အခန်း ၆၁
Vol. 7 Ch. 61
အခန်း ၆၁: အလှည့်ကိုးကြိမ် တစ်ကြိမ်တည်းသို့ ပေါင်းစည်းခြင်း
ဤသည်မှာ အမှန်တကယ်ကို အမြင့်ဆုံးရမှတ်ပင်။
လုရန်၏မျက်လုံးများ တောက်ပသွားသည်။
တက်ရောက်စာရင်းသွင်းခြင်း ပုံစံသည် ကျပန်းမဟုတ်ဘဲ နေ့စဉ်အပြုအမူများအပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ်ကို သူ လုံးလုံးလျားလျား သေချာမပြောနိုင်သော်လည်း...
သို့သော် သူ၏ ခန့်မှန်းချက်သာ တိကျပါက သူသည် အနာဂတ်တွင် ဘဝတစ်သက်တာလုံးအတွက် အဆင်သင့်ဖြစ်နေလေပြီ။
ဆုလာဘ် နှစ်ခု၏ အကျိုးသက်ရောက်မှုများကို စစ်ဆေးရန် လုရန် မစောင့်ဆိုင်းနိုင်တော့ချေ။
ဆယ်ဆမြှောက်ထားသော ကျင့်ကြံခြင်း ဆုလာဘ်ကို သူ ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ ကျင့်ကြံမှုမှာ အလွန်လျှင်မြန်စွာ ကြီးထွားနေလေပြီ။
သို့သော် ဤဆုလာဘ်များ အထူးသဖြင့် အမြင့်ဆုံးရမှတ် ဆုလာဘ်တစ်ခုစီသည် မယုံနိုင်လောက်အောင် အစွမ်းထက်လှ၏။
【မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါ...ထိုအရာသည် အင်မော်တယ်များ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးစေပြီး စိတ်ဆန္ဒကို လွင့်စင်စေသည်... အင်မော်တယ်များ၏လှုပ်ရှားကို ပိတ်လှောင်ထားပြီး ချီကို ထိခိုက်စေသည်.... နတ်ဘုရားများနှင့် အင်မော်တယ်များ၏ အနှစ်သာရကို ဖယ်ရှားပစ်ပြီး သူတို့၏ခြေလက်အင်္ဂါများကို ချို့ယွင်းစေသည်... နတ်ဘုရား သို့မဟုတ် အင်မော်တယ်တစ်ယောက် ဝင်္ကပါထဲသို့ ဝင်ရောက်လာသည်နှင့် သူတို့သည် သေမျိုးဖြစ်သွားပေမည်...သေမျိုးတစ်ဦး ဝင်ရောက်လာသောအခါ ထိုသူသည် ချက်ချင်းသေဆုံးသွားပေမည်】
လုရန်၏စိတ်နှလုံးသား ပြင်းထန်စွာ တုန်ရီသွားသည်။
အို ဘုရားရေ...
ဤမြစ်ဝါမြစ်ကွေ့ကိုးကွေ့ဝင်္ကပါသည် အင်မော်တယ်များကို သီးသန့်ပစ်မှတ်ထားခြင်းပင်။
ဤအချက်က တက်ရောက်စာရင်းသွင်းခြင်း စနစ်သည် အမှန်တကယ် ကျပန်းဖြစ်ခြင်း ဟုတ်မဟုတ် နှင့် ပတ်သက်၍ လုရန်၏ သံသယကို ပို၍အတည်ပြုပေးလိုက်၏။
နောက်ဆုံး အမြင့်ဆုံးရမှတ် နှစ်ကြိမ်သည် ရွှေအင်မော်တယ်များကို လုံးလုံးလျားလျား ပစ်မှတ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လုရန်၏ နယ်ပယ်သည် ရွှေအင်မော်တယ်အဆင့်သို့ မရောက်သေးသောကြောင့်ပင်။
ယခုတစ်ကြိမ်တွင်မူ....
လုရန်သည် ယခုအချိန်၌ အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေပြီး တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်မှ ပေးအပ်သော မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
တိကျသော အင်မော်တယ်နယ်ပယ်ကို ဖော်ပြထားခြင်းမရှိသော်လည်း အနည်းဆုံးအနေဖြင့် အင်မော်တယ်သခင်နယ်ပယ်အောက်ရှိ လူတိုင်း ဖိနှိပ်ခံရမည်ဟု လုရန်က ခန့်မှန်းလိုက်သည်။
သို့သော်...
ဖော်ပြချက်အရ မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါကို တခင်းကျင်းခြင်းသည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းပေ၏။
ပထမဆုံးအနေဖြင့် အကွာအဝေးပင်။ မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါသည် ကြီးမားလှပြီး မဟာချန် တော်ဝင်မြို့တော်တစ်ခုလုံးနှင့် ပတ်ဝန်းကျင် လီသုံးဆယ်အထိ လွှမ်းခြုံနိုင်လောက်အောင် ကြီးမားသည်။
ဝင်္ကပါသခင်သည် ဝင်္ကပါကို ခင်းကျင်းရန် လှည့်လည်သွားလာရာတွင် အနည်းဆုံး သုံးရက် အချိန်ယူရပေလိမ့်မည်။
သို့သော် ဤသည်မှာ ဝင်္ကပါ၏ အခြေခံဖွဲ့စည်းပုံမျှသာ ဖြစ်သည်။ ဝင်္ကပါကို အသက်သွင်းရန်အတွက် လူတစ်ဦး၏ ကိုယ်ပိုင်နယ်ပယ်သည် လုံလောက်နေရန် လိုအပ်သည်။
တစ်ချိန်တည်းမှာပင် ဝင်္ကပါ၏အခြေခံအုတ်မြစ်နှင့် ဗဟိုချက်အဖြစ် ဆောင်ရွက်ရန် အစွမ်းထက်သော မှော်ရတနာတစ်ခု လိုအပ်ပေ၏။
လုရန်သည် အချိန်ကို ဂရုမစိုက်ပေ။ အချိန်အားဖြင့် သုံးရက်သာ ကြာမြင့်ပေမည်။
ထိုအစွမ်းထက်သော မှော်ရတနာဗဟိုချက်နှင့် ပတ်သက်၍ လုရန်သည် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ချက်ချင်းသတိရသွားသည်။
ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်တွင် ဖိနှိပ်နိုင်စွမ်းရှိသည်။ မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါနှင့် ပေါင်းစပ်လိုက်ချိန်၌ ထိုအရာသည် ပြီးပြည့်စုံသော လိုက်ဖက်ညီမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထို့နောက်...
ဤသည်မှာ ဒုတိယဆုလာဘ် ဖြစ်သော အင်မော်တယ် နည်းစနစ်ပင်။
【အလှည့်ကိုးကြိမ် တစ်ကြိမ်တည်းသို့ ပေါင်းစည်းခြင်း....ကောင်းကင်နှင့်မြေကြီး၏ အမြင့်ဆုံး ကိန်းဂဏန်းသည် တစ်မှ စတင်ပြီး ကိုးတွင် အဆုံးသတ်သည်...နည်းစနစ် အသုံးပြုသူ၏ ကိုယ်ပိုင်ဓမ္မပုံရိပ်ယောင်ကိုးခုကို ကိုယ်ပိုင်ဆန္ဒအတိုင်း အသုံးပြုရန် အပြည့်အဝ ပွားယူနိုင်သည်..】
ဤရှင်းပြချက်သည် တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းလှ၏။
"ရှင်းထျန်း ကိုးယောက်..."
လုရန်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ နှုတ်ခမ်းများ မသိစိတ်အရ တွန့်ကွေးသွားသည်။
ဤနည်းစနစ်သည် ကောင်းကင်ကို အံ့တုလွန်းပေ၏။
အကယ်၍ သူသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်သာ ဖြစ်ပါက ရှင်းထျန်းကိုးယောက်သည် အကျိုးသက်ရောက်မှု သိပ်များများစားစား ရှိပုံမပေါ်ပေ။
သို့သော် အင်မော်တယ်သခင်နယ်ပယ်တွင် ဓမ္မပုံရိပ်ယောင်များကို ခန္ဓာကိုယ်အပြင်ဘက်မှနေ၍ ထိန်းချုပ်နိုင်သည်။
အင်မော်တယ်သခင်တစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို တွေးတောကြည့်ပါက....
လုရန်၏အတွေးတစ်ချက်ဖြင့် စစ်နတ်ဘုရား ရှင်းထျန်းကိုးယောက် ထွက်ပေါ်လာလိမ့်မည်။
အင်မော်တယ်ပိုင်နက်နယ်မြေ၏ လီတစ်ရာ အကွာအဝေးအတွင်းတွင် စစ်နတ်ဘုရားရှင်းထျန်းကိုးယောက်က အရပ်မျက်နှာအဘက်ဘက်၌ သတ်ဖြတ်နေမည်ဆိုလျှင် မည်သူက ခံနိုင်ရည်ရှိမည်နည်း။
အင်မော်တယ်နည်းစနစ်တစ်ခုနှင့် ဝင်္ကပါတစ်ခု....
ယနေ့ ဤအမြင့်ဆုံးရမှတ် ဆုလာဘ်နှစ်ခုအတွက် လုရန် အတော်လေး စိတ်ကျေနပ်နေသည်။
"ဆယ်ရက်အတွင်း သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က မဟာချန်ကို တိုက်ခိုက်မယ်ဆိုတာ သေချာလား..."
လုရန်က မေးလိုက်သည်။
"သေချာပါတယ်... ကျွန်တော် မီးလောင်ရာ လေပင့်ခဲ့တာလေ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အပြည့်အဝ ပြင်ဆင်ထားပြီးတော့ မဟာချန်အင်ပါယာကို သိမ်းပိုက်ဖို့ အစကတည်းက သေချာစီစဥ်နေခဲ့တာပါ..."
ချန်တာ့ရှန်းက ပြောဆိုသည်။
"အစကတည်းကလား..."
လုရန် အံ့အားသင့်သွားပေ၏။
"ဟုတ်ပါတယ် အစကတည်းကပါ... အပြာရောင်ဂိုဏ်း ဝင်မစွက်ဖက်ခင် အစကတည်းကကို ပြောတာပါ..." ချန်တာ့ရှန်းက ရယ်မောလိုက်သည်။
"မင်းက ငတုံးလေးနဲ့ တူပေမဲ့ နားလည်သင့်တာတွေ အားလုံးကို နားလည်သားပဲ... ဟုတ်တယ်... ဒီလှုပ်ရှားမှုက အပြာရောင်ဂိုဏ်းအတွက် အကျိုးရှိတယ်..."
လုရန်က ပြောဆိုသည်။
ထိုစကားကို ကြားသောအခါ...
ချန်တာ့ရှန်း၏ မျက်နှာအမူအရာ ပြန်လည်၍ တည်ငြိမ်သွားတော့သည်။
သူက သတိထား၍ ပြောဆိုသည်။
"ဆရာ... တခြားသူတွေရဲ့ ပဋိပက္ခကနေ အကျိုးအမြတ် ရယူတာက ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှာ ပြင်ပအကူအညီ ရှိနေတယ်..."
အို...
လုရန် အံ့အားသင့်သွားသည်။
"အဲ့ဒါက ကောလာဟလတစ်ခုသက်သက်ပါ... ဒါပေမဲ့ လုံကျွန်းယန်က အင်အားစုတစ်ခုကို လျှို့ဝှက်ဆက်သွယ်ခဲ့တယ်... အသေးစိတ်ကိုတော့ ကျွန်တော် သိပ်မရှင်းပေမဲ့ သူတို့က အကျိုးစီးပွားအခြေခံတဲ့ မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ကို သဘောတူညီမှု ရခဲ့တယ်..."
ချန်တာ့ရှန်းက ပြောလိုက်သည်။
လုံကျွန်းယန်တစ်ယောက်တည်းသာလျှင် တိကျသောအချက်အလက်များကို သိထားသည်။
ထို့ပြင် ဤအကျိုးစီးပွားအခြေခံ ဆက်ဆံရေးကြောင့် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် ဆယ်ရက်အတွင်း မဟာချန်ကို စစ်ခင်းရန် လာသောအခါ ထိုတိုက်ပွဲသည် ဟန်ချက်ညီသော ယှဉ်ပြိုင်မှုတစ်ခု ဖြစ်နိုင်မည် မဟုတ်ပေ။
ထိုအစား သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မဟာချန်ကို အကြွင်းမဲ့ အားသာချက်ဖြင့် သိမ်းပိုက်ပေလိမ့်မည်။
မူလက မြို့ထဲသို့ ခိုးဝင်လာသော တပ်မှူး ချန်တာ့ရှန်းနှင့်အတူ သူတို့သည် အတွင်းအပြင် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ချန်တာ့ရှန်းကို လုရန်က လမ်းတစ်ဝက်တွင် ကြားဖြတ်တွေ့ဆုံခဲ့ခြင်းဖြစ်ပေ၏။
"ဒီလိုပါပဲ... တကယ်လို့ အဲ့ဒါက တစ်ဖက်သတ် သတ်ဖြတ်မှုဖြစ်ပြီး မဟာချန် ပျောက်ကွယ်သွားရင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အများကြီး ဆုံးရှုံးမှာ မဟုတ်ဘူး... ပြီးတော့ တခြားသူတွေရဲ့ ပဋိပက္ခကနေ အကျိုးအမြတ် ရယူမယ်ဆိုတာလည်း စကားသက်သက်ပဲ ဖြစ်သွားလိမ့်မယ်..."
ချန်တာ့ရှန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ဒါဆို မဟာချန်မှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူးပေါ့..."
လုရန်သည်လည်း ဤသည်ကို ပြဿနာတစ်ခုအဖြစ် ခံစားလိုက်ရသည်။
"အဲ့ဒီလိုတော့ မဟုတ်ဘူး... မဟာချန်မှာ နှစ်သောင်းနဲ့ချီတဲ့ အခြေခံအုတ်မြစ် ရှိတယ်... ပြီးတော့ အိမ်ရှင်အနေနဲ့ သူတို့မှာ ခုခံနိုင်စွမ်း ရှိတယ်... အဲ့ဒီမဟာချန် ဧကရီက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေတာ... ဖြစ်နိုင်တာက သူ့ဆီမှာ ထုတ်မပြရသေးတဲ့ လျှို့ဝှက်လက်နက် တစ်ခုခု ရှိနေနိုင်သေးတယ်... ရလဒ်က မသေချာသေးဘူး... မဟာချန် အရေးနိမ့်သွားဖို့ ဖြစ်နိုင်ခြေက အများကြီး ပိုများတယ်ဆိုတာပဲ ရှိတာ..."
ချန်တာ့ရှန်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။
လုရန်သည် ချန်တာ့ရှန်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ဤတပည့်သည် တွေးခေါ်မှု ရိုးရှင်းသော်လည်း အင်ပါယာများ၏တိုက်ပွဲများနှင့် ပတ်သက်လာလျှင် အဓိပ္ပာယ်ရှိရှိ စကားပြောနိုင်သည်။
ဤသည်မှာလည်း ပါရမီတစ်ခု ဖြစ်နိုင်သည်။
သူ၏ ဆေဘာဓားနည်းစနစ်များအတွက် ပါရမီအပြင် အင်ပါယာများကို အုပ်စိုးမှုတွင်လည်း သူ ကျွမ်းကျင်ပုံရသည်။
ထိုသို့ဆိုလျှင် အပြာရောင်ဂိုဏ်းကို ပြန်သွားပြီးနောက် ချန်တာ့ရှန်းသည် အသုံးဝင်လာနိုင်ပေ၏။
ထိုသို့ပြောဆိုပြီးနောက်....
ချန်တာ့ရှန်းက မေးမြန်းသည်။
"ဆရာ... ဆရာ့ရဲ့အစီအစဉ်က ဘာလဲ..."
လုရန်က နှုတ်ခမ်းမဲ့လိုက်သည်။ သူက ယင်းရော့ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။
"မင်းက ယင်းရော့ကို အပြာရောင်ဂိုဏ်းကို အရင်ပြန်ခေါ်သွား... ပေါင်အာနဲ့ ငါက ကျုံးယွန်ရှန်းကို သွားသတ်မယ်... အဲ့ဒီနောက် ငါ တပ်နေရာချထားမှုတွေ စီစဉ်မယ်..."
တပ်နေရာချထားမှုလား...
"ဆရာက ဒီမှာ ပွဲကြည့်ချင်လို့လား..."
ချန်တာ့ရှန်းက မေးလိုက်သည်။
"ကျားနှစ်ကောင် ကိုက်နေတာကို ဘေးကနေ ကြည့်နေတာလေ... ပြပွဲကောင်းကို ငါက ဘာလို့ မကြည့်ဘဲနေရမှာလဲ... ပြီးတော့ ငါက ကြည့်နေရုံသက်သက် မဟုတ်ဘူး... မင်း သူ့ကို အရင်ပြန်ပို့လိုက်..."
လုရန်က ပြောဆိုသည်။
သူ၏လက်ထဲရှိ မြစ်ဝါမြစ် ကွေ့ကိုးကွေ့ဝင်္ကပါနှင့်အတူ မဟာချန် တော်ဝင်မြို့တော်၏ အကွာအဝေးအတွင်းတွင် ထိုအရာကို သူ ခင်းကျင်းတော့ပေမည်။
နှစ်ဖက်လုံး တိုက်ခိုက်ကြချိန်၌ မည်သည့်ဘက်က အားသာချက်ရှိစေကာမူ သူတို့သည် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပေမည်။
ထိုအချိန်သို့ရောက်လျှင်...
လုရန်သည် ထွက်ပေါ်လာပြီး မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါကို အသက်သွင်းကာ ကြီးမားသော အင်အားစု နှစ်ခုလုံးကို တိုက်ရိုက်ဖိနှိပ်သတ်ဖြတ်ခြင်းဖြင့် ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်နိုင်ပေမည်။
ထို့နောက် ယင်စစ်သည် ကျားတံဆိပ်ကို ကိုင်ဆောင်ကာ သူသည် တော်ဝင်မြို့တော် အတွင်းအပြင်ကို အမြန်ဆုံး ရှင်းလင်းပြီး အင်ပါယာကို လွှဲပြောင်းယူနိုင်ပေမည်။
အပြာရောင်ဂိုဏ်းသည် သူတို့နေရာတွင် အစားထိုးပြီး အရှေ့ဘက်နယ်မြေကို တာဝန်ယူရပေမည်။
မကြာမီမှာပင်....
ချန်တာ့ရှန်းသည် ယင်းရော့ကို ခေါ်ကာ မြေပုံအတိုင်း အပြာရောင်ဂိုဏ်းသို့ ဦးတည်သွားတော့သည်။
အင်မော်တယ်သခင် တစ်ပါးအနေဖြင့် ချန်တာ့ရှန်း၏ အမြန်နှုန်းသည် ယခင်က လုရန်ထက် များစွာပို၍ လျှင်မြန်သည်။
တစ်ချိန်တည်းမှာပင် လုရန်သည် လင်းပေါင်အာကို ခေါ်ကာ မဟာချန် တော်ဝင်မြို့တော်သို့ ပြန်လည်ဦးတည်သွားတော့သည်။
ကျန်းကော် မြို့စားစံအိမ်တော်...
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျုံးချင်းသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ ခိုးဝင်လာသူများကို ရှာဖွေရန်အတွက် သူမ၏လူများကို ဦးဆောင်ပြီး မြို့အတွင်း၌ ကင်းလှည့်နေခဲ့သည်။
သို့သော် သူမ မည်သည့်အရာကိုမျှ မတွေ့ခဲ့ချေ။
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ ပြန့်ကျဲနေသော လူများသည် ညတွင်းချင်း မဟာချန်မှ အငွေ့ပျံသွားသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
သူမသည် ရှေ့ခန်းမဆောင်တွင် ထိုင်နေစဉ် သူမ၏ဖခင် ကျုံးယွန်ရှန်း ရှေ့စင်္ကြန်လမ်းကို ဖြတ်သန်းသွားသည်အား သူမ မြင်တွေ့လိုက်ရသည်။
မူလက သူမသည် သူ့ကို နှုတ်ဆက်လိုခဲ့သော်လည်း ကျုံးယွန်ရှန်းသည် အလွန်အလောတကြီး ဖြစ်နေသဖြင့် သူ အလျင်အမြန် လျှောက်သွားစဉ် ကျုံးချင်းကို လုံးဝမမြင်ခဲ့ပုံရသည်။
သူ၏ဦးတည်ချက်မှာ အရန်ခန်းမဆောင်ပင်။
ကျုံးချင်း ပို၍ပို၍ သိချင်စိတ် ပြင်းပြလာတော့သည်။
ကျုံးယွန်ရှန်းသည် အရန်ခန်းမဆောင်တွင် အမြဲတစေ မည်သည့်အရာကို ပြုလုပ်နေသနည်း...
ထို့ပြင် မကြာသေးမီက သူ၏ သွားရောက်လည်ပတ်မှု အကြိမ်အရေအတွက်မှာ တိုးလာပုံရသည်။
သို့သော် သူမ သိချင်စိတ်ပြင်းပြနေသည့်တိုင် ထိုအရန်ခန်းမဆောင်သည် တားမြစ်နယ်မြေတစ်ခု ဖြစ်ပြီး သူမပင်လျှင် ချဥ်းကပ်ခွင့် မရှိပေ။
ထိုအချိန်မှာပင်...
သူမက ရုတ်တရက် လှည့်ကြည့်လိုက်ရာ..
လင်းပေါင်အာကို ခေါ်ကာ ရဲရဲတင်းတင်း ဝင်လာသော လုရန်ကို သူမ ရုတ်တရက် မြင်တွေ့လိုက်ရသည်။
သူတို့ကို အံ့အားသင့်စွာ ဝိုင်းရံထားသော တံခါးဝရှိ အစောင့်အနည်းငယ်မှလွဲ၍ တခြားသူများကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
"ယဲ့နန်... ရှင်က ပြန်လာရဲသေးတာလား..."
ကျုံးချင်းက အံ့ကြိတ်ကာ လုရန်ကို ကြည့်လိုက်သည်။
ထို့နောက် သူမသည် ပတ်ဝန်းကျင်ရှိ အစောင့်များကို ကြည့်လိုက်၏။
သူမက မေးမြန်းသည်။
"ရှင်တို့ အထဲကို ဘယ်လိုဝင်လာတာလဲ..."
"အဲ့ဒီအစောင့်တွေကို သတ်ပြီးတော့ ငါ ဝင်လာတာပဲလေ... အဲ့ဒါ ခက်လို့လား..."
လုရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး တုံ့ပြန်မေးမြန်းလိုက်သည်။
"မင်းရဲ့အဖေ ဘယ်မှာလဲ..."
သူသည် ကျုံးယွန်ရှန်းဖြင့် စာရင်းလာရှင်းခြင်း ဖြစ်ပေ၏။
"အရန်ခန်းမဆောင်က တားမြစ်နယ်မြေပဲ... ဘယ်သူမှ အနားကပ်ခွင့် မရှိဘူး... ပြီးတော့ ရှင်... သာမန် မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးက ထွက်ပြေးလွတ်မြောက်သွားတာတောင် ကျန်းကော် မြို့စားစံအိမ်တော်ကို ပြန်လာရဲသေးတယ်... ရှင်က သေလမ်းကို ရှာနေတာပဲ..."
ကျုံးချင်းက အေးစက်တင်းမာစွာ ပြောလိုက်သည်။
ထို့နောက် သူမသည် အချက်ပြမှု တစ်ခုခု ဖြစ်ပုံရသော ခရာတစ်ခုကို ရှည်လျားစွာ မှုတ်လိုက်၏။
သူမကိုယ်တိုင် မတိုက်ခိုက်ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမသည် ရွှေအင်မော်တယ် တစ်ဦးသာ ဖြစ်သည်။ ကောင်းကင်ဘုရင် စည်းတံဆိပ်ဖြင့် တောရိုင်းထဲတွင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ ထိုရွှေအင်မော်တယ်များကို အချိန်ဆွဲရန် သူမ ကြိုးစားနိုင်သည်။
သို့သော် သူမအနေဖြင့် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ခြင်း ပိုးဖလံတစ်ကောင် မီးတောက်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်နှင့် တူညီနေပေမည်။
လုရန်က သူမကို လုံးလုံးလျားလျား လျစ်လျူရှုထားလိုက်သည်။
ထိုအစား သူသည် အရန်ခန်းမဆောင်ဆီသို့ ကြည့်လိုက်ပြီး ထိုနေရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
ဒီနေ့ ကျုံးယွန်ရှန်း သေရမယ်။