယ်မြေ နတ်ဆိုးဘုရင်တစ်ပါးနှင့် နဝမအမှောင် ကောင်းကင်နတ်ဆိုးတစ်ပါး ရှိနေသည်။

ဒီအုပ်စုသာ ချင်းရွှမ်ဂိုဏ်းကိုသွားရင် ချင်းရွှမ်ဘိုးဘေးရဲ့ ခေါင်းကို မြေကြီးထဲနှစ်ပြီး ခြေမွပစ်လိုက်မှာ မဟုတ်လား...

လုရန်ကို ပစ်မှတ်ထားခဲ့မိသည်အား သူ နောင်တရနေလေပြီ။ သူသာ ကြိုသိခဲ့လျှင် အထုပ်အပိုးသိမ်းပြီး ချက်ချင်းထွက်ပြေးခဲ့မိပေမည်။

အပြာရောင်ဂိုဏ်းသည် ပို၍ပို၍ကြီးမားလာသည်ကို မြင်ချိန်၌ တောင်တန်းတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ စွမ်းအားမဲ့သော ခံစားချက်က ရှဲ့ထယ်ယန်ကို မျှော်လင့်ချက်မဲ့သွားစေသည်။

သို့ရာတွင် ယခုချိန်၌ နောက်ကျသွားခဲ့လေပြီ။

ဖေးလော့ထျန်း၏ နတ်ဆိုးနှိမ်နင်းရေး စိတ်ဝိညာဉ်မီးတောက်ဖြင့် ထိန်းချုပ်ခံထားရသဖြင့် ယခုအချိန်၌ သူသည် အချိန်မရွေး သေဆုံးသွားနိုင်သော ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေသည်။

"မင်းက အပြာရောင်ဂိုဏ်းတပည့်လို့ ပြောတယ်... ဒါပေမဲ့ မင်းမှာ သက်သေပြစရာ တစ်ခုခု ရှိလား..."

ဖေးလော့ထျန်းက အရင်မေးလိုက်သည်။

စွန်းထျန်းယိုက အသံထွက်၍ ရယ်မောလိုက်သည်။ ထို့နောက် သူက ဖေးလော့ထျန်းကို စိုက်ကြည့်ရင်း သူက ပြန်ဖြေလိုက်၏။

"မင်းက ငါ့ကို မေးနေတာလား... တကယ်တော့ မင်းရဲ့ အထောက်အထားကို သံသယဖြစ်နေတာက ငါပါ... ငါ့ရဲ့ဆရာက မိစ္ဆာမျိုးနွယ် တပည့်တွေကို လက်ခံခဲ့တာ အမှန်ပဲ... ဒါပေမဲ့ အရမ်းနည်းတယ်... ဘယ်လိုလုပ် မင်းက အဲ့ဒီထဲက တစ်ယောက် ဖြစ်နေရတာလဲ...ဒါက တိုက်ဆိုင်လွန်းမနေဘူးလား..."

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့သည် အချင်းချင်း သံသယဖြစ်နေကြဆဲပင်။

ဤအရေးကြီးသော အချိန်တွင်...

ရုတ်တရက် နောက်ထပ် အစွမ်းထက်သော အရှိန်အဝါတစ်ခု မိုးကုပ်စက်ဝိုင်းမှ ပျံ့နှံ့လာသည်။

ရှဲ့ထယ်ယန် တခဏမျှ အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်သည်။

မိုးကုပ်စက်ဝိုင်းပေါ်တွင် ခမ်းနားထည်ဝါသော တော်ဝင်ရထားလုံးတစ်ခု ပေါ်လာပြီး သက်တန့်ကဲ့သို့ ရှည်လျားသော ဖဲကြိုးတစ်ခု တွဲလောင်းချထားကာ ကြယ်တံခွန်တစ်ခုအလား မှိုင်းညို့သော ကောင်းကင်ပြင်ကို ဖြတ်သန်းလာသည်။

ထိုရထားလုံးပေါ်တွင် မျက်နှာကို ပိတ်ပါးစလွှမ်းထားသော အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမ၏နောက်တွင် ညှို့ယူဖမ်းစားနိုင်သော ပုံရိပ်ယောင်တစ်ခုသည် အလားတူပင် မျက်စိကျစရာ ဖြစ်နေသည်။

"နောက်ထပ်... နောက်ထပ် တစ်ယောက် ရောက်လာပြန်ပြီ..."

ရှဲ့ထယ်ယန်သည် သူ၏ လျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်သွားသည်။

သူသည် မြင့်မြတ်မီးတောက်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ဤမျှထိများပြားသော မဟာပေါင်းစည်းခြင်း အင်မော်တယ်များကို မြင်တွေ့ရခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

တော်ဝ​င်ရထားလုံးက ကျင်းလင်မြို့သို့ ရောက်ရှိလာသည်။ မူလက မြင့်မြတ်မီးတောက်ဂိုဏ်း၏ တိကျသော တည်နေရာကို မသေချာသော်လည်း ဖေးလော့ထျန်းနှင့် စွန်းထျန်းယိုတို့၏အရှိန်အဝါများကို ခံစားရပြီးနောက် ထိုရထားလုံးသည် ဦးတည်ချက်ကို ပြောင်းလဲလိုက်၏။

မကြာမီမှာပင်....

တော်ဝင်ရထားလုံးသည် ခြံဝင်းအတွင်းသို့ ဆင်းသက်လာပြီး ပျောက်ကွယ်သွားကာ အစေခံမလေး အနည်းငယ်သည် အမျိုးသမီးတစ်ယောက်ကို ခြံရံပြီး သူမ၏နံဘေးပတ်လည်တွင် ပျံဝဲနေကြသည်။

အမျိုးသမီးသည် စွန်းထျန်းယိုနှင့် ဖေးလော့ထျန်းတို့ကို အေးစက်စွာ ကြည့်လိုက်၏။

သူမသည် အနီရောင်ပိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ကျော့ရှင်းသော ခန္ဓာကိုယ်ရှိကာ ပိတ်ပါးစ ခြုံလွှမ်းထားသောကြောင့် သူမ၏မျက်နှာကို မမြင်ရပေ။

သို့သော် သူမထံ၌ မြင်နိုင်သော လှပသည့် မျက်လုံးတစ်စုံသည်ပင်လျှင် ညှို့ယူဖမ်းစားနိုင်ဆဲပင်။

"စီနီယာအစ်ကိုစွန်း... မတွေ့ရတာ ကြာပြီနော်... အစ်ကိုလည်း လာမယ်လို့ မထင်ထားဘူး..." အမျိုးသမီးက အရင်ပြောလိုက်သည်။

စွန်းထျန်းယိုက ပခုံးတွန့်ပြီး သူက ပြောလိုက်၏။

"သောက်စရာ အရက်ရှိရင်တော့ ငါက အချိန်ဖြုန်းနေရုံပါပဲ... အခု ဆရာ့သတင်း ရပြီဆိုတော့ ငါ အမြန်ဆုံး လာရမှာပေါ့... မင်းလည်း အတူတူပဲ မဟုတ်လား..."

နံဘေးတွင်ရှိသော ဖေးလော့ထျန်း အံ့အားသင့်သွားသည်။ သူက အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်က သိနေကြတာလား... ဒီမိန်းကလေးက ဘယ်သူလဲ..."

အမျိုးသမီးက ပြန်ဖြေလိုက်သည်။

"အပြာရောင်ဂိုဏ်း တပည့်... ယဲ့ဟုန်ရီ..."

ထိုစကားကို ကြားပြီးနောက် ရှဲ့ထယ်ယန်က အံ့အားသင့်သွားပြီး နံဘေးမှနေ၍ အော်ဟစ်လိုက်၏။

"မင်းက ယဲ့ဟုန်ရီလား... သစ်ရွက်နီမျှော်စင်ရဲ့ မျှော်စင်သခင်လား... မင်း... မင်း... မင်းက မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်လား..."

သစ်ရွက်နီမျှော်စင်သည် အင်အားစုလေးခု၏ စီရင်ပိုင်ခွင့်အောက်ရှိ အင်အားစုတစ်ခု မဟုတ်သော်လည်း...

ထိုအင်အားစု၏အပြုအမူပုံစံမှာ နိုင်လိုမင်းထက်ဆန်ပြီး အဖွဲ့ဝင်များအားလုံးမှာ အမျိုးသမီးများ ဖြစ်သောကြောင့် အလွန်နာမည်ကြီးသည်။

မမျှော်လင့်ဘဲ သစ်ရွက်နီမျှော်စင်၏ မျှော်စင်သခင် ယဲ့ဟုန်ရီသည် အမှန်တကယ်ကို မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်လည်း ဖြစ်နေသည်။

ထို့ပြင် သူမသည်လည်း လုရန်၏တပည့် ဖြစ်ပုံရပေ၏။

ဒီနေရာမှာမရှိတဲ့ ရှောက်ယင်းနဲ့ ပေါင်းလိုက်ရင် အဲ့ဒါက လေးယောက်တောင် ရှိနေပြီလေ...

ယဲ့ဟုန်ရီသည် ရှဲ့ထယ်ယန်ကို တစ်ချက်ကြည့်ပြီး သူ့ကို လျစ်လျူရှုလိုက်ကာ ဖေးလော့ထျန်းကို ကြည့်ပြီး မေးလိုက်သည်။

"စီနီယာအစ်ကိုစွန်း... ဒီလူက မိစ္ဆာမျိုးနွယ်ကလေ... သူက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ... သူက ဆရာ့ကို ပြဿနာလာရှာတာလား..."

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး..."

ဖေးလော့ထျန်းက အလျင်အမြန် လက်ယမ်းပြလိုက်ပြီး ပြောဆိုသည်။

"ငါလည်း အပြာရောင်ဂိုဏ်း တပည့်ပါ..."

အို...

ယဲ့ဟုန်ရီ အနည်းငယ် အံ့အားသင့်သွားသည်။ လုရန်သည် မိစ္ဆာမျိုးနွယ် တပည့်များကို အမှန်တကယ် လက်ခံခဲ့သော်လည်း အလွန်နည်းပါးလှသည်။

ထို့ကြောင့် ကြိုတင် သတ်မှတ်ထားသော အယူအဆများရှိနေသဖြင့် ယဲ့ဟုန်ရီသည်လည်း သံသယဝင်သွားပေ၏။

ဖေးလော့ထျန်း စိုးရိမ်သွားသည်။

ငါ ဘာလုပ်သင့်သလဲ...

ငါ့ရဲ့ အထောက်အထားကို ဘယ်လို သက်သေပြနိုင်မလဲ...

လုရန်သည် သူ၏ တပည့်များကို ပေါ့ပေါ့ဆဆ မသင်ကြားပေးခဲ့ချေ။ တပည့်တစ်ဦးစီ၏ ပါရမီအပေါ် အခြေခံ၍ မတူညီသော ကျင့်စဉ်များကို သူ သင်ကြားပေးခဲ့သည်။

ဓားတာအို ပါရမီရှိသူများကို ဓားနည်းစနစ်များ သင်ကြားပေးသည်။

ဆေဘာဓားကျွမ်းကျင်သူများကို ဆေဘာဓားနည်းစနစ်များ သင်ကြားပေးလေ၏။

လက်သီးအသုံးပြုရသည်အား နှစ်သက်သူများကို လက်သီးနည်းစနစ်များ သင်ကြားပေးသည်။

ထို့ပြင် သူတို့အားလုံးကို ဓားနည်းစနစ်များ သင်ကြားပေးလျှင်ပင် ထိုအရာများသည် မတူညီသော ဓားသိုင်းများ ဖြစ်နိုင်ချေ အလွန်များပြားပြီး အထူးပြုလုပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် တပည့်များသည် သူတို့ ကျင့်ကြံသော ကျင့်စဉ်များမှတစ်ဆင့် အချင်းချင်း၏ အထောက်အထားများကို အကဲမဖြတ်နိုင်ကြချေ။

ရှဲ့ထယ်ယန်သည် နံဘေးမှ မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး ဖေးလော့ထျန်းက သူ၏ အထောက်အထားကို မည်သို့သက်သေပြမည်အား ကြည့်ချင်နေသည်။

ဤအချိန်တွင်....

နောက်ထပ် ရင်းနှီးသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။

ရှဲ့ထယ်ယန် မော့ကြည့်လိုက်ရာ ရှောက်ယင်း၏ ဧရာမ ယောင်မြေခွေးခန္ဓာကိုယ်သည် အဝေးမှ ချဉ်းကပ်လာပြီး ခြံဝင်းအတွင်းသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

သူမ လူသားပုံစံပြောင်းလိုက်ချိန်၌ စုယွဲ့လင်ကိုလည်း သူမက အောက်သို့ ချပေးလိုက်၏။

ယခုအချိန်တွင် စုယွဲ့လင်သည် ထိတ်လန့်နေဆဲပင်။ မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါး၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသည်။

"စီနီယာအစ်မ ရှောက်ယင်း... တကယ်ပဲ အစ်မကိုး..." ရှောက်ယင်းကို မြင်သောအခါ ယဲ့ဟုန်ရီက ဝမ်းသာအားရ ပြောလိုက်ပြီး ချက်ချင်းနှုတ်ဆက်လိုက်သည်။

လျှို့ဝှက်စွာသတိထားနေခဲ့သော စွန်းထျန်းယိုသည် ယခုအချိန်တွင် စိတ်အေးသွားတော့သည်။

သူက ပြောလိုက်သည်။

"ဒါက မင်းပြောတဲ့ တောရိုင်းနယ်မြေ နတ်ဆိုးဘုရင် ရှောက်ယင်းလား... ဒီနေ့ သူ့ကို မြင်ရတာ တကယ့်ကို သူရဲ့ နာမည်နဲ့ လိုက်ဖက်တာပဲ..."

ရှောက်ယင်းသည် စွန်းထျန်းယိုကို တစ်ချက်ကြည့်ပြီးနောက် ယဲ့ဟုန်ရီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

သူမက မေးလိုက်၏။

"ဂျူနီယာညီမလေး... ဒီသူတောင်းစားက ဘယ်ကရောက်လာတာလဲ... သူ့ကို နင် သိလား..."

ထို့နောက် ယဲ့ဟုန်ရီက မိတ်ဆက်ပေးလိုက်သည်။

"စွန်းထျန်းယို... သူလည်း အပြာရောင်ဂိုဏ်း တပည့်ပဲ... ဒါပေမဲ့ အဲ့ဒီမိစ္ဆာမျိုးနွယ်က လူကတော့ မဟုတ်လောက်ဘူး... သူက လူလိမ် ဖြစ်နိုင်တယ်..."

နံဘေးတွင်ရှိသော ဖေးလော့ထျန်း၏မျက်နှာသည် ခါးသက်သော သခွားသီးကဲ့သို့ တွန့်လိမ်သွားသည်။

သူက ရှောက်ယင်းကို အကူအညီမဲ့သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ဤသည်က ရှောက်ယင်းကို တခစ်ခစ် ရယ်မောစေခဲ့သည်။

ထို့နောက် သူမက သူ့ကို မိတ်ဆက်ပေးလိုက်သည်။

"ဖေးလော့ထျန်းက တကယ်ပဲ အပြာရောင်ဂိုဏ်း တပည့်ပါ... သူက နဝမအမှောင်ဘုံမှာပဲ ပုန်းနေရတာ ကြိုက်လို့ပါ... ဒီတစ်ကြိမ် အထက်ဘုံတက်လှမ်းသူများစာရင်းမှာ ဆရာ့ရဲ့နာမည်သာ မပေါ်လာခဲ့ရင် သူ ထွက်လာမှာ မဟုတ်ဘူး..."

ဖေးလော့ထျန်းသည် သူ၏ခေါင်းကို အနေရခက်စွာ ကုတ်ပြီး ပြောလိုက်၏။

"ဒါက တကယ်ပါပဲ... မိစ္ဆာမျိုးနွယ်က အလယ်ပိုင်းဒေသကိုလာဖို့ဆိုတာ သိပ်မလွယ်ဘူးလေ..."

သူ၏ အထောက်အထားကို ရှောက်ယင်းက သက်သေပြပြီးနောက် စွန်းထျန်းယိုနှင့် ယဲ့ဟုန်ရီတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။

တင်းမာနေသော အခြေအနေသည် ဤအတိုင်း ပျောက်ကွယ်သွားတော့သည်။

"ဒါဆို ငါတို့အားလုံးက ညီအစ်ကို မောင်နှမတွေပဲပေါ့..."

"မင်္ဂလာပါ စီနီယာအစ်မ..."

"မင်္ဂလာပါ စီနီယာအစ်ကိုစွန်း..."

"မင်္ဂလာပါ ဂျူနီယာညီမလေး သောက်ကျိုးနည်း..."

"ငါက ဂျူနီယာညီမ ဖြစ်ရမှာ..."

"ဂျူနီယာညီလေးစွန်း..."

"ဂျူနီယာညီမယဲ့..."

"နေဦး... နေဦး... နေဦး... ရှုပ်ကုန်ပြီ... ရှုပ်ကုန်ပြီ... ဒါကို ရှင်းကြရအောင်... ဒါကို ရှင်းကြရအောင်..."

နံဘေးတွင်ရှိသော စုယွဲ့လင်က အားကျစွာ ကြည့်နေခဲ့သည်။ ဤလူများအားလုံးသည် စီနီယာအစ်ကိုများနှင့် စီနီယာအစ်မများ ဖြစ်ကြပြီး သူတို့အားလုံးသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်တွင် ရှိနေကြသည်။

သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်ပေ။

သူတို့ ပွင့်ပွင့်လင်းလင်း စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် ဧရာမရွှေရောင်ဒယ်အိုးကြီးတစ်ခုသည် မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာပေ၏။

သူတို့အုပ်စုက မော့ကြည့်လိုက်ကြသည်။

ဖေးလော့ထျန်းက ပြောလိုက်သည်။

"မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးရဲ့ အရှိန်အဝါ..."

ယဲ့ဟုန်ရီက ပြောဆိုသည်။

"ဘာမှ လန့်နေစရာ မလိုဘူး... အဲ့ဒါက စီနီယာအစ်မ ဟွမ်ဖန်ပါ... သူ့ရဲ့ ဟင်းချက်လက်ရာက အရမ်း အရသာရှိတယ်... သူ့ရဲ့ စားသောက်ဆိုင်ကို ငါ ရောက်ဖူးတယ်..."

ထိုစကားကို ကြားသောအခါ...

သူတို့အားလုံး သက်ပြင်းချလိုက်ကြသော်လည်း ရှဲ့ထယ်ယန်၏ဦးနှောက်မှာမူ အေးခဲကာ ရပ်တန့်သွားခဲ့လေပြီ။

ဒီည ဘယ်နှယောက်တောင် ထပ်လာဦးမှာလဲ...

သူတို့အားလုံးက သောက်ကျိုးနည်း မဟာပေါင်းစည်းခြင်း အင်မော်တယ်တွေပဲလေ...

စားသောက်ဆိုင်ဖွင့်ပြီး ဒယ်အိုးကိုင်တဲ့သူတောင် သောက်ကျိုးနည်း မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ယောက် ဖြစ်နေတယ်လား...

သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။

"ဘိုးဘေးချင်းရွှမ်... ဒီကိစ္စအတွက်တော့ ခင်ဗျားဘာသာ ခင်ဗျားပဲ ကြည့်ရှင်းတော့... ကျွန်တော်က ခင်ဗျားကို ဒုက္ခပေးချင်လို့ မဟုတ်ပါဘူး... ဒီအပြာရောင်ဂိုဏ်းက... နည်းနည်းလွန်ကဲနေလို့ပါ..."

All Chapters