အခန်း ၇၀
Vol. 7 Ch. 70
အခန်း ၇၀: မဟာကွန်ဖြူးရှပ်ပညာရှင်၏ ဓမ္မပုံရိပ်ယောင်
"ဖူကျန်းလုံ...လျှောင်ဝမ်ရှန်း... ငါ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီ... မင်းတို့ကိုယ်တိုင်လည်း အခြေအနေကို မြင်နိုင်ပါတယ်... မင်းတို့နှစ်ယောက် ဘာဆုံးဖြတ်ထားလဲ..."
သရုပ်ပြသမှုသည် ပြုလုပ်ပြီးသွားပြီ ဖြစ်သဖြင့် ယခုအချိန်၌ သူတို့နှစ်ဦး မည်သည့်အရာအား ဆုံးဖြတ်မည်ကိုကြည့်ရန် အချိန်ရောက်လာလေပြီ။
ဤလူနှစ်ယောက်သာ ဘက်ပြောင်းသွားပါက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့တွင် အင်မော်တယ်သခင်နှစ်ယောက် ထပ်တိုးလာပေမည်။
မဟာချန်နှင့် ပတ်သက်၍မူ ဧကရီတစ်ပါးတည်းသာ တပ်ဖွဲ့မရှိသော ခေါင်းဆောင်အဖြစ် ကျန်ရှိတော့ပေမည်။
ဧကရီသည် သူမ၏ မျက်နှာကိုပင် မပြသသေးချေ။ အကယ်၍ သူမ ထွက်ပေါ်မလာဘဲ ဤလူနှစ်ယောက်သာ ဘက်ပြောင်းသွားပါက မဟာချန်သည် ဗလာဖြစ်နေသော အခွံတစ်ခုမျှသာ ဖြစ်သွားပေမည်။
မြို့ကာကွယ်ရေး မဟာဝင်္ကပါ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် မဟာချန်သည် သူတို့ ယူဆောင်ရန်အတွက် ဖြစ်လာပေမည်။
"စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး... ငါ ဖူကျန်းလုံက မဟာချန်နဲ့အတူ ရှင်သန်ပြီး အတူတူ သေမယ်..."
ဖူကျန်းလုံက အရင်ဆုံး အော်ငေါက်လိုက်သည်။
လုံကျွန်းယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
အရာအားလုံး ပြောပြပြီးသွားသည်တိုင် ဖူကျန်းလုံက ဤမျှထိ ခေါင်းမာနေဆဲဖြစ်ကြောင်း သူ တွေးတောမိသည်။
အံ့အားသင့်စရာကောင်းသည်မှာ လျှောင်ဝမ်ရှန်းသည် အမြဲတစေ ဖြောင့်မတ်ပြီး လာဘ်စားမှုကင်းကာ ဘက်လိုက်မှုကင်းသော သံမဏိမျက်နှာဖြင့် မဟာချန်အတွက် အရာရှိများအားလုံးကို ကြီးကြပ်သူပင်။
သူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"ကျွန်တော် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်..."
ရုတ်ချည်းဆိုသလိုပင် ဖူကျန်းလုံသည် လျှောင်ဝမ်ရှန်းကို လှည့်ကြည့်ပြီး အော်ငေါက်လိုက်၏။
"လျှောင်ဝမ်ရှန်း... မင်း ခွေးကောင်... မင်း ရူးသွားပြီလား..."
လျှောင်ဝမ်ရှန်းက ဖူကျန်းလုံကို လှည့်ကြည့်ပြီး ပြောဆိုသည်။
"လူတွေက ငွေအတွက် သေကြသလို ငှက်တွေကလည်း အစာအတွက် သေကြတာပဲ... တုရှုရှန်း ပြောတာ မှန်တယ်... ငါက နှစ်သောင်းနဲ့ချီပြီး ခါးသီးစွာ ကျင့်ကြံခဲ့သလို မဟာချန်အတွက်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်... ငါ မသေသင့်ဘူး... ဒီနေရာမှာ ငါ မသေသင့်ဘူး..."
သို့သော် သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် လျှောင်ဝမ်ရှန်းသည် တုရှုရှန်း၏ ကံကြမ္မာကို ရုတ်တရက် သတိရသွားပြီး သူ၏ နှလုံးသား တင်းကြပ်သွားတော့သည်။
သူသည် ပတ်ဝန်းကျင်ကို ကြည့်ရန် ခေါင်းကို ဆတ်ခနဲ လှည့်လိုက်၏။
အင်မော်တယ်သခင်တစ်ယောက်၏ ဆဋ္ဌမအာရုံက တစ်ခုခုကို ခံစားလိုက်ရသည့်အလား လျှောင်ဝမ်ရှန်းက သူ၏လက်ကို ရုတ်တရက် မြှောက်လိုက်သည်။
စုတ်တံမှော်ရတနာတစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာတော့သည်။
ထို့နောက်...
ဝီ...
မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်တစ်ခုက သူ၏ နောက်တွင် ထွက်ပေါ်လာပေ၏။
"မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်... မဆိုးဘူး... မဆိုးဘူး..."
လုံကျွန်းယန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
တိုက်ခိုက်ရေးစွမ်းအားအရ လျှောင်ဝမ်ရှန်းသည် ကျန်းကော် မြို့စားကြီးထက် နိမ့်ကျသော်လည်း မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်သည် ကောင်းကင်နှင့် မြေကြီး၏ သမာဓိချီကို ကြိုးကိုင်ခြယ်လှယ်နိုင်သဖြင့် အလွန်ရှားပါးလှသည်။
သို့သော် ဤအချိန်တွင် လျှောင်ဝမ်ရှန်း၏မျက်နှာပေါ်၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူ၏ မှော်ရတနာနှင့် ဓမ္မပုံရိပ်ယောင်ကို ဆင့်ခေါ်ပြီးနောက် သူသည် တွန့်ဆုတ်မှု အနည်းငယ်မျှ မရှိဘဲ တော်ဝင်နန်းတော်ဆီသို့ ဦးတည်သွားတော့သည်။
မြို့ကာကွယ်ရေး မဟာဝင်္ကပါ၏ ဗဟိုချက်မှာ တော်ဝင်နန်းတော်တွင် တည်ရှိသည်။
ဧကရီ၏ လူများသည် ဝင်္ကပါကို ထိန်းသိမ်းနေကြ၏။ လျှောင်ဝမ်ရှန်းသည် ထိုနေရာသို့ သွားပြီး မြို့ကာကွယ်ရေး မဟာဝင်္ကပါကို ဗဟိုချက်မှ ဖျက်ဆီးရန်အတွက် ထိုနေရာတဝိုက်ကို ရှင်းလင်းရန်သာ လိုအပ်သည်။
သူသည် ဘက်ပြောင်းရန် ဆုံးဖြတ်ပြီးဖြစ်သော်လည်း မြို့ကာကွယ်ရေး မဟာဝင်္ကပါသည် အသက်ဝင်နေဆဲပင်။ မြို့ပြင်ရှိ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် အထဲသို့ ဝင်၍ မရသလို မြို့ထဲရှိ သူသည်လည်း အပြင်သို့ ထွက်၍ မရပေ။
သို့သော် ဧကရီ၏ဘေးရှိ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် မြို့ထဲတွင် ရှိနေဆဲပင်။ အကယ်၍ သူသာ အမြန်မလုပ်ဘဲ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ အကာအကွယ်ကို ရယူရန် ဝင်္ကပါကို မဖွင့်ပါက ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး လှုပ်ရှားလိုက်သည်နှင့် သူ အဆုံးသတ်သွားပေမည်။
လျှောင်ဝမ်ရှန်းအနေဖြင့် သူ့ကိုယ်သူ တုရှုရှန်းထက် ပို၍စွမ်းဆောင်နိုင်မည်ဟု ထင်မှတ်မထားချေ။
သို့သော် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် အနက်ရောင် ပုံရိပ်တစ်ခုသည် တော်ဝင်နန်းတော်မှ ထွက်ပေါ်လာပြီး သူ့ကို လမ်းတစ်ဝက်တွင် ကြားဖြတ်ဟန့်တားလိုက်၏။
လေဟာနယ်အတွင်းတွင် ယင်းယွဲ့သည် လျှောင်ဝမ်ရှန်းကို ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။ သူမထံတွင် ဓမ္မပုံရိပ်ယောင် မရှိသလို ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား အတက်အကျများလည်း မရှိချေ။ သူမသည် သာမန်လူတစ်ယောက်အလား လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်နေရုံမျှသာဖြစ်သည်။
လျှောင်ဝမ်ရှန်း၏ မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်ကို ရင်ဆိုင်ရချိန်တွင် သူမသည် သစ်ပင်တစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင် သို့မဟုတ် မိုးထိအောင် မြင့်မားသော တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသည့် သာမန် သေမျိုးတစ်ဦးနှင့် တူညီနေသည်။
ထိုသို့ဆိုသည့်တိုင် လျှောင်ဝမ်ရှန်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီသွားပေ၏။ သူ၏ လှုပ်ရှားမှုများသည် ရုတ်တရက် ရပ်တန့်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူက အော်ဟစ်လိုက်သည်။
"လုံကျွန်းယန်... ဝင်္ကပါကို ချိုးဖျက်... ဝင်္ကပါကို မြန်မြန် ချိုးဖျက်စမ်း..."
သူ၏အသံ တုန်ယင်နေသည်။
လုံကျွန်းယန်သည် အနက်ရောင်ဝတ်စုံ အမျိုးသမီးကို ဇဝေဇဝါဖြင့် ကြည့်နေပေ၏။
နှစ်များတလျှောက် စုဆောင်းထားသော မဟာချန်အကြောင်း သတင်းအချက်အလက်များ အားလုံးထဲတွင် ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးအကြောင်း အချက်အလက် မရှိပုံရခြင်းက ထူးဆန်းနေသည်။
သို့သော် သူမက လျှောင်ဝမ်ရှန်းကို ဤမျှအထိ ကြောက်ရွံ့သွားစေနိုင်သည်ဆိုလျှင် သူမသည် သာမန်လူ မဟုတ်ကြောင်း သေချာနေသည်။
တပ်မှူး ချန်တာ့ရှန်း ပျောက်ဆုံးသွားခဲ့လေပြီ။ နောက်ဆုံးတွင် အင်မော်တယ်သခင်တစ်ယောက်ကို စည်းရုံးနိုင်ခဲ့ပြီးနောက် သူသည် အန္တရာယ်များကြား၌ စွန့်စားခြင်းဖြင့် သူ့ကို အလဟဿ အဖြစ်မခံနိုင်ပေ။
ထို့ကြောင့် လုံကျွန်းယန်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"ဝင်္ကပါကို ချိုးဖျက်စမ်း..."
ဤသည်က ရိုးရှင်းသော စကားလုံးတချို့သာဖြစ်သည်။ ထို့နောက် ယောင်မျိုးနွယ်၏ အဒေါ်သုံးယောက်နှင့် တပ်မှူးများသည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားကြ၏။
သူတို့သည် သူတို့၏ ဓမ္မပုံရိပ်ယောင်များကို လေထုအလယ်တွင် ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် နတ်ဘုရားအလား မြို့ကာကွယ်ရေး မဟာဝင်္ကပါ၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေကြသည်။
ကြောင်ယောင်မျိုးနွယ်၏ အဒေါ်သုံးယောက်သည်လည်း အလားတူပင် ပြုလုပ်ခဲ့ကြသည်။ သူတို့၏ သန့်ရှင်းသော ယောင်သွေးမျိုးဆက်များ ထွက်ပေါ်လာပြီး အနက်ရောင် မိစ္ဆာချီများ ရစ်ပတ်နေသော ဧရာမ ကြောင်ယောင်ကြီးတချို့က သူတို့၏နောက်တွင် ထွက်ပေါ်လာတော့သည်။
နောက်တစ်စက္ကန့်မှာပင် သူတို့သည် မြို့ကာကွယ်ရေး မဟာဝင်္ကပါကို တပြိုင်နက်တည်း အပြင်းအထန် စတင်တိုက်ခိုက်လိုက်ကြသည်။
အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များ၊ စိတ်ဝိညာဉ်စွမ်းအားများသည် မိစ္ဆာစွမ်းအားများနှင့် ရောနှောကာ တန်ဖိုးမရှိသည့်အလား ပျံ့လွင့်လာသည်။
မြို့ကာကွယ်ရေး မဟာဝင်္ကပါသည် ဖျက်ဆီး၍မရနိုင်ပုံရသော်လည်း ဤအုပ်စု၏ အစွမ်းကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုအောက်တွင် ထိုဝင်္ကပါသည် အလွန်အမင်း တုန်ခါနေပြီး အခြေအနေ မကောင်းတော့ချေ။
လုံကျွန်းယန်၏ အာရုံစိုက်မှုသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးအပေါ်တွင်သာ ရှိနေဆဲပင်။
သူမ၏ရှေ့တွင်ရှိနေသော လျှောင်ဝမ်ရှန်းသည် မလှုပ်ရှားရဲချေ။ သူသည် သူ၏နောက်ရှိ မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်၏ လက်များကို မြှောက်ထားပြီး လေထုအလယ်တွင် သတိကြီးစွာထား၍ မတ်တတ်ရပ်နေသည်။ ကောင်းကင်နှင့်မြေကြီး၏ သမာဓိချီများသည် ရှည်လျားသော မြစ်ကြီးတစ်ခုအဖြစ် စုစည်းသွားပြီး သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပြီးပြည့်စုံသော ကာကွယ်မှုတစ်ခုအဖြစ် လှည့်ပတ်နေပေ၏။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို သူ တိုက်ခိုက်ရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ချေ။ လျှောင်ဝမ်ရှန်းတွင် ထိုသို့လုပ်ရန် စိတ်ဝင်စားမှု လုံးဝမရှိဘဲ အသက်ရှင်ရန်သာ အာရုံစိုက်နေခဲ့သည်။ တုရှုရှန်းကို ချက်ချင်း သတ်နိုင်ခဲ့သော အဆိုပါ အမျိုးသမီးကို ရင်ဆိုင်ရချိန်တွင် သူ၏သတ္တိများ လုံးလုံးလျားလျား ကြေမွှပျက်စီးသွားခဲ့လေပြီ။
အင်မော်တယ်သခင်အချင်းချင်းအနေဖြင့် တုရှုရှန်း၏ စွမ်းအားကို သူ ကောင်းစွာသိရှိထားသည်။ တုရှုရှန်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ချက်ချင်းသတ်နိုင်ခြင်းက သူသည် ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို လုံးဝမယှဉ်နိုင်ကြောင်း ဆိုလိုသည်။
စားသောက်ဆိုင်အတွင်း၌...
လုရန်နှင့်လင်းပေါင်အာတို့သည် ပြတင်းပေါက်ကို မှီကာ ပွဲကြည့်ရန် သူတို့၏လည်ပင်းများကို ဆန့်တန်းထားကြသည်။
"ဒီအစ်မက ဘယ်သူလဲ... သူက အရမ်းအစွမ်းထက်ပုံရတယ်..."
လင်းပေါင်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ မသိဘူး... ဒါပေမဲ့ ကြည့်ရတာ... သူက လူသားမျိုးနွယ်က မဟုတ်ဘူး ထင်တယ်..."
လုရန်က တီးတိုးရေရွတ်လိုက်၏။
သူ့ထံတွင် ကောင်းကင်စိတ်ဝိညာဉ်မျက်လုံး ရှိပြီး လျှောင်ဝမ်ရှန်း၏နယ်ပယ်ကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်နိုင်သည်။ သူသည်လည်း ကျုံးယွန်ရှန်းနှင့်တူညီသော အင်မော်တယ်သခင်နယ်ပယ် ဒုတိယအဆင့်၌ ရှိနေသည်။
သို့သော် သူသည် ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို ထွင်းဖောက်မမြင်နိုင်ပေ။
ဤသည်မှာ သူမ၏နယ်ပယ်သည် အလွန်မြင့်မားလွန်းနေ၍ မဟုတ်ဘဲ ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို အသုံးမဝင်အောင် လုပ်နိုင်သော မြူခိုးများကဲ့သို့ အထူးအတားအဆီးတစ်ခု ရှိနေသောကြောင့်ပင်။ သူသည် ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို ရရှိထားသည်မှာ မကြာသေးသော်လည်း ယခင်က ဤကဲ့သို့ မအောင်မြင်ခဲ့ဖူးခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ချေ။
မအောင်မြင်ခဲ့ဖူးသည့် တစ်ခုတည်းသောအကြိမ်မှာ လင်းပေါင်အာသာ ဖြစ်သည်။ လုရန်သည် လီမျိုးနွယ်ဝင်များကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။
ယခုအချိန်တွင်လည်း ဤအမျိုးသမီးက သူ့အား ထိုကဲ့သို့ တူညီသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သို့သော် ဤအမျိုးသမီးသည် လီမျိုးနွယ်ဝင် တစ်ယောက် မဟုတ်သည်မှာ ရှင်းလင်းနေပြီး အမှန်အားဖြင့် သူမထံ၌ လူသားမျိုးနွယ်၏အငွေ့အသက်ပင် ရှိမနေချေ။
လေထုအလယ်တွင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဝင်္ကပါကို စတင်ချိုးဖျက်နေသည်အား မြင်သောအခါ လျှောင်ဝမ်ရှန်းက သက်ပြင်းချပြီး အော်ဟစ်လိုက်သည်။
"အရှင်မနဲ့ ကျွန်တော့်ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ကျွန်တော် ဘက်ပြောင်းခဲ့တာက မလွှဲသာလို့ ရွေးချယ်ခဲ့ရတာပါ... အရှင်မ ကျွန်တော့်ကို ဒုက္ခပေးစရာ မလိုပါဘူး... အခုအချိန်မှာ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဝင်္ကပါကို ချိုးဖျက်တော့မယ်... အရှင်မက သူတို့ကို ပိုပြီးစိုးရိမ်သင့်တယ်..."
သို့သော် ယခင်ကကဲ့သို့ပင် အမျိုးသမီးသည် တိတ်ဆိတ်နေဆဲ ဖြစ်ပေ၏။
ယင်းယွဲ့သည် ဝင်္ကပါကို ချိုးဖျက်နေသော သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများကို ကြည့်လိုက်ပြီးနောက် လျှောင်ဝမ်ရှန်းကို ပြန်ကြည့်လိုက်သည်။
ထို့နောက် သူမ၏လက်များကို အနည်းငယ် ဖြန့်လိုက်သည်။
ဝှစ်...
ယင်းယွဲ့၏ လက်ထဲတွင် အေးစက်သော အလင်းရောင်နှစ်ခု ထွက်ပေါ်လာတော့သည်။
ထိုအရာများမှာ ဓားမြှောင်များပင်။
အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသော မည်းနက်သည့် ဓားမြှောင်နှစ်လက်သည် ယင်းယွဲ့၏ လက်ထဲတွင် ထွက်ပေါ်လာသည်။ သို့သော် ယင်းယွဲ့သည် သူမ၏ဓမ္မပုံရိပ်ယောင်ကို ထုတ်ဖော်အသုံးပြုခြင်း မရှိသေးချေ။
လျှောင်ဝမ်ရှန်း၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။ တုရှုရှန်း၏ခေါင်းကို ထိုဓားမြှောင်များဖြင့် ဖြတ်ပစ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဝှစ်...
ယင်းယွဲ့က ဓားမြှောင်များကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်မှာပင် သူမ၏တစ်ကိုယ်လုံးသည် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပုံရပြီး လျှောင်ဝမ်ရှန်းဆီသို့ ပျံ့လွင့်လာတော့သည်။ သူမ၏ အမြန်နှုန်းသည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ မြန်ဆန်လှ၏။
"သေစမ်း..."
လျှောင်ဝမ်ရှန်းက သူ၏သတ္တိကို မြှင့်တင်ရန်အတွက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ရှိ မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်သည် သူ၏ခန္ဓာကိုယ်မှ ခွဲထွက်ကာ ရှေ့သို့ ခုန်ထွက်သွားပြီး လျှောင်ဝမ်ရှန်းကို ပုံရိပ်ယောင်၏ရင်ဘတ်နောက်တွင် ကာကွယ်ထားသည်။
ထိုပုံရိပ်ယောင်၏ ဧရာမလက်နှစ်ဖက်သည် ပြန့်ကားလာပြီး တောက်ပသော အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာများသည် အလွန်အမင်း သိပ်သည်းသော ကောင်းကင်နှင့်မြေကြီး၏ သမာဓိချီများဖြင့် လွှမ်းခြုံထားကာ စိတ်ဝိညာဉ်စွမ်းအားစီးကြောင်းတစ်ခုနှင့် ရောနှော၍ အမျိုးသမီး၏ပုံရိပ်ဆီသို့ ရိုက်နှက်လိုက်သည်။
ထိုအပြုအမူသည် ခြင်တစ်ကောင်ကို ရိုက်ဖမ်းရန် လက်ခုပ်တီးလိုက်သည့်အလားပင်။
ယင်းယွဲ့သည် ထိုအရာကို သတိပြုမိသော်လည်း သူမ၏လမ်းကြောင်းကို မပြောင်းလဲခဲ့ဘဲ ဧရာမ လက်ဖဝါးနှစ်ဖက်၏ ရိုက်ခတ်ခြင်းကို ထိပ်တိုက်ခံယူလိုက်၏။
သူ၏တိုက်ခိုက်မှု ထိမှန်သွားပြီဟု တွေးတောကာ လျှောင်ဝမ်ရှန်းသည် ဝမ်းသာမှုကို ခံစားလိုက်ရသည်။ သို့သော် သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်သော အမူအရာသည် အပြည့်အဝ ဖြစ်ပေါ်မလာမီမှာပင် ရုတ်တရက် အေးခဲတောင့်တင်းသွားတော့သည်။
မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်၏ လက်ဝါးများကြားတွင် အမျိုးသမီး၏လက်များသည် ဆန့်တန်းနေပြီး ဓားမြှောင်နှစ်လက်သည် ပုံရိပ်ယောင်၏လက်ဝါးများကြားတွင် ခိုင်မြဲစွာ ညပ်နေတော့သည်။
မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်က မည်မျှပင် အားစိုက်ထုတ်စေကာမူ ရှေ့သို့ တစ်လက်မမျှပင် မတိုးနိုင်တော့ပေ။
လျှောင်ဝမ်ရှန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူ အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင် အသုံးမဝင်ခဲ့ချေ။
ဤအမျိုးသမီးသည် သူမ၏ဓမ္မပုံရိပ်ယောင်ကိုပင် ထုတ်ဖော်ထားခြင်းမရှိချေ။ ထိုသို့ဆိုသည့်တိုင် သူမသည် လျှောင်ဝမ်ရှန်း၏ တိုက်ခိုက်မှုကို ဤမျှထိ လွယ်ကူစွာ ခုခံနိုင်ခဲ့ပေ၏။
လျှောင်ဝမ်ရှန်းက မသိစိတ်အရ နောက်သို့ ဆုတ်သွားတော့သည်။
အမျိုးသမီး၏လက်များသည် ဓမ္မပုံရိပ်ယောင်၏ လက်ဝါးများကို ဆန့်ကျင်၍ ထိပ်တိုက်ဖိကပ်ထားပြီး သူမ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။
ဝှစ်...
သူမသည် ချောကျိကျိ ငါးရှဉ့်တစ်ကောင်ကဲ့သို့ ဖြတ်သန်းသွားတော့သည်။ မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်၏လက်ဝါးများသည် ပိတ်သွားသော်လည်း အချိန်နှောင်းသွားလေပြီ။
တုံ့ပြန်သည့်အနေဖြင့် လျှောင်ဝမ်ရှန်းသည် ကြည်လင်သော အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ဆီသို့ ပြေးဝင်သွားတော့သည်။
ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဝင်္ကပါကို ချိုးဖျက်... ဝင်္ကပါကို ချိုးဖျက်စမ်း..."
---
Book 7 end.