← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉: မဟာချန် တော်ဝင်မြို့တော်

ဤအချိန်တွင် လုရန်က သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

ခံစားချက်သည် ယခင်နှင့် မတူတော့ချေ။

မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းခြင်းကပင် လုရန်ကို ပြိုင်ဘက်ကင်းသကဲ့သို့ ခံစားရစေခဲ့ပြီးဖြစ်သည်။

ယခု၌မူ....

မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများ ပေါင်းစပ်မှုနှင့် သူ၏ အရိုးစုတစ်ခုလုံး အစားထိုးခံရမှုနှင့်အတူ မြင့်မြတ်သွေးကြောသည်လည်း ဖယ်ရှားခံရပြီး လုရန်၏ သွေးကြောများအတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။

လုရန်သည် ယခုအချိန်၌ ထူးဆန်းသော အရာတစ်ခုနှင့် တူညီနေလေပြီ။ သူသည် အင်မော်တယ်ဧကရာဇ် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်တွင်သာ ရှိနေပေ၏။

ထို့ပြင်....

ချီကို အသုံးမပြုဘဲပင်လျှင် ယခုချိန်၌ သူ၏ လက်သီးတစ်ချက်က တောင်တစ်လုံးကို ပြိုကျစေနိုင်သည်ဟု လုရန် ခံစားလိုက်ရသည်။

သေချာသည်မှာ လုရန် ဤနေရာတွင် မစမ်းသပ်ရဲချေ။

အပြာရောင်ဂိုဏ်းကို သူ ယခုလေးတင်မှ တည်ထောင်ထားခြင်း ဖြစ်ပေသည်။ သူ၏လက်သီးတစ်ချက်တည်းဖြင့် အပိုင်းပိုင်းအစစဖြစ်အောင် လုပ်လိုက်ပါက ဘေးအန္တရာယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

လုရန် မတ်တတ်ရပ်လိုက်ရာ သူနောက်ရှိ ရှင်းထျန်း ဓမ္မပုံရိပ်ယောင်သည်လည်း တပြိုင်နက်တည်း တုန်ခါသွားတော့သည်။

တပည့်ဆယ့်နှစ်ဦးသည် ရှင်းထျန်း ဓမ္မပုံရိပ်ယောင်၏ ဖိအားကို ကျင့်သားရသွားပြီးနောက် သူတို့၏ ကိုယ်ပိုင်ဓမ္မပုံရိပ်ယောင်များကို ရုတ်သိမ်းကာ သူ၏နံဘေးပတ်လည်တွင် စုဝေးလာကြသည်။

"ဆရာ... စောစောက..."

ရှောက်ယင်းက စိုးရိမ်တကြီး မေးလိုက်၏။

"အဲ့ဒီအရိုးတွေထဲမှာ ဓမ္မပုံရိပ်ယောင်တင် မဟုတ်ဘဲ ငါ့ကို ပူးကပ်ဖို့ ကြိုးစားနေတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ကျန်ရစ်နေတဲ့ ဝိညာဉ်လည်း ရှိနေတယ်..."

လုရန်က တိုက်ရိုက်ပြောလိုက်သည်။

"အမ်..."

တပည့်များအားလုံး အံ့အားသင့်သွားကြသည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး... အဲ့ဒါက အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ခုပါပဲ... ပြီးတော့ သူ့ကို ငါ အဆုံးသတ်လိုက်ပါပြီ... ငါ သူ့ကို မတားခဲ့တာက ငါ့အတွက် မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေကို ပေါင်းစပ်ပေးဖို့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုချင်လို့ပဲ... အခု ကြည့်ရတာ ဒါက ကြီးမားတဲ့ အမြတ်အစွန်းတစ်ခုပဲ..."

လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏ခန္ဓာကိုယ်မှ အရိုးစများနှင့် သွေးများကို ဆေးကြောရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်၏။

တပည့်များအားလုံး အံ့အားသင့်မှင်တက်သွားကြသည်။

ဤသည်မှာ အမြတ်အစွန်းတစ်ခုသက်သက် မဟုတ်ဘဲ ကောင်းကင်ဘုံက ပေးသနားသော အခွင့်အရေး တစ်ရပ်ပင်။

သူတို့၏ဆရာသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းပြီးသည်နှင့် တပြိုင်နက် အင်မော်တယ်ဧကရာဇ် မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုး အပြည့်အစုံကို ရရှိခဲ့သည်။

ထို့နောက် သူသည် စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုလည်း ရရှိခဲ့သည်။

သူတို့အားလုံး မဟာပေါင်းစည်းခြင်း အင်မော်တယ်များ ဖြစ်ကြပြီး လုရန်သည် ပထမအဆင့်တွင်သာ ရှိနေသည်။ သို့သော် လက်ရှိနေရာတွင် ရှိနေသူများထဲမှ မဟာပေါင်းစည်းခြင်း အင်မော်တယ် အဋ္ဌမအဆင့်တွင်ရှိပြီး အမြင့်မားဆုံး ကျင့်ကြံမှုရှိသည့် စွန်းထျန်းယိုပင်လျှင် လုရန်ကို အနိုင်ယူနိုင်မည်ဟု မပြောရဲချေ။

"မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်ကို ရောက်ရှိသွားတဲ့ ဆရာ့ကို ဂုဏ်ပြုပါတယ်... အခု အပြာရောင်ဂိုဏ်းအတွက် စီစဉ်ကြမလား..."

ရှောက်ယင်းက စိတ်မရှည်စွာ မေးလိုက်သည်။

လုရန်က လက်ဝှေ့ယမ်းပြပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

သိုင်းပညာလေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော လင်းပေါင်အာနှင့် စုယွဲ့လင်တို့ကို မြင်သောအခါ သူ၏ မျက်လုံးများ တောက်ပသွားတော့သည်။

တခြားသူများကဲ့သို့ပင် စုယွဲ့လင်သည် ပေါင်အာ၏အနီးသို့ မချဥ်းကပ်ရဲချေ။

မဟာပေါင်းစည်းခြင်း အင်မော်တယ် တပည့်များပင်လျှင် ပေါင်အာသည် လီမျိုးနွယ်မှ ဖြစ်ကြောင်း လုရန်က သူတို့ကို ပြောပြပြီးနောက် သူမ၏အနားသို့ မချဉ်းကပ်ရဲကြချေ။

သူမသည် ကွင်းပြင်အပြင်ဘက်တွင် တစ်ယောက်တည်း မတ်တတ်ရပ်နေခဲ့သည်။

လုရန် တစ်ယောက်တည်းသာ သူမ၏အနီးသို့ ချဥ်းကပ်ရဲသည်။ သူသည် လင်းပေါင်အာ၏ခေါင်းကို ပွတ်သပ်ကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်၏။

သူ တွေးထင်သည့်အတိုင်းပင် စိတ်ဝိညာဉ်စွမ်းအား ပြောင်းလဲသည့် အမြန်နှုန်းမှာ ရုတ်တရက် မြန်ဆန်လာတော့သည်။

လုရန်သည် သူ၏တပည့်များဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။

"ငါ မင်းတို့ကို ညွှန်ကြားချက်တွေ ပေးပြီးသား မဟုတ်လား.. မင်းတို့က အပြာရောင်ဂိုဏ်းအတွက် ဆက်ပြီး စီစဉ်ကြ... ငါ့မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိတယ်... ငါ မဟာချန်အင်ပါယာကို သွားရမယ်..."

ထိုစကားကို ကြားသောအခါ လူတိုင်းက လုရန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။

စုယွဲ့လင်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိသော်လည်း တခြားသူများကမူ မသိကြချေ။

ထို့ကြောင့် လုရန်က အတိုချုပ်၍ ရှင်းပြလိုက်၏။

"ဂျူနီယာညီမလေးကို ကျန်းကော် မြို့စားကြီးက ခေါ်သွားတာလား... အဲ့ဒီသောက်ကောင်..."

ရှောက်ယင်းက အံ့ကြိတ်ပြီး ပြောဆိုသည်။

"အတင့်ရဲလိုက်တာ... သူတို့က ငါတို့ အပြာရောင်ဂိုဏ်းက လူကိုတောင် ပြန်ပေးဆွဲရဲတယ်ပေါ့... ငါတို့ သွားပြီး ဂျူနီယာညီမလေးကို ကယ်ရမယ်..."

ဖေးလော့ထျန်းကလည်း အော်ဟစ်လိုက်သည်။

"ဒီလိုဆိုမှတော့ ချန်နယ်မြေ အရှေ့ဘက်ခြမ်းမှာရှိတဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မဟာချန်အင်ပါယာတို့ကို ငါတို့ရဲ့ ရန်သူတွေအဖြစ် သတ်မှတ်ရမယ်..."

စွန်းထျန်းယိုက ခွဲခြမ်းစိတ်ဖြာလိုက်၏။

လုရန်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဒါကြောင့် ငါတို့က အခွင့်အရေးရှာပြီး အဲ့ဒီအင်အားစုနှစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်မယ်... အရှေ့ဘက်နယ်မြေက ငါတို့ အပြာရောင်ဂိုဏ်း အုပ်ချုပ်ဖို့ သင့်တော်တယ်..."

ထိုစကားမှာ အနည်းငယ် မောက်မာထောင်လွှားလွန်းပုံရသည်။

ယခုလောလောဆယ်တွင် အပြာရောင်ဂိုဏ်း၌ အစွမ်းထက်ဆုံးသူများမှာ မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက် မဟုတ်သေး... လုရန်အပါအဝင်ဆိုလျှင် ဆယ့်သုံးယောက် ရှိနေသည်။

သို့သော် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် မဟာချန်အင်ပါယာတို့တွင် အင်မော်တယ်သခင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြသည်။

"ဆရာ... တကယ်လို့ ဆရာ မဟာချန်အင်ပါယာကို သွားမယ်ဆိုရင် လုံခြုံအောင် ကျွန်မတို့ အတူတူ သွားကြမယ်လေ..."

ယဲ့ဟုန်ရီက ပြောဆိုသည်။

သို့သော် ဤအဆိုပြုချက်ကို လုရန်က ပယ်ချလိုက်သည်။

"အပြာရောင်ဂိုဏ်းက အခုမှ တည်ထောင်ထားတာလေ... တကယ်လို့ မင်းတို့အားလုံး ထွက်သွားပြီး စည်းကမ်းမရှိတဲ့ တပည့်တစ်အုပ်ပဲ ကျန်ခဲ့မယ်ဆိုရင် အဲ့ဒါက တစ်ချက်တည်းနဲ့ သုတ်သင်ရှင်းလင်းခံရမှာ မဟုတ်ဘူးလား..."

လုရန်က အမေးသဘောဖြင့် ပြန်ပြောလိုက်၏။

"ဒါပေမဲ့..."

တပည့်များက စောဒကတတ်လိုကြသည်။

"မဟာချန်အင်ပါယာမှာ အင်မော်တယ်သခင် နယ်ပယ်ကို ရောက်နေတဲ့ အင်မော်တယ်တွေ ရှိတယ်... မင်းတို့ ငါ့နောက်ကို လိုက်လာရင်တောင်မှ မင်းတို့က အမြှောက်စာပဲ ဖြစ်မှာ... လူအများကြီး ရှိနေတာက အဓိပ္ပာယ်မရှိဘူး... မင်းတို့အားလုံး နေခဲ့ကြ... ငါ့မှာ ငါ့ရဲ့နည်းလမ်း ရှိတယ်..."

လုရန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထို့အပြင် လုရန် ယာယီအကူအညီ လိုအပ်လျှင်ပင် အတွေးတစ်ချက်ဖြင့် အပြာရောင်ဂိုဏ်းကို ထိုနေရာသို့ ရွှေ့ပြောင်းနိုင်သည်။

ယခုလောလောဆယ် ဦးစားပေးရမည့်အရာမှာ အပြာရောင်ဂိုဏ်း တပည့်များကို စုစည်းရန်အတွက် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုရန်ပင်။

ဂိုဏ်း၏ အလုံးစုံအင်အား ကြီးထွားလာသည်နှင့်အမျှ လုရန်သည် အဆက်မပြတ် နေရာပြောင်းရွှေ့နိုင်ပြီး နောက်ဆုံးတွင် အပြာရောင်ဂိုဏ်းကို အလယ်ပိုင်းပြည်နယ်သို့ ယူဆောင်သွားနိုင်ပေမည်။

စိတ်ဝိညာဉ်နယ်မြေ၏ ဗဟိုချက်ဖြစ်သော အလယ်ပိုင်းပြည်နယ်သို့ ရောက်ရှိသွားသည်နှင့် ထိုနေရာသည် သူရဲကောင်းများ ယှဉ်ပြိုင်သောနေရာ ဖြစ်လာပေလိမ့်မည်။

လောလောဆယ်အတွက်မူ လုရန်သည် သူ၏ အငယ်ဆုံး တပည့် ထန်ယင်းရော့ကို ရှာဖွေရန်သာ လိုအပ်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် လုရန်သည် သူ၏ တပည့်များကို နှုတ်ဆက်ကာ လင်းပေါင်အာကိုသာ ခေါ်ဆောင်ပြီး အပြာရောင်ဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။

မဟာချန်အင်ပါယာသည် အပြာရောင်ဂိုဏ်း တည်ရှိရာ ယခင် ကျောက်စိမ်းနဂါး တောင်ကြားမှ မိုင်ရှစ်သောင်း ကွာဝေးသည်။

လုရန်သည် မိုးကြိုးမီးရထားလုံးကို မောင်းနှင်ရန် သူ၏ မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ် စွမ်းအားကို အစွမ်းကုန်အသုံးပြုခဲ့ရာ ငါးရက် ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် ဆဋ္ဌမနေ့ နံနက်ပိုင်း၌ သူသည် မဟာချန်အင်ပါယာသို့ ရောက်ရှိလာခဲ့၏။

အဝေးမှနေ၍ လုရန်သည် မိုးကြိုးမီးရထားလုံးကို သိမ်းဆည်းလိုက်ပြီး လင်းပေါင်အာ၏လက်ကို ကိုင်ကာ မြို့တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ဤနေရာမှာ မဟာချန် တော်ဝင်မြို့တော်ပင်။ တော်ဝင်မြို့တော် တစ်ခုတည်းကပင် မိုင်ရာနှင့်ချီ၍ ကျယ်ဝန်းသည်။

ထူထပ်သော တံတိုင်းများသည် ပေတစ်ရာ မြင့်မားပြီး တံခါးဝတွင် ဧရာမ နတ်ဘုရားဗုဒ္ဓရုပ်ထုနှစ်ခုသည် ဘယ်နှင့်ညာတွင် ရပ်နေကာ မျက်လုံးများ ပြူးကျယ်နေပြီး ဒေါသတကြီးဖြင့် ခမ်းနားထည်ဝါစွာ စိုက်ကြည့်နေပုံရှိသည်။

ပွင့်နေသော မြို့တံခါးပင်လျှင် အလွန်အမင်း ကြီးမားလှသည်။

တံခါးကို ဖြတ်သန်းသွားလာနေသော လူများသည် အသေးစား ကစားစရာ အရုပ်လေးများနှင့် တူနေပေ၏။

"ဒီမဟာချန်အင်ပါယာက အတော်လေး ခမ်းနားတာပဲ... ဒီအပြင်အဆင်က ငါ့ရဲ့ အပြာရောင်ဂိုဏ်း အင်မော်တယ်တောင်ထက်တောင် ပိုပြီးသာလွန်နေတယ်..."

လုရန်က အံ့အားတသင့် ရေရွတ်လိုက်သည်။

သူနှင့်အတူရှိနေသော လင်းပေါင်အာသည်လည်း ဤကဲ့သို့ နေရာမျိုးသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ဖူးခြင်းဖြစ်သဖြင့် ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသည်။

တစ်ချိန်တည်းမှာပင် သူမသည် မည်သူ့ကိုမျှ မထိမိစေရန် သတိထားနေပေ၏။

သို့သော် မြို့တံခါးမှာ လူစည်ကားနေသောကြောင့် မည်သူ့ကိုမျှ မထိမိဘဲ ဖြတ်သန်းသွားရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

လုရန် မြို့တံခါး အနီးသို့ မချဉ်းကပ်မီကပင် ထိုအချက်ကို သတိပြုမိခဲ့သည်။

အောက်ဘုံတွင်ကဲ့သို့ပင် ဤကဲ့သို့ အင်ပါယာများတွင် တော်ဝင်မြို့တော်အတွင်း မပျံသန်းရဟူသော စည်းမျဉ်းများ ရှိပေသည်။ ထို့ကြောင့် သူသည် မိုးကြိုးမီးရထားလုံးကို တိုက်ရိုက်မောင်းနှင်ဝင်ရောက်ဝံ့ခြင်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ နယ်ပယ်သည် မလုံလောက်သေးသဖြင့် အင်မော်တယ်သခင် တစ်ပါး၏ အာရုံစိုက်မှုကို ဆွဲဆောင်မိပါက ပြဿနာရှိပေလိမ့်မည်။

သို့သော် လုရန်သည် အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပေ။ ခရီးသွားလာသည့် ငါးရက်အပြင် ယနေ့ပါဆိုလျှင် ခြောက်ရက် ရှိနေလေပြီ။

ဆက်တိုက်တက်ရောက်စာရင်းသွင်းခြင်း ခြောက်ကြိမ်လုံးတွင် အမြင့်ဆုံးရမှတ် မပါရှိသော်လည်း လင်းပေါင်အာက သူ၏နံဘေးတွင် ရှိနေသောကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအား ပြောင်းလဲသည့် အမြန်နှုန်းမှာ အလွန်မြန်ဆန်နေပြီး သူသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေလေပြီ။

အင်မော်တယ်သခင် နယ်ပယ်သည် သူ့အတွက် အလွန်ဝေးကွာနေပုံ မပေါ်တော့ပေ။

မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် လုရန်သည် ပေါင်အာကို ပွေ့ချီကာ သူ၏ ရင်ခွင်ထဲတွင် ကာကွယ်ထားလိုက်၏။

သူ၏နံဘေးပတ်လည်ရှိ ကာကွယ်ရေး အရှိန်အဝါသည် လူအုပ်ကြီးကို ညင်သာစွာ တွန်းဖယ်ပေးကာ သူ့ကို မည်သူမျှ သတိမပြုမိဘဲ ဖြတ်သန်းသွားနိုင်စေခဲ့သည်။

မြို့တံခါးကို ဖြတ်သန်းသွားသည်နှင့် တော်ဝင်မြို့တော်အတွင်းရှိ မြင်ကွင်းမှာ ပို၍ပင် အံ့မခန်း ဖြစ်နေသည်။

ခန်းမဆောသ်များနှင့် မျှော်စင်များကို စနစ်တကျ စီစဉ်ထားပြီး မြစ်များနှင့်ရေကန်မျာရှုခင်းများဖြင့် အလှဆင်ထားကာ အဆောက်အအုံများသည် ရှေးဟောင်းပုံစံဖြစ်ပြီး လမ်းမများပေါ်တွင် လူများ စည်ကားနေသည်။ ဤသည််မှာ အလွန်စည်ပင်ဝပြောလှ၏။

သူ မော့ကြည့်လိုက်ရာ မိုင်တစ်ရာကွာဝေးသော တော်ဝင်မြို့တော်၏ အလယ်ဗဟိုတွင် မြို့တွင်းရှိ ပို၍မြင့်မားသော အတွင်းမြို့ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။

ထိုနေရာသည် မဟာချန်ဧကရီ၏ တော်ဝင်နန်းတော် ဖြစ်နိုင်ချေရှိသည်။

နန်းတော်အတွင်းတွင် ဖီးနစ်သရဖူနှင့် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားသည့် အလွန်ကြီးမားသော ကောင်းကင်သို့တိုင်အောင် မြင့်မားသည့် ရုပ်ထုတစ်ခု ရှိနေလေ၏။

ထိုရုပ်ထုတွင် လောကမိခင်တစ်ဦး၏ အသွင်အပြင်မျိုးရှိပြီး မျိုးဆက်တစ်ခုမှဧကရီတစ်ပါး၏ ခမ်းနားထည်ဝါမှုလည်း ပါဝင်နေသည်။

ဝေးကွာနေသော်လည်း ရုပ်ထုမှာ ရှင်းလင်းစွာ မြင်ရလောက်အောင် ကြီးမားလှသည်။

တစ်ချ​က်ကြည့်ရုံဖြင့် ဤရုပ်ထုသည် အနည်းငယ် ရင်းနှီးနေသည်ဟု လုရန်က ခံစားမိလေ၏။

"အရင်ဆုံး တည်းခိုဖို့ နေရာတစ်ခု ရှာကြရအောင်... သောက်ကျိုးနည်း... ဒီမဟာချန် တော်ဝင်မြို့တော်က တအားကြီးတာပဲ..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

သို့သော် ဤသည်က ပြဿနာမရှိချေ။

မဟာချန်၏ မြို့စားကြီး လေးယောက်ထဲမှ တစ်ယောက်အနေဖြင့် ကျန်းကော် မြို့စားစံအိမ်တော်၏ တည်နေရာမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သည်မှာ သိသာထင်ရှားသည်။

ထို့ကြောင့် လုရန်သည် အရင်ဆုံး လင်းပေါင်အာကို ခေါ်ကာ အနီးအနားရှိ တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့သည်။

သူသည် စိတ်ဝိညာဉ် သလင်းကျောက်တစ်တုံးကို ကောင်တာပေါ်သို့ ပစ်တင်လိုက်ပြီး ပြောလိုက်သည်။

"လူနှစ်ယောက်...လမ်းဘက်လှည့်တဲ့ အခန်းတစ်ခန်း ယူမယ်"

All Chapters