အခန်း ၆၅
Vol. 7 Ch. 65
အခန်း ၆၅: အင်မော်တယ်ဧကရာဇ် နယ်ပယ်
ပဉ္စမမြောက်နေ့...
အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်..
ရက်အနည်းငယ်ကြာ နေရာချထားမှုများနှင့် ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်ပြီးနောက် အပြာရောင်ဂိုဏ်းသည် တည်ငြိမ်မှုကို ရရှိသွားခဲ့လေပြီ။
သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ အပြာရောင်ဂိုဏ်း တပည့်များစွာသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။
တစ်ချိန်တည်းမှာပင်....
မဟာလော့ ဓားဂိုဏ်း၊ သစ်ရွက်နီမျှော်စင်မှ တပည့်များနှင့် ဖေးလော့ထျန်းထံမှ မိစ္ဆာစစ်သည်များသည် အပြာရောင်ဂိုဏ်း၏ တပည့်ဖွဲ့စည်းပုံကြီးတစ်ခုလုံးကို အထောက်အပံ့ပေးခဲ့ကြသည်။
အစည်အဝေးခန်းမဆောင်၌...
အပြာရောင်ဂိုဏ်း တပည့်များ ဤနေရာတွင် စုဝေးနေသည်။ သေချာသည်မှာ ဤလူများအားလုံးသည် လုရန်၏ တပည့်များပင်။
မဟာလော့ ဓားဂိုဏ်းနှင့် သစ်ရွက်နီမျှော်စင်မှ တပည့်များသည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ သာမန် တပည့်များအဖြစ်သာ ပါဝင်ပြီး အပြာရောင်ဂိုဏ်း တပည့်စစ်စစ်များအဖြစ် မသတ်မှတ်ရသေးချေ။
ရှောက်ယင်းနှင့်တခြားလူအနည်းငယ်သည် စုဝေးကြပြီး အစည်းအဝေးခန်းမဆောင်၏ နံဘေးပတ်လည်တွင် နေရာယူထားသည်။
ပင်မနေရာသည် ဗလာဖြစ်နေပြီး ဤသည်မှာ လုရန်၏နေရာပင်။
ပင်မနေရာ၏ဘေးတွင် ချန်တာ့ရှန်း ရှိနေသည်။
ချန်တာ့ရှန်းသည် ထန်ယင်းရော့ကို ပြန်ခေါ်လာပြီးနောက် လက်ရှိ အခြေအနေကို ယေဘုယျအားဖြင့် ရှင်းပြခဲ့သည်။
"ဒါဆို သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မဟာချန်တို့က အချင်းချင်း တိုက်ခိုက်ကြတော့မှာပေါ့... ပြီးတော့ မဟာချန်အင်ပါယာက ဒီလှိုင်းကို ကျော်ဖြတ်နိုင်မှာ မဟုတ်လောက်ဘူး..."
ရှောက်ယင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"အဲ့ဒါက အဓိကအချက်ပဲ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဒီတစ်ကြိမ် တော်တော်လေးကို ပြင်ဆင်ထားတယ်..."
ချန်တာ့ရှန်းက ထောက်ခံလိုက်၏။
"ဆရာကကော... ဆရာက မဟာချန်မှာ ရှိနေတုန်းပဲလား..."
ရှောက်ယင်းက ဆက်မေးလိုက်သည်။
"ဟုတ်တယ်... ဆရာ့ရဲ့ ရည်ရွယ်ချက်အရ ကျားနှစ်ကောင် တိုက်ခိုက်တဲ့အချိန်မှာ တစ်ကောင်ကတော့ သေချာပေါက် ဒဏ်ရာရမှာပဲ... သူတို့ အားနည်းနေတဲ့အချိန်မှာ အပြာရောင်ဂိုဏ်း ဝင်စွက်ဖက်ဖို့ အခွင့်အရေးကို သူ ရှာချင်နေတာ... တကယ်လို့ ငါတို့က အကျိုးအမြတ်တွေကို ရယူပြီး ချန်နယ်မြေရဲ့ အရှေ့ဘက် ဒေသကို ထိန်းချုပ်နိုင်ရင် အပြာရောင်ဂိုဏ်းရဲ့ အုတ်မြစ်က ကဏဦး တည်ငြိမ်သွားပြီလို့ ယူဆလို့ရတယ်..."
ချန်တာ့ရှန်းက ပြောဆိုသည်။
သို့သော် ထိုကိစ္စကို မည်သို့လုပ်ဆောင်ရမည်ဆိုသည့် တိကျသောအချက်များနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း သိပ်မရှင်းလင်းလှပေ။
"ဒါပေမဲ့ စီနီယာအစ်ကိုချန်ရဲ့ စကားအရ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ကောင်းကောင်း ပြင်ဆင်ထားတယ်လေ... သူတို့ မဟာချန်အင်ပါယာကို သိမ်းပိုက်လိုက်ရင်တောင်မှ မူလရင်းမြစ်တွေ အကြီးအကျယ် ဆုံးရှုံးသွားမှာ မဟုတ်ဘူး... အပြာရောင်ဂိုဏ်းရဲ့ လက်ရှိအတိုင်းအတာက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး မဟုတ်လား..."
ရှောက်ယင်းက စိုးရိမ်တကြီး ပြောဆိုသည်။
"ငါလည်း အဲ့ဒီလို ထင်ခဲ့တာပဲ... ဒါပေမဲ့ ဆရာ့မှာ သူ့ရဲ့ ကိုယ်ပိုင် အကြံဉာဏ်တွေနဲ့ နည်းလမ်းတွေ ရှိပုံရတယ်... ဆရာ့အကြောင်း ငါ နားလည်ထားသလောက် သူက လုံလောက်တဲ့ ယုံကြည်မှုမရှိဘဲ အန္တရာယ်ကို စွန့်စားမှာ မဟုတ်ဘူး..."
ချန်တာ့ရှန်းက ပြောလိုက်သည်။
ထိုစကားမှာ အမှန်ပင်။
ရှောက်ယင်းနှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။
"အို... ငါ မင်းတို့ကို ပြောဖို့ မေ့နေတာ... ငါ ဆရာ့ကို တွေ့တုန်းက သူက အင်မော်တယ်သခင်အဖြစ် တက်လှမ်းနေပြီလေ... သူ့ရဲ့ ဓမ္မပုံရိပ်ယောင်က စစ်နတ်ဘုရား ရှင်းထျန်းဖြစ်ပြီးတော့ သူ့ရဲ့ အင်မော်တယ်ပိုင်နက်နယ်မြေက အရမ်းအစွမ်းထက်တော့ တူညီတဲ့ နယ်ပယ်မှာရှိတဲ့ ဘယ်အင်မော်တယ်သခင်ကမှ သူ့ကို မသတ်နိုင်ဘူး..."
ချန်တာ့ရှန်းက ပြောဆိုသည်။
ထိုစကားကို ကြားသည်နှင့် လူတိုင်း ပို၍ပင် ဆွံ့အသွားကြသည်။
ဤတပည့်များသည် အထက်ဘုံသို့ တက်လှမ်းခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း...
သူတို့၏ဆရာ လုရန်သည် အောက်ဘုံတွင် နှစ်ပေါင်း တစ်သိန်းကြာ နေထိုင်ခဲ့သည်။
သို့သော် နောက်မှလာသူက သူတို့ကို ကျော်လွန်သွားခဲ့ပေ၏။ အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ဆယ်ရက်ခန့်သာ ရှိသေးသော လုရန်သည် အင်မော်တယ်သခင်အဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။
ထိုအဆင့်သည် အင်မော်တယ်သခင်တစ်ယောက်၏ အဆင့်ပင်။
တခြားသူများအတွက်မူ ပါရမီရှင်တစ်ဦး၏ အရည်အချင်းရှိလျှင်ပင် ထိုနယ်ပယ်သို့ တက်လှမ်းရန် နှစ်ပေါင်းသောင်းနှင့်ချီ၍ အချိန်ယူရမည် ဖြစ်သော်လည်း လုရန်ကမူ ထိုအရာကို ဆယ်ရက်ကျော်လေးအတွင်းမှာပင် လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ပြင် ထိပ်တန်းဓမ္မပုံရိပ်ယောင်တစ်ခုနှင့် ကြောက်မက်ဖွယ်ကောင်းသော နယ်မြေ စည်းမျဉ်းများဖြင့် သူသည် တူညီသော နယ်ပယ်ရှိသော အင်မော်တယ်သခင်ကြားတွင် အခြေခံအားဖြင့် ပြိုင်ဘက်ကင်းဖြစ်သည်။
"ဒါဆိုရင် ငါတို့ သွားပြီး ကူညီသင့်သလား..."
ရှောက်ယင်းက မေးလိုက်သည်။
"စီနီယာအစ်ကို... အစ်ကိုကလည်း အင်မော်တယ်သခင် တစ်ပါးပဲဆိုတော့ ကူညီပေးနိုင်မယ် မဟုတ်လား..."
ထိုစကားကို ကြားသောအခါ ချန်တာ့ရှန်းက လက်ဝှေ့ယမ်းပြပြီး တုံ့ပြန်အဖြေပေးသည်။
"ဘယ်သူမှ မလာရဘူးလို့ ဆရာက ညွှန်ကြားခဲ့တယ်... တကယ်လို့ သူ အကူအညီ လိုအပ်ရင် ငါတို့ကို အဲ့ဒီကို ခေါ်သွားဖို့ သူ့မှာ နည်းလမ်း ရှိပုံရတယ်... တိကျတာကိုတော့ ငါ သိပ်မသိပေမဲ့ ဆရာက ပြောခဲ့ပြီးပြီဆိုမှတော့ သူ လုပ်နိုင်မှာပါ... အားလုံးပဲ... အချိန်မရွေး ဆရာ့ဆီက သတင်းကို ဒီမှာပဲ စောင့်နေကြပါ..."
ထိုစကားကို ကြားပြီးနောက် လူတိုင်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြသည်။
"ဆရာက အဲ့ဒီလို ပြောမှတော့ သူ့မှာ သူ့နည်းလမ်းတွေ ရှိမှာပေါ့... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မဟာချန်တို့ရဲ့ တိုက်ပွဲမတိုင်ခင် ခြောက်ရက် လိုသေးတယ်... ငါ တောရိုင်းနယ်မြေကို ပြန်သွားရမယ်..." ရှောက်ယင်းက ပြောလိုက်သည်။
"စီနီယာအစ်မ... အစ်မက တောရိုင်းနယ်မြေကို ပြန်သွားမလို့လား... ဘာလုပ်ဖို့လဲ..."
ယဲ့ဟုန်ရီက အံ့အားသင့်စွာ မေးမြန်းသည်။
"အကူအညီ သွားခေါ်မလို့လေ... ဆရာ့ရဲ့ နည်းလမ်းက ယုံကြည်လို့ရမရဆိုတာကို ငါ မသိဘူး... ငါ အထက်ဘုံကို ပထမဆုံး တက်လှမ်းလာပြီး တောရိုင်းနယ်မြေထဲ ဝင်သွားတုန်းက မြေခွေးမျိုးနွယ်နဲ့ ပူးပေါင်းခဲ့တယ်... ဒီနှစ်တွေတလျှောက်လုံး မြေခွေးမျိုးနွယ်မှာ ငါ့ရဲ့စကားက အတော်လေး သြဇာရှိခဲ့တယ်... မကြာသေးခင်က မြေခွေးမျိုးနွယ်ကို ရန်လိုတဲ့ ကြောင်ယောင်မျိုးနွယ်က အကြောင်းပြချက် တစ်ခုခုကြောင့် လုံးဝ တိတ်ဆိတ်သွားတယ်... အပြာရောင်ဂိုဏ်းကို ကူညီဖို့ မြေခွေးမျိုးနွယ်က အင်အားတချို့ ဖဲ့ပေးနိုင်လောက်တယ်..."
ရှောက်ယင်းက ရှင်းပြသည်။
"အဲ့ဒါက အလုပ်ဖြစ်နိုင်တယ်... တောရိုင်းနယ်မြေမှာ မြေခွေးမျိုးနွယ်ရဲ့ နာမည်ဂုဏ်သတင်းက တော်တော် ကြီးတယ်လေ... ဒါပေမဲ့ အချိန်က လုံလောက်ပါ့မလား..."
ချန်တာ့ရှန်းက စိုးရိမ်တကြီး မေးမြန်းသည်။
"လုံလောက်ပါတယ်... တောရိုင်းနယ်မြေက ရှပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီးတော့ ချန်နယ်မြေရဲ့ အရှေ့ဘက် ဒေသနဲ့လည်း ကပ်လျက်ရှိတယ်... ငါ အစက တောရိုင်းနယ်မြေကနေ တိုက်ရိုက် လာခဲ့တာလေ... ခြောက်ရက်ဆိုတာ လုံလောက်တာထက်တောင် ပိုသေးတယ်... ငါ မြေခွေးမျိုးနွယ်နဲ့အတူ ပြန်လာတာနဲ့ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်မှာ ဆရာဆီကသတင်းကို ငါလည်း စောင့်နေမယ်... အဲ့ဒီအခါကျရင် ငါတို့က အသုံးဝင်လာမှာပါ..."
ရှောက်ယင်းက ပြောလိုက်သည်။
ယခုအချိန်တွင်...
အပြာရောင်ဂိုဏ်းသည် တစ်နေ့ထက်တစ်နေ့ ပို၍အားကောင်းလာပြီး အပြာရောင်ဂိုဏ်း တပည့်များသည် တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြ၏။
သို့သော် ရှပြည်နယ်သည် သေးငယ်လွန်းလှသည်။ အထူးသဖြင့် သူတို့သည် လက်ရှိတွင် ချန်နယ်မြေ၌ ရှိနေကြပြီး ထိုနေရာ၏ အရှေ့ဘက်ဒေသမှပင် မထွက်ခွာရသေးသောကြောင့်ဖြစ်သည်။
အပြာရောင်ဂိုဏ်း တပည့် အများအပြား ပြန်မရောက်သေးပေ။ လုရန်ကို ကူညီနိုင်ရန်အတွက် ရှောက်ယင်း၏ မြေခွေးမျိုးနွယ်ထံမှ အကူအညီ တောင်းခံခြင်းသည် လောလောဆယ်အတွက် အမှန်တကယ်ကို အထောက်အကူကောင်းတစ်ခုပင်။
ဖေးလော့ထျန်းသည် မူလက နဝမအမှောင်နယ်မြေသို့ ပြန်သွားရန် ရည်ရွယ်ခဲ့သော်လည်း နဝမအမှောင်နယ်မြေသည် ရှပြည်နယ်နှင့် ဝေးကွာပြီး အချိန်မလုံလောက်ချေ။
ယခင်က ရှပြည်နယ်သို့ လမ်းများပေါ်မှတဆင့် မိစ္ဆာစစ်သည် အများအပြားကို သူ ခေါ်ဆောင်လာနိုင်ခဲ့ခြင်းမှာလည်း ကံကောင်းခဲ့ခြင်းပင်။
ဤသည်က ထူးဆန်းသည်ဟု ဆိုရပေမည်။ ရှပြည်နယ်၏ အစောပိုင်းနှစ်များတွင် ယောင်မျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့သည် ဝင်ရောက်ခွင့် မရှိခဲ့ပေ။ အကယ်၍ တွေ့ရှိပါက ရှပြည်နယ်၏ အုပ်ချုပ်သူများက သူတို့များကို ဖယ်ရှားရန် စီစဉ်ကြပေမည်။ သို့သော် မကြာသေးမီ နှစ်များအတွင်း မည်သူကမျှ ဂရုမစိုက်ကြတော့ပုံရသည်။ ထိုသို့မဟုတ်ပါက ယခုအချိန်တွင် မည်သူမျှ လာရောက်မနှောင့်ယှက်ဘဲနေမည် မဟုတ်ချေ။
...
လုရန်၏ဘက်တွင်မူ..
သူနှင့် လင်းပေါင်အာတို့သည် မဟာချန်၏ အစွန်အဖျားရှိ ပင်မလမ်းမကြီးနှင့် မလှမ်းမကမ်းတွင်ရှိသော မြို့တစ်မြို့သို့ ရောက်ရှိလာသည်။
မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါ၏ နောက်ထပ် ဝင်္ကပါအလံအတွက် နေရာမှာ မြို့ထဲတွင် ဖြစ်နေသည်။
လမ်းများပေါ်တွင် လူများများစားစား မရှိပေ။ မဟာချန် အစိုးရသည် ဤရက်အနည်းငယ်အတွင်း ပတ်ဝန်းကျင်မြို့များအပေါ် ကင်းလှည့်မှုများနှင့် ထိန်းချုပ်မှုများကိုလည်း တိုးမြှင့်ထားသည်။
လုရန်သည် အလံကို စိုက်ရန်အတွက် ဝင်္ကပါအမှတ်နေရာသို့သွားရန် ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပင် လင်းပေါင်အာက ရုတ်တရက် ပြောဆိုသည်။
"အစ်ကိုကြီး... ကျွန်မ သကြားလုံး စားချင်တယ်..."
ဟင်...
လုရန် ခေါင်းလှည့်ကြည့်လိုက်ရာ ရှေ့ရှိလမ်းထောင့်တွင် လမ်းကြားတစ်ခုထဲသို့ ဝင်သွားတော့မည့် သကြားလုံး ရောင်းသည့် ဈေးသည်တစ်ဦးကို မြင်တွေ့လိုက်ရသည်။
"ဆိုင်ပိတ်တော့မလို့ ဖြစ်မယ်... တစ်ချောင်းပဲ ကျန်တော့တာ ငါ မြင်တယ်... သာမန်အနေနဲ့ဆိုရင် လူတိုင်း ရွေးပြီးသွားလို့ ကျန်ခဲ့တဲ့ မကောင်းတဲ့အချောင်းပဲ ဖြစ်မှာ... ဘယ်လိုလဲ..."
နောက်တစ်ကြိမ်မှ ဝယ်ယူရန် လုရန် ပြောတော့မည့်ဆဲဆဲတွင် သူ လှည့်ကြည့်လိုက်သောအခါ လင်းပေါင်အာသည် သူမ၏ ရင်ဘတ်ထဲမှ မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူနေသည်အား သူ မြင်တွေ့လိုက်ရသည်။
သူမသည် စာမျက်နှာတစ်ခုသို့ လှန်လိုက်ပြီး ထိုအရာပေါ်တွင် 'သကြားလုံး တစ်ချောင်း ကိုယ်တိုင် ဝယ်ရန်' ဟု ရေးထားသည်။
အာ...
ဤသည်ကို နောက်ဆုံးဆန္ဒတစ်ခုအဖြစ် သတ်မှတ်ထားသလော...
လုရန်၏အသံ ရုတ်တရက် ရပ်တန့်သွားတော့သည်။
သူက အံ့အားသင့်စွာ မေးလိုက်သည်။
"မင်း သကြားလုံး တစ်ခါမှ မစားဖူးဘူးလား..."
လင်းပေါင်အာက ခေါင်းခါယမ်းလိုက်၏။
"သေချာပေါက် စားဖူးတာပေါ့... ကျွန်မ ငယ်ငယ်တုန်းက အမေက ဝယ်ကျွေးဖူးတယ်... ဒါပေမဲ့ မကြာခင်မှာပဲ သူ သေသွားတယ်... ချင်းရှီမြို့ကနေ မောင်းထုတ်ခံရပြီးတဲ့နောက် အဲ့ဒါတွေကို ဝယ်ဖို့ ကျွန်မမှာ အခွင့်အရေး သိပ်မရှိခဲ့ဘူး..."
"အင်း... ကောင်းပြီလေ... သွားပြီး အဲ့ဒီတစ်ချောင်းကို ဝယ်ကြတာပေါ့..."
လုရန်က ချက်ချင်းခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."
လင်းပေါင်အာ ချက်ချင်းဆိုသလိုပင် ပျော်ရွှင်သွားတော့သည်။
သို့သော် သူတို့နှစ်ဦးသား သကြားလုံး ဈေးသည်ဆီသို့ လျှောက်လှမ်းသွားနေစဉ်မှာပင်...
သူတို့၏ရှေ့မှ တခြားလက်သေးသေးလေးတစ်ဖက်က သကြားလုံးကို ယူသွားတော့သည်။
ထိုသူသည် ပိုင်ရှင်ထံသို့ စိတ်ဝိညာဉ်သလင်းကျောက် တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
"အမ်... တစ်ချောင်းပဲ ကျန်တော့တာကို ဘယ်လိုလုပ် တစ်ယောက်ယောက်က လုယူနိုင်သေးတာလဲ..."
လုရန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူ လင်းပေါင်အာကို အနီးသို့ ဆွဲခေါ်လိုက်၏။
သကြားလုံးကို လုယူသွားသူသည်လည်း မိန်းကလေးငယ်လေး တစ်ဦးဖြစ်ပြီး အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ လင်းပေါင်အာနှင့် အရွယ်အစား အတူတူလောက်ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
သူမက ကြီးမားပြီး ရွှန်းစိုနေသော မျက်လုံးများဖြင့် လုရန်ကို ကြည့်လိုက်ပြီးနောက် လင်းပေါင်အာကို ကြည့်လိုက်သည်။
မိန်းကလေးငယ်လေး၏ ဘေးတွင် ပိုးဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး လိုက်ပါလာသည်။
"အဟမ်း... ကောင်မလေး... အဲ့ဒီသကြားလုံး ငါ့ကို ပြန်ရောင်းပေးပါလား... ဆယ်ဆ ပေးပါ့မယ်..."
လုရန်က ရက်ရောစွာ ပြောလိုက်သည်။
သူက တိုက်ရိုက်လုယူရန် မူလက ရည်ရွယ်ထားခဲ့သော်ငြား တစ်ဖက်လူမှာ မိန်းကလေးငယ်လေး တစ်ယောက်သာ ဖြစ်နေသည်။ ဂုဏ်သိက္ခာရှိသည့် အင်မော်တယ်သခင် တစ်ပါးအနေဖြင့် မိန်းကလေးငယ်လေး တစ်ယောက်ထံမှ သကြားလုံး လုယူခြင်းမှာ သိပ်ပြီး အထင်ကြီးစရာ မကောင်းလှပေ။
"အို...မရပါဘူး..."
မိန်းကလေးငယ်လေးသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ကာ တိုက်ရိုက် ခေါင်းခါယမ်းလိုက်၏။
လုရန် အနည်းငယ် ဆွံ့အသွားသည်။
သို့သော် ဤသကြားလုံး ဈေးသည်များသည် အမှန်အားဖြင့် မြို့တိုင်းတွင် ရှိနေသည်။
အကယ်၍ သူတို့ ဤတစ်ခုကို မဝယ်နိုင်ပါက နောက်မြို့တွင် သွားဝယ်နိုင်သည်။ ဤသည်က ပြဿနာကြီးတစ်ရပ် မဟုတ်ပေ။
လင်းပေါင်အာသည်လည်း စိတ်မလောပေ။ တခြားတစ်ယောက် ဝယ်သွားပါကလည်း ထိုအတိုင်းပင် လွှတ်ထားရန် သူမ ဆုံးဖြတ်ထားလေ၏။
သို့သော် မမျှော်လင့်ဘဲ...
မိန်းကလေးငယ်လေးသည် ရုတ်တရက် လင်းပေါင်အာကို ပြုံးပြကာ ပြောဆိုသည်။
"ချစ်စရာကောင်းတဲ့ လီမျိုးနွယ် ညီမလေးပဲ... ဟီးဟီး..."
လုရန် အံ့အားသင့်သွားပြီး မိန်းကလေးငယ်လေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ပေါင်အာသည် လီမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ကြောင်း သူမက တစ်ချက်ကြည့်ရုံဖြင့် အမှန်တကယ် သိနိုင်သလော။
လုရန်သည် မိန်းကလေးငယ်လေးကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း သူမထံတွင် ကျင့်ကြံမှု မရှိကြောင်းသာ တွေ့ရှိခဲ့ရလေသည်။ သူမသည် သာမန်သေမျိုးတစ်ယောက် ဖြစ်နေသလော။
ထို့နောက် သူသည် မိန်းကလေးငယ်လေး၏နံဘေးရှိ အဘိုးအိုကို တစ်ချက်ကြည့်လိုက်၏။
ရုတ်တရက် သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားတော့သည်။
ကောင်းကင်စိတ်ဝိညာဉ်မျက်လုံး ရှိနေသဖြင့် အဘိုးအို၏ နယ်ပယ်ကို လုရန်က တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိရှိနိုင်သည်။
ဤအဘိုးကြီးသည် အင်မော်တယ်ဧကရာဇ် နယ်ပယ်၌ ရှိနေပေ၏။
သူသည် အင်မော်တယ်ဧကရာဇ်နယ်ပယ် အဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ယောက်ပင်။