အခန်း ၄၅
Vol. 5 Ch. 45
အခန်း ၄၅: မဟာချန်အင်ပါယာ၏ ကျန်းကော် မြို့စားကြီး
"ယင်းရော့..."
ဤနာမည်ကို ကြားသောအခါ လုရန်သည် ချက်ချင်းဆိုသလိုပင် သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားတော့သည်။
"အဲ့ဒါ သူပဲ... သူ ဘယ်မှာလဲ..."
လုရန်က မေးလိုက်သည်။
"ကျွန်တော်... အဲ့ဒီနေ့က ခုံဆန်းတောင် အပြင်ဘက်က အင်မော်တယ်ဆေးကြောရေး ရေကန်တစ်ခုမှာ သူ အထက်ဘုံတက်လှမ်းတာကို မတော်တဆ တွေ့လိုက်ရတယ်... သူက အရမ်းလှတယ်ဆိုတာကို မြင်တော့ ကျွန်တော်က... သူကို မယားငယ်အဖြစ် သိမ်းပိုက်ချင်ခဲ့တာ... ဒါပေမဲ့ သူက ငြင်းတယ်..."
သူ၏ စကားတစ်ဝက်တွင် လုရန်၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်ကို ကျိုးဝေ့က သတိထားမိသွားသည်။
သူက အလျင်အမြန် ထပ်မံ၍ ပြောလိုက်၏။
"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... စိတ်ချပါ... ကျွန်တော် သူကို မထိခိုက်စေခဲ့ပါဘူး... သူ့ရဲ့အဲ့ဒီလက်ကောက်က သူ့ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတော့ ကျွန်တော့်ရဲ့ တိုက်ခိုက်မှု နှစ်ကြိမ်ကို တားဆီးပေးခဲ့တယ်... ဒါပေမဲ့ ကျွန်တော် သူကို ပြန်ပေးဆွဲခဲ့တယ်... အဲ့ဒီနောက်..."
ထို့နောက်...
ကျိုးဝေ့သည် သတိလစ်နေသော ထန်ယင်းရော့ကို ယီချီစမ်းချောင်းဂိုဏ်းသို့ ပြန်ခေါ်သွားပြီး ပျော်ပါးရန် ရည်ရွယ်ခဲ့သည်။
သို့သော် လမ်းတွင် တခြားလူအုပ်စုတစ်စုနှင့် ကြုံတွေ့ခဲ့ရလေ၏။
တစ်ဖက်လူက ထန်ယင်းရော့နှင့် လဲလှယ်ရန် စိတ်ဝိညာဉ်ရတနာတစ်ခုကို အသုံးပြုခဲ့သည်။
"လက်ကောက်က အသုံးဝင်တယ်ဆိုတာ ကျွန်တော် မြင်တော့ သူ သတိလစ်နေတုန်းမှာ ချွတ်ယူလိုက်တာပါ... ဒါပေမဲ့ ကျေးဇူးပြုပြီး စိတ်ချပါ... သူကို ထိဖို့ ကျွန်တော့်မှာ အချိန် လုံးဝမရှိခဲ့ပါဘူး..."
ကျိုးဝေ့က အလျင်အမြန် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။
သို့သော် လုရန် စိတ်မအေးနိုင်သေးချေ။
အကယ်၍ ဤကောင်စုတ်သည် အမှန်တကယ်ကို တစ်ခုခု လုပ်ခဲ့ပြီး ထန်ယင်းရော့ကို ထိခိုက်စေခဲ့ပါက လုရန် အနာဂတ်တွင် သူမကို မည်သို့ ရင်ဆိုင်ရမည်အား သိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူက လက်ဆန့်တန်းကာ ကျိုးဝေ့၏ ခေါင်းပေါ်တွင် တင်လိုက်သည်။
"ဆရာ... ဘာလုပ်နေတာလဲ..."
စုယွဲ့လင်က မေးမြန်းသည်။
"ဖေးလော့ထျန်းရဲ့ စိတ်ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို ငါ သင်ပေးခဲ့တာလေ..."
လုရန်က အေးစက်တင်းမာစွာ ပြောလိုက်၏။
ထို့နောက် မယုံနိုင်လောက်အောင် ကြမ်းတမ်းသော စိတ်စွမ်းအားသည် ကျိုးဝေ့၏ နတ်ဘုရားစိတ်ဝိညာဉ်အတွင်း ချက်ချင်းပေါက်ကွဲသွားပြီး တစ်လက်မချင်းစီ ရှာဖွေတော့သည်။
ကျိုးဝေ့၏အော်ဟစ်သံများက မလှမ်းမကမ်းတွင် လိုက်ပါလာသော ရှဲ့ထယ်ယန်ကို ချွေးစေးများ ပြန်လာစေခဲ့သည်။
ဖေးလော့ထျန်းသည် ယခင်က သူ့ကိုလည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ဖူးလေ၏။
စိတ်ဝိညာဉ်ရှာဖွေခြင်း၏ ခံစားချက်ကို ယခု ပြန်တွေးကြည့်ရုံဖြင့် ရှဲ့ထယ်ယန်သည် သူ၏ဘောင်းဘီထဲ သေးထွက်ကျချင်စိတ် ပေါက်လာတော့သည်။
အချိန်အတော်ကြာပြီးနောက်...
လုရန်က ကျိုးဝေ့ကို လွှတ်ပေးပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
သူက ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး ပြောဆိုသည်။
"ကံကောင်းတာက ဒီကျိုးဝေ့က လိမ်မပြောဘူး..."
နံဘေးတွင်ရှိသော စုယွဲ့လင်က မေးလိုက်၏။
"ထန်ယင်းရော့ကလည်း အပြာရောင်ဂိုဏ်း တပည့်ပဲလား..."
လုရန်က ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်အဖြေပေးသည်။
"သူက ငါ့မတိုင်ခင် တစ်ရက်အလိုက အထက်ဘုံတက်လှမ်းခဲ့တာ... သူက မင်းရဲ့ ဂျူနီယာညီမလေးပါ..."
ထိုစကားကို ကြားသောအခါ...
စုယွဲ့လင် ချက်ချင်းစိုးရိမ်လာတော့သည်။
သူမက အလျင်အမြန် မေးလိုက်သည်။
"ဒါဆို အခု သူ ဘယ်လိုနေလဲ... နောက်ပိုင်း သူ ဘယ်ရောက်သွားလဲ... ပြီးတော့ သူမကို ခေါ်သွားတဲ့လူတွေက ဘယ်လိုလူမျိုးတွေလဲ..."
လုရန်က ပြောဆိုသည်။
"အဲ့ဒါက အဘိုးကြီး တစ်ယောက်ပဲ... သူ့ရဲ့စွမ်းအားကိုတော့ မသိရဘူး... သူက ယင်းရော့ရဲ့ ဓားတာအို ပါရမီကို သဘောကျသွားပြီးတော့ သူ့ကို တပည့်အဖြစ် လက်ခံချင်နေတာ... ဒါပေမဲ့ သူ့ရဲ့ အထောက်အထားကို ငါ မသိဘူး..."
ဤအချက်ကို တွေးမိသောအခါ လုရန်သည် ကျိုးဝေ့ကို ငုံ့ကြည့်လိုက်၏။
ယခုအချိန်တွင် ကျိုးဝေ့၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီနေဆဲဖြစ်ပြီး လုရန်အပေါ် သူ၏အကြည့်မှာ ယခင်က ရှဲ့ထယ်ယန် ဖေးလော့ထျန်းအပေါ် ကြည့်ခဲ့သည့် အကြည့်နှင့် အတိအကျ တူညီနေသည်။
ဤသည်က သူ၏စိတ်ဝိညာဉ်အနက်ရှိုင်းဆုံး နေရာမှ မြစ်ဖျားခံလာသော နက်ရှိုင်းသည့် အကြောက်တရားများကို သယ်ဆောင်လာသည်။
"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျွန်တော် သိတယ်... အဲ့ဒီလူရဲ့ အထောက်အထားကို ကျွန်တော် သိတယ်..."
ကျိုးဝေ့က အလျင်အမြန် အော်ဟစ်လိုက်သည်။
ဟက်... သူက ကြိုတင်ပြီး ဖြေဖို့တောင် သင်ယူလိုက်ပြီပဲ...
အမှန်အားဖြင့် လုရန်သာ ကျိုးဝေ့၏ ဝိညာဉ်ကို အပြည့်အဝ ရှာဖွေခဲ့ပါက သူ၏ မှတ်ဉာဏ်ထဲတွင် ထိုကိစ္စကို ရှာတွေ့နိုင်ပေမည်။
သို့သော် ဤသည်က အချိန်ကြာလွန်းမည်ဖြစ်ပြီး ကျိုးဝေ့၏နတ်ဘုရားစိတ်ဝိညာဉ်သည် လွင့်စင်မသွားမီ ထိုအချိန်အထိ တောင့်ခံထားနိုင်မည် မဟုတ်ချေ။
"ပြော..."
လုရန်က အေးစက်တင်းမာစွာ ပြောလိုက်၏။
"မဟာချန်အင်ပါယာရဲ့ ကျန်းကော် မြို့စားကြီး ကျုံးယွန်ရှန်းပါ..."
ကျိုးဝေ့က အလျင်အမြန် ပြောဆိုသည်။
"မဟာချန်လား... ကျန်းကော် မြို့စားကြီးလား... အဲ့ဒါ ဘာအဓိပ္ပာယ်လဲ..."
လုရန်က မျက်မှောင်ကြုတ်လိုက်သည်။
"မဟာချန်အင်ပါယာပါ... ဒီကနေ မိုင်ရှစ်သောင်း ဝေးတဲ့ မဟာချန်အင်ပါယာပဲ... မဟာချန်အင်ပါယာမှာ ကျုံးယွန်ရှန်းကို ကျွန်တော် တစ်ခါ မြင်ဖူးတယ်... သူက မဟာချန်ရဲ့ မြို့စားကြီး လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းကော် မြို့စားကြီးပဲ... ဒါကြောင့် အဲ့ဒီနေ့က ကျုံးယွန်ရှန်းရဲ့ အပေးအယူကို ကျွန်တော် မငြင်းရဲခဲ့တာပါ..."
ကျိုးဝေ့က ပြောလိုက်သည်။
"မဟာချန်အင်ပါယာ..."
လုရန် တီးတိုးရေရွတ်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။
"သေချာ စဉ်းစားကြည့်... မင်း မပြောရသေးတာ တစ်ခုခု ရှိသေးလား..."
ကျိုးဝေ့ တံတွေးကို မြိုချလိုက်သည်။ သူက လေးလေးနက်နက် စဉ်းစားပြီး ခေါင်းယမ်းကာ ပြောဆိုသည်။
"မရှိတော့ပါဘူး... တခြား ဘာမှမရှိတော့ပါဘူး... ကျွန်တော် သိသမျှ အားလုံး ပြောပြပြီးပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ... အဲ့ဒီအမျိုးသမီးကို ကျွန်တော် တကယ်ပဲ မထိခိုက်စေခဲ့ပါဘူး... ကျွန်တော် ကျိန်ဆိုပါတယ်..."
လုရန်က ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"မင်းကို ငါ ယုံပါတယ်..."
မည်သို့ပင်ဆိုစေ သူသည် စိတ်ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်ခဲ့ပြီး ဤကျိုးဝေ့သည် စည်းကမ်းဖောက်ဖျက်သည့် မည်သည့်အရာကိုမျှ အမှန်တကယ် မလုပ်ခဲ့ချေ။
ထို့ထက်ပို၍တိကျစွာပြောရလျှင် သူ လုပ်ရန် အချိန်မရှိခဲ့ပေ။
သူ့ကို ကျုံးယွန်ရှန်းက ကြားဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုစကားကို ကြားသောအခါ ကျိုးဝေ့က သက်ပြင်းတစ်ချက် ချလိုက်သည်။
သို့သော် လုရန်က စကားများကို ချက်ချင်း ဆက်ပြောလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
"မင်းကို ငါ ယုံပါတယ်... ဒါပေမဲ့ အဲ့ဒါက မင်းကို ဒီလောကကြီးကနေ ပျောက်ကွယ်သွားအောင် လုပ်ဖို့ ငါ့ကို မတားဆီးနိုင်ဘူး... မင်းရဲ့ နောက်ဘဝကျရင် ငါ့ရဲ့ အပြာရောင်ဂိုဏ်း တပည့်တွေနဲ့ ဝေးဝေးနေဖို့ မှတ်ထားစမ်း..."
ထိုသို့ပြောဆိုပြီးနောက် လုရန်သည် သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းကာ ကျိုးဝေ့ကို အမှုန်အမွှားဖြစ်သွားအောင် ဖျက်ဆီးလိုက်သည်။
မလှမ်းမကမ်းတွင်ရှိနေသော ရှဲ့ထယ်ယန်၏တစ်ကိုယ်လုံး တုန်ရီနေပြီး လုရန် စိတ်မကြည်မလင်ဖြစ်ကာ ဒေါသများကို သူ့အပေါ် ပုံချမည်အား ကြောက်ရွံ့သဖြင့် ကျယ်လောင်စွာပင် အသက်မရှူရဲပေ။
သို့သော် ထိုအချိန်မှာပင် လုရန်သည် ရှဲ့ထယ်ယန်ကို ရုတ်တရက် လှည့်ကြည့်လိုက်၏။
ရှဲ့ထယ်ယန်သည် အလွန်ကြောက်လန့်သွားသဖြင့် တုန်ရီသွားပြီး အလျင်အမြန် မတ်မတ်ရပ်ကာ လုရန်ကို ရိုသေစွာ ကြည့်လိုက်ပြီး မျက်တောင်ပင် မခတ်ရဲပေ။
"မင်း ငါ့ကို အရမ်းကြောက်နေတာလား..."
လုရန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဟင့်အင်း... မကြောက်ပါဘူး... ကြောက်ပါတယ်... ကြောက်ပါတယ်... ဒါပေမဲ့..."
ရှဲ့ထယ်ယန်က သူ ကြောက်သည်ဟု ပြောသင့် မပြောသင့် စဉ်းစားရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"စိတ်ချပါ... မင်းကို ငါ မသတ်ပါဘူး... ဖေးလော့ထျန်းက မင်းထဲမှာ နတ်ဆိုးနှိမ်နင်းရေး စိတ်ဝိညာဉ်မီးတောက်ကို ပျိုးထောင်ထားတာဆိုတော့ မင်းက လောလောဆယ် အသုံးဝင်နေသေးတယ်..."
လုရန်က အေးစက်တင်းမာစွာ ပြောဆိုသည်။
ထို့နောက် သူသည် စုယွဲ့လင်နှင့်အတူ နေရာသို့ ပြန်လာခဲ့သည်။
ဤအချိန်တွင် လဲ့ထိုက် သေဆုံးသွားလေပြီ။
မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက်သည် စက်ဝိုင်းပုံစံဖန်တီးကာ လုရန်၏နံဘေးသို့ ပြန်လာခဲ့ကြသည်။
"တပည့် ရှောက်ယင်းက..."
"တပည့် ဖေးလော့ထျန်းက..."
"တပည့် ဟွမ်ဖန်က..."
"တပည့် ယဲ့ဟုန်ရီက..."
"တပည့် စွန်းထျန်းယိုက..."
"ဆရာ့ကို ဂါရဝပြုပါတယ်..."
မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက်က တပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။ ထိုမြင်ကွင်းက ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းမှလူများကို အသည်းအသန် တံတွေးမြိုချသွားစေခဲ့သည်။
လဲ့ထိုက်သည် အစအနလေးမျှပင် ကြွင်းကျန်ရစ်ခြင်း မရှိချေ။
ရှဲ့ထယ်ယန်သည် ဘက်ပြောင်းပြီး အစေခံ ဖြစ်သွားခဲ့ကာ ယီချီစမ်းချောင်းဂိုဏ်းမှလူများ သုတ်သင်ခံလိုက်ရသည်။ ခို့ချီ သေသွားပြီး လဲ့ကန်းကိုပင် ရှောက်ယင်းက ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်၏။
အင်အားစုကြီးလေးခု မရှိတော့ချေ။
ယခုချိန်၌ ဤနယ်မြေကို အပြာရောင်ဂိုဏ်းက လွှဲပြောင်းယူလိုက်လေပြီ။
လုရန်က သူ၏တပည့်များကို စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်..."
လုရန်သည် အတိတ်က သူ၏ကလေးငယ်လေးများ ယခုချိန်၌ အောင်မြင်မှုများ ရရှိနေသည်ကို ကြည့်နေသော ဖခင်အိုတစ်ဦးနှင့် တူနေပြီး ရယ်မောရင်း ပြောဆိုသည်။
"ထျန်းယို... မင်းက အခုထိ စုတ်စုတ်ပြတ်ပြတ် ဝတ်ထားတုန်းပဲလား... ဘာလဲ... မင်းက ဒီပုံစံကို ကြိုက်လို့လား..."
စွန်းထျန်းယိုသည် သူ၏ခေါင်းကို နေရခက်စွာ ကုတ်လိုက်ပြီး ပြောဆိုသည်။
"ဟီးဟီး... ဆရာ... ကျွန်တော် ကျင့်သားရနေပြီမို့ပါ... ကျွန်တော့်အဝတ်တွေက စုတ်ပြတ်နေပေမဲ့ မနံပါဘူး... ကျွန်တော် ခဏခဏ လျှော်ပါတယ်... ဆရာ မယုံရင် နမ်းကြည့်လေ..."
"ထွက်သွားစမ်း..."
လုရန်က ရယ်မောကာ ဆဲဆိုလိုက်သည်။
"ဟုန်ရီ... မင်းက ဘာလို့ ပိတ်ပါးစကို ဖုံးထားတုန်းလဲ... မင်းက ရုပ်ဆိုးတာကို ဖုံးကွယ်ထားတယ်လို့ ငါထင်ခဲ့တာ... တကယ်လို့ မင်းက လှတယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း နေသင့်တာပေါ့..."
ထိုစကားကို ကြားသောအခါ...
ယဲ့ဟုန်ရီက ရှက်သွေးဖြာသောမျက်နှာဖြင့် ခေါင်းခါယမ်းလိုက်ပြီး ပြောဆိုသည်။
"ဆရာ တစ်ယောက်တည်းပဲ ကြည့်ခွင့်ရှိတယ်.."
ဤအချိန်တွင် ဟွမ်ဖန်လည်း ရောက်လာသည်။ သူမက သူမ၏လက်ထဲရှိ ဒယ်အိုးကို ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"ဆရာ... ကျွန်မရဲ့ ဟင်းချက်လက်ရာကို လေ့ကျင့်လာတာ နှစ်ပေါင်းနှစ်သောင်းကျော်ပြီလေ... အောက်ဘုံမှာတုန်းကနဲ့ လုံးဝမတူတော့ဘူး... ဆရာ သေချာပေါက် မြည်းကြည့်ရမယ်..."
လုရန် အနည်းငယ် ဆွံ့အသွားသည်။
ဤဟွမ်ဖန်ကို အောက်ဘုံရှိ စားသောက်ဆိုင် မီးဖိုချောင်တစ်ခုမှ လုရန်က ဆွဲထုတ်လာခဲ့ခြင်းပင်။
နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သူမသည် ဟင်းချက်ခြင်းကို စွဲလမ်းနေဆဲ ဖြစ်ပေ၏။
သို့သော် ထိုသို့ဖြစ်သည့်တိုင် သူမ၏ကျင့်ကြံမှုအမြန်နှုန်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်လှသည်။
သူမသည် နှစ်ပေါင်း နှစ်သောင်းကျော်အတွင်း မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါး ဖြစ်လာခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် အဆင့်မြင့် အင်မော်တယ်နယ်ပယ်တွင် ရှိနေသော စုယွဲ့လင်သည် အနည်းငယ် သာမန်ဖြစ်နေပုံရသည်။
"သေချာတာပေါ့... အခွင့်အရေးရရင် ငါ မြည်းကြည့်မှာပေါ့..."
လုရန်က အတည်ပြုပြောကြားလိုက်ပြီးနောက် ရှောက်ယင်းကို ကြည့်ကာ ပြောဆိုလိုက်၏။
"ရှောင်ပိုင်... မင်းရဲ့ အရင် အစီအစဉ်နဲ့ ပတ်သက်ပြီး... ငါတို့ရဲ့ အပြာရောင်ဂိုဏ်း အုတ်မြစ်ကို ဒီနေရာမှာ တည်ဆောက်ကြမလား..."
ရှောက်ယင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ကြည့်လိုက်သည်။
သူမက ပြောဆိုသည်။
"ဒီတောင်ကြားက ပတ်ဝန်းကျင်ကောင်းပြီး စိတ်ဝိညာဉ် သွေးကြောတစ်ခုပေါ်မှာလည်း ရှိတယ်... နေရာကောင်းပါပဲ... မဟုတ်ရင် ချင်းရွှမ်ဂိုဏ်းက သိမ်းပိုက်ထားမှာ မဟုတ်ဘူး... ဒါပေမဲ့ တောင်ကြားတစ်ခုရဲ့ မြေမျက်နှာသွင်ပြင်က ကန့်သတ်ချက်တချို့တော့ ရှိတယ်..."
"ဒါဆို မြင့်မားတဲ့ တောင်တွေနဲ့ စီးဆင်းနေတဲ့ ရေတွေက ပိုကောင်းတယ် မဟုတ်လား..."
လုရန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
"ဆရာ... ဆရာ နေရာရွေးပြီးပြီ မဟုတ်လား..." ရှောက်ယင်း၏ မျက်လုံးများ တောက်ပလာပြီး မေးမြန်းသည်။
"အဲ့ဒီလို ပြောလို့ရပါတယ်..."
လုရန်တွင် ခရမ်းစံအိမ် တံဆိပ်ပြားရှိပြီး အင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ်ကို အချိန်မရွေး တည်ထောင်နိုင်သည်။
"ကောင်းလိုက်တာ... ဒါဆိုရင် ဆရာ ပြောတဲ့အတိုင်းပဲ လုပ်ကြမယ်... ဆရာ ပြောတဲ့နေရာက ကျွန်မတို့ ရှိမယ့်နေရာပဲ..."
ရှောက်ယင်းက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။
တခြားဂိုဏ်းတူမောင်နှမများသည်လည်း အလွန် စိတ်လှုပ်ရှားနေကြပြီး ငြိမ်ငြိမ်မထိုင်နိုင်အောင် ဖြစ်နေကြသည်။
အပြာရောင်ဂိုဏ်း တပည့်များသည် နှစ်ပေါင်းများစွာတိုင်အောင် ပြည်နယ်ကိုးခုတွင် ပြန့်ကျဲနေခဲ့ကြ၏။ လူတချို့က ဂိုဏ်းများ တည်ထောင်ကြပြီး တချို့က လှည့်လည်သွားလာကြကာ တချို့က စားသောက်ဆိုင်များတွင် ဟင်းချက်ကြသည်။ အရာအားလုံး လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့အားလုံးသည် အထီးကျန်နေပြီး မတူညီသော နေရာများတွင် ပြန့်ကျဲနေကြသည်။
ယခုမူ သူတို့သည် နောက်ဆုံးတွင် သူတို့၏အစစ်အမှန်ဂိုဏ်းကို ပိုင်ဆိုင်ရတော့ပေမည်။
အပြာရောင်ဂိုဏ်း...
"ဒါနဲ့ ဆရာ... ဒီလူတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ... ကျွန်တော်တို့ နေရာရှင်းဖို့ လိုသလား..."
ဖေးလော့ထျန်းက ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းမှ လူများကို ကြည့်ကာ မေးလိုက်သည်။
သူ၏စကားမဆုံးခင်မှာပင်....
ဒေါက်...
သူ့ကို ရှောက်ယင်းက ပြင်းပြင်းထန်ထန် ခေါင်းခေါက်လိုက်သည်။
"သေချာတွေးစမ်း... မိစ္ဆာမျိုးနွယ်က လူတစ်ယောက်နဲ့ တူလိုက်တာ... နင်က နေ့တိုင်း ဘယ်လို သတ်ရမလဲ ဆိုတာကိုပဲ သိတယ်... ဒီနှစ်ဖက်ခွနေတဲ့သူတွေက အရမ်းကောင်းတဲ့ အသုံးချခံတွေလေ... ငါတို့က ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ဖို့ လိုတယ်... တကယ်လို့ နင် သူတို့အားလုံးကို သတ်လိုက်ရင် ဘယ်သူက အလုပ်လုပ်မှာလဲ... နင့်ရဲ့ မိစ္ဆာစစ်သည်တွေကို အားကိုးမလို့လား..."
ရှောက်ယင်းက ဖေးလော့ထျန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ဖေးလော့ထျန်းသည် လုရန်ကို ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်လိုက်၏။
လုရန်က ရယ်မောပြီး ပြောဆိုသည်။
"ရှောင်ပိုင် ပြောတာ မှန်တယ်... ဒီလူသားကိရိယာတွေကို သုံးလို့ရတယ်... ပြီးတော့ သူတို့က အရမ်း အသုံးဝင်တယ်... ဒါပေမဲ့..."
သူသည် ထျန်းကန်းဂိုဏ်း၏ အထပ်မြင့်စင်မြင့်ရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။
ခို့ချီ သေဆုံးသွားပြီးနောက် ထျန်းကန်းဂိုဏ်းမှ တပည့်များသည် လှုပ်ရှားရဲခြင်းမရှိသလို ထွက်ပြေးရဲခြင်းလည်း မရှိချေ။
မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ပါး၏ ရှေ့တွင် ထွက်ပြေးရန် ကြိုးစားခြင်းက သေရမည်ကို စောင့်နေရသည်ထက် ပိုဆိုးပေမည်။
"ထျန်းကန်းဂိုဏ်းက လူတွေကိုလည်း သုံးလို့ရတယ်... ဒါပေမဲ့ ဒီရွှေအင်မော်တယ်တွေ အသုံးဝင်မဝင်ဆိုတာ မသေချာဘူး..."
လုရန် စက္ကန့်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီး သတိထားခြင်းက ပို၍လုံခြုံသည်ဟု ခံစားလိုက်ရသဖြင့် ပြောဆိုလိုက်၏။
"ခဏစောင့်အုံး... ဒီရွှေအင်မော်တယ်တွေကို ငါ အဆုံးသတ်လိုက်မယ်... ပြီးတော့ တခြားသူတွေကို အသုံးပြုမယ်..."
ထိုသို့ပြောဆိုပြီးနောက် သူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး သူ၏သံဓားကို ကိုင်ဆောင်ကာ အထပ်မြင့် စင်မြင့်ရှေ့တွင် ထွက်ပေါ်လာတော့သည်။
ဘုန်း...
ဘုန်း...
ဘုန်း...
...
လုရန် လှုပ်ရှားမှု မပြုမီမှာပင် လူအုပ်ကြီးသည် ဒူးထောက်လိုက်ကြ၏။
လူတချို့က သနားညှာတာရန် တောင်းပန်နေကြပြီး တချို့က သစ္စာရှိကြောင်း ဖော်ပြနေကြကာ တချို့ကမူ ကျိန်ဆိုနေကြသည်။
ဒါပေမဲ့ အသုံးမဝင်ဘူး...
လုရန်သည် အင်မော်တယ်ကွပ်မျက်ခြင်း ဓားချက်ကို ပေါ့ပေါ့ပါးပါး အသုံးပြုကာ ထိုအဖွဲ့ထဲရှိ ရွှေအင်မော်တယ်များအားလုံးကို တိကျစွာ ရှင်းလင်းလိုက်သည်။
ထို့နောက် သူသည် ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းကို ထပ်ကြည့်လိုက်ပြီး ရွှေအင်မော်တယ်အဖြစ် တက်လှမ်းရန် ကံကောင်းခဲ့သော ပြဿနာရှိသူ အနည်းငယ်ကို အဆုံးသတ်လိုက်၏။
ထိုအချိန်မှသာ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောဆိုသည်။
"မင်းတို့ ပြန်သွားလို့ရပြီ... ဒီနေ့ကစပြီး ငါ့ရဲ့ အပြာရောင်ဂိုဏ်းကို သစ္စာခံရမယ်... တကယ်လို့ သစ္စာဖောက်တာမျိုး ရှိခဲ့ရင် ချွင်းချက်မရှိ သတ်ပစ်မယ်..."
ရှောက်ယင်း၏ အဆိုအရ လုရန်၏တခြားတပည့် နှစ်ဆယ်ကျော် ရှိသေးသော်လည်း သူတို့အားလုံးမှာ ရွှေအင်မော်တယ်များ ဖြစ်ကြပြီး ခေါ်မလာခဲ့ကြသဖြင့် အပြာရောင်ဂိုဏ်းကို အင်အားဖြည့်တင်းရန် အတိအကျ သင့်တော်သည်။
ထို့ကြောင့် ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းမှ လှည့်ကွက်များ ကစားခြင်းကို ရှောင်ရှားရန်အတွက် ရွှေအင်မော်တယ်များကို ထိန်းသိမ်းမထားနိုင်ပေ။
ဤလူများကို လူစုခွဲလိုက်ပြီးနောက်...
လုရန်သည် ကျောက်စိမ်းနဂါး တောင်ကြားရှိ နေရာကို ရှင်းလင်းရန် ဖေးလော့ထျန်းကို ခိုင်းလိုက်သည်။
ဒီချင်းရွှမ်ဂိုဏ်းက လူတွေကို သုံးလို့မရဘူး...
အထက်မှအောက်အထိ တစ်ယောက်မှ ချန်မထားခဲ့ရဘူး...
"ဆရာ... ဒီနေရာမှာ ကိုင်တွယ်ဖြေရှင်းလို့ ပြီးပါပြီ... ဆရာပြောတဲ့ နေရာကောင်းကို သွားကြမလား... ဂိုဏ်းတစ်ခု တည်ထောင်ဖို့က အချိန်ယူရမှာဖြစ်ပြီး မြေမျက်နှာသွင်ပြင်ကိုကြည့်ပြီး ဂရုတစိုက် ပုံစံထုတ်ဖို့ လိုတယ်..."
ရှောက်ယင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဟုတ်တယ်... ကျွန်မမှာလည်း စိတ်ကူးတချို့ ရှိတယ်... စီနီယာအစ်မ ရှောက်ယင်း ကျွန်မရဲ့ သစ်ရွက်နီမျှော်စင်ကို မြင်ဖူးတယ်မလား... အဲ့ဒါကို ကျွန်မ ပုံစံထုတ်ထားတာ..."
ယဲ့ဟုန်ရီက ချက်ချင်းဆိုသလိုပင် ပြောဆိုသည်။
သူမတို့သည် သူမတို့၏မင်္ဂလာအခန်းကို အလှဆင်လိုသော သတို့သမီးနှစ်ဦးနှင့် တူညီနေပြီး အံ့အားသင့်ဖွယ်ကောင်းသော စိတ်ကူးများဖြင့် ပြည့်နှက်နေကြ၏။
သို့သော် လုရန်က လက်ဝှေ့ယမ်းပြပြီး ပြောဆိုသည်။
"အဲ့ဒီလောက် ဒုက္ခခံစရာ မလိုပါဘူး... ဒီနေရာက စိတ်ဝိညာဉ် သွေးကြောတစ်ခုပေါ်မှာ ရှိပြီး ပထဝီဝင်အနေအထားအရ ရတနာမြေတစ်ခုပဲလေ... ဒီမှာပဲ လုပ်ကြရအောင်..."
"ဟင်..."
သူ၏နံဘေးပတ်ဝန်းကျင်ရှိ တပည့်များအားလုံး အံ့အားသင့်သွားကြသည်။
ဤသည်က မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း...
ဆရာသည် ဂိုဏ်းကို ဤနေရော၌ တည်ထောင်မည်မဟုတ်ဟု ယခုလေးတင် ပြောခဲ့သည် မဟုတ်လော...
ထို့ပြင် ဤတောင်ကြားသည် တပည့်များ၏ စိတ်ထဲတွင်ရှိနေသော ပုံစံဖြင့် အမှန်တကယ်ကို မကိုက်ညီချေ။
ဤအချိန်တွင် လုရန်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်ပြီး အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်၏။
သူက ပြောဆိုသည်။
"ဒီတောင်ကြားကို မေ့လိုက်တော့... အညစ်အကြေးစွန့်တဲ့ မြောင်းအဖြစ်တော့ အဆင်ပြေပါတယ်... ဒါပေမဲ့ ငါ့ရဲ့ အပြာရောင်ဂိုဏ်းက ဘယ်လိုလုပ် ဒီလို ဆင်းရဲပြီး ခေါင်တဲ့နေရာမှာ ရှိနိုင်မှာလဲ..."
ထိုသို့ပြောဆိုပြီးနောက် သူသည် လေထဲသို့ ပျံသန်းသွားတော့သည်။
တပည့်များအားလုံး အချင်းချင်း ကြည့်လိုက်ကြသည်။ ဤကျောက်စိမ်းနဂါး တောင်ကြားသည် မည်မျှထိ ဆိုးရွားနေပါစေ ဆင်းရဲပြီး ခေါင်သည့်နေရာဟု မသတ်မှတ်သင့်သည် မဟုတ်လော။
ဆရာ ရှာတွေ့တဲ့ နေရာကောင်းက ကောင်းကင်မှာများ ရှိနေမလား...