အခန်း ၃၇
Vol. 4 Ch. 37
အခန်း ၃၇: သူ တကယ်ကြီး မသေနိုင်ဘူးလား
ယဲ့ဟုန်ရီက အသစ်ရောက်လာသော ဟွမ်ဖန်ကို သိကျွမ်းနေသည်။
ထို့ကြောင့် သူတို့အချင်းချင်း လျှင်မြန်စွာ ရင်းနှီးသွားကြ၏။
"စီနီယာအစ်မ ဟွမ်ဖန်... အစ်မရဲ့ စားသောက်ဆိုင်ကို ကျွန်မ မလာဖြစ်တာတောင် ကြာပြီ... ဒီနေရာမှာ အစ်မနဲ့ ဆုံရမယ်လို့ မထင်ထားဘူး..."
ယဲ့ဟုန်ရီက သူမကို ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။
"ဟီး ဟီး... စားသောက်ဆိုင်က လောလောဆယ် ပိတ်ထားတယ်... အဲ့ဒါက ပိုက်ဆံရှာဖို့ တကယ်လုပ်တာမှ မဟုတ်တာ... ငါ့ရဲ့လက်ရာ မပျက်သွားချင်လို့ရယ်... ပြီးတော့ ဆရာက ငါ ချက်တဲ့ ဟင်းတွေကို ကြိုက်လို့ပါ..."
ဟွမ်ဖန်က သူမ၏ဒယ်အိုးကို ကိုင်ကာ တခစ်ခစ် ရယ်မောပြီး ပြောလိုက်သည်။
ဤဒယ်အိုးသည် သာမန်အရာ မဟုတ်ပေ။ ဤသည်မှာ စိတ်ဝိညာဉ်ရတနာတစ်ခုပင်။
သူတို့၏နံဘေးတွင် ရှဲ့ထယ်ယန်သည် သူ၏ရှေ့ရှိ လူများကို ကြည့်နေသည်။
ရှောက်ယင်းက အုပ်စုကို ဦးဆောင်နေပြီး ဖေးလော့ထျန်း၊ ယဲ့ဟုန်ရီ၊ စွန်းထျန်းယိုနှင့် ဟွမ်ဖန်တို့က သူမ၏နံဘေးတွင် ရှိနေကြ၏။
မဟာပေါင်းစည်းခြင်း အင်မော်တယ်ငါးယောက်....
အချိန်သည် စောနေဆဲပင်။ ရှဲ့ထယ်ယန် သတင်းဖြန့်လိုက်သည်မှာ တစ်ရက်ကျော်ကျော်မျှသာ ရှိသေးသော်လည်း မဟာပေါင်းစည်းခြင်း အင်မော်တယ် ငါးယောက် ရောက်ရှိလာလေပြီ။
တာအိုဆွေးနွေးပွဲ မတိုင်မီ နှစ်ရက် လိုသေးရာ နောက်ထပ် မည်မျှ ထပ်ရောက်လာမည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
ထို့ပြင်...
အပြာရောင်ဂိုဏ်း၏ ကြီးမားလှသော အတိုင်းအတာအရ ဤမျှဖြင့် မည်သို့ အဆုံးသတ်သွားမည်နည်း...
ယခုထက် ပို၍များပြားသော လူများ ရောက်မလာသေးသည်မှာ သတင်း မပျံ့နှံ့သေးသောကြောင့်သာ ဖြစ်ပေမည်။
ဤမဟာပေါင်းစည်းခြင်း အင်မော်တယ်ငါးယောက် ရှိနေပြီဖြစ်ရာ ချင်းရွှမ်ဘိုးဘေး မည်သည့်အရာအား ရင်ဆိုင်ရမည်ကိုသိရန် များစွာတွေးတောနေရန် မလိုတော့ပေ။
ငါးယောက်နှင့် တစ်ယောက်ဖြစ်သဖြင့် သူ မည်သို့ တိုက်ခိုက်မည်နည်း...
ထို့ပြင် ဤလူငါးယောက်ထက် များစွာပိုလာနိုင်သေးသည်။
အဖြစ်မှန်များက ဤသည်မှာ မှန်ကန်ကြောင်း သက်သေပြနေပေ၏။
ထိုညနေခင်းတွင်....
အပြာရောင်ဂိုဏ်းတပည့် လျှောင်ထျန်းဟောက်...
အပြာရောင်ဂိုဏ်းတပည့် ရွှီချန်ချန် ..
အပြာရောင်ဂိုဏ်းတပည့် ကျန်းပိုယန်...
နောက်ထပ် မဟာပေါင်းစည်းခြင်းအင်မော်တယ်သုံးဦး နောက်ကျမှ ရောက်လာခဲ့သည်။
ဤသို့ဖြင့် မဟာပေါင်းစည်းခြင်းအင်မော်တယ်ရှစ်ဦး စုဝေးမိသွားလေပြီ။
ရွှေအင်မော်တယ် ဆယ်ယောက်ကျော်ပင် ထွက်ပေါ်လာပြီး အပြာရောင်ဂိုဏ်း တပည့်များဖြစ်ကြောင်း ဆိုကြ၏။
စုယွဲ့လင်သည် လူတချို့ကို မှတ်မိသော်လည်း တချို့ကိုမူ မမှတ်မိပေ။
သို့သော် သူတို့တစ်ဦးစီသည် သူတို့ အထက်ဘုံသို့ တက်လှမ်းချိန်က လုရန် ပေးအပ်ခဲ့သော မှော်ရတနာများကို ထုတ်ပြကြသည်။
ဤပစ္စည်းများတွင် လုရန်ကိုယ်တိုင် ထွင်းထုထားသော ဝင်္ကပါများနှင့် အမှတ်အသားများ ပါရှိသဖြင့် သူတို့၏အထောက်အထားများကို ချက်ချင်း သက်သေပြနိုင်ခဲ့ပေ၏။
ဤသည်မှာ ပထမနေ့မျှသာ ရှိသေးသည်။
ရှဲ့ထယ်ယန် အံ့အားသင့်သွားသည်။
စိတ်ဝိညာဉ်နယ်မြေတွင် အပြာရောင်ဂိုဏ်း၏ အတိုင်းအတာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည်ဟု အမြဲတစေ ကောလာဟလ ရှိခဲ့သော်လည်း သူသည် ထိုကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းသောအယူအဆမျိုး တစ်ခါမျှ မရှိခဲ့ပေ။
ယခု၌မူ သူ၏အတွေးများ များစွာပို၍ ရှင်းလင်းသွားလေပြီ။
အင်အားစုလေးခုက ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ မိုင်တစ်သောင်း အကွာအဝေးအတွင်း၌ပင် မဟာပေါင်းစည်းခြင်း အင်မော်တယ်များ ဤမျှထိ များပြားနေသလော...
ရွှေအင်မော်တယ်များ အလွန်များပြားနေပြီး ယခုထိ ရောက်မလာသေးသော အဆင့်မြင့် အင်မော်တယ်များနှင့် အစစ်အမှန်အင်မော်တယ်များစွာ ရှိနေသေးသလော...
အပြာရောင်ဂိုဏ်း တပည့်များ စီစဉ်ထားသည့်အတိုင်း ပြည်နယ်ကိုးခုတစ်ခွင်တွင် မျိုးစေ့များ ကြဲချထားခြင်းမှာ အမှန်တကယ်ပင်။
"ငါတို့ ညီအစ်ကို မောင်နှမတွေထဲမှာ မဟာပေါင်းစည်းခြင်း အင်မော်တယ် ရှစ်ယောက်တောင် ရှိနေပြီဆိုမှတော့ ဘာလို့ သူတို့ဂိုဏ်းတံခါးတွေကို တိုက်ခိုက်ပြီး အဲ့ဒီချင်းရွှမ်ဘိုးဘေးကို သွားမသတ်ကြတာလဲ..."
ဟွမ်ဖန်က သူမ၏လက်ထဲရှိ ရွှေရောင် ဒယ်အိုးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
စိတ်ဝိညာဉ်ရတနာများကို သိမ်းဆည်းထားနိုင်သော်လည်း ဟွမ်ဖန်သည် ထိုအရာကို ကျင့်သားရနေပြီး သူမ၏လက်ထဲတွင် မကြာခဏ ကိုင်ဆောင်ထားတတ်သည်။
"မလုပ်ရဘူး..."
ရှောက်ယင်းက ချက်ချင်းခေါင်းခါယမ်းလိုက်၏။
ထို့နောက် လူတိုင်းကို ကြည့်ကာ သူမက ပြောဆိုသည်။
"ချင်းရွှမ်ဘိုးဘေး သေရမယ်... ဒါပေမဲ့ သူ့ကို ခိုးကြောင်ခိုးဝှက် သတ်လို့မရဘူး... အဲ့ဒါက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး..."
ဤသည်က တာအိုဆွေးနွေးပွဲနေ့ ဖြစ်ရပေမည်။
မိုင်တစ်သောင်းအတွင်းရှိ အဓိကဂိုဏ်းများနှင့် အင်အားစုများအားလုံး ရောက်ရှိနေချိန်တွင်...
သူတို့သည် အပြာရောင်ဂိုဏ်းဝင်များအဖြစ် ချင်းရွှမ် ဘိုးဘေးကို နေရာတွင်ပင် ဖိနှိပ်သတ်ဖြတ်ပြီး အပြာရောင်ဂိုဏ်း၏အခြေခံအုတ်မြစ်ကို တစ်ချက်တည်းဖြင့် တည်ထောင်ရပေမည်။
ဤသည်မှာ အရေးအကြီးဆုံးကိစ္စပင်။
"ဒါပေမဲ့ ငါတို့ရောက်လာတာက တော်တော်လေး ဆူညံသွားတယ်လေ... တကယ်လို့ ချင်းရွှမ်ဘိုးဘေးက သတင်းရသွားပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ..."
စွန်းထျန်းယိုသည် မမေးဘဲ မနေနိုင်တော့ပေ။
"အဲ့ဒီအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ... နင်တို့ကိုပေါ့... နင်တို့ လာတာက ပြဿနာမရှိဘူး... ဒါပေမဲ့ နင်တို့ရဲ့ တာလော့ ဓမ္မပုံရိပ်ယောင်တွေကို ပြဖို့ တကယ်ကြီး လိုလို့လား... အဲ့ဒါက လိုအပ်လို့လား..."
ရှောက်ယင်းက အခြားသူများကို စိုက်ကြည့်လိုက်သည်။
စွန်းထျန်းယိုက သူ၏ခေါင်းကို အနေရခက်စွာ ကုတ်လိုက်ပြီး သူက ပြောဆိုသည်။
"ငါတို့က ဆရာ့သတင်း ရရချင်း အများကြီး မစဉ်းစားမိလိုက်ဘူးလေ... အမြန်ဆုံး သွားနေတုန်းမှာ ဓမ္မပုံရိပ်ယောင်တွေကို တမင်တကာ ဖိနှိပ်ထားရင် ငါတို့ရဲ့ အရှိန်ကို ထိခိုက်မှာပေါ့... ငါတို့က လောနေလို့ပါ..."
တခြားသူများသည်လည်း အလားတူပင် ခံစားခဲ့ရသည်။
"လူတိုင်း စိတ်မပူပါနဲ့... ကျောက်စိမ်းနဂါး တောင်ကြားတစ်ဝိုက်မှာ မိစ္ဆာစစ်ဗိုလ်ချုပ်တွေကို ကျွန်တော် စီစဉ်ထားပြီးပြီ... သတင်းပို့ဖို့ ကြိုးစားတဲ့ ချင်းရွှမ်ဂိုဏ်း တပည့်တိုင်းကို ကျွန်တော် ကြားဖြတ်ဖမ်းဆီးပြီး သတ်ပစ်ခဲ့ပြီးပြီ..."
ဖေးလော့ထျန်းက နံဘေးမှ ဝင်ပြောလိုက်သည်။
အို...
လူများအားလုံး ဖေးလော့ထျန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
"ဂျူနီယာညီလေး... မင်းက တကယ်ကို ထက်မြက်တာပဲ..."
"စီနီယာအစ်ကိုသောက်ကျိုးနည်း... အစ်ကိုက တော်တော်အမြော်အမြင် ကြီးတာပဲ..."
"ဟေ့... နင် ဘယ်နှစ်တုန်းက အထက်ဘုံကို တက်လှမ်းခဲ့တာလို့ ပြောလိုက်တာလဲ... ငါက နင့်ရဲ့ စီနီယာအစ်မလား၊ ဂျူနီယာညီမလား..."
...
ရှောက်ယင်းက သူတို့အားလုံးကို အပြုံးနှင့် ကြည့်နေသည်။
သူမသည် လူမှုဆက်ဆံရေး မကောင်းသလို အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်မရှည်ချေ။
အထူးသဖြင့် လူသားမျိုးနွယ်ကိုပင်။
သို့သော် သူမ၏ဂိုဏ်းတူမောင်နှမများနှင့် အတူရှိနေချိန်တွင် ခံစားချက်မှာ လုံးဝကွာခြားသည်။
လူတိုင်းသည် တူညီသော ဆရာတစ်ဦးတည်း ရှိကြရာ မိသားစုနှင့်အတူရှိနေသကဲ့သို့ အစစ်အမှန် ညီအစ်ကို မောင်နှမများနှင့် အတူရှိနေသကဲ့သို့ ဖြစ်နေသည်။
"ကောင်းပြီ... လော့ထျန်းက အစီအစဉ်တွေ လုပ်ထားပြီးပြီဆိုတော့ တာအိုဆွေးနွေးပွဲ စတင်ဖို့ကို တိတ်တိတ်လေး စောင့်နေကြတာပေါ့... ဒီနှစ်ရက်အတွင်း ငါတို့ရဲ့ဂိုဏ်းတူမောင်နှမတွေ ထပ်ရောက်လာလောက်တယ်... ငါတို့က သူတို့ကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်နေရမယ်..."
ရှောက်ယင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
...
နောက်တစ်နေ့၌...
လုရန်က ထုံးစံအတိုင်း နောက်ကျမှ ထသည်။ သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏နံဘေး၌ မျက်လုံးအပြူးသားဖြင့် သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသော ခေါင်းသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
"ပေါင်အာ... မအိပ်ဘူးလား..."
လုရန်က သမ်းဝေကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အိပ်တယ်..."
ပေါင်အာ အံ့အားသင့်သွားပြီး ခေါင်းခါယမ်းလိုက်၏။
"ကျွန်မ မအိပ်ဘူး... ကျင့်ကြံရင် လုံလောက်ပြီ..."
လုရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး သူက ပြောလိုက်သည်။
"မင်းလည်း ကျင့်ကြံတာလား... မင်းက..."
လုရန် စကားကို အဆုံးမသတ်ခဲ့ပေ။ လီမျိုးနွယ်ဝင်များသည် အသက်ဆယ့်ရှစ်နှစ်တွင် သေရမည့် ကံကြမ္မာရှိပြီး မသေမီကပင် အင်မော်တယ်များ ဖြစ်နေကြပြီဖြစ်ရာ ကျင့်ကြံခြင်းက ဘာအဓိပ္ပာယ် ရှိသနည်း။
လင်းပေါင်အာက ဤသည်ကို သဘာဝကျသည့်အရာတစ်ခုကဲ့သို့ ပြောလိုက်၏။
"သေချာတာပေါ့ ကျွန်မ ကျင့်ကြံရမှာပေါ့... ကျင့်ကြံခြင်းက စွမ်းအင်ကို မြန်မြန်ပြန်ပြီးပြည့်ဖြိုးစေတယ်လေ... ကျွန်မတို့ လီမျိုးနွယ်ဝင်တွေက အချိန်သိပ်မရှိတော့ အိပ်တာက အချိန်ဖြုန်းလွန်းရာ ကျတယ်... အမေက ကျွန်မကို သင်ပေးခဲ့တာ..."
ထိုစကားကို ကြားသောအခါ လုရန်၏အိပ်ချင်စိတ် ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ကျင့်ကြံသူများကြားတွင် မသေမီ ကျန်ရှိနေသော အချိန်တိုလေးကို တန်ဖိုးထားရန်အတွက်သာ ကျင့်ကြံမည့်သူများ ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"လက်ဆန့်လိုက်..."
လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်၏။
ပေါင်အာသည် ဇဝေဇဝါဖြင့် သူမ၏ လက်သေးသေးလေးကို လုရန်ဆီသို့ ဆန့်တန်းပေးလိုက်သည်။
လုရန်က ထိုလက်ကို ကိုင်လိုက်ရာ သူ၏ စိတ်ဝိညာဉ်စွမ်းအား ပြောင်းလဲသည့် အမြန်နှုန်း ရုတ်တရက် မြင့်တက်သွားသည်ကို ခံစားလိုက်ရသည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် ချက်ချင်းပြန့်ကျဲသွားပေ၏။
လီမျိုးနွယ်ဝင်များ ကြုံတွေ့နေရသည့် ဤကျိန်စာသင့်ကံကြမ္မာ၏ မူလအကြောင်းရင်းကို ရှာဖွေရန် ကြိုးပမ်းသည့်အနေဖြင့် သူ၏ အမြင့်ဆုံးအဆင့် ပါရမီများကို အသုံးပြု၍ ပြည့်စုံသော စစ်ဆေးမှုတစ်ခု ပြုလုပ်ရန်နှင့် လင်းပေါင်အာ၏ ခန္ဓာကိုယ်အခြေအနေကို အတွင်းပိုင်း စစ်ဆေးရန် သူ ဆန္ဒရှိသည်။
သို့သော် ချက်ချင်းဆိုသလိုပင် လုရန် တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် လင်းပေါင်အာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်၍ မရနိုင်ပေ။
မည်သည့်ထောင့်မှဖြစ်စေ မည်သည့်ဦးတည်ချက်မှဖြစ်စေ...
လင်းပေါင်အာ၏ ခန္ဓာကိုယ်သည် ထိုးဖောက်မရနိုင်သော အထူးပစ္စည်းတစ်ခုခုဖြင့် ဖန်တီးထားသကဲ့သို့ သူ ခံစားမိလေ၏။
"ဟင်..."
ဤသည်မှာ လုရန် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းပင်။
လင်းပေါင်အာသည် ရွှေအမြုတေနယ်ပယ်တွင်သာ ရှိသေးပြီး လုရန်သည် သူမ၏နယ်ပယ်ကို ရှင်းလင်းစွာ ခံစားနိုင်သော်လည်း သူ၏စိတ်နတ်ဘုရားအာရုံဖြင့် သူမ၏ခန္ဓာကိုယ်ကို စူးစမ်း၍ မရနိုင်ချေ။
"ထူးဆန်းတယ်..."
လုရန်သည် ဤကိစ္စကို ယုံကြည်လက်ခံလိုခြင်း မရှိချေ။
သူသည် သူ၏လက်ဝါးထဲသို့ စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းကာ ဖြည်းညှင်းစွာ လှည့်ပတ်လိုက်သည်။
သူတို့၏ဆက်ထားသော လက်များကြားရှိ နေရာသည် တောက်ပလာပြီး ဖိအားလှိုင်းများ စတင်၍ မြင့်တက်လာပေ၏။
ဤဖြစ်စဉ်အတွင်း လုရန်က လင်းပေါင်အာ၏ တုံ့ပြန်မှုကိုလည်း တစ်ခါတစ်ရံ စောင့်ကြည့်နေသည်။
ရလဒ်အနေဖြင့် လုရန် လှည့်ပတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအားသည် သတ္တုကို အက်ကွဲစေနိုင်ပြီး ကျောက်တုံးများကို ခွဲနိုင်ကာ အစစ်အမှန် အင်မော်တယ်တစ်ဦး၏ သွေးကြောများကို ဖျက်ဆီးပစ်နိုင်လောက်သော အဆင့်သို့ ရောက်ရှိသွားသော်လည်း ဤသည်က လင်းပေါင်အာ၏ လက်သေးသေးလေးပေါ်ရှိ အရေပြားကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ချေ။
လင်းပေါင်အာသည် အမှန်တကယ်ပင် မည်သည့်အရာကိုမျှ မခံစားရပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သူမ၏ မျက်နှာလေးကို မော့ကာ လုရန်ကို ချိုမြိန်စွာ ကြည့်နေသည်။
သို့သော် ဤအခြေအနေများအောက်တွင် လုရန်သည် လင်းပေါင်အာ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေး၍ မရနိုင်သေးချေ။
သူ၏ ကျင့်ကြံခြင်း နယ်ပယ်က မလုံလောက်၍လား သို့မဟုတ် သူ၏ နည်းလမ်း မှားယွင်းနေ၍လား ဆိုသည်ကို သူ မသိပေ။
လုရန် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဤအထူးရုပ်ခန္ဓာကိုယ်နှင့် ပတ်သက်၍လည်း သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
သူ မော့ကြည့်ကာ ခေါ်လိုက်၏။
"ပေါင်အာ..."
ပေါင်အာက ပို၍နီးကပ်စွာ တိုးလာပြီး ထူးလိုက်သည်။
"ရှင်...."
ဘုန်း...
လုရန်က လက်သီးဖြင့် ထိုးလိုက်သည်။
ပေါင်အာ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် အမြောက်ဆံတစ်ခုကဲ့သို့ လွင့်စင်သွားပြီး ခန်းမဆောင်၏ ကျောက်နံရံကို ဖောက်ထွက်သွားတော့သည်။
သူမသည် လျော့ကျမသွားသော အရှိန်ဖြင့် တောင်စောင်းတွင် မြုပ်ဝင်သွားပြီး ကြီးမားသော လူပုံစံတွင်းနက်ကြီးတစ်ခု ဖြစ်သွားပေ၏။
"အား... အစ်ကိုကြီး... ဘာလုပ်တာလဲ..."
လင်းပေါင်အာသည် တွင်းထဲမှ တွားသွားထွက်လာပြီး သူမ၏နောက်သို့ လိုက်လာသော လုရန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"သောက်ကျိုးနည်း... တကယ်ကြီးပဲ... သူ ဘာမှမဖြစ်ဘူး..."
လုရန်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
သူ၏ စိတ်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းချက်တစ်ခု ရှိသဖြင့် သူ အင်အားလျှော့ထားခဲ့သော်လည်း ဤလက်သီးချက်သည် အစစ်အမှန် အင်မော်တယ်တစ်ဦးကို ဖိနှိပ်သတ်ဖြတ်ရန် လုံလောက်သည်။
ထိုသို့ဆိုသည့်တိုင် လင်းပေါင်အာသည် ဖုန်အနည်းငယ် ပေသွားရုံမျှသာ ဖြစ်ပေ၏။
ထိုသို့ပြောပြီးနောက် လင်းပေါင်အာသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေဆဲဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။
ထို့ကြောင့် သူက ပြောဆိုသည်။
"အဟမ်း... အဟမ်း... ငါက စမ်းသပ်ကြည့်ရုံပါ... မင်းက တအားကပ်စေးနည်းတာပဲ... လာ... သွားကြစို့... အရသာရှိတာ သွားစားရအောင်... ပြီးရင် ငါတို့ သွားကြမယ်..."
အစားအသောက်အကြောင်း ကြားသောအခါ ပေါင်အာ ချက်ချင်းစိတ်ဝင်စားသွားသည်။
ထိုလက်သီးချက်ကို သူမ မေ့သွားပြီဖြစ်သည့်အလား လုရန်၏နံဘေးတွင် ပျော်ရွှင်စွာ လိုက်ပါလာခဲ့သည်။
တောင်ပေါ်လမ်းတွင် သူတို့နှစ်ဦး အချင်းချင်း ရန်ဖြစ်နေသံများကို ကြားနိုင်ပေ၏။
"မျက်နှာကို သုတ်လိုက်... ဘယ်လောက် ညစ်ပတ်နေလဲဆိုတာ ကြည့်ဦး..."
"အဲ့ဒါက အစ်ကိုကြီး ကျွန်မကို ရိုက်လို့လေ..."
"ငါက စမ်းသပ်တာပါလို့ ပြောပြီးပြီလေ..."
"နောက်ဆို ကျွန်မကို မရိုက်ရဘူးနော်..."
"ကောင်းပြီ... မရိုက်တော့ဘူး... ဒါပေမဲ့ မင်းက မသေနိုင်ဘူးဆိုရင် ခုဏက ဆေးလုံးခိုးလို့ ငါ လိုက်ဖမ်းတုန်းက ဘာလို့ ပြေးတာလဲ..."
"ကျွန်မက မသေနိုင်ရင်တောင်မှ အရိုက်ခံရတာကို မကြိုက်ဘူးလေ..."