အခန်း ၅၂
Vol. 6 Ch. 52
အခန်း ၅၂: အင်မော်တယ်သခင်...နိုင်ငံတော်စောင့် မြို့စားကြီး
မကြာမီမှာပင်....
ကျုံးယွန်ရှန်းက ပင်မခန်းမသို့ ရောက်ရှိလာသည်။
ခန်းမဆောင်အတွင်းသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏အကြည့်သည် သူ၏သမီး ကျုံးချင်းအပေါ်သို့ ချက်ချင်းရောက်သွားတော့သည်။
ကျုံးချင်း ဒဏ်ရာမရကြောင်း သေချာပြီးနောက်မှသာ သူ၏အကြည့်သည် လုရန်အပေါ်သို့ ကျရောက်သွားလေ၏။
"အဖေ... အရမ်း ညနက်နေပြီလေ... အဖေ ဘယ်သွားနေတာလဲ..."
ကျုံးချင်းက မေးလိုက်သည်။
"ကိစ္စအသေးအမွှားလေး တစ်ခုပါ... ဒါက သမီးကို ကယ်ခဲ့တဲ့ မိတ်ဆွေလေးလား..."
ကျုံးယွန်ရှန်းက မရေမရာ ပြန်ဖြေပြီး လုရန်ကို ကြည့်လေသည်။
"ဟုတ်တယ်... သူ့နာမည်က..."
ထိုအချိန်ကျမှသာ သူ၏ နာမည်ကို မသိသေးကြောင်း ကျုံးချင်း သဘောပေါက်သွားသည်။
"ယဲ့နန်..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းက မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ယောက်ဆိုတာ သေချာတယ်... မင်းက ဘယ်အိမ်တော်မှာ တာဝန်ထမ်းဆောင်နေလဲဆိုတာ သိပါရစေ..."
ကျုံးယွန်ရှန်းက မေးမြန်းသည်။
"ငါက ဘယ်အိမ်တော်မှာမှ တာဝန်မထမ်းဆောင်ပါဘူး... လွတ်လွတ်လပ်လပ်နေရတာကို ကျင့်သားရနေပြီးတော့ တောင်တွေ မြစ်တွေကြားမှာ လှည့်လည်သွားလာရတာကို သဘောကျလို့ပါ..."
လုရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"ဒီလိုကိုး..."
ကျုံးယွန်ရှန်း၏ မျက်နှာအမူအရာ အလွန်အမင်း ညင်သာသွားတော့သည်။
"အဖေ... ဒီစီနီယာက အရမ်းတော်တယ်... သူက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က လူတွေကို လှုပ်ရှားမှု တစ်ခုတည်းနဲ့ သတ်ပစ်လိုက်တာ... သူသာ မရှိရင် သမီးက အကြာကြီး တိုက်ခိုက်နေရမှာ သေချာတယ်..."
ကျုံးချင်းက ပြောလိုက်သည်။
ကျုံးယွန်ရှန်းသည် အံ့အားသင့်သွားခြင်း မရှိချေ။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ပင်။ သူ ရွှေအင်မော်တယ်တချို့ကို ချက်ချင်းသတ်ဖြတ်လိုက်သည်မှာ အထင်ကြီးစရာမရှိပေ။
ထိုသို့ဆိုသည့်တိုင် သူက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ယဲ့နန်... ငါ့ရဲ့သမီးကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... မင်း ဝင်ပါခဲ့တဲ့ အကြောင်းရင်းက မဟာချန်အင်ပါယာကို ထည့်သွင်းစဉ်းစားလို့ဆိုတာကိုလည်း ငါ ကြားထားတယ်..."
လုရန်၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားသည်။ သူက လေးလေးနက်နက် ပြောဆိုလိုက်၏။
"ကိစ္စမရှိပါဘူး... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ငါ ကြည့်မရတာ ကြာပြီ..."
သူ မမျှော်လင့်ထားသည်မှာ ဤစကားများက ကျုံးချင်း၏ မျက်လုံးများကို လေးစားမှုများဖြင့် တောက်ပသွားစေသော်လည်း ကျုံးယွန်ရှန်း၏မျက်လုံးများမှ အနက်ရှိုင်းဆုံးနေရာတွင်မူ မှိုင်းညို့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ခြင်းပင်။
ထို့နောက် သူက ဆက်ပြောသည်။
"သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ထောင်စုနှစ်များစွာအတွင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီးတော့ မဟာချန်အင်ပါယာကတော့ ကျဆင်းလာခဲ့တယ်... မင်းက မဟာချန်အင်ပါယာအပေါ် ဒီလို ခံစားချက်မျိုး ရှိနေမှတော့ ငါ့ရဲ့ ကျန်းကော် မြို့စားစံအိမ်တော်မှာ ဧည့်အကြီးအကဲအဖြစ် ဘာလို့ မဝင်တာလဲ... စိတ်မပူပါနဲ့... အဲ့ဒါက မင်းရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်မှာ မဟုတ်ပါဘူး... လိုအပ်တဲ့အချိန်မှာ ကူညီပေးရုံပါပဲ... လစာနဲ့ ပတ်သက်လို့တော့ မင်း စိတ်ကျေနပ်စေရမယ်လို့ ငါ အာမခံတယ်..."
တစ်နည်းအားဖြင့် ပြောရလျှင် ကျန်းကော် မြို့စားစံအိမ်တော်တွင် မဟာပေါင်းစည်းခြင်း အင်မော်တယ်များ လိုအပ်နေသည်။
တစ်ချိန်တည်းမှာပင်...
လုရန်သည်လည်း ကျုံးယွန်ရှန်း၏စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်၏။
အင်မော်တယ်သခင်...
အသက်ရှူရခက်စေသော တောင်ကြီးတစ်လုံးရှေ့တွင် ရပ်နေရသည့် ထိုခံစားချက်ကြောင့် သူသည် အင်မော်တယ်သခင်တစ်ယောက် ဖြစ်မည်မှာ သေချာပေါက်ပင်။
လုရန်သည် ကျုံးအိမ်တော်သို့ အတင်းအကြပ် မဝင်ရောက်ဘဲ အစီအစဉ်တစ်ခု ရှိခဲ့သည့်အတွက် သူ အနည်းငယ် ဝမ်းသာနေမိသည်။
ဤသည်မှာ အဓိပ္ပာယ်ရှိပေ၏။ ချန်နယ်မြေ၏ အရှေ့ဘက် ဒေသများကို မဟာချန်အင်ပါယာက နှစ်ပေါင်းသောင်းနှင့်ချီ၍ အုပ်ချုပ်လာခဲ့သည်ဖြစ်ရာ သူတို့ထံတွင် လျှို့ဝှက်ချက်တချို့ ရှိနေမည်မှာ သေချာပေါက်ပင်။
ကျုံးယွန်ရှန်း၏ ဖိတ်ခေါ်မှုကို လက်ခံရန် သူ အလျင်စလို မလုပ်ခဲ့ဘဲ မရေမရာသာ ပြောလိုက်သည်။
"ငါက လှည့်လည်သွားလာရတာကို ကျင့်သားရနေပြီ... ဒါပေမဲ့ မြို့စားကြီးက ငါ့ကို အထင်ကြီးနေမှတော့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ငါ စဉ်းစားဖို့ ရက်နည်းနည်းလောက် အချိန်ပေးရင် ဘယ်လိုလဲ..."
ကျုံးယွန်ရှန်း ချက်ချင်းခေါင်းညိတ်လိုက်သည်။
"သေချာတာပေါ့... ငါ ဖိအားမပေးပါဘူး... မင်း ဆုံးဖြတ်ပြီးရင် ငါ့ကို အဖြေပေးပါ... နောက်ရက်အနည်းငယ်အတွက် မင်းကို စံအိမ်တော်မှာ နေဖို့ ငါ စီစဉ်ပေးမယ်..."
ထိုအရာက ပြီးပြည့်စုံပေ၏။ ဤနည်းအားဖြင့် လုရန်သည် ထန်ယင်းရော့ကို ရှာဖွေရန် အခွင့်အရေး ရရှိသွားပေမည်။
"ကျေးဇူးတင်ပါတယ် မြို့စားကြီး..."
လုရန်က သူ၏လက်ကို ပူးဆုပ်ပြီး ပြောလိုက်သည်။
"ညနက်နေပြီ... ပြီးတော့ ငါ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်... မင်းတို့နှစ်ယောက် ဆက်ပြောကြပါ... အားနာမနေနဲ့..."
ကျုံးယွန်ရှန်းသည် ဤနေရာ၌ အချိန်ကြာမြင့်စွာနေရန် ရည်ရွယ်မထားချေ။
ထိုအစား သူသည် နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။
အပြင်သို့ ရောက်သောအခါ သူက အစောပိုင်းက ဦးလေးလျှိုကို ညွှန်ကြားလိုက်၏။
"ဒီယဲ့နန်အကြောင်း စုံစမ်းလိုက်..."
ရုတ်တရက် ထွက်ပေါ်လာသော ဤမဟာပေါင်းစည်းခြင်း အင်မော်တယ်ကို သူ ချက်ချင်းမယုံကြည်နိုင်ကြောင်း သိသာထင်ရှားသည်။
ထို့နောက်....
ကျုံးယွန်ရှန်းသည် ထန်ယင်းရော့၏ နေရာသို့ မသွားခဲ့ပေ။ သူသည် ပင်မအခန်းဘေးရှိ အရန်ခန်းမတစ်ခုသို့ သွားကာ အစောင့်များကို မောင်းထုတ်လိုက်သည်။
ပတ်ဝန်းကျင်ကို အချိန်အတော်ကြာ ဂရုတစိုက် စစ်ဆေးပြီးနောက် သူသည် မှောင်မည်းသော ထောင့်တစ်ခုတွင် လုပ်ဆောင်ချက်အနည်းငယ်ကို ပြုလုပ်လိုက်သည်။
ဒေါက်... ဒေါက်... ဒေါက်...
အမှောင်ထဲတွင် အမှန်တကယ်ကို အပေါက်တစ်ခု ပေါ်လာပြီး အောက်ဘက်ရှိ လျှို့ဝှက်အခန်းတစ်ခုသို့ ဦးတည်နေသည်။ ကျုံးယွန်ရှန်းသည် ခေါင်းငုံ့ကာ ထိုအပေါက်ထဲသို့ ဝင်သွားလေ၏။
ထို့နောက် အဝင်ဝသည် လျှင်မြန်စွာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ထိုနေရာတွင် လျှို့ဝှက်အခန်းတစ်ခု ရှိခဲ့ကြောင်း မည်သည့်သဲလွန်စမျှ မကျန်ရစ်ခဲ့ချေ။
တခြားတစ်ဖက်တွင်...
လုရန်နှင့်လင်းပေါင်အာတို့သာ ကျန်ရစ်ခဲ့ပြီး ကျုံးချင်းက သူတို့၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
"ကျွန်မရဲ့အဖေက ပြောပြီးသားပဲ... ရှင် အားနာနေစရာ မလိုပါဘူး... ကျန်းကော် မြို့စားစံအိမ်တော်ကို ရှင် ဝင်လာတာနဲ့ ရှင်က ကျွန်မတို့ထဲက လူတစ်ယောက် ဖြစ်လာမှာပါ..."
ကျုံးချင်းက အပြုံးနှင့် ပြောလိုက်သည်။
သူမထံတွင် အမှန်တကယ်ကို ရိုးရှင်းသော တွေးခေါ်မှု ရှိနေသည်။
လုရန်အပေါ် ကျုံးယွန်ရှန်းနှင့် အစောပိုင်းက မဟာပေါင်းစည်းခြင်း အင်မော်တယ် နှစ်ပါးတို့၏ သတိထားမှုနှင့် စောင့်ကြည့်မှုများကို မည်သူမဆို မြင်တွေ့နိုင်သည်။
သို့တိုင် ကျုံးချင်းကမူ လုရန်ကို ဧည့်သည်တစ်ဦးကဲ့သို့ ဆက်ဆံကာ အလွန်ရင်းနှီးနေခဲ့သည်။
"ငါ စဉ်းစားပြီးရင် အဖြေပေးပါ့မယ်... ကျန်းကော် မြို့စားကြီးက နာမည်ကြီးတယ်... ဒီနေ့ သူ့ကို တွေ့ရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ... ဒါပေမဲ့..."
လုရန်က စကားလမ်းကြောင်းလွှဲကာ မေးမြန်းလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့စားကြီးက အပြင်ကနေ အမျိုးသမီးတစ်ယောက်ကို ခေါ်လာတယ်လို့ ငါ ကြားတယ်... အဲ့ဒါ ဟုတ်လား... သူက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကလား..."
လုရန်၏အစီအစဉ်မှာ ရိုးရှင်းသည်။ ဤသည်မှာ ကျုံးချင်းကို ထိုးဖောက်ဝင်ရောက်ရန် အသုံးချခံတစ်ယောက်အဖြစ် အသုံးပြုရန်ပင်။
တစ်ချိန်တည်းမှာပင် သူ၏ ရည်ရွယ်ချက်များကို သိသာမှုနည်းစေရန်အတွက် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ထည့်သွင်းပြောဆိုရန် မမေ့ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ကျုံးချင်းသည် များစွာမစဉ်းစားဘဲ ခေါင်းညိတ်လိုက်၏။
"အဲ့ဒါက အမှန်ပဲ... ဒါပေမဲ့ သူက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က မဟုတ်ပါဘူး... အဖေက သူကို တပည့်အဖြစ် လက်ခံချင်နေတာ... အဲ့ဒါက ကျွန်မအဖေရဲ့ အလေ့အကျင့်ပဲလေ... မကြာသေးခင်က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ ပြဿနာတွေ ဖြေရှင်းနေရလို့ သူ မိန်းကလေးတွေကို ခေါ်မလာတာ ကြာပြီ..."
လုရန် အံ့အားသင့်သွားသည်။
ထိုသို့ဆိုလျှင် အမျိုးသမီးတစ်ယောက်ထက် ပိုနေပေမည်။
သူမတို့ကို မည်သည့်အတွက်ကြောင့် ခေါ်လာရသနည်း။ တပည့်အဖြစ် လက်ခံရန်လော။ ဤကျုံးယွန်ရှန်းတွင် တပည့်လက်ခံရန် ထူးဆန်းသော အကြိုက်တစ်ခုခု ရှိနေသလောဟု သူ တွေးလိုက်မိသည်။
"ဟူး... အဲ့ဒီအကြောင်းပြောရရင် တကယ်ကို နှမြောစရာပဲ..."
ကျုံးချင်းက သက်ပြင်းချလိုက်၏။
လုရန်က အပြုံးနှင့် သူမကို ကြည့်လိုက်သည်။ ကျုံးချင်းတွင် ပြောစရာများ ထပ်ရှိသေးကြောင်း သူ သိထားသည်။
သူ တွေးထင်သည့်အတိုင်း...
ကျုံးချင်းသည် သူမ၏နားနောက်သို့ ဆံပင်တစ်ချောင်းကို သပ်တင်လိုက်ပြီး ဆက်ပြောသည်။
"ကျွန်မရဲ့အဖေမှာ မြင့်မားတဲ့ ကျင့်ကြံဆင့် ရှိပေမဲ့ တပည့် မရှိဘူး... ကျွန်မက သူ့ရဲ့သမီး ဖြစ်ပေမဲ့ ကျွန်မရဲ့ ပါရမီက သာမန်ပဲ... သူ့ရဲ့ ဘဝတစ်သက်တာ အလုပ်ကို ကျွန်မ အမွေမဆက်ခံနိုင်ဘူးလေ..."
ထို့ကြောင့်....
ကျုံးယွန်ရှန်းသည် တစ်ခါတစ်ရံ ပြင်ပမှ အမျိုးသမီးများကို ခေါ်လာတတ်သည်။
ထိုအမျိုးသမီးများအနက် အများစုမှာ အင်မော်တယ်နယ်မြေရှိ အထက်ဘုံတက်လှမ်းသူများ ဖြစ်ကြကာ အစစ်အမှန် အင်မော်တယ်များသာ ဖြစ်သည်။ သူသည် ထိုထက်ပို၍ အဆင့်မြင့်သော မည်သူ့ကိုမျှ ခေါ်လာမည် မဟုတ်ပေ။ ထို့အပြင် သူမတို့တစ်ဦးစီတိုင်းတွင် ထူးချွန်သော ပါရမီများ ရှိကြ၏။
"ကံမကောင်းတာက အဲ့ဒီမိန်းကလေးတွေထဲက ဘယ်သူကမှ ကျွန်မရဲ့အဖေကို ဆရာအဖြစ် လက်မခံချင်ကြဘူး... ဒီနှစ်တွေတလျှောက်လုံးမှာ သူ တစ်ယောက်ကိုမှ အောင်မြင်အောင် မခေါ်ယူနိုင်ခဲ့ဘူး... တကယ်ကို ထူးဆန်းတယ်..."
ကျုံးချင်းက တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒီနောက် ဘာဖြစ်သွားလဲ... တပည့်လက်ခံတာ မအောင်မြင်ရင် သူတို့ ဘယ်ရောက်သွားလဲ..."
လုရန်က မေးလိုက်သည်။
"ကျွန်မ မသိဘူး... သူတို့ကို ကျွန်မ ထပ်မတွေ့ရတော့ဘူး... သူတို့ကို ရှပြည်နယ် အပြင်ဘက်ကို ပို့လိုက်ပြီလို့ ကျွန်မရဲ့အဖေက ပြောတယ်... မျက်စိနောက် သက်သာအောင်လို့ ဖြစ်မယ်..."
ကျုံးချင်းက ပုံမှန်ကိစ္စတစ်ခုကို ပြောနေသည့်အလား ပြောဆိုသည်။
လုရန်သည် သူ၏စိတ်ထဲမှ ကျိန်ဆဲမိလုနီးပါး ဖြစ်သွားပေ၏။
'မင်းက အဲ့ဒါကို တကယ်ကြီး ယုံကြည်တာလား... သူက အဲ့ဒီလောက်အများကြီး ခေါ်လာတာတောင် မင်းက သူတို့ထဲက တစ်ယောက်ကိုမှ ပြန်မတွေ့ရတော့ဘူးလေ...အဲ့ဒါတောင်မှ မင်းရဲ့အဖေ ပြောသမျှကို မင်းက ယုံကြည်တာလား'
သူ အံ့အားသင့်သွားမိသည်။
ထိုအချက်က လုရန်ကို ဓားအမိန့်နန်းဆောင်၏ အနောက်ဘက်တောင်ပေါ်ရှိ သနားစရာကောင်းသော ရွှေအင်မော်တယ်ဟုန်ခွေ့ကို ရုတ်တရက် သတိရသွားစေသည်။
ထိုလူသည် သူ၏ကျင့်ကြံမှုကို အားဖြည့်ရန်အတွက် အရိုးတည်ဆောက်ပုံနှင့် ပါရမီကောင်းသော တပည့်များကို ဝါးမျိုရန် လိုအပ်သည့် မိစ္ဆာနည်းစနစ်တချို့ကို ကျင့်ကြံခဲ့သည်။
ထို့ပြင် ကျင့်ကြံခြင်း ပစ္စည်းများအဖြစ် အသုံးပြုခံရသော ပါရမီရှင်များ၏ ကံကြမ္မာကို တွေးတောကြည့်၍ ရနိုင်ပေ၏။ ယခုအချိန်တွင် ဤကျုံးယွန်ရှန်းသည်လည်း လူကောင်းတစ်ယောက် မဖြစ်နိုင်ဟု လုရန် ခန့်မှန်းမိသည်။
"သူ ခေါ်လာတဲ့ အမျိုးသမီးက အခု ဘယ်မှာလဲ..."
လုရန်က တိုက်ရိုက်မေးလိုက်သည်။
ဟင်...
ကျုံးချင်း အံ့အားသင့်သွားပြီး လုရန်ကို သံသယဖြင့် ကြည့်လိုက်သည်။
"ဘာလဲ... ရှင် သူကို သိလို့လား..."
လုရန် စဉ်းစားပြီး ပြောလိုက်၏။
"ငါ မသိပါဘူး... မြို့စားကြီး သဘောကျတဲ့ ပါရမီရှင်က ဘယ်လို ပါရမီမျိုး ရှိမလဲဆိုတာ ငါ သိချင်ရုံပါ..."
ကျုံးချင်းက ခေါင်းညိတ်ပြလေသည်။
"ကိစ္စမရှိပါဘူး... ရှင် စိတ်ဝင်စားတယ်ဆိုရင် မနက်ဖြန် မနက်ကျရင် အနောက်ဘက် ခြံဝင်းထဲမှာ လမ်းလျှောက်ဖို့ ရှင့်ကို ကျွန်မ ခေါ်သွားမယ်... ဒါပေမဲ့ သူကို တွေ့ဖို့အတွက် အထဲဝင်တာကတော့ မဖြစ်နိုင်ဘူး... ကျွန်မရဲ့အဖေက သူ့ကို ကာကွယ်ဖို့ အကာအကွယ် အတားအဆီးတစ်ခု လုပ်ထားတယ်... အပြင်လူတွေ ဝင်လို့ မရဘူး..."
ထိုညတွင်....
လုရန် အိပ်မပျော်နိုင်ခဲ့ပေ။
သူက ထန်ယင်းရော့၏ ပါရမီကို သဘောကျ၍ တပည့်အဖြစ် လက်ခံချင်ရုံဆိုလျှင် လောလောဆယ် သူမ၏ လုံခြုံရေးမှာ အဆင်ပြေနိုင်သည်။ သို့သော် ကျုံးချင်းပြောသော စကားများအရ ကျုံးယွန်ရှန်းသည် လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာပေါက်ပင်။ ထို့ကြောင့် ထန်ယင်းရော့၏ လုံခြုံရေးအတွက် လုရန် စိုးရိမ်လာမိသည်။ ထိုအကြောင်းကို ပြောရလျှင် သူ ထန်ယင်းရော့နှင့် ခွဲခွာရသည်မှာ ဆယ်ရက်တောင် မပြည့်သေးပေ။ သူမသည် သူ၏အငယ်ဆုံး တပည့်မလေးပင်။
သူ အိပ်ရန် ကြိုးစားခြင်းကို ရပ်တန့်လိုက်ပြီး ကျုံးချင်း စီစဉ်ပေးသော အခန်းတွင် မတ်မတ်ထိုင်ကာ စောင့်နေလိုက်၏။
တစ်ဖက်တွင်မူ လင်းပေါင်အာသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဟောက်ပင်ဟောက်နေသည်။
သန်းခေါင်ကျော်သွားသောအခါ လုရန် ပျင်းလာပြီး တက်ရောက်စာရင်းသွင်းခြင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း သတိရသဖြင့် သူ တက်ရောက်စာရင်းသွင်းရန် ရွေးချယ်လိုက်သည်။
ဒင်...
【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်...】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်....ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ကျင့်ကြံခြင်း ဆုလာဘ်ဆယ်ဆ ရရှိပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်.....မွေးရာပါ ရှေးဟောင်းရတနာ ရွှမ်ယွမ်ကောင်းကင်လမ်းညွှန်ဓားကို ရရှိပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...အင်မော်တယ် နည်းစနစ် ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို ရရှိပါသည်】
လုရန်၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
အမြင့်ဆုံးရမှတ်တစ်ခုလား...
မွေးရာပါ ရှေးဟောင်းရတနာ တစ်ခုနဲ့ အင်မော်တယ် နည်းစနစ်တစ်ခုလား...