← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈: အင်မော်တယ်ကံကြမ္မာ ခရမ်းရောင်စံအိမ်

အစားအသောက်များကို အဝစားသောက်ပြီးနောက် လုရန်သည် ကုဟိုင်ထံမှ မြေပုံတစ်ခုကို တောင်းယူကာ မိုးကြိုးမီးရထားလုံးကို ဆင့်ခေါ်ပြီး လင်းပေါင်အာနှင့်အတူ ကောင်းကင်သို့ ပျံသန်းသွားတော့သည်။

လမ်းတလျှောက်လုံး လင်းပေါင်အာက သိချင်စိတ်ဖြင့် အောက်သို့ငုံ့ကြည့်နေခဲ့သည်။

တိမ်များနှင့် မြူများ လှည့်ပတ်ဖြတ်သန်းသွားပေ၏။

ပေါင်အာ၏ ဆံပင်ရှည်များသည် သူမ၏ခေါင်းနောက်တွင် လေနှင့်အတူ လူးလွန့်နေသည်။ သူမသည် လက်များကိုဆန့်ထုတ်ကာ တခစ်ခစ် ရယ်မောနေပြီး သူမ၏ ငွေခေါင်းလောင်းလေးကဲ့သို့ ကြည်လင်သော ရယ်မောသံက ကောင်းကင်ဘုံကိုးထပ်အထက်တွင် ပဲ့တင်ထပ်နေသည်။

လုရန် အကြမ်းဖျင်း နားလည်လိုက်၏။

လင်းပေါင်အာသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မပျံသန်းဖူးချေ။

သူမသည် ရွှေအမြုတေနယ်ပယ်တွင်သာ ရှိသေးပြီး သူမကိုယ်တိုင် မပျံသန်းနိုင်ပေ။

ထို့ပြင် မည်သူမျှ သူမအနား ချဉ်းကပ်ရန် သို့မဟုတ် သူမ၏သူငယ်ချင်းဖြစ်ရန် ဆန္ဒမရှိကြပေ။

လင်းပေါင်အာ ပြောခဲ့သည့်အတိုင်း သူမ၏ မိခင် သေဆုံးသွားပြီးနောက် သူမသည် အမြဲတမ်း အထီးကျန်နေခဲ့ပေ၏။

ဒုတိယနေ့သာ ရှိသေးသောကြောင့် လုရန် မလောပေ။ သူသည် မိုးကြိုးမီးရထားလုံးကို မောင်းနှင်ကာ လေထဲတွင် လှည့်ပတ်ပျံသန်းရင်း အလွန်ပျော်ရွှင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်....

လုရန်က သူ၏ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

"တက်ရောက်စာရင်းသွင်းမယ်..."

စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိပြီးနောက် တက်ရောက်စာရင်းသွင်းခြင်းအပေါ် သူ၏စိတ်ဝင်စားမှုများ ပြန်လည်နိုးကြားလာခဲ့သည်။ အောက်ဘုံတွင် ဖြစ်ခဲ့သကဲ့သို့ ပျင်းစရာကောင်းပြီး ထုံကျင်နေခြင်း မရှိတော့ပေ။

ဒင်...

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်】

【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေပါသည်..】

【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ကျင့်ကြံခြင်း ဆုလာဘ် ၁၀ ဆ ရရှိပါသည်】

【အိမ်ရှင်အား ဂုဏ်ပြုပါသည်... မွေးရာပါ ရှေးဟောင်းရတနာဖြစ်သော ယင်စစ်သည် ကျားတံဆိပ်ကို ရရှိပါသည်။】

【အိမ်ရှင်အား ဂုဏ်ပြုပါသည်....ဆုလာဘ်အနေဖြင့်ခရမ်းစံအိမ် တံဆိပ်ပြားတစ်ခု ရရှိပါသည်】

ဟင်...

လုရန် အံ့အားသင့်သွားသည်။ နောက်ထပ် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်နေသလော...

'ငါ အထက်ဘုံကို တက်လှမ်းလာတာ သိပ်မကြာသေးဘူး... အမြင့်ဆုံးရမှတ် သုံးခါတောင် ဖြစ်ခဲ့ပြီပဲ... ငါ့ရဲ့ ခန့်မှန်းချက်က မှန်ဖို့များတယ်... စိတ်ဝိညာဉ်နယ်မြေထဲမှာ တက်ရောက်စာရင်းသွင်းတဲ့အချိန်မှာ အမြင့်ဆုံးရမှတ် ဖြစ်နိုင်ခြေက အောက်ဘုံထက် အများကြီး ပိုများတယ်...'

လုရန်က တီးတိုးရေရွတ်လိုက်သည်။

ဤအမြင့်ဆုံးရမှတ်သုံးကြိမ်လုံးသည် ကံကောင်းခြင်း သက်သက်သာ ဆိုလျှင်မူ...

ထိုကံတရားမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို အံ့တုနေပေ၏။

အောက်ဘုံရှိ နှစ်တစ်သိန်းအတွင်း၌ ရက်ပေါင်းသန်းသုံးဆယ်ကျော် ရှိခဲ့သော်လည်း သူ့ထံတွင် ဤကဲ့သို့ မကြာခဏ တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်များ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။

"ပေါင်အာ... မြဲမြဲကိုင်ထား... ပြုတ်မကျစေနဲ့နော်..."

လုရန်က လင်းပေါင်အာကို သတိပေးလိုက်သည်။

ထို့နောက် သူသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဤတက်ရောက်စာရင်းသွင်းခြင်း ဆုလာဘ်ကို စိတ်လှုပ်ရှားစွာ စတင်၍ လေ့လာတော့သည်။

ဤသည်မှာ အမြင့်ဆုံးရမှတ်မှ ရရှိခြင်း ဖြစ်သောကြောင့် သာမန်ပစ္စည်း လုံးဝမဖြစ်နိုင်ချေ။

ပထမတစ်ခုသည် မွေးရာပါ ရှေးဟောင်းရတနာပင်။ မွေးရာပါ ရှေးဟောင်းရတနာများသည် မည်မျှထိ အဖိုးတန်ကြောင်း စုယွဲ့လင်ထံမှ သူ သိရှိခဲ့ပြီး ဖြစ်သည်။

ဤသည်မှာ လက်တဖဝါးအရွယ်အစားရှိသော ကျားတံဆိပ်ပြားတစ်ခုပင်။

လုရန်က ကျားတံဆိပ်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သိထားသည်။ ထိုအရာသည် အမိန့်များပေးပို့ရန်နှင့် တပ်များနေရာချထားရန် အသုံးပြုသော စစ်တပ်အမိန့်ပြားတစ်ခုပင်။

ထိုအရာကို ကျားတစ်ကောင်ပုံစံ ပြုလုပ်ထားပြီး ဘေးနှစ်ဖက်စလုံးတွင် ကမ္ပည်းစာများ ထွင်းထုထားသည်။

သို့သော် ဤကျားတံဆိပ်သည် လုရန် သိသော ကျားတံဆိပ်များနှင့် ရှင်းလင်းစွာ ကွာခြားနေသည်။

ဤကျားတံဆိပ်မှာ အနက်ရောင် ဖြစ်နေပေ၏။

မရဏကမ္ဘာ၏ ထူးခြားသော ယင်သရဲချီ၏အရှိန်အဝါ ထိုအရာထံမှ ထွက်ပေါ်နေသည်ကို သူ ရှင်းလင်းစွာ ခံစားနိုင်သည်။

"ယင်စစ်သည် ကျားတံဆိပ်... ဒါ ယင်စစ်သည်တွေကို အမိန့်ပေးဖို့ သုံးတာ မဟုတ်လား..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

အမှန်တကယ်ကိုလည်း ထိုသို့ပင် ဖြစ်နေသည်။

【ယင်စစ်သည် ကျားတံဆိပ်...ဤတံဆိပ်ကို ကိုင်ဆောင်ခြင်းဖြင့် မရဏကမ္ဘာသို့ လမ်းကြောင်းတစ်ခုကို အချိန်မရွေး ဖွင့်လှစ်နိုင်ပြီး တိုက်ပွဲတွင် ပါဝင်ရန် ယင်စစ်သည်တစ်သန်းကို စေလွှတ်နိုင်သည်】

"သောက်ကျိုးနည်း... အရမ်းမိုက်တာပဲ..."

လုရန် အံ့အားသင့်သွားသည်။

ပစ္စည်းနှစ်ခုလုံးမှာ မွေးရာပါ ရှေးဟောင်းရတနာများ ဖြစ်ကြသော်လည်း ဤအရာက ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ထက် များစွာပို၍ တိုက်ရိုက်ဆန်သည်။

ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ပို၍အစွမ်းထက်သော်လည်း လုရန်၏လက်ရှိ နယ်ပယ်နှင့်စွမ်းအားဖြင့် သူသည် ထိုအရာ၏အစွမ်းအပြည့်အဝကို လုံးဝထုတ်မသုံးနိုင်ပေ။

သို့သော် ဤယင်စစ်သည် ကျားတံဆိပ်သည် စွမ်းဆောင်ရည်ရှိသော ရှေးဟောင်းရတနာတစ်ခုဖြစ်ပြီး ထိုအရာကို သူ ယခုချက်ချင်း အသုံးပြုနိုင်သည်။

သူ တွေးတောကြည့်လိုက်ရာ မရဏကမ္ဘာ လမ်းကြောင်း ပွင့်လာပြီး ယင်စစ်သည် တစ်သန်းက ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုဖြင့် ချီတက်လာမည်ကို မြင်ယောင်မိသည်။ တခြားမည်သည့်အရာမျှမရှိလျှင်ပင် အနည်းဆုံးထိုမြင်ကွင်းမှာ အလွန် ခမ်းနားနေမည်မှာ သေချာပေါက်ပင်။

"ပစ္စည်းကောင်းပဲ... မဆိုးဘူး... ငါ အားတဲ့အချိန်ကျရင် သူတို့ကို ဆင့်ခေါ်ပြီး ကစားရမယ်..."

လုရန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ဒုတိယဆုလာဘ်ကို ကြည့်လိုက်၏။

ခရမ်းစံအိမ် တံဆိပ်ပြား....

ထိုအရာကို တံဆိပ်ပြားဟု ခေါ်သော်လည်း အသွင်အပြင်မှာ ဂိုဏ်းတစ်ဂိုဏ်း၏ ပြီးပြည့်စုံသော ပုံစံငယ်နှင့် တူညီသည်။

အင်မော်တယ် တောင်တစ်တောင်၊မြင့်မားသော တောင်များနှင့် စီးဆင်းနေသော ရေများ....

ထိုအရာပေါ်တွင် ပြန့်ကျဲနေသော အဆောက်အအုံများ ရှိပြီး တိမ်များနှင့်မြူများ လှည့်ပတ်နေကာ ငှက်များနှင့် သားရဲအချို့ အရှေ့အနောက် သွားလာနေသည်ကိုပင် မြင်တွေ့နိုင်သည်။

အရာအားလုံးက အသေးစား ပုံစံငယ် ဖြစ်နေခြင်းမျှသာ ဖြစ်ပေ၏။

ထိုအရာကို ကြည့်ရသည်မှာ အလွန်မှော်ဆန်နေသည်။

【ခရမ်းစံအိမ် တံဆိပ်ပြား...မည်သည့်နေရာကိုမဆို ဗဟိုအဖြစ် ရွေးချယ်နိုင်ပြီး လီသုံးထောင် အကွာအဝေးကို အင်မော်တယ်ကံကြမ္မာ ခရမ်းရောင်စံအိမ်အဖြစ် သတ်မှတ်နိုင်သည်...ခရမ်းရောင်စံအိမ် အကွာအဝေးအတွင်းရှိ ဤဂိုဏ်းမှ ကျင့်ကြံသူများသည် တိုက်ခိုက်ရေးစွမ်းအား တိုးလာမည်၊ ကျင့်ကြံမှု အမြန်နှုန်း တိုးလာမည်...】

ထိုအရာတွင် လုပ်ဆောင်ချက် တော်တော်များများ ရှိနေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤခရမ်းစံအိမ်အကွာအဝေးအတွင်း ဤဂိုဏ်းမှ ကျင့်ကြံသူများသည် တိုက်ခိုက်ရာတွင်ဖြစ်စေ ကျင့်ကြံရာတွင်ဖြစ်စေ အဖက်ဖက်မှ အထောက်အပံ့များ ရရှိပေမည်။

ထို့ပြင် ခရမ်းစံအိမ်၏သခင်အနေဖြင့် လုရန်က ကျင့်ကြံသူများအပေါ် အမှတ်အသားများ ထည့်ပေးနိုင်ပြီး ဤသည်မှာ ခရမ်းရောင်စံအိမ်၏ ခွင့်ပြုချက်များနှင့် တူညီပေ၏။

ခွင့်ပြုချက်များ ရရှိပြီးနောက်မှသာ သူတို့သည် ထိုအထောက်အပံ့များကို ရရှိနိုင်ပေမည်။

"ဒါက တကယ့်ကို ငါ လိုအပ်နေတဲ့ အရာပဲ... ဒီတာအိုဆွေးနွေးပွဲက အပြာရောင်ဂိုဏ်း စုဝေးမှုရဲ့ အစဖြစ်မယ်လို့ ရှောက်ယင်းက အရင်က ပြောခဲ့တယ်... ပြီးတော့ ဒီခရမ်းစံအိမ်က အဲ့ဒီအတွက် အတိအကျ သင့်တော်တယ်... အံ့အားသင့်စရာပဲ..."

လုရန်က အော်ဟစ်လိုက်သည်။

ဤစနစ်၏လုပ်ဆောင်ချက်မှာ တဖြည်းဖြည်း ပို၍ကောင်းမွန်လာသည်။

တစ်ချိန်တည်းမှာပင်....

ယခင် ကျင့်ကြံခြင်းဆုလာဘ်ကိုလည်း ပေးအပ်ခဲ့ပြီး တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်အတွက် ဆယ်ဆပေးအပ်ခဲ့သည်။

လင်းပေါင်အာကို ဖက်ကာ တစ်ညလုံး အိပ်စက်ခဲ့ပြီးနောက် စနစ်မှ ဆုချီးမြှင့်သော ကျင့်ကြံမှုနှင့် ပေါင်းစပ်ကာ လုရန်၏ နယ်ပယ်သည် ရွှေအင်မော်တယ်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေလေပြီ။

ဤအမြန်နှုန်းသည် လုရန် မျှော်လင့်ထားသည်ထက် များစွာပို၍မြန်ဆန်သည်။

ဤနှုန်းဖြင့်ဆိုလျှင် တာအိုဆွေးနွေးပွဲ မစတင်မီတွင် လုရန်သည် မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ပေမည်။

...

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းနဂါး တောင်ကြား၏ နက်ရှိုင်းသောနေရာတွင်...

ရေကန်ဘေးရှိ သက်ကယ်မိုးအိမ်ရှေ့၌...

လဲ့ထိုက်၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ထားပြီး သူ ချင်းရွှမ်အာဏာရှင်ခန္ဓာကိုယ်၏ ပေါင်းစပ်ခြင်းနည်းစနစ်ကို ကျင့်ကြံနေစဉ် သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအားများ လှိုင်းထနေသည်။

ဤသည်မှာ အရည်ပျော်နေသော သတ္တုများ သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသည့်အလားပင်။

လဲ့ထိုက် အသက်ရှူပြီး ကျင့်ကြံနေစဉ် ထိုစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ခေါက်တုံ့ခေါက်ပြန် ကူးသန်းနေသည်။

သို့သော် လဲ့ထိုက်သည် ရုတ်တရက် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ ဖျော့တော့သော ရွှေရောင် သူငယ်အိမ်များတွင် စိတ်မရှည်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူက အေးစက်စွာ ပြောလိုက်၏။

"ငါ အရင်က ပြောခဲ့ပြီးပြီ... တာအိုဆွေးနွေးပွဲ မစခင် ငါ့ကို လာမနှောင့်ယှက်ပါနဲ့လို့ မှာထားတယ် မဟုတ်လား..."

လဲ့ကန်းသည် သတိထားနေပြီး အနည်းငယ်ပို၍ နီးကပ်စွာ လျှောက်လှမ်းသွားသော်လည်း အလွန်နီးကပ်စွာ မချဥ်းကပ်ရဲချေ။

သူက ရိုသေစွာ ပြောလိုက်သည်။

"ဘိုးဘေး... လွန်ခဲ့တဲ့ နှစ်ရက်အတွင်း သတင်းစုံစမ်းဖို့ စေလွှတ်လိုက်တဲ့ တပည့်တွေအားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားကြတယ်... အပြာရောင်ဂိုဏ်း တပည့်တွေက ပြဿနာရှာနေတာလို့ ကျွန်တော် သံသယရှိတယ်... ဒီခရီးစဉ်ရဲ့ အန္တရာယ်ကို သူတို့ သိမြင်ဖို့ မခက်ခဲလောက်ဘူး..."

"အဲ့ဒီတော့ ဘာဖြစ်လဲ..."

လဲ့ထိုက်က ပေါ့ပေါ့ပါးပါး မေးမြန်းသည်။

"ဘိုးဘေး... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့... အဲ့ဒီအပြာရောင်ဂိုဏ်းဘိုးဘေးက သတင်းကြားပြီး တာအိုဆွေးနွေးပွဲကို လာမတက်ရဲရင် ကျွန်တော်တို့က..."

"သူ မလာရင် ငါ သူ့ကို သွားရှာပြီး သတ်ပစ်မယ်..."

လဲ့ထိုက်က လဲ့ကန်း၏စကားကို တိုက်ရိုက်ကြားဖြတ်ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုပြီးနောက်။

လဲ့ထိုက်က ထပ်မံ၍ ပြောဆိုသည်။

"သူ့ကို အပြာရောင်ဂိုဏ်းဘိုးဘေးလို့ ခေါ်ကြတယ်... ဒါပေမဲ့ အဆုံးမှာတော့ သူက အခုလေးတင်မှ အထက်ဘုံကို တက်လှမ်းလာတဲ့ လူငယ်လေး တစ်ယောက်ပဲ မဟုတ်လား... သူ ဘယ်ကို ပြေးနိုင်မှာလဲ... သူ့ကို ကျင့်ကြံဖို့အချိန် နှစ်တစ်ထောင် ဒါမှမဟုတ် တစ်သောင်း ပေးရင်တောင်မှ သူ ဘယ်အဆင့်အထိ တက်လှမ်းနိုင်မှာလဲ..."

လဲ့ထိုက်သည် အလွန်အမင်း ယုံကြည်မှုရှိနေခြင်း သို့မဟုတ် လုရန်ကို အထင်သေးနေခြင်း မဟုတ်ပေ။

မကြာသေးမီကမှ အောက်ဘုံမှ ယခုလေးတင်မှ တက်လှမ်းလာသော အပြာရောင်ဂိုဏ်း ဘိုးဘေးဆိုသည့် လူတစ်ယောက်သည်....အောက်ဘုံတွင် မည်မျှထိ ထင်ပေါ်ကျော်ကြားခဲ့ပါစေ စိတ်ဝိညာဉ်နယ်မြေသို့ ရောက်လာသည်နှင့် အစစ်အမှန် အင်မော်တယ် တစ်ယောက်မျှသာ ဖြစ်ပေမည်။

ကျင့်ကြံရန်အချိန် နှစ်တစ်ထောင် သို့မဟုတ် တစ်သောင်းပေးလျှင်ပင် မည်သည့်အဆင့်အထိ တက်လှမ်းနိုင်မည်နည်း။

သူ့ထံ၌ ပြိုင်ဘက်ကင်းပါရမီရှိလျှင်ပင် အများဆုံးအနေဖြင့် ရွှေအင်မော်တယ်သာ ဖြစ်ပေမည်။ သူသည် ချက်ချင်းအသတ်ခံရမည့် သူတစ်ယောက် ဖြစ်နေမည်သာ မဟုတ်လော။

ထို့ကြောင့်...

လဲ့ထိုက်သည် လုရန်ကို အစမှအဆုံးတိုင်အောင် မည်သည့်အခါမျှ အလေးအနက် မထားခဲ့ပေ။

လုရန်ကို သတ်ရန် ကြီးမားသော အခက်အခဲ ရှိမည်ဟုလည်း သူ တွေးထင်မထားခဲ့ချေ။

သူ ဂရုစိုက်သောအရာမှာ အပြာရောင်ဂိုဏ်းသာဖြစ်ပြီး ဤဘိုးဘေး မဟုတ်ချေ။

အပြာရောင်ဂိုဏ်း စုဝေးမိသွားသည်နှင့် လုရန်ကို သတ်ရန် သူ့အတွက် လွယ်ကူတော့မည် မဟုတ်ပေ။

"ဘိုးဘေး ပြောတာ မှန်ပါတယ်... ကျွန်တော်က အရမ်းတွေးပူနေတာပါ... ဒီလိုဆိုမှတော့ ကျွန်တော်က စိတ်ချလက်ချနဲ့ တာအိုဆွေးနွေးပွဲနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ပြင်ဆင်တော့မယ်... ဂိုဏ်းတချို့က ရောက်လာကြပါပြီ..."

လဲ့ကန်းက ပြောလိုက်သည်။

သူသည် ထိုကိစ္စနှင့်ပတ်သက်၍ ထပ်မံ အနှောင့်အယှက် မပေးလိုတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ဘိုးဘေး ရှိနေသဖြင့် လုရန်ကို သတ်မည့်အချိန်ရောက်လာပါက ကိစ္စပြတ်သွားပေမည်။

လုရန် မလာလျှင်ပင် ဘိုးဘေး အပြင်ထွက်သွားပါက သူ သေချာပေါက် သေရပေမည်။

"သွားတော့..."

လဲ့ထိုက်က ခေါင်းညိတ်ပြလိုက်သည်။

သို့သော် လဲ့ကန်း လှည့်ထွက်သွားချိန်မှာပင်...

လဲ့ထိုက်က ထပ်မံ၍ မေးလိုက်သည်။

"မကြာသေးခင်က စိတ်ဝိညာဉ်သွေးကြော တူးဖော်တဲ့ အခြေအနေက တိုးတက်မှု ဘယ်လိုနေလဲ..."

လဲ့ကန်းက ပြောလိုက်၏။

"ဘိုးဘေး စိတ်ချပါ... ဒါက အဆင်ပြေပြေ တိုးတက်နေပါတယ်..."

လဲ့ထိုက်သည် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး ခေါင်းညိတ်ပြသည်။

"ကောင်းတယ်... စိတ်ဝိညာဉ် သွေးကြောတူးဖော်ရာမှာ ဘာပြဿနာမှ လုံးဝ မရှိစေရဘူး..."

သူ၏ချင်းရွှမ်ဂိုဏ်းနှင့် အပြာရောင်ဂိုဏ်းကြားတွင် မည်သည့် ရန်ငြိုးမျှ မရှိပေ။

လုရန်ကို သူ သတ်ချင်ရသည့် အကြောင်းအရင်းမှာ တစ်ဖက်လူသည် ချင်းရွှမ်ဂိုဏ်း၏ နယ်မြေတွင် ထွက်ပေါ်လာသောကြောင့်သာဖြစ်သည်။ အကယ်၍ သူ ဝင်မစွက်ဖက်ဘဲ အပြာရောင်ဂိုဏ်း စုဝေးလာပါက စိတ်ဝိညာဉ်သွေးကြောသည် မည်သူ့အပိုင် ဖြစ်သွားမည်မှာ မသေချာတော့ချေ။

အဆုံးစွန်သော ခွဲခြမ်းစိတ်ဖြာမှုတွင် ဤသည်မှာ အကျိုးစီးပွား ပဋိပက္ခတစ်ခုသာ ဖြစ်နေဆဲပင်။

ထိုအချိန်မှသာ လဲ့ကန်းသည် ဦးညွှတ်ကာ နောက်ဆုတ်သွားပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။

All Chapters