အခန်း ၆၀
Vol. 6 Ch. 60
အခန်း ၆၀: ခေါင်းဖြတ်စက်နှင့် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်
"လီ... လီတစ်ရာ..."
ချန်တာ့ရှန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"လီတစ်ရာဆိုတာ နည်းနည်းတော့ကောင်းတယ် မဟုတ်လား..."
လုရန်က မေးလိုက်သည်။
သူ တကယ်ကို ထိုအရာနှင့်ပတ်သက်၍ သိပ်မသိချေ။
"အဲ့ဒီထက်မကဘူး... အခုအချိန်အထိ ကျွန်တော် တွေ့ဖူးသမျှ အင်မော်တယ်သခင်တွေထဲမှာ အင်မော်တယ်ပိုင်နက်နယ်မြေရဲ့ အကြီးဆုံး အခြေခံ အကွာအဝေးက လီငါးဆယ်ပဲရှိတာ..."
ချန်တာ့ရှန်းက အံ့အားတသင့် အော်ဟစ်လိုက်သည်။
လုရန်၏ အင်မော်တယ်ပိုင်နက်နယ်မြေ အခြေခံ အကွာအဝေးမှာ လီတစ်ရာ အပြည့်အဝပင်။
အနာဂတ်တွင် သူ အဆင့်တက်လာသည်နှင့်အမျှ အကွာအဝေးသည် ပို၍ကြီးမားလာပေမည်။
"ဒါနဲ့... အင်မော်တယ်ပိုင်နက်နယ်မြေမှာ အထူးအထောက်အပံ့ စွမ်းရည်တွေ ရှိတယ်လို့ မင်း ပြောခဲ့တယ်နော်... အဲ့ဒါတွေက ဘာတွေလဲ..."
လုရန်က မေးလိုက်၏။
"လူတိုင်းရဲ့ အကျိုးသက်ရောက်မှုတွေက မတူဘူး... ပြီးတော့ အဲ့ဒါတွေကက လူတစ်ယောက်ရဲ့ ဓမ္မပုံရိပ်ယောင်ကနေ ဆင်းသက်လာတာ... ဥပမာအနေနဲ့ ကျွန်တော့်ရဲ့ နယ်မြေက ဓားကျင့်ကြံသူတွေအတွက် တိုက်ခိုက်ရေး အထောက်အပံ့ ပေးတယ်... ဒါပေမဲ့ ပမာဏက သိပ်မကြီးဘူး..."
ချန်တာ့ရှန်းက ပြောဆိုသည်။
"အဲ့ဒါက အရမ်းအားနည်းတာပဲ... အင်မော်တယ်ပိုင်နက်နယ်မြေက အဲ့ဒီလောက်ပဲ လုပ်နိုင်တာလား..."
လုရန် အနည်းငယ် အံ့အားသင့်သွားသည်။
အင်မော်တယ်ပိုင်နက်နယ်မြေတစ်ခု ဖြစ်သည့်တိုင်ရလဒ်သည် တိုက်ခိုက်ရေး အထောက်အပံ့ အနည်းငယ်သာ ဖြစ်နေသလော....
ဤသည်ကို အင်မော်တယ်ပိုင်နက်နယ်မြေဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း...
အသေးစား ပေါက်ကွဲမှု နတ်ဘုရားစွမ်းရည် တစ်ခုကို သင်ယူသည်ကပင် ပို၍ကြီးမားသော အထောက်အပံ့ကို ပေးစွမ်းနိုင်ပေမည်။
"အဟမ်း... အဲ့ဒါက ကျွန်တော် အားနည်းလို့ပါ... ကျွန်တော့်ရဲ့ ဓမ္မပုံရိပ်ယောင်က သိပ်မကောင်းဘူး... ဓမ္မပုံရိပ်ယောင်က ပိုအစွမ်းထက်လေလေ အကျိုးသက်ရောက်မှုက ပိုအားကောင်းလေလေပဲ... ဥပမာအနေနဲ့ ဆရာ့ရဲ့ စစ်နတ်ဘုရား ရှင်းထျန်းနဲ့ဆိုရင် ဆရာ့ရဲ့ နယ်မြေကို ဖြန့်ကျက်ပြီး ဆရာ့ဘာသာဆရာ ခံစားကြည့်လို့ ရတယ်..."
ချန်တာ့ရှန်းက သူ၏ခေါင်းကို အနေရခက်စွာ ကုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ထံ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
လုရန်၏ စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်သည် ချန်တာ့ရှန်း မြင်ဖူးသမျှထဲတွင် အမြင့်ဆုံးအဆင့် ဓမ္မပုံရိပ်ယောင် ဖြစ်ပေ၏။ ဤသည်မှာ ထိပ်တန်းအဆင့်ပင်။
ဤအင်မော်တယ်ပိုင်နက်နယ်မြေ၏ အကျိုးသက်ရောက်မှုစွမ်းရည်သည် သေချာပေါက် ဆိုးရွားမည် မဟုတ်ချေ။
လုရန်က ထိုစကားကို ကြားလိုက်သည်။
သူ တွေးတောလိုက်သည်နှင့် တပြိုင်နက် အင်မော်တယ်ပိုင်နက်နယ်မြေသည် ချက်ချင်းကျယ်ပြန့်သွားပေ၏။
ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ် မရင်းနှီးသော်လည်း ထိုပိုင်နက်နယ်မြေ၏အကွာအဝေးကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ကြောင်း လုရန် လျင်မြန်စွာ တွေ့ရှိခဲ့သည်။
ထို့ပြင် ပိုင်နက်နယ်မြေ ပိုင်ဆိုင်ထားသော စွမ်းရည်များကို သူ ချက်ချင်းဆိုသလိုပင် ရှင်းရှင်းလင်းလင်း သိသွားတော့သည်။
ဤသည်က သူ၏ကိုယ်ပိုင်ခြေလက်များနှင့် တူညီသည်။ ထိုအရာကို ထုတ်ဖော်လိုက်သည်နှင့် သူ ကျင့်ကြံရန် သို့မဟုတ် ရင်းနှီးကျွမ်းဝင်စေရန် မလိုအပ်ဘဲ နယ်မြေအတွင်းရှိ မည်သည့်အရာကိုမဆို ဆုပ်ကိုင်နိုင်ကြောင်း သူ သိသွားပေ၏။
"ငါ နားလည်ပြီ... ဒါကက ကောင်းကင်တာအိုရဲ့ နိယာမစွမ်းအား တစ်စိတ်တစ်ပိုင်းကို သယ်ဆောင်ထားပုံရတယ်..."
လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"နိယာမစွမ်းအား... တကယ်လား... အကျိုးသက်ရောက်မှုက ဘာလဲ..."
ချန်တာ့ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကောင်းကင်တာအို နိယာမများကို သယ်ဆောင်နိုင်သော မည်သည့်အရာမဆို သောက်ကျိုးနည်းလောက်အောင် ကောင်းကင်ကို အံ့တုနိုင်ပေမည်။
"ခေါင်းဖြတ်စက်..."
လုရန်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်တာ့ရှန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေ၏။
သို့သော် လုရန်၏ စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်တွင် ခေါင်းမရှိကြောင်း သူ ချက်ချင်း နားလည်သဘောပေါက်သွားသည်။ ထိုကိစ္စနှင့် ဆက်စပ်နေနိုင်သလော။
သို့မဟုတ် စစ်နတ်ဘုရားရှင်းထျန်း၏ လက်ထဲမှ ဧရာမ ပုဆိန်ကြီးနှင့် ဆက်စပ်နေသလော။
"ပြီးတော့ ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ်..."
လုရန်က ဆက်ပြောသည်။
ဖူး...
ချန်တာ့ရှန်းသည် ခန့်မှန်းနေဆဲဖြစ်ပြီး လုရန် ဤသို့ပြောသည်ကို ရုတ်တရက် ကြားလိုက်ရသောအခါ သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။
"အမ်... စွမ်းရည် နှစ်ခုလား... ဒါ..."
ချန်တာ့ရှန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေ၏။
"အဲ့ဒါက အရမ်းထူးဆန်းနေလို့လား..."
လုရန်က မေးလိုက်သည်။
"အဲ့ဒါက ထူးဆန်းရုံတင် မဟုတ်ဘူး... မကြားဖူးလောက်အောင်ပဲ... အင်မော်တယ်ပိုင်နက်နယ်မြေ တစ်ခုမှာ ဘယ်လိုလုပ်ပြီး စွမ်းရည်နှစ်ခု ရှိနိုင်မှာလဲ..."
ချန်တာ့ရှန်းက အံ့အားသင့်စွာ ပြောဆိုသည်။
တစ်ခုတည်းသော ရှင်းပြချက်မှာ လုရန်၏ ဓမ္မပုံရိပ်ယောင်သည် မယုံနိုင်လောက်အောင် အစွမ်းထက်နေခြင်းပင်။ ဤသည်မှာ ထိပ်တန်းအဆင့် ဓမ္မပုံရိပ်ယောင်တစ်ခု၏ သီးသန့်လက္ခဏာတစ်ခု ဖြစ်ပေ၏။
"ဆရာ... ပြောပြပါဦး... စွမ်းရည်နှစ်ခုက ဘာတွေလဲ..."
ချန်တာ့ရှန်းက အလျင်အမြန် မေးလိုက်သည်။
လုရန်က ပြောဆိုသည်။
"ခေါင်းဖြတ်စက်ဆိုတာ နာမည်က ညွှန်ပြနေတဲ့အတိုင်း ခေါင်းပြတ်သွားတာကို ဆိုလိုတာပဲ... ငါ့ရဲ့ နယ်မြေအတွင်းမှာ ရန်သူတွေက ကောင်းကင်တာအို နိယာမတချို့ရဲ့ သက်ရောက်မှုကို ခံရပြီးတော့ သူတို့ရဲ့ ခေါင်းတွေ ပြုတ်ကျသွားလိမ့်မယ်..."
"ဖျက်ဆီးလို့မရနိုင်တဲ့ခန္ဓာကိုယ်က ကာကွယ်ရေးအတွက်ပဲ... အဲ့ဒီစွမ်းရည်မှာ ကောင်းကင်တာအိုရဲ့ ကာကွယ်ရေး နိယာမ အရိပ်အယောင်လေး ပါဝင်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားကို အကြီးအကျယ် တိုးတက်စေတယ်..."
"စွမ်းရည်နှစ်ခုလုံးက အင်မော်တယ်ပိုင်နက်နယ်မြေရဲ့ အကွာအဝေးအပေါ် မူတည်တယ်..."
"အကွာအဝေး ကြီးလေလေ အကျိုးသက်ရောက်မှု အားနည်းလေလေပဲ... အကွာအဝေး ကျဥ်းလေလေ အကျိုးသက်ရောက်မှု အားကောင်းလေလေပဲ..."
...
လုရန်သည် အင်မော်တယ်ပိုင်နက်နယ်မြေကို လီတစ်ရာအထိ အပြည့်အဝ ဖြန့်ကျက်လိုက်ချိန်တွင် ထိုစွမ်းရည်နှစ်ခုလုံး၏ အကျိုးသက်ရောက်မှုများမှာ သာမန် ဖြစ်သွားတော့သည်။
သို့သော် ဤသည်က ထိုအကွာအဝေးအတွင်းရှိ ရွှေအင်မော်တယ်များနှင့် ထိုနယ်ပယ်အောက်ရှိ မည်သူတစ်ဦးတစ်ယောက်၏ခေါင်းများမဆို ပြုတ်ကျသွားမည်ဟု အာမခံနိုင်ဆဲပင်။
သူ တိုက်ခိုက်ရန် မလိုအပ်ချေ။ နိယာမ၏ စွမ်းအားဖြင့် သူတို့၏ခေါင်းများ ပြတ်ကျသွားရုံသာ ဖြစ်ပေ၏။
ဤသည်မှာ ထိုအကွာအဝေးအတွင်း၌ ရွှေအင်မော်တယ်များနှင့် ထိုနယ်ပယ်အောက်ရှိ လူများထံမှ တိုက်ခိုက်မှုများသည် လုံးဝအကျိုးသက်ရောက်မှု မရှိကြောင်းကိုလည်း အာမခံနိုင်သည်။
သို့သော် ဤအချက်မှာ များစွာအသုံးမဝင်ချေ။ အဘယ်ကြောင့်ဆိုသော် လုရန်သည် ရွှေအင်မော်တယ်များ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်း ရှိနှင့်ပြီးသား ဖြစ်သောကြောင့်ပင်။
ရွှေအင်မော်တယ်နယ်ပယ်အောက်ရှိ လူများသည် လုရန်၏ကာကွယ်မှုကို ချိုးဖျက်ရန် မျှော်လင့်ချက် ပို၍ပင်နည်းပါးသည်။
မဟာပေါင်းစည်းခြင်း အင်မော်တယ်များနှင့် ပတ်သက်၍မူ....
ယခင်ကဆိုလျှင် အစွမ်းကုန် တိုက်ခိုက်နေသော မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးသည် အစွမ်းကုန်တိုက်ခိုက်ပါက လုရန်ကို အနည်းငယ် ဒဏ်ရာရအောင် လုပ်နိုင်ပေလိမ့်မည်။
သို့သော် နယ်မြေကို ဖြန့်ကျက်လိုက်ပါက ကာကွယ်ရေး နိယာမ၏စွမ်းအားကြောင့် မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးပင်လျှင် လုရန်ကို ထိခိုက်အောင်လုပ်ရန် ခက်ခဲပေလိမ့်မည်။
ထို့ပြင် လုရန်သည် အင်မော်တယ်ပိုင်နက်နယ်မြေ၏ အကွာအဝေးကို ကျုံ့လိုက်ချိန်၌ မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်မှုများကိုပင် သူ ကာကွယ်နိုင်စွမ်း ရှိလာပေမည်။
ထို့ပြင်...
အကယ်၍ လုရန်၏ အင်မော်တယ်ပိုင်နက်နယ်မြေသည် သူ၏နံဘေးပတ်လည် တစ်မီတာ အချင်းဝက်အထိ ကျုံ့သွားပါက အလွန်အမင်း သိပ်သည်းမှုအောက်တွင် ဤသည်က အင်မော်တယ်သခင်တစ်ယောက်၏ တိုက်ခိုက်မှု ထက်ဝက်ကျော်ကိုပင် ပျက်ပြယ်သွားစေနိုင်သည်။
"ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ်က တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ..."
လုရန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် တစ်ဦးချင်းတိုက်ပွဲတွင် ခေါင်းဖြတ်စက်၏ အကျိုးသက်ရောက်မှုမှာ အထူးတလည် ထူးခြားခြင်း မရှိလှပေ။
သို့သော် ဤသည်က လူအုပ်စုနှစ်စုကြားကြား တိုက်ပွဲတစ်ခုဖြစ်ပါက အကျိုးသက်ရောက်မှုမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အင်မော်တယ်ပိုင်နက်နယ်မြေ ပြန့်ကားသွားကာ ခေါင်းဖြတ်စက်ကို တစ်ကြိမ်အသုံးပြုလိုက်ရုံဖြင့် အင်အားသန်းနှင့်ချီသော စစ်တပ်တစ်တပ်လုံး ခေါင်းဖြတ်ခံရပေမည်။
မည်သို့ပင်ဆိုစေကာမူ စစ်တပ်တစ်တပ် တည်ဆောက်နေသည့် မည်သည့်အင်အားစုမဆို မဟာပေါင်းစည်းခြင်း အင်မော်တယ်များချည်းသာ ပါဝင်ရန် မဖြစ်နိုင်ချေ။
ထို့ပြင် သူတို့ မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်သို့ မရောက်မချင်း လီတစ်ရာအတွင်း၌ ခေါင်းဖြတ်စက်၏တရားစီရင်မှုမှ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ဤသည်မှာ မည်သည့် ကာကွယ်မှုကိုမဆို လျစ်လျူရှုသော ကောင်းကင်တာအို နိယာမများ၏ တရားစီရင်မှု တစ်ခုပင်။
ဤစွမ်းရည်သည် အလွန်ရက်စက်လွန်းလှ၏။
ချန်တာ့ရှန်းသည် လုရန်၏ရှင်းပြကို တွေဝေငေးမောစွာ နားထောင်ရင်း တံတွေးကို ဂလုခနဲ မြိုချလိုက်သည်။
"ဆရာ... ဆရာ့ရဲ့ အင်မော်တယ်ပိုင်နက်နယ်မြေက... အရမ်းကြောက်စရာကောင်းလွန်းတယ်..."
သူ၏ ကိုယ်ပိုင် အင်မော်တယ်ပိုင်နက်နယ်မြေနှင့် နှိုင်းယှဉ်လျှင် ဤသည်က အလွန်ကွဲပြားခြားနားသော အရာနှစ်ခု ဖြစ်နေသည်။
ချန်တာ့ရှန်း၏ ရှင်းပြချက်မှတစ်ဆင့် လုရန်သည် ရှင်းထျန်း ဓမ္မပုံရိပ်ယောင်၏ တန်ဖိုးကို ပို၍နားလည်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ယခင်က ထိုအရိုးစု၏ အထောက်အထားကို သူ ပို၍ပင် သိချင်လာခဲ့သည်။
ထိုကဲ့သို့ ဓမ္မပုံရိပ်ယောင်မျိုးကို ပိုင်ဆိုင်ထားသဖြင့် ထိုလူသည် ရှပြည်နယ်တွင် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ချေရှိသော်လည်း လီတောင်ရှိ လျှို့ဝှက်အခန်းကဲ့သို့ နေရာမျိုးတွင် သူ သေဆုံးသွားခဲ့ခြင်းမှာ အမှန်တကယ်ကို ထူးဆန်းလှသည်။
"ခေါင်းဖြတ်စက်က အရာအားလုံးကို သတ်နိုင်တယ်... ပြီးတော့ ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် ငါက အင်မော်တယ်သခင်တွေကြားမှာ အခြေခံအနေနဲ့ ပြိုင်ဘက်ကင်းပဲ..."
လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားတော့သည်။
သူ၏လက်ထဲတွင် မွေးရာပါ ရှေးဟောင်းရတနာ ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်နှင့် လက်နက်အဖြစ် မွေးရာပါ ရှေးဟောင်းရတနာ ရွှမ်ယွမ် ကောင်းကင်လမ်းညွှန်ဓား ရှိနေသည်။
သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးနှင့် အပြင်ပိုင်းတွင် နယ်မြေ၏ စွမ်းရည်အဖြစ် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ် ရှိနေပေ၏။
ဤသည်ကို ပြိုင်ဘက်ကင်းဟုမခေါ်လျှင် မည်သို့ ခေါ်ရမည်နည်း...
"ကျွန်မလည်း ပြိုင်ဘက်ကင်းတယ်လေ..."
လင်းပေါင်အာက နံဘေးမှ ဝင်ပြောလိုက်သည်။
ရုတ်ချည်းဆိုသလိုပင်...
လုရန်၌ ယခုလေးတင် ပေါက်ဖွားလာသော သာလွန်မှု ခံစားချက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ပြိုင်ဘက်ကင်းခြင်းနှင့် ပတ်သက်လာလျှင် လင်းပေါင်အာသည် အမှန်တကယ်ကို ပြိုင်ဘက်ကင်းသူပင်။ လုရန်ပင်လျှင် မမျှော်လင့်ထားသော ရှုံးနိမ့်မှုမျိုး ကြုံတွေ့ရနိုင်ခြေ ရှိနေသေးသည်။
"ကောင်းပြီ... ကောင်းပါပြီ... မင်းက ပြိုင်ဘက်ကင်းပါတယ်..."
လုရန်က စိတ်တိုတိုဖြင့် ပြောလိုက်သည်။
ထို့နောက် သူက ချန်တာ့ရှန်းကိုကြည့်ကာ ပြောဆိုလိုက်၏။
"အောင်သွယ်တော်... မင်း..."
သူ၏စကား မဆုံးခင်မှာပင် ချန်တာ့ရှန်းက အနေရခက်စွာဖြင့် တုံ့ပြန်သည်။
"ဆရာ... ဘာပဲဖြစ်ဖြစ် ကျွန်တော် အခု အင်မော်တယ် တစ်ယောက်ပါ... အင်မော်တယ်သခင်တစ်ယောက်တောင် ဖြစ်နေပြီလေ... ကျေးဇူးပြုပြီးတော့ကျွန်တော့်ကို အောင်သွယ်တော်လို့ မခေါ်ပါနဲ့... တခြားသူတွေ ကြားသွားရင် တအားရှက်စရာကောင်းမှာ..."
"ကောင်းပြီလေ အောင်သွယ်တော်..."
လုရန်က ခေါင်းညိတ်လိုက်သည်။
"ထန်ယင်းရော့ကို ကျောက်စိမ်းနဂါး တောင်ကြားကို ခေါ်သွားလိုက်... အပြာရောင်ဂိုဏ်းရဲ့ ခရမ်းစံအိမ်က အဲ့ဒီမှာ ရှိတယ်... မင်းကို မြေပုံတစ်ခု ငါ ပေးလိုက်မယ်..."
သူသည် ခရမ်းစံအိမ်ကို ဤနေရာသို့ ဆင့်ခေါ်နိုင်သော်လည်း များစွာအသုံးဝင်မည် မဟုတ်ချေ။
မဟာပေါင်းစည်းခြင်း အင်မော်တယ် အနည်းငယ်သည် များစွာကွာခြားမှု ရှိမည်မဟုတ်ချေ။ ထို့ပြင် သူတို့ကို ခေါ်ဆောင်လာပါက မဟာချန်၏အာရုံစိုက်မှုကို လွယ်လင့်တကူ ဆွဲဆောင်နိုင်ပေမည်။
"ဆရာ... ဆရာကရော..."
ချန်တာ့ရှန်းသည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို အလွန်တွေ့မြင်ချင်နေသော်လည်း လုရန်၏ စကားများအရ သူ မသွားလိုချေ။
"ငါ ရှင်းစရာ အကြွေးတစ်ခု ရှိသေးတယ်... မဟာချန်က ကျန်းကော်မြို့စားကြီးက ငါ့ရဲ့ အပြာရောင်ဂိုဏ်းက လူတစ်ယောက်ကို ဖမ်းသွားတာလေ... ငါက ဘယ်လိုလုပ်ပြီး ဒီအတိုင်း လွှတ်ထားလို့ရမှာလဲ..."
လုရန်က ပြောလိုက်သည်။
ယခုချိန်၌ သူ့ထံတွင် စွမ်းအားရှိနေသဖြင့် သူ ကျုံးယွန်ရှန်းကို အရင်ဆုံး သတ်ဖြတ်ရပေမည်။
"ဆရာက ကျုံးယွန်ရှန်းကို သတ်ချင်တာလား..."
ချန်တာ့ရှန်းက မေးလိုက်၏။
"ဘာလဲ... သူက မင်းရဲ့ မိတ်ဆွေလား..."
လုရန်က ချန်တာ့ရှန်းကို တစ်ချက်ကြည့်လိုက်သည်။
"အင်း... အဲ့ဒီလိုတော့ မဟုတ်ပါဘူး... အဲ့ဒီကျုံးယွန်ရှန်းက ကျွန်တော် မဟာချန် တော်ဝင်မြို့တော်ထဲ ဝင်ပြီးတာနဲ့ ဆက်သွယ်ရမယ့် သူလျှိုလေ... သူရော တုရှုရှန်းရော နှစ်ယောက်လုံး ဘက်ပြောင်းသွားပြီ... ပြီးတော့ မဟာချန်ကို ဖျက်ဆီးဖို့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ အတွင်းကနေ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မယ်..."
ချန်တာ့ရှန်းက ပြောဆိုသည်။
"အို..."
လုရန် အနည်းငယ် အံ့အားသင့်သွားသည်။ ဤအချက်ကို သူ ထည့်သွင်းမစဉ်းစားမိခဲ့ပေ။
"ဒါဆို... မဟာချန်ရဲ့ မြို့စားကြီး လေးယောက်ထဲက နှစ်ယောက်က ဘက်ပြောင်းသွားပြီပေါ့... မင်း တော်ဝင်မြို့တော်ထဲကို ခိုးဝင်လာတာနဲ့ အတွင်းအပြင် ပူးပေါင်းလုပ်ဆောင်မှုနဲ့ဆိုရင် မဟာချန်က ပြီးဆုံးသွားမှာ မဟုတ်လား..."
လုရန်က ပြောဆိုသည်။
"အစီအစဉ်အတိုင်းဆိုရင် အဲ့ဒီအတိုင်း ဖြစ်လာလိမ့်မယ်... စောင့်ကြည့်ရမယ့်သူကတော့ မဟာချန် ဧကရီပဲ... သူက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တယ်... သူက အင်မော်တယ်သခင်တစ်ယောက်ဖြစ်ပေမဲ့ သူရဲ့ စွမ်းအားက ကြီးမားတယ်... ပြီးတော့ သူ့ရဲ့ဘေးမှာ လျှို့ဝှက်ကျွမ်းကျင်သူတွေ ရှိတယ်လို့ ကောလာဟလတွေ ရှိတယ်... သူကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး..."
ချန်တာ့ရှန်းက ပြောလိုက်သည်။
"အဲ့ဒါတွေကို ငါ စိတ်ပူနေမှာ မဟုတ်ဘူး... ကျုံးယွန်ရှန်းကို အရင်ဆုံး သတ်မယ်..."
လုရန်က ခေါင်းခါယမ်းလိုက်ပြီး ထိုအသေးစိတ်အချက်အလက်များကို ဂရုမစိုက်ချေ။
မည်သို့ပင်ဆိုစေ နှစ်ဖက်အကြားတွင် တိုက်ခိုက်နေသည်က ပိုကောင်းပေမည်။ အချိန်တန်လျှင် နံဘေးကနေ အကျိုးအမြတ် ရနိုင်မရနိုင်ကို သူ စောင့်ကြည့်ရုံသာ ရှိပေမည်။
ဒါနဲ့... အဲ့ဒီကို မသွားခင် ဒီနေ့အတွက် ငါ တက်ရောက်စာရင်းသွင်းတာကို မလုပ်ရသေးဘူး...
ထို့အပြင် ဤသည်မှာ တက်ရောက်စာရင်းသွင်းခြင်း စည်းမျဉ်းများနှင့် ပတ်သက်၍ လုရန်၏ ယခင် ခန့်မှန်းချက်များကို အတည်ပြုရန်ပင်။
သူက စိတ်ထဲတွင် တိတ်တဆိတ် 'တက်ရောက်စာရင်းသွင်းမည်' ဟု တွေးလိုက်သည်။
ဒင်...
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေပါသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ကျင့်ကြံခြင်း ဆုလာဘ်ဆယ်ဆ ရရှိသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဝင်္ကပါစွမ်းရည် မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါကို ရရှိသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်..အင်မော်တယ် နည်းစနစ် အလှည့်ကိုးကြိမ် တစ်ကြိမ်တည်းသို့ ပေါင်းစည်းခြင်းကို ရရှိသည်】
Book 6 end.