အခန်း ၆၃
Vol. 7 Ch. 63
အခန်း ၆၃:မြွေကို လန့်စေခြင်း
"သာမန် မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်က သေလမ်းကို ရှာနေတာပဲ..."
ကျုံးယွန်ရှန်းက အော်ငေါက်လိုက်သည်။
သူ အမှန်တကယ်ကို ဒေါသထွက်နေခဲ့သည်။
ဤသည်က လုရန်သည် သူ့ကို စိန်ခေါ်ရန် ပြန်လာရဲသည့်အတွက် ဒေါသထွက်ရုံသက်သက် မဟုတ်ချေ။
လုရန်က သူ၏သမီး ကျုံးချင်းကို ဤအောက်သို့ ခေါ်လာခဲ့သည့်အတွက် သူ ပို၍ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။
သို့သော် ကျုံးယွန်ရှန်းသည် သူ၏ ဓမ္မပုံရိပ်ယောင်ကို အသုံးမပြုခဲ့ချေ။ ဤနေရာသည် လျှို့ဝှက်ခန်းတစ်ခန်းပင်။ အကယ်၍ သူ ဓမ္မပုံရိပ်ယောင်ကို အသုံးပြုပါက သူ အသုံးမပြုရသေးသော ပျိုးပင်များအားလုံး ပျက်စီးသွားပေလိမ့်မည်။
သေချာသည်မှာ ကျုံးယွန်ရှန်း၏အမြင်အရ မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးကို သတ်ဖြတ်ရန် ဓမ္မပုံရိပ်ယောင် မလိုအပ်ပေ။
လုရန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူ၏ အင်မော်တယ်ပိုင်နက်နယ်မြေ တိတ်တဆိတ် အသက်ဝင်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်လည် နှစ်မီတာအကွာအဝေးအတွင်း၌ အလွန်အမင်း ကျုံ့ဝင်သွားတော့သည်။
ဤအကွာအဝေးအတွင်းတွင် အင်မော်တယ်ပိုင်နက်နယ်မြေရှိ နိယာမ၏စွမ်းအားသည် အားအကောင်းဆုံးပင်။
လုရန်သည် ဤအခွင့်အရေးကို အသုံးပြု၍ အင်မော်တယ်ပိုင်နက်နယ်မြေ၏ စွမ်းအားကို စမ်းသပ်ရန် ရည်ရွယ်ခဲ့သည်။
ကျုံးယွန်ရှန်း၏ လှုပ်ရှားမှုများသည် အလွန်သပ်ရပ်လှ၏။
လုရန် နီးကပ်လာသည်ကို မြင်သောအခါ သူ၏ လက်ထဲတွင် ဆေဘာဓားတစ်လက် ထွက်ပေါ်လာပြီး လုရန်၏ခေါင်းဆီသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်တော့သည်။
လုရန်သည် မူလက ထိုဓားချက် ရှောင်တိမ်းရန် ရည်ရွယ်ခဲ့သည်။
သို့သော် အရေးကြီးသော အချိန်တွင် သူ ရှင်းပြ၍မရအောင် လက်တစ်ဖက်ကို ဆန့်တန်းလိုက်မိသည်။
နှစ်မီတာ အကွာအဝေးအတွင်း သူ၏ဖျက်ဆီး၍မရနိုင်သောခန္ဓာကိုယ်၏ ကောင်းကင်တာအိုဖိနှိပ်မှုက မည်ကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရှိမည်အား သူ စမ်းသပ်ချင်နေသည်။
ဝုန်း...
ဓားသည် လုရန်၏ခေါင်းရှေ့တွင် ဆိုင်းငံ့နေပေ၏။ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သောအရာမှာ လုရန်၏ လက်ပင်။
သူသည် ရိုးရှင်းစွာပင် သူလက်ကို မြှောက်ကာ ဧရာမ ဆေဘာဓား၏ ဓားသွားကို ညှပ်ကိုင်ထားလိုက်သည်။
ကျုံးယွန်ရှန်း အံ့အားသင့်သွားသည်။
ဤနေရာတွင် တိုက်ခိုက်နေစဉ် နေရာပြိုကျမည်ကို စိုးရိမ်သဖြင့် သူ၏စွမ်းအားကုန် အသုံးမပြုရဲခဲ့ပေ။
ထိုသို့ဆိုသည့်တိုင် အင်မော်တယ်သခင် တစ်ပါးအနေဖြင့် သူ၏ ဓားချက်ကို မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးက လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်မည် မဟုတ်ပေ။
"မင်း... မင်းက ဘယ်လိုလုပ်..."
ရုတ်တရက်..
ကျုံးယွန်ရှန်းက မျက်မှောင်ကြုတ်ပြီး လုရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
သူ ခံစားလိုက်ရသည်။
အင်မော်တယ်ပိုင်နက်နယ်မြေ၏စွမ်းအား....
ဝီ...
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျုံးယွန်ရှန်း၏ အင်မော်တယ်ပိုင်နက်နယ်မြေသည်လည်း အသက်ဝင်လာသည်။ လုရန် အင်မော်တယ်သခင်အဖြစ် မည်သည်ကြောင့် တက်လှမ်းသွားကြောင်း သူ မသိသော်လည်း သူ၏ အလိုအလျောက်သိစိတ်က မှားယွင်းမည် မဟုတ်ပေ။ ထိုကိစ္စသည် အလွန်ထူးဆန်းလွန်းသဖြင့် သူ သတိမပေါ့လျော့ရဲပေ။
သို့သော် သူ နောက်ကျသွားခဲ့လေပြီ။
ကျုံးယွန်ရှန်းသည် လုရန်၏ နှစ်မီတာ အကွာအဝေးအတွင်း ရောက်ရှိနှင့်ပြီးဖြစ်သည်။
ဝှစ်...
ကျုံးယွန်ရှန်းသည် ခုခံရန်အတွက် သူ၏ကိုယ်ပိုင် အင်မော်တယ်ပိုင်နက်နယ်မြေကို အသက်သွင်းတော့မည်ဆဲဆဲမှာပင် သူ၏အမြင်အာရုံ တိမ်းစောင်းသွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
သူ၏အမြင်အာရုံကို ပြန်လည်ရရှိရန် လည်ပင်းကို လှည့်လိုသော်လည်း တုံ့ပြန်မှု မရှိပေ။
ဘုန်း...
သူ၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏အနီးရှိ ခေါင်းမရှိသော ကိုယ်လုံးကို မြင်လိုက်ရမှသာ ကျုံးယွန်ရှန်းသည် သူ၏ခေါင်း အဖြတ်ခံလိုက်ရကြောင်း သဘောပေါက်သွားတော့သည်။
ဖူး...
လုရန် တွန့်ဆုတ်မနေခဲ့ပေ။
ကျုံးယွန်ရှန်း၏ခေါင်းကို ဖြတ်ပြီး ဒုတိယအကြိမ်မှာပင် လုရန်သည် ရွှမ်ယွမ်ဓားကို သူ၏ ဒန်တျန်အတွင်းသို့ ထိုးသွင်းလိုက်၏။
သူသည် ကျုံးယွန်ရှန်း၏ နောက်ဆုံး အသက်စွမ်းအား အကြွင်းအကျန်ကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးလိုက်သည်။
"ဟူး..."
လုရန်က ဖြည်းညှင်းစွာ သက်ပြင်းချပြီး နောက်လှည့်ကာ လှေကားဆီသို့ လျှောက်လှမ်းသွားသည်။
ကျုံးယွန်ရှန်း သေသွားလေပြီ။ သူ မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါကို သွားရောက်ခင်းကျင်းရပေမည်။
ဝုန်း...
ကျုံးချင်း၏ ခြေလှမ်းများ ရွေ့လျားသွားပြီး လုရန်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
လင်းပေါင်အာက မျက်မှောင်ကြုတ်ပြီး လုရန်ကို မော့ကြည့်လိုက်၏။
လုရန်က အေးစက်စွာ ပြောလိုက်သည်
"ဖယ်..."
ရိုးရိုးသားသား ပြောရလျှင် ကျုံးချင်းအပေါ် သူ့ထံတွင် အထင်အမြင်ကောင်း အတော်အသင့် ရှိနေသည်။ မျက်ကန်းယုံကြည်မှုရှိသူများသည်လည်း လေးစားမှုနှင့် ထိုက်တန်သည်။
လုရန်သည် ထိုသို့သော လူများနှင့် ပေါင်းသင်းမည် မဟုတ်သော်လည်း သူတို့ကို အသုံးချနိုင်သည်။ အကြောင်းအရင်းမှာ သူတို့၏စိတ်သည် ရိုးရှင်းပြီး ဦးနှောက်ဆေးရန် လွယ်ကူသောကြောင့်ပင်။
"ငါ့အဖေ... သူက ယုတ်မာပေမဲ့ သူ့ကို ရှင် သတ်လိုက်တယ်... ဒါကြောင့် ကျွန်မ လက်စားချေရမယ်..."
ကျုံးချင်းက လုရန်ကို စိုက်ကြည့်နေသည်။
သူမ၏ရှုပ်ထွေးသော ခံစားချက်များ နောက်ကွယ်တွင် ကြီးမားသော အမုန်းတရားများ ရှိနေသည်။
ကျုံးယွန်ရှန်း မည်မျှပင် နှာဘူးတစ်ယောက် ဖြစ်နေပါစေ ကျုံးချင်းသည် သူ့ကို သူမ၏ဖခင်ဖြစ်ကြောင်း ငြင်းပယ်၍ မရပေ။
ထို့ပြင် သူမ၏မျက်စိရှေ့တွင်ပင် လုရန်က သူမ၏ ဖခင်ကို သတ်ဖြတ်ခဲ့သည်။
"ထွက်သွားစမ်း... မင်း မဖယ်ရင် မင်းကို ငါ သတ်မယ်..."
လုရန်က စိတ်မရှည်စွာ အော်ငေါက်လိုက်သည်။
"ကျွန်မ မဖယ်ဘူး... ရှင့်မှာ သတ္တိရှိရင်..."
ဝှစ်...
ဓားတစ်ချက် ဝှေ့ယမ်းသွားတော့သည်။
အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်၏ အထူးစွမ်းရည်သည် ရွှေအင်မော်တယ်များကို ဆန့်ကျင်ရာတွင် အထိရောက်ဆုံးပင်။
ကျုံးချင်းသည် အလွန်နီးကပ်သောအကွာအဝေးတွင် ရှိနေသဖြင့် သူမ အနည်းငယ်မျှ မတုံ့ပြန်နိုင်ခဲ့ချေ။ ဓားချီ နီးကပ်လာပြီး သူမ၏ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားတော့သည်။
လုရန်သည် ရွှမ်ယွမ်ဓားကို ရုပ်သိမ်းလိုက်၏။
မြေပြင်ပေါ်ရှိ ကျုံးချင်း၏အလောင်းကို တစ်ချက်မျှပင် မကြည့်ဘဲ သူသည် ရှောင်ကွင်းသွားကာ လင်းပေါင်အာ၏လက်ကို ကိုင်ပြီး အပေါ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ လှေကားအဝင်ဝသို့ ရောက်သောအခါ လျှို့ဝှက်ခန်းတလျှောက်လုံးမှ ဖျော့တော့သော တီးတိုးရေရွတ်သံများကို သူ ကြားလိုက်ရသည်။
သူ မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
ဤအမျိုးသမီးများ အားလုံးသည် လူမှန်းမသိအောင် နှိပ်စက်ခံထားရသည်။
သူမတို့သည် တစ်ချိန်က အင်မော်တယ်နယ်ပယ်တွင် ရှိခဲ့ဖူးသော်လည်း ယခု၌မူ သူမတို့၏ တာအိုအခြေခံအုတ်မြစ် ဖျက်ဆီးခံထားရပြီး သူတို့၏သွေးကြောများ ခမ်းခြောက်နေလေပြီ။
လတ်ဆတ်သောအရာဆို၍ မည်သည့်အရာမှ မကျန်တော့သလောက်နီးပါးပင်။
ကျုံးချင်းသည် မကြာမီကစ၍ ကျုံးယွန်ရှန်းသည်အလုပ်များနေကာ အချိန်အတော်ကြာသည်အထိ မည်သူ့ကိုမျှ မခေါ်လာခဲ့ကြောင်း အစောပိုင်းက ပြောခဲ့သည်။
ထန်ယင်းရော့သည် နောက်ဆုံးလူ ဖြစ်ပုံရသည်။
သူမတို့သည် လုရန်၏ လှုပ်ရှားမှုများကို သတိပြုမိပုံရပေ၏။
လှုပ်ရှားနိုင်သေးသော အမျိုးသမီးများသည် မြေပြင်ပေါ်တွင် တုန်ရီစွာ တွားသွားပြီး လုရန်၏ဦးတည်ရာသို့ ဖြည်းညှင်းစွာ ဝပ်တွားနေကြသည်။
ထို့နောက် ဝါကြန့်ကြန့်နှင့် တောက်ပမှုမရှိသော မျက်လုံးတစ်စုံစီက သူ့ကို စိုက်ကြည့်နေသည်။
လုရန် ရုတ်တရက် သဘောပေါက်သွားသည်။ သူမတို့သည် အကူအညီတောင်းခံခြင်း မဟုတ်ဘဲ လွတ်မြောက်ခွင့် တောင်းခံခြင်းပင်။
ထိုအဘိုးကြီးကျုံးယွန်ရှန်းသည် သူမတို့၏ စိတ်ဝိညာဉ်စွမ်းအားကို ချိတ်ပိတ်ထားပုံရပြီး သူမတို့အတွက် သေခြင်းတရားကိုပင် အထူးကိစ္စတစ်ခု ဖြစ်စေခဲ့သည်။
"ဟူး... အားလုံးပဲ... ငြိမ်းချမ်းစွာ အနားယူကြပါတော့..."
လုရန် သက်ပြင်းချကာ မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်လိုက်၏။
ဘုန်း...
လျှို့ဝှက်ခန်းတစ်ခန်းလုံး ချက်ချင်းပေါက်ကွဲသွားတော့သည်။
တလိမ့်လိမ့်ထနေသော စိတ်ဝိညာဉ်စွမ်းအားများသည် မီးတောင်တစ်လုံးအလား ပေါက်ကွဲထွက်လာပြီး မြေအောက်မှနေ၍ တိုက်ခိုက်တော့သည်။
ဤသည်က ဤသနားစရာကောင်းသော အမျိုးသမီးများကို နေရာတွင်ပင် သတ်ပစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် လျှို့ဝှက်ခန်းအထက်ရှိ အမိုးခုံးကို ပြိုကျစေကာ သူမတို့ကို မြှုပ်နှံလိုက်တော့သည်။
လုရန်နှင့်လင်းပေါင်အာတို့သည် မြေကြီးကို ဖောက်ထွက်ကာ အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲပြီး မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားတော့သည်။
ယနေ့တွင်...
သတင်းတစ်ပုဒ်က တော်ဝင်နန်းတော်ကို ထိတ်လန့်တုန်လှုပ်သွားစေပေ၏။
မြို့စားကြီးလေးယောက်အနက်မှ တစ်ယောက်ဖြစ်သော ကျန်းကော်မြို့စားကြီး အသတ်ခံလိုက်ရသည်။
ကျန်သုံးဦးသည် ကြောက်လန့်သွားကြပြီး တော်ဝင်နန်းတော်တွင် စုဝေးခဲ့ကြသည်။
"အရှင်မ... ဒီကိစ္စကို ဒီအတိုင်း ထားလို့မရဘူး... အဲ့ဒါက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..."
"သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ပိုပိုပြီးရဲတင်းလာတယ်... တော်ဝင်မြို့တော်ထဲကို ခိုးဝင်ပြီး ငါတို့ မဟာချန်ရဲ့ ကျန်းကော် မြို့စားကြီးကို သတ်ရဲတယ်..."
ဖူကျန်းလုံနှင့် လျှောင်ဝမ်ရှန်းတို့က စိုးရိမ်တကြီး ပြောလိုက်ကြ၏။
ကျုံးယွန်ရှန်း အသတ်ခံလိုက်ရသည့်အပြင် ဤမဟာချန် တော်ဝင်မြို့တော်ထဲ၌ ဖြစ်နေသည်။
သူတို့နှစ်ဦးသည်လည်း ကြောက်ရွံ့နေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် တုရှုရှန်းသည် သူ့ထံ၌ ဝမ်းနည်းနေသော မျက်နှာအမူအရာ ရှိနေသည့်တိုင် သူ၏ နှလုံးသားထဲတွင် တီးတိုးရေရွတ်နေခဲ့သည်။
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဆယ်ရက်အတွင်း လှုပ်ရှားမယ်လို့ ပြောခဲ့တာ မဟုတ်လား...
ဘာလို့ ဒီအရေးကြီးတဲ့ အချိန်မှာ ကျုံးယွန်ရှန်းကို သတ်ရတာလဲ...
ထို့ပြင်...
တုရှုရှန်း၏ ဆက်သွယ်ရသူနှင့် ကျုံးယွန်ရှန်း၏ ဆက်သွယ်ရသူမှာ မတူညီသော်လည်း သူတို့နှစ်ဦးလုံးသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သို့ ဘက်ပြောင်းသွားခဲ့သည်မှာ သေချာပေါက်ပင်။
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့တွင် ကျုံးယွန်ရှန်းကို သတ်ဖြတ်ရန် အကြောင်းပြချက် မရှိချေ။
သူ စဉ်းစား၍ မရခဲ့ပေ။
"ငါတို့ စုံစမ်းနေပါပြီ... ဒါပေမဲ့ တစ်ဖက်လူက အင်မော်တယ်သခင်တစ်ယောက်ဖြစ်နေတော့ လူသတ်ပြီးပြီးချင်း ချက်ချင်းထွက်ပြေးသွားတယ်... သူတို့ကို ရှာဖို့က လုံ မဖြစ်နိုင်သလောက်ပါပဲ..."
ဧကရီက အေးစက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
သူမ၏ လှပသော မျက်နှာပေါ်တွင် စွဲထင်နေသော ဝမ်းနည်းမှုက သူမလည်း စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း ပြသနေသည်။
"သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ငါတို့ သတိထားရမယ်... မကြာသေးခင်က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေတယ်လို့ ကျွန်တော် ခံစားရတယ်..."
လျှောင်ဝမ်ရှန်းက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ငါ စီစဉ်ပေးပါ့မယ်... မင်းတို့သုံးယောက် ကြောက်နေတယ်ဆိုရင် တော်ဝင်နန်းတော်ထဲမှာ နေကြ..."
ဧကရီက အပိုစကားမပြောဘဲ ပြောဆိုလိုက်သည်။
ထို့နောက်....
မဟာချန်တော်ဝင်မြို့တော်၏ မြို့ကာကွယ်ရေး မဟာဝင်္ကပါကို ဖွင့်လိုက်ပြီး ပြည်တွင်းနှင့်ပြည်ပ စစ်တပ်များ၏ ကင်းလှည့်မှုများကို သုံးဆတိုးမြှင့်လိုက်သည်။
တင်းကြပ်စွာ စောင့်ကြည့်ရန်အတွက် တော်ဝင်မြို့တော်မှ မိုင်တစ်ထောင်အတွင်း စခန်းများ ချထားခဲ့သည်။
သို့သော် ကျန်းကော်မြို့စားကြီး သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမျှ မရှိခဲ့ချေ။
ကျန်းကော် မြို့စားကြီးကို သတ်နိုင်သူသည် အနည်းဆုံး အင်မော်တယ်သခင်တစ်ယောက် ဖြစ်ရမည်ဖြစ်ပြီး သူ့ထက် ပို၍မြင့်မားသော နယ်ပယ်တွင်ရှိသည့် အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေနိုင်သည်။
နောက်တစ်နေ့...
နဂါးကိုးကောင်တောင်တန်းရှိ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၌...
မဟာမိတ်အဖွဲ့ခေါင်းဆောင်၏ ခန်းမဆောင် အနောက်ဘက်ရှိ ထူထပ်သော သစ်တောထဲတွင် လုံကျွန်းယန်သည် ညှို့ယူဖမ်းစားနိုင်သော အမျိုးသမီးတစ်ဦးနှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသည်။ သူသည် အနက်ရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားပြီး လူငယ်ပုံပေါက်သော်လည်း သူ့ထံ၌ မယုံနိုင်လောက်အောင် လိမ္မာပါးနပ်သော မျက်လုံးများရှိပေ၏။
"ကျန်းကော်မြို့စားကြီး ကျုံးယွန်ရှန်း သေသွားပြီ... ပြီးတော့ ကျုံးယွန်ရှန်းနဲ့ ဆက်သွယ်ဖို့ စေလွှတ်လိုက်တဲ့ ချန်တာ့ရှန်းကလည်း ပျောက်နေတယ်... ဒါ ငါတို့သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ လက်ချက် မဟုတ်ဘူး..."
လုံကျွန်းယန်က ပြောလိုက်သည်။
"ဆိုလိုတာက တခြား အင်အားစုတွေ ဝင်စွက်ဖက်နေတယ်ပေါ့... အဲ့ဒီလိုဆိုရင် မဟာချန်ကို သိမ်းပိုက်မယ့် အစီအစဉ်... ငါတို့ ဖျက်သိမ်းသင့်လား..." အမျိုးသမီးက လုံကျွန်းယန်ကို ညှို့ယူဖမ်းစားနိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူမ၏ ခါးကို ယိမ်းနွဲ့ကာ သူမသည် ရေမြွေတစ်ကောင်ကဲ့သို့ လုံကျွန်းယန်၏နံဘေးတွင် ကပ်နေပြီး သူမ၏အသက်ရှူခြင်းသည် သစ်ခွပန်းအလား မွှေးကြိုင်နေသည်။
လုံကျွန်းယန်သည် သူမကို ရိုင်းစိုင်းစွာ တွန်းဖယ်လိုက်၏။
သူက အေးစက်စွာ ပြောဆိုသည်။
"အစီအစဉ်က အရင်အတိုင်းပဲ... ချန်နယ်မြေရဲ့ မြောက်ပိုင်းနယ်စပ်က မရဏအိမ်တော်ရဲ့ အကူအညီနဲ့... မင်းရဲ့ မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းမယ်ဆိုမှတော့ ဒီစစ်ပွဲက သေချာပေါက် နိုင်မှာပဲ..."
အမျိုးသမီးသည် လုံကျွန်းယန်ကို မကျေမနပ် ကြည့်လိုက်ပြီးနောက် တခစ်ခစ် ရယ်မောကာ သူမ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်။
သေးငယ်သော အနက်ရောင် ကျောက်စိမ်းစေတီတစ်ခုသည် သူမ၏လက်ချောင်းထိပ်များတွင် ပေါ်လာပြီး အနက်ရောင် အလင်းရောင်များသည် ရေအလား ထိုအရာ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသည်။
သူမက ပြောဆိုလိုက်၏။
"ဒါလည်း ဟုတ်တာပဲ... ဒီအသင်္ချေနတ်ဆိုးစေတီထဲမှာ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကို ငါ ပြင်ဆင်ထားတယ်... သူတို့က မရဏအိမ်တော်က အဲ့ဒီအနံ့အသက်ဆိုးတဲ့ တာအိုကျင့်ကြံသူတွေထက် မအားနည်းပါဘူး... မဟာချန်ကို သိမ်းပိုက်ဖို့ သူတို့က နင့်ကို သေချာပေါက် ကူညီပေးမှာပါ..."
ချန်တာ့ရှန်း၏ ခန့်မှန်းချက်မှာ အမှန်ပင်။ လုံကျွန်းယန်တွင် ပြင်ပအကူအညီ ရှိနေသည်။
ထို့ပြင် မြောက်ဘက်နယ်မြေရှိ မရဏအိမ်တော်သာမက ရှပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်လည်း ပါဝင်သည်။
ဤစစ်ပွဲတွင် မြောက်ဘက်နယ်မြေ၏ မရဏအိမ်တော်၊ မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်နှင့် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ဟူသည့် အင်အားစုသုံးခု ပူးပေါင်း၍ မဟာချန်ကို သိမ်းပိုက်ကြပေမည်။
တစ်ချိန်တည်းမှာပင်....
တော်ဝင်မြို့တော် အပြင်ဘက်ရှိ ရွာငယ်လေးတစ်ရွာဘေးတွင် လုရန်သည် ဝင်္ကပါအလံတစ်ခုကို မြေကြီးထဲသို့ စိုက်ကာ ဝင်္ကပါ၏ ပင်မဗဟိုချက်နှင့် ချိတ်ဆက်လိုက်၏။
မကြာမီမှာပင် ဝင်္ကပါအလံသည် အနည်းငယ် တောက်ပသွားပြီး ပျောက်ကွယ်သွားတော့သည်။
"ဒီမြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါက တကယ့်ကို ရှုပ်ထွေးတာပဲ... ဒါပေမဲ့ အချိန်က လုံလောက်ပါတယ်... မနက်ဖြန်လောက်ဆို ပြီးလုနီးပါး ဖြစ်သွားမှာပါ..."
လုရန်က တိတ်တဆိတ် တွက်ချက်လိုက်သည်။
ထို့နောက် သူ ပတ်ဝန်းကျင်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး တက်ရောက်စာရင်းသွင်းရန် ရွေးချယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက တီးတိုးရေရွတ်လိုက်သည်။
"ဒီနေ့က ဘာမှ ထူးခြားတာ မရှိပါဘူး... စနစ်ရဲ့ ပုံမှန် အမူအကျင့်အရဆိုရင် သာမန် တက်ရောက်စာရင်းသွင်းမှုတစ်ခုပဲ ဖြစ်သင့်တယ်..."
သို့သော် နောက်တစ်စက္ကန့်မှာပင်...
ဒင်...
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်....ကျင့်ကြံခြင်း ဆုလာဘ် ဆယ်ဆ ရရှိသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...မွေးရာပါ ရှေးဟောင်းရတနာ နတ်ဆိုးသန့်စင်ခြင်းအိုးကို ရရှိသည်】
【အိမ်ရှင်အား ဂုဏ်ပြုပါသည်...အင်မော်တယ် နည်းစနစ် လက်ရှစ်ဖက်ထျန်းဖုန်းကို ရရှိသည်】