← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄:အပြာရောင်ဂိုဏ်းမှ မဟာပေါင်းစည်းခြင်းအင်မော်တယ် ဆယ့်နှစ်ယောက်

လုရန် စကားပြောဆိုပြီးနောက် သူသည် ကျိုးဝေ့၏ မရီဒါန်းများနှင့် ဒန်တျန်ကို ပေါ့ပေါ့ပါးပါး ချိတ်ပိတ်ပြီး စုယွဲ့လင်ထံ ပစ်ပေးလိုက်သည်။

သူက လင်းပေါင်အာ၏ လက်ကို ကိုင်ကာ ပြောလိုက်၏။

"ကျိုးဝေ့ကို စစ်ဆေးမေးမြန်းဖို့ အပြင်သွားကြရအောင်... ဒီနေရာကို သူတို့ဆီ အပ်ထားလိုက်..."

"ဟုတ်ကဲ့ ဆရာ..."

စုယွဲ့လင်က ခေါင်းညိတ်လိုက်သည်။

ဤအချိန်တွင် လဲ့ထိုက်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

အစောပိုင်းက ရှောက်ယင်းနှင့် လုရန်တို့ကြားက စကားပြောဆိုမှုကို ပေါင်းစပ်လိုက်သောအခါ...

သူ၏ နှလုံးသား တုန်ရီသွားတော့သည်။ သူ နောက်ထပ် တွန့်ဆုတ်မနေဘဲ ကြမ်းတမ်းသော စကားများကိုပင် မပြောနိုင်တော့ကာ မိုးကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။

နတ်ဆိုးမျောက်ဝံ၏ ဧရာမခန္ဓာကိုယ်ကြီးသည် လဲ့ထိုက်ကို လွှမ်းခြုံထားပြီး တောင်ကြားအထက် ကောင်းကင်ယံသို့ ပျံသန်းသွားသည်။

သို့သော် သူ တောင်ကြား၏ နယ်နိမိတ်မှ မထွက်ခွာမီမှာပင်...

အထက်ရှိ ဟင်းလင်းပြင်တွင် ပျင်းရိစွာ ထိုင်နေသော သူတောင်းစားတစ်ဦးကို သူ ရုတ်တရက် တွေ့လိုက်ရသည်။

"ထွက်သွားစမ်း..."

လဲ့ထိုက်က အော်ငေါက်လိုက်၏။ သူ၏နောက်ရှိ နတ်ဆိုးမျောက်ဝံသည်လည်း ဧရာမလက်ကြီးဖြင့် တိုက်ရိုက်ရိုက်နှက်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်...

ဝီ...

သူတောင်းစား၏ အနောက်တွင် မိုးထိအောင် မြင့်မားသော ဗာဂျရာပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။

ထိုဗာဂျရာသည် ပလ္လင်ခွေထိုင်နေပြီး ဧရာမဗုဒ္ဓဗာဂျရာမှ တောက်ပသော ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်ထားပေ၏။

ထိုဓမ္မပုံရိပ်ယောင်က နတ်ဆိုးမျောက်ဝံ၏ တိုက်ခိုက်မှုကို အတင်းအကြပ် တောင့်ခံထားလိုက်သည်။

လဲ့ထိုက်၏အမြန်နှုန်းသည်လည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

"တုန်လှုပ်ခြင်းမဲ့ ဉာဏ်ပညာဘုရင်... သောက်ကျိုးနည်း... မင်းက ဘယ်သူမလို့ ငါ့ကို လာတားရဲတာလဲ..."

လဲ့ထိုက်က အော်ငေါက်လိုက်သည်။

"အပြာရောင်ဂိုဏ်း တပည့်... စွန်းထျန်းယို..."

စွန်းထျန်းယိုက ပခုံးတွန့်ကာ ပြောဆိုသည်။

လဲ့ထိုက်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားတော့သည်။

နောက်ထပ် အပြာရောင်ဂိုဏ်း တပည့် တစ်ယောက်...

နောက်ထပ် မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ဦး...

သူ၏နောက်တွင် ရှောက်ယင်းနှင့် ဖေးလော့ထျန်းတို့ မလိုက်လာသေးသည်ကို မြင်သောအခါ လဲ့ထိုက်သည် အံ့ကြိတ်လိုက်ပြီး စွန်းထျန်းယိုကို ရှောင်ကွင်းကာ ဆက်လက်၍ ထွက်ပြေးရန် ရည်ရွယ်လိုက်၏။

ထူးဆန်းသည်မှာ စွန်းထျန်းယိုသည် သူ့ကို မတားဆီးခဲ့ဘဲ လဲ့ထိုက်၏ အသေအလဲ ရုန်းကန်မှုများကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။

မကြာမီမှာပင် လဲ့ထိုက်သည် မည်သည်ကြောင့် လိုက်လံဖမ်းဆီးခြင်းမခံရသည်ကို နားလည်သွားသည်။

သူ တောင်ကြားအဝင်ဝကို ကျော်လွန်သွားချိန်မှာပင် ကောင်းကင်ယံတွင် ဧရာမ ရွှေရောင်ပိုက်ကွန်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ အမြန်နှုန်း ပြန်လည်ကျဆင်းသွားပြီး သူ မည်မျှပင် ကြိုးစားစေကာမူ ဖောက်ထွက်၍ မရနိုင်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် ထိုဧရာမ ဝင်္ကပါကြီး၏ ဖိနှိပ်ခြင်းကို တဖြည်းဖြည်း ခံနေရပေ၏။

နတ်ဆိုးမျောက်ဝံသည် မိုးကောင်းကင်ကို လက်များဖြင့် ထောက်မထားပြီး ဟိန်းဟောက်နေကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးအထိ တွန်းတင်ထားသော်လည်း တိုးတက်မှု အနည်းငယ်မျှ မရှိပေ။

"ငါ့ဆရာ သင်ပေးခဲ့တဲ့ ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါက စိတ်ဝိညာဉ်နယ်မြေမှာလည်း အရင်လိုပဲ အသုံးဝင်နေတုန်းပဲ... မင်း လွတ်နိုင်မှာ မဟုတ်ဘူး... ဒါကြောင့် အဲ့ဒီအတွေးကို စွန့်လွှတ်လိုက်တော့..."

စွန်းထျန်းယိုက ပျင်းတိပျင်းရွဲလေသံဖြင့် ပြောလိုက်သည်။

ထိုသို့ပြောဆိုရင်း သူသည် အရက်ကို အေးအေးဆေးဆေး သောက်နေလိုက်၏။

လဲ့ထိုက်က ပို၍ပို၍ ထိတ်လန့်လာတော့သည်။

သူက စွန်းထျန်းယိုကို ဒေါသတကြီး ကြည့်လိုက်သည်။

"ဒါဆိုရင် မင်းကို ငါ အရင်သတ်မယ်... ဒါဆိုရင် ဝင်္ကပါက သူ့အလိုလို ပျက်သွားမှာပဲ..."

သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်...

ဘုန်း... ဘုန်း...

ခပ်အုပ်အုပ်အသံနှစ်သံနှင့်အတူ သူ၏နောက်ရှိ နတ်ဆိုးမျောက်ဝံ တာလော့ဓမ္မပုံရိပ်ယောင်သည် ရုတ်တရက် မလှုပ်ရှားနိုင်တော့ချေ။ တာလော့ ဓမ္မပုံရိပ်ယောင်ကို ဆွဲခွာခံနေရသကဲ့သို့ သူ ခံစားရကာ ထိုအရာကို ထိန်းချုပ်ရန် သူ့အတွက် အတော်လေး ခက်ခဲလာပြီး နာကျင်လှသည်။

သူ လှည့်ကြည့်လိုက်သည်။

ဘယ်နှင့်ညာနှစ်ဖက်မှနေ၍ ဧရာမ သံမဏိခရင်းခွနှစ်ခုသည် နတ်ဆိုးမျောက်ဝံ၏ပခုံးရိုးများကို ထိုးဖောက်ဝင်ရောက်နေသည်။

နတ်ဆိုးမျောက်ဝံ၏နောက်တွင် ညှို့ယူဖမ်းစားနိုင်စွာ ခါးယိမ်းနွဲ့နေသော လှပသည့် တာလော့ ဓမ္မပုံရိပ်ယောင်တစ်ခု ရှိနေသည်။

ထိုတာလော့ ဓမ္မပုံရိပ်ယောင်၏ရှေ့တွင် ပိတ်ပါးစ ခြုံလွှမ်းထားသော အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရှိနေပြီး လဲ့ထိုက်ကို အေးစက်တင်းမာစွာ ကြည့်နေလေ၏။

"ပင်လယ်ကင်းလှည့်ယက္ခ ဓမ္မပုံရိပ်ယောင်... မင်း... မင်းက ဘယ်သူလဲ..."

လဲ့ထိုက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အပြာရောင်ဂိုဏ်း တပည့်... ယဲ့ဟုန်ရီ... နင်က ငါတို့ အပြာရောင်ဂိုဏ်းရဲ့ ရန်သူဖြစ်နေတော့ ကျောက်စိမ်းနဂါး တောင်ကြားကနေ အရှင်လတ်လတ် ထွက်သွားခွင့် ပြုမှာ မဟုတ်ဘူး..."

ယဲ့ဟုန်ရီက အေးစက်စွာ ပြောလိုက်သည်။

လဲ့ထိုက် အသက်ကို လုရှူနေရကာ မျှော်လင့်ချက်မဲ့ခြင်း ခံစားချက် လျှင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

တောင်ကြားအောက်တွင် နတ်ဆိုးဘုရင်နှင့် ကောင်းကင်နတ်ဆိုးတို့ ရှိနေသည်။

အထက်တွင် ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါနှင့် တုန်လှုပ်ခြင်းမဲ့ ဉာဏ်ပညာဘုရင် ရှိနေသည်။

အနောက်တွင် ပင်လယ်ကင်းလှည့်ယက္ခ ရှိနေသည်။

သူ ပြေးလို့လည်း မရသည့်အပြင် တိုက်ခိုက်လျှင်လည်း နိုင်မည်မဟုတ်ချေ။

သူ မည်သည့်အရာကို ပြုလုပ်ရမည်နည်း...

သူ စဉ်းစားနေရန် အချိန်မရှိပေ။

လဲ့ထိုက်သည် သူ၏ ပျက်စီးနေသော တာလော့ ဓမ္မပုံရိပ်ယောင်ကို ပြန်လည်ရုပ်သိမ်းရန် နောက်ဆက်တွဲ ဆိုးကျိုးကို ပေးဆပ်၍ စွန့်စားလိုက်သည်။ သူ ထိုအရာကို ပြန်လည်ရုပ်သိမ်းလိုက်သည်နှင့် တပြိုင်နက် သူ၏ နတ်ဘုရားစိတ်ဝိညာဉ် တုန်ခါသွားပြီး သူ၏ သွေးများ ဗြောင်းဆန်လာကာ သူ၏မျက်နှာသည် ပို၍ပင် ဖြူရော်သွားတော့သည်။

သူ တာလော့ ဓမ္မပုံရိပ်ယောင်ကို ဆက်လက်၍ အသုံးမပြုရန် ရည်ရွယ်လိုက်၏။

ထိုအစားထိုး သူ၏ ချင်းရွှမ်အာဏာရှင်ခန္ဓာကိုယ်ကို အမြင့်ဆုံးအဆင့်အထိ တွန်းပို့လိုက်သည်။

သူ၏ အရေပြားသည် သတ္တုဖြင့် ပြုလုပ်ထားသည့်အလား သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရွှေရောင်သို့ ပြောင်းလဲသွားတော့သည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေသော စိတ်ဝိညာဉ်စွမ်းအားများသည်လည်း များစွာ ပိုမိုထူထပ်သိပ်သည်းလာသည်။

စွမ်းအားကုန် ပေါက်ကွဲထွက်လာသော မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးသည် ကလေးကစားစရာတစ်ခု မဟုတ်ချေ။

လဲ့ထိုက်သည် အံ့ကြိတ်ပြီး သူ၏ ချင်းရွှမ်အာဏာရှင်ခန္ဓာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါကို သူ၏ ကိုယ်ပိုင်ရုပ်ခန္ဓာဖြင့် အတင်းအကျပ် ချိုးဖျက်ရန် ရည်ရွယ်ကာ ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံသန်းသွားတော့သည်။

ရလဒ် ဘာဖြစ်လာမည်ကို သူ မသိသော်လည်း ဤသည်မှာ လောလောဆယ် လဲ့ထိုက် စဉ်းစားနိုင်သော တစ်ခုတည်းသောနည်းလမ်းပင်။

သို့သော် ထိုသို့ဖြစ်သည့်တိုင် သူ စမ်းသပ်ရန် အခွင့်အရေး မရခဲ့ချေ။

လဲ့ထိုက် ကောင်းကင်သို့ ပျံသန်းသွားသည့် အခိုက်အတန့်မှာပင်...

ဝီ...

တောင်တစ်လုံးလောက် ကြီးမားပုံရသော ရွှေရောင် ဒယ်အိုးကြီးတစ်ခုက သူ၏ခေါင်းပေါ်သို့ ပြုတ်ကျလာတော့သည်။

ဘုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လဲ့ထိုက်၏ခေါင်း ထူပူသွားပြီး ကွဲထွက်လုနီးပါး ဖြစ်သွားပေ၏။

သူ မူးဝေနေရာမှ မော့ကြည့်လိုက်ရာ သာမာန်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဗိုက်ရွှဲရွှဲ ခါးတုတ်တုတ်နှင့် မျက်လုံးမှေးကာ ကြင်နာတတ်ပုံရသည့် တာလော့ ဓမ္မပုံရိပ်ယောင်တစ်ခုက ရွှေရောင်ဒယ်အိုးကို ကိုင်ထားသည်အား မြင်တွေ့လိုက်ရသည်။

"မီးဖိုချောင်... မီးဖိုချောင် နတ်ဘုရား... ဒါက ဘယ်သူလဲကွ..."

လဲ့ထိုက် ငိုကြွေးမိလုနီးပါး ဖြစ်သွားသည်။

"အပြာရောင်ဂိုဏ်း တပည့်... ဟွမ်ဖန်ပါ... ဟီးဟီး..."

ဟွမ်ဖန်သည် တာလော့ ဓမ္မပုံရိပ်ယောင်ကို ထိန်းချုပ်ကာ သူမ၏ခေါင်းကို နေရခက်စွာ ကုတ်လိုက်၏။

ဤအချိန်တွင်...

ရှောက်ယင်းသည် ပျံသန်းလာပြီး တခြားနေရာတစ်ခုတွင် မျောလွင့်နေကာ သူမ၏နောက်တွင် သူမ၏ ကိုယ်ပိုင် အမြှီးကိုးချောင်းမြေခွေး အစစ်အမှန်ပုံစံ၏ ပုံရိပ်ယောင် ရှိနေသည်။

ဖေးလော့ထျန်းသည်လည်း အနီးကပ် လိုက်ပါလာပြီး သူ၏နောက်ရှိ မဟာဓားကိုင်ထားသော နတ်ဆိုးစစ်သူကြီး ဓမ္မပုံရိပ်ယောင်ထံတွင် အနက်ရောင်ချီများဖြင့် လွှမ်းမိုးနေပေ၏။

အထက်တွင် စွန်းထျန်းယို၏ တုန်လှုပ်ခြင်းမဲ့ ဉာဏ်ပညာဘုရင် ရှိနေသည်။

အနောက်တွင် ယဲ့ဟုန်ရီ၏ ပင်လယ်ကင်းလှည့်ယက္ခ ရှိနေကာ....

ဟွမ်ဖန်၏ မီးဖိုချောင် နတ်ဘုရားလည်း ရှိနေပေ၏။

မဟာပေါင်းစည်းခြင်း အင်မော်တယ်ငါးယောက်....

ယနေ့သည် လုရန်ကို ဖိနှိပ်သတ်ဖြတ်ရန် သူ စီစဥ်ခဲ့မိခြင်း မဟုတ်ကြောင်း လဲ့ထိုက် ရုတ်တရက် သဘောပေါက်သွားသည်။

ဤသည်မှာ အပြာရောင်ဂိုဏ်းက သူ့ကို ယဇ်ကောင်အဖြစ် အသုံးပြုပြီး သူတို့၏ဂုဏ်သိက္ခာကို တည်ဆောက်နေခြင်းပင်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

နောက်ထပ် လူတစ်ယောက်သည် ယဲ့ဟုန်ရီ၏နံဘေးတွင် ပေါ်လာပြီး သူ၏နောက်တွင် ဒေါသတကြီး မျက်လုံးပြူးနေသော သိုင်းဝိညာဉ်နတ်ဘုရား တာလော့ ဓမ္မပုံရိပ်ယောင်တစ်ခု ရှိနေပေ၏။

"သိုင်းဝိညာဉ်နတ်ဘုရား... မင်း... မင်း..."

လဲ့ထိုက်၏နှလုံးသား တုန်ရီသွားတော့သည်။

"အပြာရောင်ဂိုဏ်း တပည့်... လျှောင်ထျန်းဟောက်..." ထိုအမျိုးသားက ပခုံးတွန့်ကာ ပြောဆိုသည်။

ထို့နောက် အမျိုးသမီးတစ်ဦးသည်လည်း ချောက်ကမ်းပါး အပြင်ဘက်မှ မျောလွင့်လာသည်။

"အပြာရောင်ဂိုဏ်း တပည့်... ရွှီချန်ချန်..." သူမ၏နောက်တွင် ကြာပန်းနတ်မိမယ် ရှိနေသည်။

"အပြာရောင်ဂိုဏ်း တပည့်... ကျန်းပိုယန်..." သူ၏အနောက်တွင် ကျောက်စိမ်းစံအိမ် တရားသူကြီး ရှိနေပေ၏။

"အပြာရောင်ဂိုဏ်း တပည့်..."

"အပြာရောင်ဂိုဏ်း တပည့်..."

"အပြာရောင်ဂိုဏ်း တပည့်..."

...

ဆယ့်နှစ်ယောက်... မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက်သည် မြေကမ္ဘာ အတက်အလက် နေရာဆယ့်နှစ်ခုအတိုင်း နေရာယူထားကြသည်။

ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါကို ပေါင်းစပ်ပြီး သူတို့သည် လဲ့ထိုက်ကို အလယ်တည့်တည့်တွင် ပိတ်လှောင်ထားလိုက်ကြ၏။

လူတိုင်း၏ အနောက်တွင် သူတို့၏ သက်ဆိုင်ရာ တာလော့ ဓမ္မပုံရိပ်ယောင်များ တောက်ပစွာ လင်းလက်နေကြသည်။

လဲ့ထိုက်၏နှလုံးသား အောက်ခြေအထိ လုံးလုံးလျားလျား လေးလံသွားတော့သည်။

"မင်းတို့... မင်းတို့ ငါ့ကို သတ်လို့မရဘူး..."

လဲ့ထိုက်က အံ့ကြိတ်ကာ အော်ဟစ်လိုက်၏။

"ငါ့မှာ စိတ်ဝိညာဉ် သွေးကြောတွေ ရှိတယ်... တူးဖော်ပြီးသား စိတ်ဝိညာဉ်သွေးကြော သလင်းကျောက်တွေ ရှိတယ်... အဲ့ဒါတွေက အစက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့အတွက် ရည်ရွယ်ထားတာ... ပြီးတော့ အရေအတွက်က အများကြီးပဲ... မင်းတို့ ငါ့ကို လွှတ်ပေးသရွေ့..."

ရိုးရိုးသားသား ပြောရလျှင် ဤကဲ့သို့ တောင်းပန်မှုသည် အနည်းငယ် အရောင်အသွေး ကင်းမဲ့လှသည်။

မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်အနေဖြင့် သူ၏တောင်းပန်မှုက မည်သည်ကြောင့် ဤမျှထိ ရိုးရှင်းရသနည်း။

"နင်က တော်တော် ရယ်ရတာပဲ... ငါတို့ နင့်ကို သတ်လိုက်ရင် နင် ထိန်းချုပ်ထားတဲ့ စိတ်ဝိညာဉ် သွေးကြောတွေအားလုံး ငါတို့ အပြာရောင်ဂိုဏ်းပိုင် ဖြစ်သွားမှာပေါ့... နင် တူးထားတဲ့ အဲ့ဒီ စိတ်ဝိညာဉ် သလင်းကျောက်လေး နည်းနည်းလောက်ကို ငါတို့က လိုအပ်နေလို့လား... ပြီးတော့ နင် သေသွားရင် အဲ့ဒီ သလင်းကျောက်တွေက ငါတို့ဟာတွေ ဖြစ်နေတုန်းပဲ မဟုတ်ဘူးလား..."

ရှောက်ယင်းက သရော်တော်တော် ပြောလိုက်သည်။

"စီနီယာအစ်မ... လုပ်လိုက်ကြရအောင်... ဆရာက ငါတို့ကို စောင့်နေတုန်းပဲ..."

ယဲ့ဟုန်ရီက သတိပေးလိုက်၏။

ထိုအချိန်၌ ရှောက်ယင်းက ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းတူမောင်နှမဆယ့်နှစ်ဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စွန်းထျန်းယို၏ တက်ကြွသော ထိန်းချုပ်မှုအောက်တွင် ဧရာမ ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါသည် စတင်၍ ကျုံ့ဝင်လာပြီး လဲ့ထိုက်ကို ဖိနှိပ်လိုက်တော့သည်။

အောက်ဘက်ရှိ ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းမှ လူများအားလုံး ဆွံ့အသွားကြသည်။

ထိပ်သီးဂိုဏ်းဆိုတာ ဒါမျိုးပဲ... အပြာရောင်ဂိုဏ်းက ဒါမျိုးပဲ...

သူတို့သည် ချင်းရွှမ်ဂိုဏ်းကို နှစ်ပေါင်းတစ်သောင်းကြာ အလုပ်အကျွေးပြုခဲ့ပြီး ဂိုဏ်း၏ ဒဏ္ဍာရီလာ မဟာပေါင်းစည်းခြင်းနယ်ပယ် ဘိုးဘေးကိုသာ အားကိုးခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ချင်းရွှမ်ဂိုဏ်း၏ အမည်ခံ ဘိုးဘေးဆိုသူမှာ အပြာရောင်ဂိုဏ်းရှေ့တွင် ဘာမှမဟုတ်တော့ပေ။

တစ်ချိန်တည်းမှာပင်...

တာအိုဆွေးနွေးပွဲ၏ အပြင်ဘက်တွင်....

စုယွဲ့လင်သည် ကျိုးဝေ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လုရန်က လက်ကောက်ကို တိုက်ရိုက်ထုတ်ယူကာ မေးမြန်းလိုက်၏။

"မင်းရဲ့ ညီဝမ်းကွဲကျိုးယန်ကို ဒီအရာ ပေးခဲ့တယ် မဟုတ်လား... ပြောစမ်း... အဲ့ဒါကို မင်း ဘယ်ကနေ ရလာတာလဲ..."

ကျိုးဝေ့သည် သူ၏တံတွေးကို မြိုချလိုက်ပြီး ယီချီစမ်းချောင်းဂိုဏ်းချုပ် ချက်ချင်းအသတ်ခံရမှုနှင့် သူ၏ ရွှေအင်မော်တယ် အဖော်များအားလုံး ချက်ချင်း အသတ်ခံရမှု၏ တုန်လှုပ်မှုမှ ပြန်လည်မသက်သာသေးပုံရသည်။

သူ၏နောက်မှ ဆူညံသံကို ကြားသောအခါ...

သူ လှည့်ကြည့်လိုက်ရာ မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက် ပူးပေါင်း၍ ချင်းရွှမ် ဘိုးဘေးကို ဖိနှိပ်နေသည်အား သူ မြင်တွေ့လိုက်ရသည်။

သူ၏နှလုံးခုန်နှုန်း တစ်ချ​က်မှားသွားပြီး သူက အလျှင်အမြန် အော်ဟစ်လိုက်သည်။

"အဲ့ဒါ... အဲ့ဒါကို ထန်ယင်းရော့ဆိုတဲ့ အမျိုးသမီးဆီကနေ ရခဲ့တာပါ... ခင်ဗျား ကျွန်တော့်ကို ယုံရမယ်... လိမ်ညာတဲ့စကား တစ်ခွန်းမှ မပါပါဘူး..."

All Chapters