အခန်း ၆၉
Vol. 7 Ch. 69
အခန်း ၆၉ :သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ ယုံကြည်မှု
လေထုအလယ်တွင် လုံကျွန်းယန်သည် လက်ဆန့်တန်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသော်လည်း ထိုစွမ်းအားသည် မြို့ကာကွယ်ရေး မဟာဝင်္ကပါ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တိုက်ခိုက်ခံလိုက်ရသော မြို့ကာကွယ်ရေး မဟာဝင်္ကပါသည် ထိုဝင်္ကပါ၏ မူလပုံစံကို အနည်းငယ် ဖော်ပြလာပေ၏။ ကြည်လင်သော အလင်းလွှာတစ်လွှာက မဟာချန် တော်ဝင်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ အသက်ရှင်နေသော သတ္တဝါများအလား မြို့ကာကွယ်ရေး မဟာဝင်္ကပါပေါ်တွင် ဖြတ်သန်းစီးဆင်းနေသော ထူးဆန်းသည့် မှော်စာလုံးများ မရေမတွက်နိုင်အောင် ရှိနေသည်။
"မဟာချန် တော်ဝင်မြို့တော်ရဲ့ မြို့ကာကွယ်ရေး မဟာဝင်္ကပါက ခံနိုင်ရည်အရမ်းမြင့်မားတယ်... စစ်သားတွေကို တော်ဝင်မြို့တော်ဆီ ပြန်လည်ဆုတ်ခွာဖို့ ခေါ်ယူတာက ကြီးမားတဲ့ အသေအပျောက်တွေကို ရှောင်ရှားနိုင်ခဲ့ပေမဲ့ ကျယ်ပြန့်တဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ရတာက... မဟာချန် ဧကရီက ဘယ်လို အပေးအယူလုပ်ရမလဲဆိုတာ သေချာပေါက် သိတာပဲ..."
လုံကျွန်းယန်က တီးတိုးရေရွတ်လိုက်သည်။
"ဒီခရီးစဉ်မှာ သိသာထင်ရှားတဲ့ ခုခံမှုတွေ ရှိမယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ ငါတို့ အေးအေးဆေးဆေး ဝင်လာနိုင်ခဲ့တယ်... မဟာချန်ကို ငါ အထင်ကြီးမိသွားတာ ဖြစ်မယ်..."
လန်ကျီးက နံဘေးမှနေ၍ ဆွဲဆောင်မှုရှိစွာ ဝင်ပြောလိုက်၏။
မြေခွေးမျိုးနွယ်လောက် ညှို့ယူဖမ်းစားနိုင်ခြင်း မရှိသော်လည်း ကြောင်ယောင်မျိုးနွယ်၏ ကျော့ရှင်းသော ပုံရိပ်သည် အမျိုးသားတစ်ဦး၏ နှလုံးသားထဲရှိ နက်ရှိုင်းဆုံး ဆန္ဒများကို ချက်ချင်းလှုံ့ဆော်ပေးနိုင်သည်။
မရဏအိမ်တော်မှ တာအိုကျင့်ကြံသူများပင်လျှင် မျက်လုံးအပြူးသားဖြင့် သူတို့၏ တံတွေးများကို အသည်းအသန် မြိုချရင်း စိုက်ကြည့်နေကြ၏။
ဤသည်ကို မြင်သောအခါ လန်ကျီးသည် တုန်ခါသွားသည်အထိ ရယ်မောလိုက်ပြီး သူမ၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
လီယွီဖုန်းသည် အပိုအကြည့် အနည်းငယ် မကြည့်ဘဲ မနေနိုင်ခဲ့သော်လည်း လန်ကျီး၏အကြည့်များ သူ့ထံ ကျရောက်လာသည်ကို သတိပြုမိသောအခါ သူသည် တော်ဝင်မြို့တော်အား အလျင်အမြန် လှည့်ကြည့်လိုက်သည်။
သူက ပြောဆိုသည်။
"မဟာချန်မှာ ဒီမြေကွက်လေးပဲ ကျန်တော့တာ... သူတို့မှာ မြို့ကာကွယ်ရေး မဟာဝင်္ကပါ ရှိတော့ကော ဘာဖြစ်လဲ... သူတို့က အိုးထဲက လိပ်တွေလိုပဲလေ... ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မှာလဲ... ဒီမြို့ကာကွယ်ရေး မဟာဝင်္ကပါက ငါတို့မရဏအိမ်တော်ရဲ့ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကိုတောင် ဟန့်တားနိုင်မှာ မဟုတ်ဘူး..."
သူ စကားပြောနေစဉ် မဟာချန်မှလူများသည် အများအပြား ရောက်ရှိလာကြ၏။ သူတို့သည် မြို့ရိုးပေါ်တွင် အတန်းလိုက် ရပ်နေကြပြီး သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။
"ဖျင်တူ မြို့စားကြီး ဖူကျန်းလုံ ထိုက်ရှီ မြို့စားကြီး လျှောင်ဝမ်ရှန်းပဲရှိတယ်... ကျုံးထင်မြို့စားကြီး တုရှုရှန်းနဲ့ ကျန်းကော် မြို့စားကြီး ကျုံးယွန်ရှန်းတို့က ဘာလို့ ဒီမှာ မရှိတာလဲ..."
လုံကျွန်းယန်က ရယ်မောရင်း မေးလိုက်ကာ လှုပ်ရှားရန် အလျင်မလိုချေ။
သိုင်းနတ်ဘုရားမဟာမိတ်အဖွဲ့၏ စစ်တပ်သည် နယ်စပ်ကို ဖိအားပေးနေပေ၏။ မဟာချန်သည် သူတို့၏အိတ်ထဲတွင် ရောက်ရှိနေလေပြီ။ သူ့ထံတွင် မြောက်ပိုင်းနယ်စပ် နတ်ဆိုးမျိုးနွယ်နှင့် မြောက်ပိုင်းနယ်စပ်၏ မရဏအိမ်တော်မှ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင် တို့၏ အကူအညီ ရှိနေသည်။ မဟာချန်ဘက်မှ လူအနည်းငယ်သာ ထွက်လာပြီး အင်မော်တယ်သခင် လျှောင်ဝမ်ရှန်းနှင့် ဖူကျန်းလုံနှစ်ဦးတည်းသာ ရှိသည်ကို မြင်သောအခါ လုံကျွန်းယန် အော်ဟစ်ရယ်မောလုနီးပါး ဖြစ်သွားသည်။ သူ သေချာဂရုတစိုက် ရေးဆွဲထားသော အစီအစဉ်သည် အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် သူ ခံစားလိုက်ရ၏။ သူ အကူအညီပင် လိုအပ်ပုံမရချေ။ သူ တိုက်ရိုက်တိုက်ခိုက်ပြီး မဟာချန်ကို သိမ်းပိုက်နိုင်သည်။
ထိုကဲ့သို့ မေးခွန်းထုတ်ခြင်းကို ရင်ဆိုင်ရချိန်တွင် ဖူကျန်းလုံနှင့် လျှောင်ဝမ်ရှန်းတို့၏ မျက်နှာများ ဖြူရော်သွားကာ သူတို့ အဖြေမပေးခဲ့ကြချေ။
ထိုအစား လုံကျွန်းယန်၏နံဘေးရှိ တပ်မှူးတစ်ဦးက ပြောဆိုသည်။
"မဟာမိတ်အဖွဲ့ ခေါင်းဆောင်... ခင်ဗျား မသိလောက်ဘူး... အဲ့ဒီကျုံးယွန်ရှန်းက သေသွားပြီလေ... နှမြောစရာပဲ... သူက မဟာချန်ရဲ့ ကျန်းကော် မြို့စားကြီး ဖြစ်ခဲ့တာကိုး... သူ ဘယ်လိုလုပ် ရုတ်တရက် သေသွားရတာလဲ..."
တုရှုရှန်းနှင့် ပတ်သက်၍မူ သူတို့ မပြောခဲ့ချေ။ တုရှုရှန်းသည် အတွင်းလူအဖြစ် အလုပ်လုပ်နေပြီး တိတ်တဆိတ် ပြဿနာများ ဖန်တီးနေသည်ဟု သူတို့ ထင်ကောင်းထင်ပေလိမ့်မည်။ တုရှုရှန်း ခေါင်းဖြတ်ခံလိုက်ရပြီး သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ အနည်းငယ်မျှ မသိခဲ့ကြပေ။
"အဲ့ဒီလိုလား... ကျန်းကော် မြို့စားကြီးလို စစ်သူကြီး တစ်ယောက် ဆုံးရှုံးသွားမှတော့မဟာချန်က ငါ့ရဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဘယ်လို ခုခံနိုင်မှာလဲ..."
လုံကျွန်းယန်က သရော်တော်တော် မေးလိုက်သည်။ ကျုံးယွန်ရှန်း သေဆုံးမှုသတင်းကို လုံကျွန်းယန် ကြာမြင့်စွာကတည်းက သိထားကြောင်း အရူးပင်လျှင် သိမြင်နိုင်သည်။
"ချန်နယ်မြေရဲ့ အရှေ့ဘက်ဒေသကို ငါတို့မဟာချန်အင်ပါယာက အမြဲတမ်း ထိန်းချုပ်ထားခဲ့တာ... မင်းတို့ရဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဝင်စွက်ဖက်ခဲ့တာတောင် မဟာချန်က မင်းတို့နဲ့ စာရင်းလာမရှင်းခဲ့ဘူး... အခု မင်းတို့က ကျူးကျော်ဖို့ ရောက်လာသေးတယ်ပေါ့... အရှက်မရှိတာ..."
လျှောင်ဝမ်ရှန်းက စွပ်စွဲပြစ်တင်ပြီး အော်ငေါက်လိုက်၏။
သို့သော် လုံကျွန်းယန်က ရယ်မောပြီး သူက ပြောဆိုသည်။
"အနိုင်ရတဲ့သူက ဘုရင် ရှုံးတဲ့သူက ဓားပြ... ဒီလိုဖြစ်လာတာ နှစ်ထောင်ပေါင်းများစွာ ကြာနေပြီ မဟုတ်လား... မဟာချန်က အရှေ့ဘက် နယ်မြေကို ထိန်းချုပ်ထားတာ အတော်ကြာပြီလေ... နေရာဖယ်ပေးရမယ့် အချိန်ရောက်ပြီ..."
ထိုသို့ပြောဆိုပြီးနောက် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
"ဒီလို အရေးကြီးတဲ့ အချိန်မှာ မင်းတို့ရဲ့ မဟာချန် ဧကရီက ဘာလို့ မပေါ်လာတာလဲ... သူ အခု ဘယ်မှာလဲ... သူ ပုန်းနေတာများလား... ဒါမှမဟုတ်... သူထွက်ပြေးသွားတာလား..."
"ရဲတင်းလိုက်တာ... ငါတို့မဟာချန်ဧကရီကို မင်းလို လူယုတ်မာက ဘယ်လိုသတ္တိမျိုးနဲ့ ဝေဖန်ရဲတာလဲ..."
ဖူကျန်းလုံက ရက်စက်ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
"အဲ့ဒီလိုဆိုရင် သူ့ကို ဘာလို့ မတွေ့ရတာလဲ..."
လုံကျွန်းယန်က မေးလိုက်၏။
နှစ်ဖက်လုံးသည် အချင်းချင်း စကားများ ဖလှယ်နေကြဆဲပင်။ စားသောက်ဆိုင်ထဲတွင် လုရန်သည် ပြတင်းပေါက်တွင် မှီလျောင်းကာ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဤစားသောက်ဆိုင်၏ တည်နေရာကြောင့် သူသည် အောက်မှနေ၍ အထက်သို့ ကြည့်ကာ နှစ်ဖက်လုံး၏ တပ်ဖွဲ့များကို မြင်တွေ့နိုင်ပေ၏။
လုရန် ဆွံ့အသွားပြီး သူက ပြောလိုက်သည်။
"မင်းတို့ သတ်ဖြတ်ဖို့ ဒီအထိ ရောက်နေပြီပဲ... တိုက်ခိုက်ကြပါတော့... ဘာလို့ အချိန်ဆွဲနေရတာလဲ..."
သူသည် နှစ်ဖက်လုံး သူတို့၏ တိုက်ခိုက်ရေးစွမ်းအား အကုန်အစင်ကို သုံးစွဲမည့်အချိန်အား စောင့်ဆိုင်းနေဆဲပင်။ သို့သော် ရလဒ်အနေဖြင့် သူတို့သည် စကားများသာ ဖလှယ်နေကြသလော။
"မင်းတို့ နှစ်ယောက်လုံးက အင်မော်တယ်သခင်တွေပဲ... ကျင့်ကြံရတာ မလွယ်ဘူး... မဟာချန် ဧကရီ ဒီနေရာမှာ မရှိဘူးဆိုတော့ ငါ လုံကျွန်းယန်က မင်းတို့ကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်... မြို့ကာကွယ်ရေး မဟာဝင်္ကပါကို ဖွင့်ပြီး ငါ့ရဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဝင်ခဲ့... အဲ့ဒီအချိန်ကျရင် မဟာချန်က အုပ်ချုပ်သူနာမည်ပြောင်းသွားတာကလွဲပြီးတော့ မဟာချန် ဖြစ်နေအုံးမှာပဲ... ငါတို့က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ပူးတွဲ စီမံခန့်ခွဲပြီး အရှေ့ဘက် နယ်မြေကို လွှမ်းမိုးမယ်... အဲ့ဒါက စိတ်ကျေနပ်စရာ မကောင်းဘူးလား..."
လုံကျွန်းယန်က အော်ဟစ်ပြောဆိုလိုက်သည်။
ဤသည်က သူ၏ ရည်မှန်းချက်ပင်။ လုံကျွန်းယန်သည် ထိုခြေလျင်စစ်သားများနှင့် ဗိုလ်ချုပ်များကို ဂရုမစိုက်ချေ။ သို့သော် မြို့စားကြီးလေးယောက်ကမူ မည်သူမဆို အင်မော်တယ်သခင်တစ်ယောက် ဖြစ်ကြပြီး အစစ်အမှန်ပါရမီရှင်များပင်။ အကယ်၍ သူသာ စကားအနည်းငယ်ဖြင့် အင်မော်တယ်သခင်နှစ်ပါးကို သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာအောင် စည်းရုံးနိုင်ပါက မြောက်ပိုင်းနယ်စပ် နတ်ဆိုးမျိုးနွယ်ကို ထည့်မတွက်လျှင်ပင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် ချန်နယ်မြေ၏ တခြားဒေသသုံးခုနှင့် စကားပြောရာတွင် ပို၍ပင်ခယုံကြည်မှု ရှိလာပေလိမ့်မည်။
"ငါတို့ နှစ်ယောက်က မင်းရဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဝင်မယ်လို့ မင်းက ထင်နေတာလား... အိပ်မက်မက်နေလိုက်... မဟာချန်က ဘယ်တော့မှ အရှုံးမပေးဘူး..."
ဖူကျန်းလုံက ဆဲဆိုလိုက်၏။
သို့သော် လျှောင်ဝမ်ရှန်းတွင် ထူးဆန်းသော မျက်နှာအမူအရာ ရှိနေပြီး သူ၏ မျက်လုံးများ အနည်းငယ်တောက်ပသွားကာ လုံကျွန်းယန်ကို ကြည့်ရင်း အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
အင်မော်တယ်သခင်တစ်ယောက်အဖြစ် ကျင့်ကြံပြီး ဖြစ်သဖြင့် လျှောင်ဝမ်ရှန်း မည်မျှထိ စိတ်ဆန္ဒ ခိုင်မာစေကာမူ သူထံ၌ အတွေးအနည်းငယ် ရှိနေသည်။ ယခုချိန်တွင် မဟာချန်သည် နိမ့်ကျနေလေပြီ။ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က သူတို့၏ရှေ့ထိ တိုက်ခိုက်ရင်း ရောက်ရှိလာခဲ့သည်။ ထို့ပြင် ဤအခြေအနေကို ကြည့်ရသည်မှာ မြို့ကာကွယ်ရေး မဟာဝင်္ကပါက မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ချေ။ မဟာချန် ဧကရီ ဘာသွားလုပ်သည်ကို သူ မသိချေ။
ဖြစ်နိုင်သည်မှာ လျှို့ဝှက်လက်နက်တစ်ခုခု သွားရောက်ပြင်ဆင်နေခြင်း ဖြစ်နေသလော...
သို့သော် ထိုလျှို့ဝှက်လက်နက်က လက်ရှိသိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ယှဉ်နိုင်မည်လော....
မြောက်ပိုင်းနယ်စပ် မရဏအိမ်တော်မှ လီယွီဖုန်းသည် လုံကျွန်းယန်၏နံဘေးတွင် ရှိနေကြောင်းကို သူ အလွန် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။ ထို့ပြင် မဟာချန်ဘက်တွင် တိုက်ခိုက်နိုင်သည့် ကြွင်းကျန်သော အင်မော်တယ်သခင်များမှာ သူနှင့်ဖူကျန်းလုံတို့သာ ဖြစ်နေသည်။ မြို့ကာကွယ်ရေး မဟာဝင်္ကပါသည် အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်မည် မဟုတ်ချေ။ မြို့ ကျဆုံးသွားပြီးနောက် သူနှင့် ဖူကျန်းလုံတို့၏ ကံကြမ္မာကို တွေးကြည့်နိုင်သည်။ ယနေ့သည် သူတို့အတွက် သေချာပေါက် သေဆုံးရမည့် အခြေအနေ တစ်ခုပင်။
အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ သူ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သို့ ဘက်ပြောင်းရန်ပင်။ ထို့ပြင် မဟာချန် ဧကရီသည် လျှို့ဝှက်လက်နက် တစ်ခုခု ပြင်ဆင်ရန် အမှန်တကယ် သွားခဲ့ခြင်း ဟုတ်မဟုတ် ဆိုသည်မှာလည်း ပြောရန် ခက်ခဲသည်။ လုံကျွန်းယန် ပြောသကဲ့သို့သာဆိုလျှင် သူမက ပုန်းနေခြင်း သို့မဟုတ် ထွက်ပြေးသွားခြင်းတို့ ဖြစ်နေပါက အလွန်ရှက်စရာ ကောင်းလှပေမည်။
အကယ်၍ မဟာချန် ဧကရီက ထွက်ပြေးသွားပြီး သူနှင့် ဖူကျန်းလုံတို့က ဤနေရာတွင် ကျန်ရစ်ခဲ့ကာ သူတို့၏ အသက်အရွယ်ကြီးရင့်နေသော ဘဝများကို စွန့်စားနေရမည်ဆိုလျှင် ထိုသည်က ဦးနှောက်ပြဿနာ တစ်ခု၏ လက္ခဏာ မဟုတ်လော။ ဤသို့ တွေးမိသောအခါ လျှောင်ဝမ်ရှန်းသည် ပို၍ပင် စိတ်ဝင်စားလာတော့သည်။
သို့သော် ဖူကျန်းလုံ၏ ဒေါသထွက်နေသော မျက်နှာအမူအရာနှင့် ပတ်ဝန်းကျင်ရှိ မဟာချန် လက်အောက်ငယ်သား အများအပြားကို မြင်သောအခါ လျှောင်ဝမ်ရှန်းသည် တိုက်ရိုက်အရှုံးပေးရန် အနည်းငယ် ရှက်ရွံ့နေပေ၏။
လုံကျွန်းယန်သည် လျှောင်ဝမ်ရှန်း၏အကြည့်ကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်ပုံရသည်။ ဖူကျန်းလုံသည် ပွင့်လင်းပြီး မျက်ကန်းယုံကြည်မှုရှိသော သူတစ်ဦးဖြစ်ရာ သူ့ကို စည်းရုံးရန် မလွယ်ကူပေ။ သို့သော် ဤလျှောင်ဝမ်ရှန်းမှာမူ မျှော်လင့်ချက် ရှိနေသည်။ အကယ်၍ သူသာ တစ်ဖက်လူကို အောင်မြင်စွာ စည်းရုံးနိုင်ပါက မဟာချန်ဘက်တွင် တိုက်ခိုက်နိုင်သော ဖူကျန်းလုံ တစ်ယောက်တည်းသာ ကျန်ရစ်မည်ဖြစ်သည်။ ဤသည်မှာ မဟာချန်အတွက် အလွန်သနားစရာကောင်းလှသည်။
ထို့ကြောင့် လုံကျွန်းယန်က ဆက်ပြောသည်။
"ငါ့ရဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဒီတစ်ကြိမ်မှာ အပြည့်အဝ ပြင်ဆင်လာတယ်ဆိုတာကို မင်းတို့လည်း မြင်နိုင်တယ်..."
ထိုသို့ပြောဆိုပြီးနောက် သူက သူ၏နံဘေးရှိ လီယွီဖုန်းကို လက်ညှိုးညွှန်ပြပြီး ပြောလိုက်သည်။
"ဒီလူကို မင်းတို့ မှတ်မိသင့်တယ်... မြောက်ပိုင်းနယ်စပ် မရဏအိမ်တော်ရဲ့ သခင်... လီယွီဖုန်း..."
လီယွီဖုန်းက ပြုံးပြလိုက်ပြီး သူ၏စူးရှသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။
"အရှေ့ဘက် နယ်မြေက နှစ်ပေါင်းများစွာကြာအောင်ပရမ်းပတာ စစ်ပွဲတွေ ဖြစ်နေခဲ့တာ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မဟာချန်တို့က မီးနဲ့ ရေလိုပဲ... အရမ်း ရှုပ်ပွနေပြီ... စည်းလုံးရမယ့် အချိန်ရောက်ပြီ... အရှေ့ဘက်နယ်မြေကို ကြီးကြပ်ဖို့အတွက် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အသင့်တော်ဆုံးလို့ ငါတို့မြောက်ပိုင်းနယ်စပ်က ယုံကြည်တယ်..."
ထိုသို့ပြောဆိုပြီးနောက် သူက သူ၏ လက်ထဲရှိ ကျောက်စိမ်းရုပ်ထုကို ကြွားဝါဟန်ဖြင့် ထုတ်ပြလိုက်သည်။
"ဒါက ငါတို့မရဏအိမ်တော်က လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ပဲ... မင်းတို့နှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တယ်... တခြားအသေးအမွှားလေးတွေကို ငါတို့ ဂရုတောင် မစိုက်ဘူး... မဟာချန်က ဒီနေ့ ရှုံးတော့မှာပဲ... ဒါက မင်းတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ... အဲ့ဒါကို မင်းတို့ တန်ဖိုးထားမယ်လို့ ငါ မျှော်လင့်တယ်..."
ထိုစကားကို ကြားသောအခါ လျှောင်ဝမ်ရှန်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ မရဏအိမ်တော်သည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကိုပင် ထုတ်ယူလာခဲ့ပေ၏။ မဟာချန်တွင် အနိုင်ရရန် အခွင့်အရေးဟူ၍ မည်သည့်အရာ ရှိတော့မည်နည်း။ မြို့ကာကွယ်ရေး မဟာဝင်္ကပါ ပျက်စီးသွားသည့် အခိုက်အတန့်သည် မဟာချန် ပျက်စီးမည့် အချိန်ပင်။
လုရန်သည် လီယွီဖုန်း၏လက်ထဲရှိ ကျောက်စိမ်းရုပ်ထုငယ်ကို ရှင်းလင်းစွာ မြင်နိုင်ရန် သူ၏လည်ပင်းကို ဆန့်တန်းကာ အရသာခံ၍ ကြည့်နေခဲ့သည်။ သူက တွေးလိုက်သည်။
"မြစ်ဝါမြစ် ကွေ့ကိုးကွေ့ ဝင်္ကပါရဲ့ ဖိနှိပ်မှု အကျိုးသက်ရောက်မှုကို ဘေးဖယ်ထားရင်... ဒီလက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်နဲ့ ငါ့ရဲ့ လက်ရှစ်ဖက် ထျန်းဖုန်းမှာ ဘယ်ဟာက ပိုအစွမ်းထက်မလဲ မသိဘူး..."
သူ တွေးတောနေစဉ်မှာပင် လုံကျွန်းယန်က ဆက်လက်၍ ပြောဆိုသည်။
"လက်ယာဘက်က ဒီလူတွေက ကြောင်ယောင်မျိုးနွယ်က ကြီးမြတ်တဲ့ ကျွမ်းကျင်သူတွေပဲ... နတ်ဆိုးဧကရာဇ်သုံးပါး ဒီနေရာမှာ ရှိတယ်..."
သူ ရည်ညွှန်းနေသည်မှာ လန်ကျီး၏နောက်ရှိ အဒေါ်သုံးယောက်ပင်။ မှည့်နေသော မက်မွန်သီးများကဲ့သို့ သူမတို့၏ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော အမူအရာများကြောင့် လှည့်စားမခံသင့်ချေ။ သူမတို့သည် အစစ်အမှန် နတ်ဆိုးဧကရာဇ်များပင်။
ဤတစ်ကြိမ်တွင် ဖူကျန်းလုံ၏ မျက်နှာအမူအရာပင် အလွန်ကြည့်ရဆိုးနေလေပြီ။ နတ်ဆိုးဧကရာဇ် သုံးပါး မရဏအိမ်တော်၏ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်နှင့် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ အင်မော်တယ်သခင် တပ်မှူး ငါးဦးတို့အပြင် လုံကျွန်းယန်ကိုယ်တိုင်ကလည်း အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေသည်။ မဟာချန်က ဤအင်အားကို မည်သို့ ခုခံနိုင်မည်နည်း။
ထိုအချိန်မှာပင် လန်ကျီးသည် လုံကျွန်းယန်က သူမအကြောင်း မပြောခဲ့သည်ကို မကျေမနပ်ဖြစ်နေပုံရပေ၏။ သူမက လက်ကိုမြှောက်ကာ သေသပ်လှပသော အသေးစား ရှေးဟောင်း စေတီတစ်ခုကို ပြသလိုက်သည်။
"ငါ့ရဲ့ အသင်္ချေနတ်ဆိုးစေတီထဲမှာ ယောင်မျိုးနွယ် စစ်တပ်တစ်သန်း ရှိသေးတယ်... မြို့ပျက်တဲ့နေ့က မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ ပျော်ပွဲရွှင်ပွဲ လုပ်မယ့် အချိန်ပဲ... နင်တို့နှစ်ယောက်က နင်တို့ရဲ့ ကိုယ်ပိုင် ထွက်ပေါက်အတွက် စဉ်းစားတာ ပိုကောင်းမယ်..."
ထိုစကားကို ကြားသောအခါ ဖူကျန်းလုံပင် တိတ်ဆိတ်သွားတော့သည်။ လုံကျွန်းယန်အပေါ် လျှောင်ဝမ်ရှန်း၏မျက်လုံးများသည် ခင်မင်ရင်းနှီးလာပေ၏။
လူတစ်ယောက်တည်းကသာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ထိုသူမှာ စားသောက်ဆိုင်ထဲတွင် ပွဲကြည့်နေသော လုရန်ပင်။
"နတ်ဆိုးဧကရာဇ်သုံးယောက်... ပြီးတော့ အဲ့ဒီစေတီလေးထဲမှာ ယောင်မျိုးနွယ် စစ်တပ်တစ်သန်း ရှိတယ်လား..."
လုရန်က စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ နတ်ဆိုးသန့်စင်ခြင်းအိုးသည် သူ၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။ ဤအရာက ကြီးမားသော အသုံးဝင်မှု ရှိလာပေလိမ့်မည်။
ယောင်မျိုးနွယ် တစ်သန်း...
ဤသည်က မည်မျှထိ ကြီးမားသော အားဆေးကြီး ဖြစ်မည်နည်း...