အခန်း ၄၇
Vol. 5 Ch. 47
အခန်း ၄၇: မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုး
စိတ်ဝိညာဉ်နယ်မြေ ပြည်နယ်ကိုးခု...
သူတို့၏ လက်ရှိတည်နေရာမှာ ရှပြည်နယ်နှင့် တောရိုင်းနယ်မြေကြားရှိ နယ်စပ်၌ဖြစ်သည်။
ထိုနေရာသည် ရှပြည်နယ်၏ ချန်ဒေသတွင် ပါဝင်သည်။
ချန်ဒေသသည် မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းပြီး အဓိကအင်အားစုငါးခုက ပူးပေါင်း အုပ်ချုပ်ကာ အရှေ့၊အနောက်၊တောင်နှင့်မြောက်တို့တွင် အသီးသီး အခြေစိုက်ထားကြ၏။
မဟာချန်အင်ပါယာသည် ထိုအင်အားစုများအနက်မှ တစ်ခုပင်။
"အဓိက အင်အားစု ငါးခု ရှိတယ်ဆိုတော့ အရှေ့ အနောက် တောင် မြောက်ကို သူတို့ ဘယ်လို ခွဲခြားထားလဲ... အဲ့ဒါက တစ်ခု ပိုမနေဘူးလား..."
လုရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"အစကတော့ ပိုမနေဘူး... မဟာချန်အင်ပါယာက အရှေ့ဘက် နယ်မြေကို အုပ်ချုပ်ခဲ့တာပါ... ဒါပေမဲ့ နောက်ပိုင်းမှာ အင်အားစုအသစ်တစ်ခု ပေါ်ပေါက်လာပြီး မဟာချန်အင်ပါယာကို စတင်ဆန့်ကျင်လာခဲ့တယ်... အဲ့ဒါက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ပဲ..."
ယဲ့ဟုန်ရီက ပြောလိုက်သည်။
အခြားသူများသည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ သိပ်မသိကြပေ။
ထို့ကြောင့် ရှပြည်နယ်၏ ချန်နယ်မြေကို ယခုအချိန်၌ အင်အားစုငါးခုက စီမံခန့်ခွဲနေခြင်းပင်။
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် မဟာချန်အင်ပါယာတို့သည် အရှေ့ဘက် နယ်မြေတွင် အချင်းချင်း အငြင်းပွားနေကြပြီး ကျန်ရှိသော အင်အားစု သုံးခုကမူ စောင့်ကြည့်နေကြရုံသာ ဖြစ်ပေ၏။
ထို့ပြင် သူတို့သည် အချင်းချင်း တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်း ကြာမြင့်နေလေပြီ။
"မဟာချန်အင်ပါယာက သမားရိုးကျ နည်းလမ်းတွေနဲ့ သူတို့ရဲ့ ကိစ္စတွေကို ဆောင်ရွက်ပြီးတော့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကတော့ အတော်လေး အနိုင်ကျင့်လိုတဲ့ သဘောရှိတယ်... ချင်းရွှမ်ဂိုဏ်းက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ အကာအကွယ်ကို ရဖို့အတွက် စိတ်ဝိညာဉ် သွေးကြော သတ္တုရိုင်းတွေကို တူးဖော်ခဲ့တာ..."
ယဲ့ဟုန်ရီက ရှင်းပြသည်။
လုရန် အကြမ်းဖျင်း နားလည်လိုက်သည်။
ယခုအချိန်၌ အပြာရောင်ဂိုဏ်းသည် ချင်းရွှမ်ဂိုဏ်းကို ဖျက်ဆီးပြီး စိတ်ဝိညာဉ်သွေးကြောကို လွှဲပြောင်းယူလိုက်ပြီဖြစ်ရာ သူတို့သည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် ရန်ငြိုးတစ်ခုကို ထိရောက်စွာ ဖန်တီးလိုက်လေပြီ။
ထို့ပြင် မဟာချန်အင်ပါယာ၏ ကျန်းကော်မြို့စားကြီးက ထန်ယင်းရော့ကို ခေါ်သွားခဲ့သဖြင့် သူ့ကိုလည်း လုရန်က ရန်သူစာရင်းတွင် ထည့်သွင်းထားပြီးဖြစ်ပေ၏။
အပြာရောင်ဂိုဏ်းသည် စုဝေးမိကာစ ရှိသေးသော်လည်း သူတို့သည် ချန်ဒေသ အရှေ့ဘက်ခြမ်းရှိ အဓိကအင်အားစုနှစ်ခုကို တပြိုင်နက်တည်း စော်ကားမိသွားလေပြီ။
"ကျွန်မတို့ သတိထားဖို့ လိုတယ်... လဲ့ထိုက်ကို သတ်လိုက်ပြီဆိုတော့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က လူတွေ ပြဿနာလာရှာဖို့ အရမ်းများတယ်..."
ရှောက်ယင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"အဲ့ဒီလို ဖြစ်မှာ မဟုတ်ပါဘူး... အဲ့ဒီလို အင်အားစုမျိုးအတွက် ချင်းရွှမ်ဂိုဏ်းက အသုံးချခံတစ်ခုသက်သက်ပဲ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က တိုက်ခိုက်ဖို့ လာရင်တောင်မှ တစ်ခုတည်းသော အကြောင်းပြချက်က စိတ်ဝိညာဉ် သွေးကြောကြောင့် ဖြစ်မှာဖြစ်ပြီး အခု ပျက်စီးသွားတဲ့ ချင်းရွှမ်ဂိုဏ်းနဲ့ ဘာမှမဆိုင်တော့ဘူး..."
လုရန်က ခေါင်းခါယမ်းပြီး ပြဿနာကို တိုက်ရိုက်ထောက်ပြလိုက်၏။
ထို့နောက် လုရန်က မေးမြန်းသည်။
"သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မဟာချန်အင်ပါယာရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုနေလဲ..."
ဤမေးခွန်းတွင် လက်ရှိနေရာတွင်ရှိနေသူတိုင်း ကြက်သေသေသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အနက်မှ မည်သူမျှ ထိုကဲ့သို့ အင်အားစုများနှင့် တစ်ကြိမ်တစ်ခါမျှ မဆက်ဆံဖူးခဲ့ပေ။ အပြာရောင်ဂိုဏ်းတပည့်များ၏ တစ်ခုတည်းသောတာဝန်မှာ သူတို့၏ဆရာ အထက်ဘုံသို့ တက်လှမ်းလာမည့်အချိန်ကို စောင့်ဆိုင်းရန်ဖြစ်ပြီး သူတို့သည် ပြဿနာကို မည်သည့်အချိန်ကမျှ စတင်၍ မရှာဖွေခဲ့ကြချေ။
"သူတို့ရဲ့ တိကျတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ကျွန်မ မသိပေမဲ့ ချင်းရွှမ်ဂိုဏ်းကို သူတို့ ထိန်းချုပ်ပြီး ကျွန်ပြုနိုင်ခဲ့တယ်ဆိုမှတော့ မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ် ဒါမှမဟုတ် အဲ့ဒီထက် အဆင့်ပိုမြင့်တဲ့ ကျွမ်းကျင်သူတွေ ရှိလောက်တယ်..."
ရှောက်ယင်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။
မဟာပေါင်းစည်းခြင်း အင်မော်တယ်၏ အထက်တွင် အင်မော်တယ်သခင်နယ်ပယ် ရှိနေသည်။
"အမှန်ပဲ... မဟာချန်အင်ပါယာနဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့တို့က နှစ်ပေါင်းများစွာကြာအောင် အချင်းချင်း ယှဉ်ပြိုင်နေခဲ့ကြတာဆိုတော့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တူညီလောက်တယ်... မဟာချန်ဧကရီက အနည်းဆုံးတော့ အင်မော်တယ်သခင် နယ်ပယ်မှာ ရှိတယ်လို့ ကောလာဟလတွေ ရှိပေမဲ့ ဧကရီက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေပြီး သာမန်လူတွေက သူ့ကို ဘယ်လိုမှ စုံစမ်းနိုင်မှာ မဟုတ်ဘူး..."
ယဲ့ဟုန်ရီက ပြောလိုက်သည်။
အင်မော်တယ်သခင် တစ်ပါး...
အကယ်၍ သူတို့သာ တိုက်ခိုက်လာပါက ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။
"ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မမြင့်သေးဘူးပဲ..."
လုရန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား သူသည် သူ့နဖူးသူ ရိုက်လိုက်ပြီး ပြောလိုက်၏။
"ငါ အဆင့်တက်ဖို့ မေ့နေလုနီးပါးပဲ..."
ကျောက်စိမ်းနဂါးတောင်ကြားသို့ မရောက်မီ တက်ရောက်စာရင်းသွင်းခြင်းမှတစ်ဆင့် သူ၏နယ်ပယ်သည် ရွှေအင်မော်တယ် နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
သူ့ထံတွင် ဖီးနစ်မြည်သံ ကောင်းကင်ကိုးထပ် ဆေးလုံးရှိပြီး အဆင့်တက်နိုင်သော်လည်း အဆင့်တက်ရန် အချိန်မည်မျှ ကြာမည်ကို မသိသောကြောင့် သူ နောက်ဆုတ်ထားခဲ့သည်။
ယခု ချင်းရွှမ်ဂိုဏ်းကို ရှင်းလင်းပြီး ဂိုဏ်းကိုလည်း တည်ထောင်ပြီးပြီဖြစ်ရာ သူ မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် အကောင်းဆုံးအချိန်ပင်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်နှင့်စွမ်းအား မြင့်မားမှသာ အပြာရောင်ဂိုဏ်းကို သူ ကာကွယ်နိုင်ပေမည်။
ထို့ကြောင့် လုရန်သည် လက်ကောက်ဝတ်ကို လှုပ်ခတ်ကာ သူ၏သိုလှောင်အိတ်ထဲမှ ဖီးနစ်မြည်သံ ကောင်းကင်ကိုးထပ်ဆေးလုံးကို ထုတ်ယူပြီး သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
"ငါ မဟာပေါင်းစည်းခြင်းနယ်ပယ်ကို တက်လှမ်းတော့မယ်... အချိန်ဘယ်လောက် ကြာမလဲတော့ မသိဘူး..."
လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
အမ်...
တပည့်များအားလုံး အံ့အားသင့်သွားကြသည်။
မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းမည်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သူ အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်လော။
ထို့အပြင် လွန်ခဲ့သော သုံးရက်က မဟာလော့ဓားဂိုဏ်းတွင် လုရန် ရွှေအင်မော်တယ်အဆင့်သို့ ပေါ့ပေါ့ပါးပါး တက်လှမ်းသွားသည်ကို ရှောက်ယင်းက သူမ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။
သုံးရက်သာ ကြာသေးသော်လည်း ဆရာသည် မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းတော့ပေမည်။
နံဘေးတွင်ရှိသော စုယွဲ့လင်သည် ထိုအချက်ကို အထင်ရှားဆုံး ခံစားရသူပင်။
လုရန် အထက်ဘုံသို့ တက်လှမ်းလာစဉ်က သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင် ရှိနေပေ၏။ အချိန်တိုလေးအတွင်း လုရန် လျင်မြန်စွာ တိုးတက်လာသည်ကို သူမ စောင့်ကြည့်နေခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုရန်သည် လီတောင်ပေါ်ရှိ ဓားအမိန့်နန်းဆောင်တွင် သစ်ကိုင်းတစ်ချောင်းဖြင့် ရွှေအင်မော်တယ်တစ်ဦးကို ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည်။
ထို့နောက် ရှောက်ယင်း မဟာလော့ ဓားဂိုဏ်းသို့ သွားသည့်အချိန်အတွင်း လုရန်သည် ရွှေအင်မော်တယ်အဆင့်သို့ ပေါ့ပေါ့ပါးပါး တက်လှမ်းသွားခဲ့သည်။
သုံးရက်ကြာပြီးနောက် ယခုအချိန်တွင် သူသည် မဟာပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းတော့ပေမည်။
အင်မော်တယ်နယ်မြေသို့ ရောက်ရှိနိုင်သူတိုင်းတွင် ပါရမီကောင်းများ ရှိကြပြီး လုရန် လက်ခံခဲ့သော တပည့်များသည် သာမန်လူများ မဟုတ်ကြချေ။
သို့သော် ထိုသို့ဖြစ်သည့်တိုင် မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိရန်် သူတို့အတွက် အနည်းဆုံး နှစ်သောင်းနှင့်ချီသော ခါးသီးသည့် ကျင့်ကြံမှု လိုအပ်သည်။
သို့တိုင် လုရန်အတွက်မူ ဤသည်မှာ ဆယ်ရက်ပင် မပြည့်သေးချေ။
ဤအချိန်တွင် လုရန်၏ ပါးစပ်ထဲရှိ ဖီးနစ်မြည်သံ ကောင်းကင်ကိုးထပ် ဆေးလုံးသည် ဆေးစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ၏မရီဒါန်းများ၊ အသွေးအသားများနှင့် နတ်ဘုရားစိတ်ဝိညာဉ်တို့အတွင်းသို့ ပေါင်းစည်းသွားတော့သည်။
ထိုဆေးလုံးအတွင်းရှိ တာအိုလှိုင်းဂယက် အနည်းငယ်သည် လုရန်၏ စိတ်ဝိညာဉ်စင်မြင့်အတွင်းသို့ စီးဝင်သွားပေ၏။
အမှောင်ထဲတွင် တောက်ပသော မီးအိမ်တစ်ခု ရုတ်တရက် လင်းလာသည့်အလား သူ၏ရှေ့တွင် သူ မြင်ရသောအရာနှင့် သူ၏စိတ်က သိမြင်သောအရာအားလုံးမှာ ကွဲပြားသွားတော့သည်။
ကျင့်ကြံဆင့်နယ်ပယ်တိုးတက်လာမှုသည် ခွန်အားများ မြင့်တက်လာခြင်းကိုသာ ယူဆောင်လာခြင်း မဟုတ်ချေ။
အာရုံအမျိုးမျိုးတွင်လည်း ရူးသွပ်စရာကောင်းလောက်အောင် တိုးတက်မှုများ ရှိလာခဲ့သည်။ သူ၏ ရှေ့တွင် သူ မြင်နေရသောအရာမှာ ဤလောကကြီးသာ ဖြစ်နေဆဲဖြစ်သော်လည်း အရာဝတ္ထုများ၏ အနှစ်သာရနှင့် ပို၍နီးကပ်လာပုံရသည်။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်သီးဆုပ်ထားလိုက်၏။ မရေမတွက်နိုင်အောင် ရုတ်တရက် မြင့်တက်လာသော ဤစွမ်းအားခံစားချက်က လုရန်ကို ယခင်က သေခါနီးအဘိုးအိုတစ်ဦးနှင့် သူ တူညီနေခဲ့သည်ဟု ခံစားရစေသည်။
ယခုချိန်မှသာ သူ အသက်ရှင်နေသည်ဟု အမှန်တကယ် သတ်မှတ်နိုင်ပေမည်။
"ဒါက မဟာပေါင်းစည်းခြင်း အင်မော်တယ်လား..." လုရန်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သို့သော် သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် သူ၏ရှေ့ရှိ တပည့်များအားလုံး ခေါင်းခါယမ်းလိုက်ကြ၏။
ယဲ့ဟုန်ရီက ပြောဆိုသည်။
"မရောက်သေးပါဘူး ဆရာ... ဆရာက လောလောဆယ် ခြေလှမ်းတစ်ဝက် မဟာပေါင်းစည်းခြင်းအင်မော်တယ်ပါ..."
ဟင်...
လုရန်၏မျက်လုံးများ ပြူးကျယ်သွားပြီး မေးမြန်းသည်။
"ခြေလှမ်းတစ်ဝက် မဟာပေါင်းစည်းခြင်းအင်မော်တယ်ဆိုတာ ဘာကြီးလဲ... ရွှေအင်မော်တယ်နဲ့ မဟာပေါင်းစည်းခြင်း အင်မော်တယ်ကြားမှာ နောက်ထပ် အဓိက နယ်ပယ်တစ်ခု ရှိသေးတယ်လို့ ဆိုလိုတာလား..."
ယဲ့ဟုန်ရီက ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"အဲ့ဒီလိုတော့ မဟုတ်ဘူး... ရွှေအင်မော်တယ်ကနေ မဟာပေါင်းစည်းခြင်းနယ်ပယ်ကို တက်လှမ်းဖို့ သတ်မှတ်ချက်နှစ်ခု လိုအပ်တယ်... ပထမတစ်ခုက ကောင်းကင်တာအို ဉာဏ်အလင်းပွင့်မှုပဲ..."
ဖီးနစ်မြည်သံ ကောင်းကင်ကိုးထပ်ဆေးလုံးထဲရှိ တာအိုလှိုင်းဂယက် အနည်းငယ်မှာ ထိုအရာပင်။
ထိုအချက်က လုရန်အား ရွှေအင်မော်တယ်နယ်ပယ်မှ ထွက်ခွာပြီး မဟာပေါင်းစည်းခြင်းအင်မော်တယ်နယ်ပယ်ထဲသို့ ခြေတစ်လှမ်းလှမ်းနိုင်ရန်အတွက် ထောက်ပံ့ပေးရန် လုံလောက်သည်။
သို့သော် ဤသည်က မလုံလောက်သေးချေ။
"အရာတစ်ခု လိုနေသေးတယ်... အဲ့ဒါက မဟာပေါင်းစည်းခြင်း အင်မော်တယ်ရဲ့ အမှတ်အသားဖြစ်တဲ့... တာလော့ ဓမ္မပုံရိပ်ယောင်ပဲ..."
ယဲ့ဟုန်ရီက ပြောလိုက်သည်။
လဲ့ထိုက်အပါအဝင် ဤတပည့်များသည် သူတို့ တိုက်ခိုက်သည့်အချိန်၌ သူတို့၏နောက်တွင် ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးနှင့် တူညီသော ခမ်းနားကြီးကျယ်ပြီး မိုးထိအောင် မြင့်မားသည့် ဓမ္မပုံရိပ်ယောင်များရှိကြောင်း လုရန် သတိရသွားသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒါ လိုနေတာ... အဲ့ဒီအရာကို ဘယ်လိုရလဲ..."
လုရန်က အလျင်အမြန် မေးလိုက်၏။
"ဉာဏ်အလင်းပွင့်တာ... သာမန် မဟာပေါင်းစည်းခြင်း အင်မော်တယ်တွေက ကောင်းကင်ယံကို ခရီးသွားဖို့ သူတို့ရဲ့ ကိုယ်ပိုင် နတ်ဘုရားစိတ်ဝိညာဉ်ကို အသုံးပြုပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာကျင့်စဉ်တွေနဲ့ ကိုက်ညီတဲ့ ကောင်းကင်ဘုံကိုးထပ် နတ်ဘုရားစွမ်းအင်တွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် ဓမ္မပုံရိပ်ယောင်ကို ဉာဏ်အလင်းပွင့်ဖို့ လိုအပ်တယ်..."
ယဲ့ဟုန်ရီက ရှင်းပြသည်။
ထိုစကားကို ကြားသောအခါ လုရန် ငိုကြွေးမိလုနီးပါး ဖြစ်သွားသည်။
မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်ကို တက်လှမ်းရာတွင် သတ်မှတ်ချက်နှစ်ခု လိုအပ်ကြောင်း သူ့ကို မည်သူကမျှ မပြောခဲ့ချေ။
"ဒါကြောင့် ဆရာက ရွှေအင်မော်တယ်နယ်ပယ်ကနေ တက်လှမ်းလာခဲ့ပြီဆိုပေမဲ့ တာလော့ဓမ္မပုံရိပ်ယောင်ကို ဉာဏ်အလင်းမပွင့်သေးတဲ့အတွက် ဆရာက ကြားကာလ အခြေအနေတစ်ခုမှာ ရှိနေတာ... စိတ်ဝိညာဉ်နယ်မြေမှာ အများသုံးတဲ့ ဝေါဟာရကတော့ ခြေလှမ်းတစ်ဝက် မဟာပေါင်းစည်းခြင်းအင်မော်တယ်ပါ... မဟာပေါင်းစည်းခြင်း အင်မော်တယ်နဲ့ ခွဲခြားဖို့သက်သက်ပါပဲ... ခြေလှမ်းတစ်ဝက် မဟာပေါင်းစည်းခြင်းအင်မော်တယ်နယ်ပယ်ဆိုတာ အမှန်တကယ်တော့ မရှိပါဘူး..."
ယဲ့ဟုန်ရီက ပြောဆိုလိုက်၏။
ယခုအချိန်၌ အခြေခံသဘောတရားကို သူ နားလည်သဘောပေါက်သွားလေပြီ။
သို့သော် လုရန်သည် သူ၏ကိုယ်ပိုင်ကန့်သတ်ချက်များကို ပို၍ပင် သိထားသည်။
ထိုအရာကို ဉာဏ်အလင်းပွင့်ရန်မှာ သူ၏ အားနည်းချက်ပင်။
အောက်ဘုံတွင် သူသည် တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော အမြင့်ဆုံးအဆင့် ပါရမီများဖြင့် လမ်းတလျှောက်လုံး လှည့်စားလာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုပါရမီများသည် သက်ဆိုင်ရာ နယ်ပယ်များတွင်သာ ပြိုင်ဘက်ကင်း ဖြစ်ကြ၏။
တာလော့ဓမ္မပုံရိပ်ယောင်ကို ဉာဏ်အလင်းပွင့်ရန်အတွက် သူ ကိုယ့်ကိုယ်ကိုယ် အားကိုးရဦးမည်လော...
"ဒါကတော့ ဆိုးသွားပြီ..."
အောက်ဘုံတွင် နှစ်ပေါင်းတစ်သိန်းကြာ ခါးသီးစွာ စောင့်ဆိုင်းခဲ့ရပြီးနောက် သူ၏တာလော့ဓမ္မပုံရိပ်ယောင်ကို ဉာဏ်အလင်းပွင့်ရန် မလွယ်ကူကြောင်း လုရန် ကြိုတင်၍မြင်ယောင်နေလေပြီ။
"ဆရာ... စိတ်မပူပါနဲ့... ဒါက မဟာပေါင်းစည်းခြင်း အင်မော်တယ်တိုင်း ဖြတ်သန်းရမယ့် ကိစ္စပါ... ကျွန်မက အရင်တုန်းက ခြေလှမ်းတစ်ဝက် မဟာပေါင်းစည်းခြင်းအင်မော်တယ်အဖြစ် နှစ်ခုနစ်ရာလောက် နေခဲ့ရတယ်..."
ယဲ့ဟုန်ရီက ပြောလိုက်သည်။
"ငါက ပိုဆိုးတယ်... တုန်လှုပ်ခြင်းမဲ့ ဉာဏ်ပညာဘုရင်ကို ဉာဏ်အလင်းမပွင့်ခင် နှစ်တစ်ထောင့်သုံးရာကျော်လောက် ငါ လှဲနေခဲ့ရတယ်..."
စွန်းထျန်းယိုက ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မက မြန်တယ်လို့ ပြောရမယ်... ကျွန်မက နှစ်ခြောက်ဆယ်ပဲ ကြာတာ..."
ဟွမ်ဖန်က သူမ၏ ဒယ်အိုးကို ကိုင်ကာ နေရခက်စွာ ပြောလိုက်သည်။
သူတို့၏ ဓမ္မပုံရိပ်ယောင်များသည် သူတို့၏ သက်ဆိုင်ရာကျင့်စဉ်များ၏ ဂုဏ်သတ္တိများနှင့် အလွန်ကိုက်ညီမှု ရှိကြ၏။
သို့သော် အမြန်ဆုံးဖြစ်သော ဟွမ်ဖန်အတွက်ပင် နှစ်ပေါင်းခြောက်ဆယ် ကြာခဲ့သည်။
နှစ်ပေါင်းခြောက်ဆယ်...
အပြာရောင်ဂိုဏ်း၏ လက်ရှိအခြေအနေအရ သူတို့သာ အလျင်အမြန် သန်မာအားကောင်းလာခြင်း မရှိပါက နှစ်ပေါင်းခြောက်ဆယ်ကို မဆိုထားနှင့် ခြောက်လပင် တောင့်ခံနိုင်မည် မဟုတ်ချေ။
လုရန်က ရှောက်ယင်းနှင့်ဖေးလော့ထျန်းတို့ကို လှည့်ကြည့်လိုက်သည်။
"ဆရာ... ကျွန်မတို့ ယောင်မျိုးနွယ်တွေက လူသားမျိုးနွယ်နဲ့ မတူဘူး... ယောင်မျိုးနွယ်က နတ်ဆိုးဘုရင်အဆင့်ကို တက်လှမ်းဖို့အတွက် ကျွန်မတို့ရဲ့ ရှေးဟောင်း ယောင်မျိုးနွယ် သွေးမျိုးဆက်ကို နိုးထဖို့ပဲ လိုတယ်..."
ရှောက်ယင်းက ချက်ချင်းပြောလိုက်သည်။
"မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်နဲ့ ဆင်တူတယ်... ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ဉာဏ်အလင်းပွင့်ခဲ့တာ မဟုတ်ဘူး... ကောင်းကင်နတ်ဆိုး တစ်ကောင်ရဲ့ အလောင်းကနေ ကျွန်တော် ယူခဲ့တာ..."
ဖေးလော့ထျန်းက ပြောဆိုလိုက်၏။
ထိုစကားကို ကြားသောအခါ ယဲ့ဟုန်ရီက အလျင်အမြန် ပြောဆိုသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်... အဲ့ဒါက မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါး သေဆုံးပြီးနောက် တာလော့ဓမ္မပုံရိပ်ယောင်က သူတို့ရဲ့ အလောင်းထဲကို ပေါင်းစည်းသွားလိမ့်မယ်... အဲ့ဒါကို ခြေလှမ်းတစ်ဝက် မဟာပေါင်းစည်းခြင်းအင်မော်တယ်တစ်ယောက်က တိုက်ရိုက်ထုတ်ယူပြီး စုပ်ယူနိုင်တယ်..."
ထိပ်တန်း ဓမ္မပုံရိပ်ယောင်များကို ပိုင်ဆိုင်ထားသော အစွမ်းထက်ပုဂ္ဂိုလ်များသည် သူတို့၏သက်တမ်း မကုန်ဆုံးမီ ဓမ္မပုံရိပ်ယောင်ကို လွှဲပြောင်းယူရန် သူတို့၏တပည့်များအတွက် စီစဉ်ပေးလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင် ဉာဏ်အလင်းပွင့်ပါက ဆိုးရွားသော ဓမ္မပုံရိပ်ယောင်တစ်ခုကို ဉာဏ်အလင်းပွင့်နိုင်ခြေ ရှိသောကြောင့်ပင်။
ထို့ကြောင့် အင်အားကြီးမားသော အင်အားစုတစ်ခုတွင် အမြဲတစေ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းလာခဲ့သော ထိပ်တန်းဓမ္မပုံရိပ်ယောင်တစ်ခု ရှိနေတတ်သည်။
"ဒါပေမဲ့ ပြဿနာက မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ဦးရဲ့ အလောင်းကို ရဖို့ဆိုတာ အရမ်းခက်ခဲတာပဲ..."
သူမ စကားတစ်ဝက်တွင် ယဲ့ဟုန်ရီ တောင့်တင်းသွားပြီး တခြားသူများလည်း ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။
"လဲ့ထိုက် အခုလေးတင် သေသွားတာ မဟုတ်ဘူးလား... ဆရာ... သူ့ရဲ့ ဓမ္မပုံရိပ်ယောင်ကို ဆရာ တိုက်ရိုက်စုပ်ယူလို့ ရတယ်လေ..."
ယဲ့ဟုန်ရီက ဝမ်းသာအားရ ပြောလိုက်၏။
သို့သော် ဤမျှထိ အရေးကြီးသော အချိန်တွင် လုရန်ကမူ ခေါင်းခါယမ်းလိုက်သည်။
သူက ပြောဆိုသည်။
"အဲ့ဒီ နတ်ဆိုးမျောက်ဝံ ဓမ္မပုံရိပ်ယောင်က အရမ်း ရုပ်ဆိုးတယ်... တစ်ချက်ကြည့်ရုံနဲ့တင် အဲ့ဒါက မကောင်းတဲ့ ပစ္စည်းတစ်ခုမှန်း သိသာတယ်... ငါ မကြိုက်ဘူး..."
မကြိုက်ခြင်းက အကြောင်းအရင်းတစ်ခုပင်။
နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ...
ယဲ့ဟုန်ရီ သတိပေးလိုက်သဖြင့် လုရန် သတိရသွားသည်။
သူ့ဆီမှာ အမှန်အားဖြင့် အလောင်းတစ်ခု ရှိနေသည်။ ဤသည်မှာ လီတောင်ပေါ်ရှိ ရှေးဟောင်း ကန့်သတ်ချက်ထဲမှ သူ ယူလာခဲ့သော ရွှေရောင်အရိုးစုပင်။
"ငါ့ရဲ့တပည့်တွေ... ဒီအလောင်းကို ဘယ်လို ထင်လဲ..."
ထိုသို့ပြောဆိုပြီးနောက် လုရန်သည် လက်ကို မြှောက်ကာ သိုလှောင်အိတ်ထဲမှ အလောင်းကို ထုတ်လိုက်သည်။
ချလွမ်...
အရိုးစုသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ကျောက်ပြားနှင့် တိုက်မိကာ သတ္တုချင်း ထိခတ်သကဲ့သို့ မြည်သံတစ်သံ ထွက်ပေါ်လာသည်။
လုရန်သည် ပျက်စီးနေသော အဝတ်အစားများကို ချွတ်ပြီး လွှင့်ပစ်လိုက်ပြီးဖြစ်သည်။ နတ်ဘုရားတို့၏ တောက်ပမှုနှင့် အလင်းတန်းများကို ထုတ်လွှတ်နေပြီး ထွင်းထုထားသော ကျောက်စိမ်းကဲ့သို့ သေသပ်လှပသည့် အရိုးစုသာ ကျန်ရှိတော့သည်။
သေချာကြည့်လျှင် အရိုးစုတွင် ကပ်နေသော သေးငယ်သည့် အရောင်ခုနစ်မျိုးရှိသော ပင့်ကူအိမ်ကဲ့သို့ အရာများကို တွေ့နိုင်သည်။
ထို့ပြင် ဤသည်မှာ အရိုးစုတစ်ခုသာ ဖြစ်သော်လည်း ထိုအရာကို ပစ်ထုတ်လိုက်သည့် အခိုက်အတန့်တွင် နံဘေးပတ်လည်တွင် ရစ်ဝဲနေသော ရှေးဟောင်းနှင့် အထီးကျန်ဆန်သည့် အရှိန်အဝါကို ခံစားနိုင်ပေ၏။
လူတိုင်းသည် ထိုအရာကို စိုက်ကြည့်နေကြပြီး နောက်တစ်စက္ကန့်မှာပင် သူတို့အားလုံး တပြိုင်နက်တည်း အသက်ရှူမှားသွားကြတော့သည်။
"မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုး... အင်မော်တယ်... အင်မော်တယ်ဧကရာဇ် နယ်ပယ်... ဆရာ... ဒီအလောင်းကို ဘယ်ကနေ ရလာတာလဲ..."
တပည့်များအားလုံး အတိုင်းအဆမရှိ အံ့အားသင့်သွားကြသည်။
သူတို့သည် ဤအလောင်း၏ တန်ဖိုးကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားကြောင်း သိသာထင်ရှားသည်။
"ငါ ကောက်ရခဲ့တာပါ..."
လုရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ သူ၏ မျက်လုံးများ တောက်ပလာသည်။ အကယ်၍ ဤလူသည် မသေမီက အမှန်တကယ်ပင် အင်မော်တယ်ဧကရာဇ် နယ်ပယ်တွင် ရှိနေပြီး ဓမ္မပုံရိပ်ယောင် ရှိနေသေးပါက ထိုအရာသည် မည်သို့ဖြစ်မည်နည်း။
မည်သို့ပင်ဖြစ်စေကာမူ လဲ့ထိုက်၏ နတ်ဆိုးမျောက်ဝံ ဓမ္မပုံရိပ်ယောင်ထက် ပိုကောင်းမည်မှာ သေချာပေါက်ပင်။