အခန်း ၆၆
Vol. 7 Ch. 66
အခန်း ၆၆:မဟာချန်ကို ညဘက် ချုံခိုတိုက်ခိုက်ခြင်း
ပေါင်အာက ဘာမျှ သတိမထားမိဘဲ မိန်းကလေးငယ်လေးကို သိချင်စိတ်ဖြင့် ကြည့်နေလိုက်သည်။
တစ်ဖက်လူက သူမ၏အထောက်အထားကို မည်သည်ကြောင့် တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သနည်း ဆိုသည်ကိုလည်း သူမ သိချင်နေခဲ့သည်။
မိန်းကလေးငယ်လေးက ရုတ်တရက် ရှေ့တစ်လှမ်းတိုးပြီး ပေါင်အာဆီ လျှောက်လှမ်းလာသည်။ သူမ၏ မျက်နှာမှာ ပေါင်အာ၏ မျက်နှာနှင့် နီးကပ်လုနီးပါး ဖြစ်သွားသည့်အထိ သူမ၏ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်၏။
ထိုအပြုအမူက ပေါင်အာကို အံ့အားသင့်သွားစေပြီး ခြေလှမ်းကျဲကြီးများဖြင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားစေခဲ့သည်။
"ငါ့နာမည်က ယီယီ... ရှားယီယီ... နင့်နာမည်ကကော..."
ကောင်မလေးက လင်းပေါင်အာ၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပုံမပေါ်ဘဲ အပြုံးဖြင့် ဆက်လက်၍ မေးမြန်းသည်။
လုရန်၏မျက်လုံးများကမူ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူတို့၏နောက်ရှိ အဘိုးအိုဆီသို့ အမြဲတစေ ရွေ့လျားသွားသည်။
အကယ်၍ တစ်ဖက်လူက လှုပ်ရှားမှုအနည်းငယ် ပြသလာပါက လုရန်သည် လင်းပေါင်အာကို ချက်ချင်းဖမ်းဆွဲပြီး မြေလျှိုးအင်မော်တယ်နည်းစနစ်ကို အသုံးပြုရပေလိမ့်မည်။
ဖြစ်နိုင်များသည်မှာ အင်မော်တယ်ဧကရာဇ် တစ်ယောက်၏ရှေ့မှောက်တွင် မြေလျှိုးအင်မော်တယ်နည်းစနစ်က အသုံးမဝင်ဖြစ်နိုင်သော်လည်း...
ထိုအရာက သာမန်နတ်ဘုရားစွမ်းရည်တစ်ခုသာ ဖြစ်ပြီး သူ၏ ကျပန်း နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ မိုင်တစ်ထောင်သာ ရှိသောကြောင့်ပင်။
ကံကောင်းထောက်မစွာဖြင့် အဘိုးအိုသည် မလှုပ်ရှားခဲ့ချေ။ သူသည် သူ၏ရှေ့မှ ရှားယီယီကို လေးစားမှု အရိပ်အယောင်လေးပင် ပါဝင်နေသော အကြည့်ဖြင့်သာ ကြည့်နေသည်။
"လင်းပေါင်အာ..."
လင်းပေါင်အာက ပြန်ဖြေလိုက်၏။
"အို... နင် ဒီသကြားလုံးကို လိုချင်လို့လား... ရော့... နင့်အတွက်..."
ရှားယီယီက ရက်ရက်ရောရော လက်ဆန့်တန်းကာ သကြားလုံးကို လင်းပေါင်အာဆီ လက်ကမ်းပေးလိုက်သည်။
လင်းပေါင်အာက သူမကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီးနောက် နံဘေးမှ လုရန်ကို မော့ကြည့်လေသည်။
နောက်ဆုံး၌ သူမ ခေါင်းခါယမ်းလိုက်သည်။
ရှားယီယီသည် အနည်းငယ် ထူးဆန်းနေသည်ဟု သူမလည်း ခံစားမိသည်။
"နောက်မှ တခြားနေရာမှာ သွားဝယ်ကြတာပေါ့... သွားကြစို့..."
လုရန်က လင်းပေါင်အာကိုကြည့်ပြီး ပြောဆိုသည်။
ဤနေရာသည် အချိန်ဆွဲနေရမည့်နေရာ မဟုတ်ပေ။
သူတို့ လှည့်ထွက်သွားသည့်တိုင် လုရန်၏ အာရုံစိုက်မှုက သူတို့၏နောက်မှ အဘိုးအိုထံတွင်သာ ရှိနေခဲ့သည်။
ထိုလူသည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။
အဋ္ဌမအဆင့် အင်မော်တယ်ဧကရာဇ်တစ်ယောက်...
သောက်ကျိုးနည်း....
ဤသည်က မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာရန် အဆင့်ငယ်နှစ်ဆင့်သာ လိုတော့သည်။ ရှပြည်နယ်တွင် အမှန်တကယ်ပင် ဤကဲ့သို့လူမျိုး ရှိနေသလော။
လုရန်နှင့် လင်းပေါင်အာတို့ ထွက်သွားသည်ကို မြင်သောအခါ...
ရှားယီယီသည် စိတ်မကောင်းစွာဖြင့် နှုတ်ခမ်းဆူလိုက်ပြီး သကြားလုံးကို မသိစိတ်အရ တစ်ကိုက်ကိုက်လိုက်လေသည်။
သို့သော် နောက်တစ်ခဏတွင် သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "ဖူး" ဟူသော အသံဖြင့် ထွေးထုတ်လိုက်ကာ သကြားလုံးကို နံဘေးသို့ လွှင့်ပစ်လိုက်၏။
ထို့နောက် သူမက ပြောဆိုသည်။
"အဲ့ဒါက လုရန်ပဲ... သူ့ရဲ့ခွန်အားတွေ ဒီလောက်ထိ မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... သူ အထက်ဘုံကို တက်လှမ်းလာတာ ဆယ်ရက်လောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား..."
အဘိုးအိုက မော့ကြည့်လိုက်ပြီးနောက် ရုတ်တရက် အံ့အားသင့်သွားသည်။
သူက အံ့အားတသင့် ရေရွတ်လိုက်သည်။
"အင်မော်တယ်သခင်လား တတိယအဆင့်လား...."
အထက်ဘုံသို့ တက်လှမ်းပြီးနောက် ဆယ်ရက်ကျော်လေးအတွင်းမှာပင် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှ တတိယအဆင့် အင်မော်တယ်သခင်အထိ ရောက်ရှိသွားခြင်းကို 'မြန်တယ်' ဟူသော စကားလုံးက ဤအခြေအနေကို လွှမ်းခြုံနိုင်မည်လော။
ဤသည်မှာ ရိုးရှင်းစွာပင် မကြုံစဖူးဖြစ်ပြီး နောက်တွင်လည်း ထပ်မံဖြစ်ပေါ်လာရန် အကြောင်းမရှိတော့ချေ။
"သခင်မလေး... ငါတို့ လုရန်ကို ရှာတွေ့ပြီဆိုတော့ သတင်းပို့ဖို့ အလယ်ပိုင်းပြည်နယ်ကို ချက်ချင်း ပြန်သွားကြမလား..."
အဘိုးအိုက ရိုသေစွာ မေးမြန်းသည်။
"အပြင်ထွက်ရတာ ရှားတယ်... ပွဲကောင်းတစ်ပွဲ စတော့မှာဆိုတော့ အရင်ဆုံး ခဏလောက် ကြည့်ရအောင်..."
ရှားယီယီက ခေါင်းခါယမ်းပြပြီး ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် အဘိုးအိုနှင့် မိန်းကလေးငယ်တို့သည် ထိုနေရာမှ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
လုရန်သည် လင်းပေါင်အာနှင့်အတူ ဝင်္ကပါ၏ အခြေခံအမှတ်သို့ သတိထား၍ ရောက်ရှိလာချိန်တွင် အဘိုးအို၏အရှိန်အဝါသည် သူ၏ နတ်ဘုရားအာရုံမှ ပျောက်ကွယ်သွားကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
"သူတို့ ထွက်သွားပြီလား..."
လုရန်က သက်ပြင်းချလိုက်၏။
"အစ်ကိုကြီး... ကျွန်မက လီမျိုးနွယ်ဝင် တစ်ယောက်ဆိုတာကို အဲ့ဒီရှားယီယီက ဘယ်လိုသိတာလဲ..."
လင်းပေါင်အာက သိချင်စိတ်ဖြင့် မေးမြန်းသည်။
"ဘယ်သူသိမှာလဲ... နောက်ဆိုရင် အဲ့ဒီလို ထူးဆန်းတဲ့ လူတွေနဲ့ ဝေးဝေးနေ..."
လုရန်က သတိပေးလိုက်သည်။
ထို့နောက် သူသည် ဝင်္ကပါအလံတစ်ခုကို ထုတ်ယူကာ တည်နေရာကို သတ်မှတ်ပြီး မြေကြီးထဲသို့ စိုက်လိုက်လေသည်။ ဝင်္ကပါ၏ ပင်မဗဟိုချက်နှင့် ချိတ်ဆက်ပြီးနောက် ထိုအလံကို သူ ဖုံးကွယ်ထားလိုက်၏။
နဝမမြောက်နေ့ ညနေခင်း၌...
မနက်ဖြန်သည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ လှုပ်ရှားမည့်နေ့ပင်။
မဟာချန် တော်ဝင်နန်းတော်အတွင်း၌..
ဧကရီသည် စိတ်မသက်မသာ ဖြစ်နေကာ ကျန်ရှိနေသော မြို့စားကြီး သုံးယောက်ကို ဆင့်ခေါ်ထားပြီး ဖြစ်လေ၏။
"ကျုံးယွန်ရှန်း သေဆုံးပြီးကတည်းက တော်ဝင်မြို့တော် အတွင်းအပြင်က ကာကွယ်ရေးတွေကို ကျွန်တော် တာဝန်ယူထားပါတယ်... လောလောဆယ် ဘာထူးခြားမှုမှ မတွေ့ရသေးပါဘူး..."
ဖူကျန်းလုံက ပြောဆိုသည်။
ကျုံးယွန်ရှန်း သေဆုံးပြီးနောက် ဖူကျန်းလုံသည် မြို့တော်အတွင်းအပြင်မှ အရာအားလုံးကို လွှဲပြောင်းယူခဲ့သည်။
နံဘေးတွင် မတ်တတ်ရပ်နေသော လျှောင်ဝမ်ရှန်းနှင့် တုရှုရှန်းတို့မှာ အတော်လေး စိတ်အေးလက်အေး ရှိနေကြသည်။
သူတို့နှစ်ဦးသည် အရာရှိများကို စုံစမ်းစစ်ဆေးရန်နှင့် တော်ဝင်မြို့တော်အတွင်း ပြဿနာတစ်စုံတစ်ရာ ရှိမရှိကို စောင့်ကြည့်ရန် တာဝန်ယူထားရသည်။
"အရှင်မ... စိတ်ချပါ... ကျုံးယွန်ရှန်း သေသွားပေမဲ့ အဲ့ဒါက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ လက်ချက်မဟုတ်လောက်ဘူး... အဲ့ဒါက ကျန်းကော် မြို့စားစံအိမ်တော်ရဲ့ ရန်သူဖြစ်နိုင်တယ်... ဒီအချိန်အတွင်း သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က လုံးဝတိတ်ဆိတ်နေပြီး ပုံမှန် အသေးအမွှားပွတ်တိုက်မှုတွေတောင် မကြာသေးခင်က ပျောက်ကွယ်သွားခဲ့တယ်..."
တုရှုရှန်းက ပြောဆိုသည်။
ဧကရီသည် သူမ၏ အကြည့်ကို ရှောင်လွှဲသွားပြီး သူ၏မျက်လုံးများအတွင်း၌ အပြစ်ရှိစိတ်များ အနည်းငယ် ဖြတ်ပြေးသွားသော တုရှုရှန်းကို ကြည့်လိုက်၏။
အနီးနားတွင် ရပ်နေသော လျှောင်ဝမ်ရှန်းက တုံ့ပြန်သည်။
"အဲ့ဒါကြောင့် အတိအကျ ပုံမှန်မဟုတ်တာပေါ့... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အဲ့ဒီလူရိုင်းတွေက မောက်မာတဲ့ အမူအကျင့် ရှိပေမဲ့ မကြာသေးခင်က သူတို့ တိတ်ဆိတ်နေတယ်လေ... သူတို့က မကောင်းတဲ့ အကြံအစည်တွေ ရှိနေဖို့များတယ်... အရှင်မ... ကျွန်တော်တို့ သတိမပေါ့လျော့သင့်ဘူး..."
တုရှုရှန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လျှောင်ဝမ်ရှန်းက ပြန်လည်ချေပလေသည်။
ထိုအဖြစ်အပျက်က တုရှုရှန်းကို မကျေမနပ် ဖြစ်စေခဲ့သည်။
သို့သော် သူ ဘာမျှမပြောခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ မနက်ဖြန်သည် နောက်ဆုံးတိုက်ပွဲ၏အချိန်ပင်။ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ စစ်တပ် ဝင်ရောက်လာသောအခါ မဟာချန်သည် အခြေခံအားဖြင့် တောင့်ခံနိုင်မည် မဟုတ်ပေ။
ကျုံးယွန်ရှန်း သေဆုံးသွားပြီး တုရှုရှန်းက သစ္စာဖောက်သွားခဲ့လေပြီ။
ဖူကျန်းလုံနှင့် လျှောင်ဝမ်ရှန်းဟူသော အင်မော်တယ်သခင် နှစ်ပါးသာ ကျန်ရှိတော့ရာ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မဟာချန်၏ ကျန်ရှိနေသော မဟာပေါင်းစည်းခြင်း အင်မော်တယ်များကို ဂရုမစိုက်တော့ပေ။
ထို့ပြင်...
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့တွင် ပြင်ပအကူအညီများလည်း ရှိနေပြီး ရုတ်တရက် တိုက်ခိုက်မှု၏ အားသာချက်လည်း ရှိနေသည်။
မြို့ကာကွယ်ရေး မဟာဝင်္ကပါကို ဖျက်ဆီးရန် တုရှုရှန်း၏ အတွင်းပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ...
မဟာချန်၏ အခြေအနေကို စိတ်ကူးကြည့်ရန် လွယ်ကူလှသည်။
ဧကရီသည် စကားမပြောဘဲ ဝရန်တာဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
သူမ၏ အနီရောင် ဖီးနစ်ဝတ်ရုံသည် သူမ၏အနောက်တွင် တွဲလောင်းကျနေပေ၏။
သူတို့ သုံးဦးသည် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီး ဧကရီ၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းကာ ဦးညွှတ်လိုက်ကြသည်။
ဝရန်တာရှေ့တွင်..
ဧကရီသည် ညကောင်းကင်ယံအောက်ရှိ မဟာချန်အင်ပါယာကို ကြည့်နေပြီး အိမ်ပေါင်းသောင်းနှင့်ချီသော မီးရောင်များသည် ကျယ်ဝန်းသော တော်ဝင်မြို့တော်ကို လင်းထိန်စေသည်အား မြင်တွေ့မိသည်။
ဤငြိမ်သက်မှုအောက်တွင် ဧကရီသည် စိုးရိမ်ပူပန်မှု ခံစားချက်ကို အဆက်မပြတ် ခံစားနေရသည်။
သူမ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။
ယနေ့ညတွင် လထွက်နေသော်လည်း ထူထပ်သော တိမ်တိုက်များက ဖုံးကွယ်ထားသည်။ တလိမ့်လိမ့်ထနေသော တိမ်မည်းကြီးများက ကောင်းကင်တခွင်ကို ဖုံးအုပ်ထားပြီး မဟာချန် တော်ဝင်မြို့တော်အား ဖိနှိပ်တော့မည့်အလား ထင်မှတ်ရသည်။
လေပြည်လေညှင်းလေး တိုက်ခတ်နေသော်လည်း လေထုက ထူးထူးခြားခြား ပူအိုက်နေခဲ့လေသည်။
"မုန်တိုင်းမလာခင် လေပြည်တွေ တိုက်ခတ်နေတာပဲ..."
ဧကရီက တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူမသည် အမျိုးသားသုံးဦးကို လှည့်ကြည့်လိုက်၏။
သူမက အမိန့်ပေးလိုက်သည်။
"တော်ဝင်မြို့တော် အတွင်းအပြင်က ကင်းလှည့်မှုတွေကို တိုးမြှင့်လိုက်... မဟာချန်နံဘေးပတ်လည်က ကင်းစခန်းတွေ အားလုံးကို စစ်သားတွေ ပိုလွှတ်လိုက်... မဟာချန်စစ်တပ်ကို ပြန်ဖွဲ့စည်းပြီးတော့ငါ့အမိန့်နဲ့ အချိန်မရွေး လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေပါစေ..."
သူတို့သုံးဦးသား အံ့အားသင့်သွားသည်။
"အရှင်မက တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတာလား..."
ဖူကျန်းလုံက မေးလိုက်သည်။
"မြို့တွင်းမြို့ပြင်ကင်းလှည့်မှုတွေနဲ့ ပတ်သက်ပြီး စိတ်ချပါ... သူတို့ကို ကောင်းကောင်း ဖြန့်ကျက်ထားပါ့မယ်..."
တုရှုရှန်းကလည်း ပြောဆိုသည်။
"မြို့ကာကွယ်ရေး မဟာဝင်္ကပါရဲ့ လည်ပတ်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို အားဖြည့်ဖို့ အမှုထမ်းတွေကိုလည်း ကျွန်တော် စီစဉ်ထားတယ်... မတော်တဆမှု တစ်ခုခု ဖြစ်လာရင် တော်ဝင်မြို့တော်က ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရမှာပါ... အရှင်မ... စိတ်ချပါ..."
သို့သော် သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
ဧကရီက ခေါင်းခါယမ်းလိုက်ပြီး ပြောဆိုသည်။
"မြို့ကာကွယ်ရေး မဟာဝင်္ကပါကို မင်း စိတ်ပူစရာ မလိုတော့ဘူး... အဲ့ဒါကို လွှဲပြောင်းယူဖို့ လူတစ်ယောက်ကို ငါ လွှတ်လိုက်မယ်..."
ဘာ...
တုရှုရှန်း အံ့အားသင့်သွားသည်။ မနက်ဖြန် မြို့ကာကွယ်ရေး မဟာဝင်္ကပါကို ဖျက်ဆီးရန် အတွင်းပိုင်းမှ ပူးပေါင်းဆောင်ရွက်ရန် သူ မူလက စီစဉ်ထားခဲ့သော်လည်း ယခု ဧကရီက သူ့ကို ကိုင်တွယ်ခွင့် မပေးတော့သလော။
"အရှင်မ... ဘာကို ဆိုလိုတာလဲ... ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့က ရနိုင်သမျှ လူအင်အား အားလုံးကို လိုအပ်တယ်လေ... တကယ်လို့ ကျွန်တော်ရဲ့လူတွေကို ရုပ်သိမ်းလိုက်ရင် အရှင်မရဲ့ လူတွေကိုပဲ အားကိုးတာက မလွဲမသွေ..."
သူ စကားမဆုံးခင်မှာပင်...
ဧကရီက သူ့ကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေကြောင်း ရုတ်တရက် သူ နားလည်သဘောပေါက်သွားသည်။
တုရှုရှန်းသည် သူ၏လေသံကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး ပြောဆိုလိုက်၏။
"ကျွန်တော်က စိုးရိမ်လို့ပါ... အခြေအနေက အရေးကြီးနေတော့ ကျွန်တော်က ကူညီချင်ရုံသက်သက်ပါ... ခွင့်လွှတ်ပါ အရှင်မ..."
ဧကရီက မေးမြန်းသည်။
"'အရေးကြီးတဲ့ အခြေအနေ' ဆိုတာ ဘာကို ဆိုလိုတာလဲ... ပြီးတော့ ဒီအချိန်က ဘယ်လို 'အရေးကြီး' နေတာလဲ..."
တုရှုရှန်းသည် မော့မကြည့်ရဲဘဲ သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီနေသည်။
သူက အလျင်အမြန် ပြောဆိုသည်။
"စောစောက ထိုက်ရှီမြို့စားကြီး ပြောတာက ကျွန်တော့်အတွက်လည်း အဓိပ္ပာယ်ရှိတယ်... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က မကြာသေးခင်က ငြိမ်နေခဲ့တယ်... ပြီးတော့ သူတို့က တကယ်ကြီး တစ်ခုခု ကြံစည်နေနိုင်တယ်... အဲ့ဒါကြောင့် ကျွန်တော် စိုးရိမ်နေတာပါ..."
ကံကောင်းထောက်မစွာဖြင့် ဧကရီသည် ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်လက်၍ အာရုံမစိုက်ခဲ့ပေ။
သူမက ပြောဆိုသည်။
"ငါ့ရဲ့ တပ်နေရာချထားမှုတွေကိုပဲ လိုက်လုပ်ကြစမ်း..."
တော်ဝင်မြို့တော် အတွင်းအပြင် ကင်းလှည့်မှုများကို တိုးမြှင့်ကာ ကင်းစခန်းများ၏ ကာကွယ်မှုကို တိုးမြှင့်ရမည်။
မြို့ကာကွယ်ရေး မဟာဝင်္ကပါ၏ တပ်နေရာချထားမှုကို လွှဲပြောင်းယူမည်။
ဖြစ်နိုင်သည်မှာ ဧကရီသည် တစ်ခုခုကို အမှန်တကယ် ခံစားမိနေခြင်း ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင်...
နဂါးကိုးကောင် တောင်တန်းရှိ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၌...
လုံကျွန်းယန်သည် သူ၏အင်အားစုများကို စုစည်းထားပြီးဖြစ်သည်။ ဧရာမစစ်တပ်ကြီးတစ်ခုသည် စိတ်ဝိညာဉ်ရတနာ အမျိုးမျိုးကို ကိုင်ဆောင်ကာ စုဝေးနေကြ၏။
ကောင်းကင်ယံရှိ တိမ်မည်းများနှင့် ပေါင်းစပ်ကာ သူတို့အားလုံး မဟာချန်အင်ပါယာဆီသို့ ပြေးဝင်သွားကြတော့သည်။
ယနေ့ညမှစတင်၍ သူတို့သည် မဟာချန်အား ညအချိန် ချုံခိုတိုက်ခိုက်ကြပေမည်။