← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆ : ဒီအင်ပါယာကို သူ့အတွက် တည်ဆောက်ခဲ့တာ

ဧကရီ၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သောအခါ ကျုံးယွန်ရှန်းက အလျင်အမြန် မေးလိုက်သည်။

"အရှင်မ... ဘာတွေများ တွေ့ရှိလို့လဲ..."

ဧကရီက ခေါင်းယမ်းလိုက်ပြီး ပြောဆိုသည်။

"ဒီအရှိန်အဝါက ငါ့ကို မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ကို သတိရစေတယ်..."

'မိတ်ဟောင်းဆွေဟောင်းလား... ခုဏက အဲ့ဒီကောင်လေးကို ဧကရီက သိနေတာလား...'

ကျုံးယွန်ရှန်း အံ့အားသင့်သွားကာ မေးမြန်းလိုက်သည်။

"အရှင်မက ဒီလူကို သိတာလား..."

တခြားသူများသည်လည်း ဧကရီကို ကြည့်နေကြ၏။

"ငါ သူ့ကို မသိဘူး... ဒီလူက မဟာပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်နေပြီဆိုတော့ သူ မဖြစ်နိုင်ဘူး... ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ သူက သေချာပေါက် သာမန်လူ မဟုတ်ဘူး... သူက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က လူတစ်ယောက် ဖြစ်ဖို့များတယ်..."

ဧကရီက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပြောလိုက်သည်။

ထိုအချိန်မှာပင် တုရှုရှန်းက ရယ်မောကာ ရုတ်တရက် မေးလိုက်သည်။

"ကျုံးယွန်ရှန်း... ဒီလူက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဖြစ်နေမှတော့ သူက ဘာလို့ မင်းရဲ့ ကျုံးအိမ်တော်မှာ ပေါ်လာရတာလဲ... မင်းမှာ သူတို့နဲ့ အဆက်အသွယ် တစ်ခုခု ရှိနေလို့လား..."

ဒါက နောက်ကျောကို ဓားနဲ့ ထိုးတာပဲ...

ကျုံးယွန်ရှန်း၏မျက်နှာအမူအရာ ချက်ချင်းပျက်ယွင်းသွားတော့သည်။

"တုရှုရှန်း... မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ..."

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဧကရီက ကျုံးယွန်ရှန်းကို ကြည့်ကာ မေးလိုက်၏။

"ဒါဆို... ဒီလူက မင်းရဲ့ ကျုံးအိမ်တော်မှာ ဘာလို့ ရှိနေရတာလဲ... ပြီးတော့ မင်းရဲ့ စံအိမ်တော်က လူတစ်ယောက်ကို သူက ဘာလို့ ခေါ်သွားရတာလဲ..."

ကျုံးယွန်ရှန်း၏ မျက်နှာအမူအရာ ရှုံမဲ့နေပြီး မည်ကဲ့သို့ ပြန်ဖြေရမည်ကို သူ မသိခဲ့ချေ။ ထိုအချိန်မှာပင် အနီးအနားတွင် ရပ်နေသော ကျုံးချင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

"အရှင်မကို ဖြေကြားရမယ်ဆိုရင်... သူ့ကို မြို့အပြင်ဘက်မှာ ကျွန်မ မတော်တဆ တွေ့ခဲ့တာပါ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အဖွဲ့ဝင်တွေကို လိုက်ဖမ်းဖို့ လူတွေကို ကျွန်မ ဦးဆောင်နေခဲ့ပြီး တိုက်ခိုက်တော့မလို့ လုပ်နေတုန်း..."

ကျုံးချင်းသည် မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အပါအဝင် အစမှအဆုံး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်ပြောပြလိုက်သည်။ ထိုသတင်းအချက်အလက်များသည် အလွန်များပြားလှရာ နားထောင်ပြီးနောက် ဧကရီနှင့်တခြားသူများအားလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။

ဧကရီသည် ကျုံးယွန်ရှန်းကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

"နင် ပြောသလိုမျိုး အဲ့ဒီလူက မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီးတော့ ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုတောင် ပိုင်ဆိုင်ထားတယ်... သူက ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်နိုင်မှာလဲ... ပြီးတော့ ကျုံးယွန်ရှန်း... နင်က နင့်ရဲ့ အကျင့်ဟောင်းတွေကို အခုထိ မပြင်သေးဘူးပဲ... နင် အမျိုးသမီးတွေကို ဒီလောက်ထိ အများကြီး ဖမ်းထားတာ... နင့်ရဲ့ ရည်ရွယ်ချက်ကို ငါ မသိဘူးလို့ နင် တကယ်ကြီး ထင်နေတာလား... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ငါတို့ကို စွန်ရဲတွေလို စောင့်ကြည့်နေတဲ့ အချိန်မှာတောင် နင်က ဒီလိုကိစ္စတွေအတွက် စိတ်ကူးရှိနေသေးတယ်ပေါ့..."

ဧကရီ၏ စကားများကြောင့် ကျုံးယွန်ရှန်း၏ မျက်နှာ အနည်းငယ် ဖြူရော်သွားကာ နေရာတွင် နေရခက်စွာ မတ်တတ်ရပ်နေခဲ့သည်။

သို့သော် ဧကရီသည် ကျုံးယွန်ရှန်းနှင့် ဤအကြောင်းအရာအပေါ် ဆက်လက်၍ အာရုံမစိုက်တော့ဘဲ ဇဝေဇဝါ မျက်နှာထားဖြင့် ပြောဆိုသည်။

"ဒီလိုဆိုမှတော့ အဲ့ဒီလူက ကျုံးချင်းကို ချဉ်းကပ်ပြီး နင် ပိတ်လှောင်ထားတဲ့ အမျိုးသမီးကို ကယ်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကျုံးအိမ်တော်ကို လာခဲ့တာပေါ့... သူက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က တကယ် ဟုတ်မဟုတ် ဆိုတာတော့ မသိရသေးဘူး..."

"သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို အထင်သေးလို့ မရသလို အနီးကပ် အာရုံစိုက်ဖို့ လိုအပ်တယ်..."

ဖူကျန်းလုံက နံဘေးမှ ဝင်ပြောလိုက်သည်။

တုရှုရှန်းကမူ တခြားသတင်းအချက်အလက်များကို သတိထားမိခဲ့သည်။

"ကျုံးချင်း... မဟာပေါင်းစည်းခြင်း အင်မော်တယ် နှစ်ပါးရဲ့ တိုက်ခိုက်မှုတွေကို မိန်းကလေးငယ်လေး တစ်ယောက်က ကာကွယ်ပေးခဲ့ပြီး သူက လုံးဝအထိအခိုက်မရှိဘူးလို့ မင်း ခုလေးတင် ပြောခဲ့တယ်နော်... တကယ်တော့ ဘာတွေ ဖြစ်ခဲ့တာလဲ..."

တုရှုရှန်းက မေးလိုက်သည်။

ထိုအချိန်က မြင်ကွင်းကို ပြန်တွေးကြည့်ရင်း ကျုံးချင်းသည်လည်း အံ့အားသင့်နေပုံရကာ သူမက ထိုဖြစ်စဉ်ကို အသေးစိတ် ဖော်ပြလိုက်၏။

"မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးရဲ့ တိုက်ခိုက်မှုတွေကို ခြစ်ရာတောင် မရဘဲ ခံနိုင်ရည်ရှိတဲ့ သာမန် ရွှေအမြုတေနယ်ပယ်လေး တစ်ယောက်... ဒီလောကမှာ လီမျိုးနွယ်ဝင်တွေကလွဲရင် တခြားဘယ်သူကများ ဒီလိုမျိုး စွမ်းဆောင်နိုင်မှာလဲ..."

တုရှုရှန်းက အံ့အားသင့်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ဒီလူက ကောင်မလေးရဲ့ လက်ကို ဘာဆိုးကျိုးမှ မရှိဘဲ ကိုင်ထားတာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့တယ်... ဒါကြောင့် သူက လီမျိုးနွယ်ဝင် တစ်ယောက် မဟုတ်လောက်ဘူး..."

ကျုံးချင်းက ပြောလိုက်သည်။

ဤသည်မှာ အမှန်ပင်။ လီမျိုးနွယ်ဝင်များ၏ရှေ့တွင် သက်ရှိအားလုံး တန်းတူညီမျှသာဖြစ်သည်။ မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးပင်လျှင် လီမျိုးနွယ်ဝင်များနှင့် အလွန်အမင်း ထိတွေ့ရန် မဝံ့ရဲပေ။

"သူ့ဆီမှာ တခြားနည်းလမ်းတွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်... အစွမ်းထက်တဲ့ အင်မော်တယ်ရတနာ တစ်ခုက အဲ့ဒါကို လုပ်နိုင်တယ်... ပြီးတော့ တကယ်လို့ အဲ့ဒါက ရှေးဟောင်းရတနာ တစ်ခုဆိုရင် ပိုတောင် ရိုးရှင်းသေးတယ်... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူရဲ့ အထောက်အထားက သာမန် မဖြစ်နိုင်ဘူး..."

တုရှုရှန်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။

မြို့စားကြီးလေးယောက်တွင်ပင် တစ်ဦးစီတိုင်းသည် အင်မော်တယ်ရတနာတစ်ခု သို့မဟုတ် နှစ်ခုသာ ပိုင်ဆိုင်ကြသည်။ ရှေးဟောင်းရတနာတွေကမူ သူတို့ထံ၌ ပိုင်ဆိုင်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။

"သူ ထွက်သွားပြီဆိုမှတော့ ထားလိုက်ပါတော့... ငါ့ရဲ့ အရင်တပ်နေရာချထားမှုတွေကို နင်တို့ လေးယောက်လုံး နားလည်ကြရဲ့လား..."

ဧကရီက အနည်းငယ် စိတ်လွင့်နေပုံရပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

သူတို့ လေးယောက်ထံမှ အတည်ပြုချက် ရရှိပြီးနောက် ဧကရီ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ပျောက်ကွယ်သွားတော့သည်။ တခြားမြို့စားကြီးသုံးယောက်သည်လည်း ကျုံးယွန်ရှန်းကို နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။

"အဖေ... သူက တကယ်တော့... ရန်သူဆိုတာကို ကျွန်မ... ကျွန်မ မသိခဲ့ဘူး..."

ကျုံးချင်းက ကျုံးယွန်ရှန်းကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဟူး... ငါ သတိလက်လွတ် ဖြစ်သွားတာပါ... မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်က ငါ့ရဲ့မျက်စိအောက်မှာတင် လူတစ်ယောက်ကို လုယူသွားနိုင်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

ကျုံးယွန်ရှန်းက နောင်တရမှုကို ခံစားလိုက်ရသည်။

'ဒီလို ကျင့်ကြံခြင်းအထောက်အကူပြု မီးပြင်းဖိုမျိုးကို ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး... ငါသာ သိခဲ့ရင် အတင်းအကြပ် လုပ်ခဲ့မှာပဲ... လုပ်ငန်းစဉ်ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ သက်တောင့်သက်သာရှိမှုက အများကြီး လျော့ကျသွားမှာ ဖြစ်ပေမဲ့ အခုလို ဘာမှမရလိုက်တဲ့ အခြေအနေထက်တော့ အများကြီး ပိုကောင်းသေးတယ်...'

ကျုံးယွန်ရှန်းက စိတ်ပျက်လက်ပျက် တွေးလိုက်သည်။

"အဖေ... သူ့ကို ရှာဖို့ လူတွေ လွှတ်သင့်လား..."

ကျုံးချင်းက မေးလိုက်၏။

လုရန်အပေါ် သူမ၏အထင်အမြင်မှာ လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ သူမကဲ့သို့ မျက်ကန်းယုံကြည်မှုရှိပြီး တွေးခေါ်မှု ရိုးရှင်းသော အမျိုးသမီးတစ်ဦးကို လုရန်က လှည့်စားခဲ့သည်။ ဧကရီက လုရန်သည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ မဟုတ်ကြောင်း ခန့်မှန်းခဲ့သော်လည်း သူသည် လူတစ်ယောက်ကို ကယ်တင်ရန် ထိုနေရာတွင် ရှိနေကြောင်း သူမ မြင်တွေ့ခဲ့ရသည်။ သို့သော် မဟာချန်အပေါ် သူမ၏ သစ္စာစောင့်သိမှုကို အသုံးပြု၍ သူမကို ကြိုးကိုင်ခြယ်လှယ်ခဲ့ခြင်းက ကျုံးချင်းကို အလွန်ဒေါသထွက်စေခဲ့သည်။

"သူ့ကို ရှာဖို့ မလိုဘူး... ငါ့မှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိတယ်..."

ကျုံးယွန်ရှန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ငြင်းပယ်လိုက်၏။

ထို့နောက် သူသည် စောင့်ကြပ်ရေးတာဝန်များကို ကျရှုံးခဲ့သော မဟာပေါင်းစည်းခြင်း အင်မော်တယ် နှစ်ပါးကို အပြစ်မပေးခဲ့ဘဲ သူ တစ်ယောက်တည်း အရန်ခန်းမဆောင်ရှိ လျှို့ဝှက်အခန်းတစ်ခုသို့ သွားခဲ့သည်။

"ဒီကိစ္စသာ အောင်မြင်ရင် အဲ့ဒီလို ပျိုးပင်လေးက ဘာမှမဟုတ်တော့ဘူး..."

လျှို့ဝှက်အခန်း၏ အဝင်ဝ ဖြည်းညင်းစွာ ပွင့်လာသည်ကို ကြည့်ရင်း ကျုံးယွန်ရှန်းက ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်ရှုလိုက်သည်။ ထိုအချိန်မှသာ သူသည် သူ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ အတွင်းသို့ တွားသွားဝင်ရောက်သွားတော့သည်။

တခြားတစ်ဖက်တွင်...

ဧကရီသည် သူမ၏အိပ်ဆောင်သို့ ပြန်လာခဲ့ပေ၏။ ထိုအိပ်ဆောင်သည် တော်ဝင်နန်းတော်၏ ပင်မခန်းမဆောင်မှ အမြင့်ဆုံးနေရာတွင် တည်ရှိသည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော ဝရန်တာမှနေ၍ အောက်ဘက်ရှိ မဟာချန် တော်ဝင်မြို့တော်ကို ငုံ့ကြည့်နိုင်သည်။ အလေ့အကျင့်အရ သူမသည် ထိုကျောက်စိမ်းပြားကို ထုတ်ယူကာ သူမ၏လက်ဝါးထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ရုတ်တရက် သူမက တီးတိုးရေရွတ်လိုက်သည်။

"ငါ့ရဲ့ အောက်ဘုံက အချိန်တွေအကြောင်း နင့်ကို တစ်ခါမှ မပြောပြဖူးဘူး မဟုတ်လား..."

ဗလာဖြစ်နေပုံရသော အိပ်ဆောင်အတွင်း ဧကရီ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အနက်ရောင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ အမှန်အားဖြင့် အမျိုးသမီးတစ်ဦးပင်။ သူမသည် စကားတစ်ခွန်းမျှ မပြောဘဲ ဧကရီ၏နံဘေးတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ ဧကရီသည် ဤအရာနှင့် ကျင့်သားရနေပုံရပေ၏။

သူမက တီးတိုးပြောဆိုလိုက်သည်။

"အောက်ဘုံမှာတုန်းက ငါက ကျင့်ကြံတာကို လုံးဝ စိတ်မဝင်စားခဲ့ဘူး... အဲ့ဒီတုန်းက ငါက ရွှဲ့ကျီးနိုင်ငံရဲ့ မင်းသမီးပဲ.. ငါ အသက်ရှစ်နှစ်အရွယ်မှာ ငါ့ရဲ့ အေးချမ်းတဲ့ဘဝလေး ပျက်စီးသွားခဲ့တယ်... ငါ့အဖေနဲ့ အမေ အဖြစ်ဆိုးနဲ့ သေဆုံးသွားတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်တွေ့ခဲ့ရတယ်... နိုင်ငံပြိုလဲသွားတာ မရေမတွက်နိုင်တဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာ ပြီးတော့ တော်ဝင်မိသားစုဝင်တွေရဲ့ ခေါင်းတွေကို ရက်ရက်စက်စက် တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပစ်တာကို ငါ့မျက်စိနဲ့တပ်အပ် စောင့်ကြည့်နေခဲ့ရတယ်... အိပ်မက်ဆိုးတွေကို ဖြတ်သန်းပြီးမှသာ လူတစ်ယောက်က တကယ်ကြီး ကြီးပြင်းလာနိုင်တာ... ဒါပေမဲ့ ငါ ကျင့်ကြံတာက ရွှဲ့ကျီးနိုင်ငံကို ပြန်တည်ထောင်ဖို့ မဟုတ်သလို လက်စားချေဖို့လည်း မဟုတ်ဘူး... ငါ ကောင်းကောင်းမွန်မွန် အသက်ရှင်ချင်ရုံသက်သက်ပဲ..."

ဤသို့ပြောပြီးနောက် ဧကရီ၏အသံ အနည်းငယ် ရပ်တန့်သွားကာ သူမ၏လေသံသ​ည် ရုတ်တရက် နူးညံ့သွားပေ၏။ သူမက ဆက်ပြောသည်။

"ငါ သေခါနီးအချိန်မှာ ငါ့ကို ခေါ်သွားခဲ့တာ သူပဲ... သူက..."

ဧကရီသည် ပြောစရာ စကားများ အဆုံးအစမရှိ ဖြစ်နေသည့်အလား တွန့်ဆုတ်သွားတော့သည်။ သို့သော် နောက်ဆုံးတွင် သူမက ခေါင်းခါယမ်းပြီး ထပ်မံ၍ ပြောဆိုသည်။

"ဒီနိုင်ငံကို သူ့အတွက် တည်ဆောက်ခဲ့တာ... သူ စိတ်ဝိညာဉ်နယ်မြေကို တက်လှမ်းလာတဲ့အချိန်မှာ ငါ့ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေကို သူ ခံစားနိုင်ဖို့ မျှော်လင့်ချက်နဲ့ပေါ့... သူလိုချင်တာ ဘာမဆို ငါ ပေးမယ်...မှော်ရတနာတွေ ဆေးလုံးတွေ နတ်ဘုရားစွမ်းရည်တွေ နှစ်သောင်းနဲ့ချီတဲ့ မဟာချန်ရဲ့ အုတ်မြစ်ကိုတောင် သူ့ကို ငါ အရာအားလုံးပေးမယ်..."

သူမ၏နံဘေးရှိ အမျိုးသမီး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသော်လည်း သူမ စကားမပြောသေးချေ။ ဧကရီ၏လေသံသည် ပြတ်သားလာပေ၏။

"ငါ သူ့ကို ရှာတွေ့မှာပါ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ ဘာတွေ ကြံစည်နေလဲဆိုတာ ငါ သိတယ်... ပြီးတော့ မဟာချန်ရဲ့ နယ်မြေ တစ်လက်မလေးကိုတောင် ငါ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး..."

ဤအချိန်မှာပင် လုရန်သည် လင်းပေါင်အာ ထန်ယင်းရော့တို့နှင့်အတူ မဟာချန် တော်ဝင်မြို့တော်တွင် မရှိတော့ချေ။

မြစ်ငယ်လေးတစ်ခုဘေးတွင် လုရန်သည် သူတို့ သုံးဦးလုံးထံမှ ရေများကို အငွေ့ပျံစေရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနေသည်။ သူက အနေရခက်စွာ ပြောလိုက်သည်။

"ငါလည်း မတတ်နိုင်ဘူးလေ... ဦးတည်ချက်ကို ငါ မထိန်းချုပ်နိုင်ဘူး... မြစ်ထဲကနေ ငါတို့ ထွက်လာပြီးတော့ ဒီလောက်ထိ တိုက်ဆိုင်မယ်မှန်း ဘယ်သူက သိမှာလဲ..."

ထိုသို့ပြောဆိုပြီးနောက် သူသည် ပေါင်အာ၏ ခေါင်းပေါ်မှ ကျောက်စရစ်ခဲတစ်လုံးကို ဖယ်ပေးလိုက်သည်။ ပေါင်အာသည် လုံးဝစိတ်မဆိုးပေ။ ထိုအစား သူမက ဤလွတ်မြောက်ရေးနည်းစနစ်ကို အလွန် ဆန်းသစ်သည်ဟု ထင်မြင်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

ထန်ယင်းရော့၏ မျက်လုံးများတွင် လုရန်သာ ပြည့်နှက်နေပြီး သူမသည် သူ၏နံဘေးတွင် နာခံရို့ကျိုးစွာ မတ်တတ်ရပ်နေပေ၏။ လုရန်က သူမ၏ခန္ဓာကိုယ်ပေါ်ရှိ မြစ်ရေများကို အငွေ့ပျံစေရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ဤသည်မှာ သူမသည် အောက်ဘုံသို့ ပြန်ရောက်သွားကာ လုရန်၏နံဘေးတွင် ကျင့်ကြံရင်း အချိန်ကုန်ဆုံးနေရသည့်အလားပင်။

"မင်္ဂလာပါ ညီမလေး... ငါ့ရဲ့နာမည်က ထန်ယင်းရော့ပါ..."

ထန်ယင်းရော့က လင်းပေါင်အာကို ယဉ်ကျေးစွာ နှုတ်ဆက်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမကို လုရန်က တားလိုက်၏။

"သူက လီမျိုးနွယ်ဝင်ပဲ... မင်း သူမကို ထိလို့မရဘူး..."

လုရန်က ပြောလိုက်သည်။

ထန်ယင်းရော့ နားမလည်သေးကြောင်း သဘောပေါက်သဖြင့် သူက ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်ရာ သူမကို ဆွံ့အသွားစေခဲ့သည်။ ဤလောကတွင် ထိုကဲ့သို့ အံ့အားသင့်စရာကောင်းသော လူမျိုးစု ရှိနေသည်ကို တွေးတောကြည့်၍ပင် မရနိုင်ချေ။

တစ်ချိန်တည်းမှာပင် ပေါင်အာတွင် သုံးနှစ်သာ အချိန်ကျန်တော့ကြောင်း ကြားချိန်၌ သူမလည်း အံ့အားသင့်သွားသည်။ ပေါင်အာကိုယ်တိုင်သည် ထိုအခြေအနေနှင့် ကြာမြင့်စွာကတည်းက ကျင့်သားရနေပြီဖြစ်သော်လည်း ထန်ယင်းရော့သည် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်၏။

သူမက မေးလိုက်သည်။

"ဆရာ... ကျွန်မတို့ အခု ဘယ်သွားကြမလဲ..."

လုရန်က လက်ဝှေ့ယမ်းပြပြီး ပြောဆိုသည်။

"ဘယ်မှ မသွားဘူး... ငါတို့ ဒီမှာပဲ နေမယ်... ရက်နည်းနည်းကြာရင် အဲ့ဒီကျုံးယွန်ရှန်းနဲ့ စာရင်းရှင်းဖို့ မဟာချန်ကို ပြန်သွားမယ်..."

ရက်အနည်းငယ်သည် သူ အင်မော်တယ်သခင် အဆင့်သို့ တက်လှမ်းရန် လုံလောက်ပေလိမ့်မည်။ ယောက်ျားစစ်စစ်တစ်ယောက်သည် သူ၏အကြွေးများကို စာရင်းရှင်းရပေမည်။

ထိုသို့ပြောဆိုပြီးနောက် သူက ထပ်မံ၍ ပြောလိုက်၏။

"ယင်းရော့... အချိန်တန်ရင် မင်း မသွားနဲ့... ပေါင်အာက ငါနဲ့ လိုက်ခဲ့လိမ့်မယ်... သူက အဲ့ဒီကို သွားပြီး သူ့ကို တစ်ခါလောက် ထိလိုက်ရုံပါပဲ... သူက သူ့ကို ထိပြီး သေအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ... တကယ်လို့ မရရင် ငါ ကိုယ်တိုင် သူ့ကို အဆုံးသတ်လိုက်မယ်..."

All Chapters