အခန်း ၇၁
Vol. 8 Ch. 71
အခန်း ၇၁:လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်
အကယ်၍ ဝင်္ကပါကို မြန်မြန်မချိုးဖျက်နိုင်ပါက သူ အမှန်တကယ် သေသွားပေမည်။
တစ်ချိန်တည်းမှာပင် သူသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို နှောင့်ယှက်ရန်နှင့် အချိန်ဆွဲရန်အတွက် မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်ကို နောက်တွင် ချန်ထားခဲ့သည်။
အစီအစဉ်က ကောင်းမွန်သော်လည်း လက်တွေ့အခြေအနေက လျှောင်ဝမ်ရှန်းကို ချောက်ကမ်းပါးထဲ တွန်းချလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူ၏နောက်ရှိ အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် လျှောင်ဝမ်ရှန်း၏လမ်းကြောင်းကို ပစ်မှတ်ထားပြီး လေထုထဲတွင် ထူးဆန်းပြီး ကွေ့ကောက်နေသော လမ်းကြောင်းကို ဖန်တီးကာ သူမ၏အနက်ရောင်ပုံရိပ်ယောင်ကဲ့သို့ ခန္ဓာကိုယ်ဖြင့် လိုက်ပါလာပေ၏။
ကောင်းကင်နှင့်မြေကြီး၏ သမာဓိချီများနှင့်အတူ မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်ထံမှ တိုက်ခိုက်မှုတိုင်းကို အမျိုးသမီးက အားစိုက်ထုတ်စရာမလိုဘဲ ရှောင်တိမ်းသွားပြီး သူမကို တစိုးတစိမျှ အထိအခိုက်မရှိစေခဲ့ချေ။
လျှောင်ဝမ်ရှန်းသည် အလျင်စလို နောက်သို့လှည့်ကြည့်လိုက်ရာ ဓမ္မပုံရိပ်ယောင်သည် သူမကို မတားဆီးနိုင်ခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအစားထိုး အမျိုးသမီးသည် စက္ကန့်နှင့်အမျှ နီးကပ်လာနေပြီး မျက်စိတစ်မှိတ်အတွင်း သူ၏အနီးသို့ ရောက်ရှိလာတော့သည်။
သူ အလွန်ကြောက်လန့်သွားသဖြင့် သေးထွက်ကျလုနီးပါး ဖြစ်သွားတော့သည်။
ထိုအချိန်မှာပင်....
ခရက်...
မြို့ကာကွယ်ရေး မဟာဝင်္ကပါပေါ်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပေ၏။
ထို့နောက်....
ဘုန်း...
အက်ကွဲကြောင်းကို ဗဟိုပြု၍ မြို့ကာကွယ်ရေး မဟာဝင်္ကပါတစ်ခုလုံး ပေါက်ကွဲပြီး လွင့်စင်သွားကာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
အင်အားကြီးမားသော ကျွမ်းကျင်သူအများအပြား၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မဟာချန်၏ မြို့ကာကွယ်ရေး မဟာဝင်္ကပါသည် အလွန်ကြွပ်ဆတ်ကြောင်း သက်သေပြခဲ့သည်။
ဖူကျန်းလုံ၏မျက်နှာ ဖြူရော်သွားသည်။ သူ၏ရှေ့ရှိ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ စစ်တပ်ကို ကြည့်ရင်း သူ၏ နှလုံးသားသည် အေးစက်သော ပြာများကဲ့သို့ ဖြစ်သွားပေ၏။ လျှောင်ဝမ်ရှန်း၏ကံကြမ္မာကို ဂရုစိုက်ရန်ပင် သူ့ထံတွင် စွမ်းအားမရှိတော့ပေ။
သူ၏နောက်တွက် နတ်ဘုရားစစ်သူကြီး ဓမ္မပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာကာ သူ၏လှံရှည်ကို ဆွဲထုတ်လိုက်သည်။ သူသည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ တော်ဝင်မြို့တော်ကို သေသည့်အထိ ကာကွယ်ရန် သူ ပြင်ဆင်လိုက်သည်။
လျှောင်ဝမ်ရှန်းနှင့် ပတ်သက်၍မူ မြို့ကာကွယ်ရေး မဟာဝင်္ကပါ ပျက်စီးသွားသည်ကို သူ မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့... ငါ့ကို ကာကွယ်ပေးပါ..."
ထိုစကားနှင့်အတူ သူ၏အမြန်နှုန်းသည် ပို၍ပင် မြင့်တက်သွားပုံရသည်။
လုံကျွန်းယန်သည် မူလက တစ်ခုခုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း သူ မော့ကြည့်လိုက်ချိန်၌ အနက်ရောင် ပုံရိပ်သည် လျှောင်ဝမ်ရှန်း၏နောက်တည့်တည့်သို့ ရောက်နေပြီဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။
လျှောင်ဝမ်ရှန်း၏မျက်လုံးများသည် မျက်လုံးအိမ်များမှ ကျွတ်ထွက်လုနီးပါး ဖြစ်နေပြီး သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ ထုတ်လွှတ်ကာ အရပ်မျက်နှာအဘက်ဘက်မှ ကာကွယ်ထားသည်။ အကယ်၍ သူသာ ဤစက္ကန့်အနည်းငယ်ကို အသက်ရှင်သန်နိုင်ပြီး တောင့်ခံနိုင်ပါက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ ကာကွယ်မှုဖြင့် သူ သေဆုံးတော့မည် မဟုတ်ချေ။
ကံမကောင်းစွာဖြင့် ဤသည်က အချည်းနှီးသာ ဖြစ်သွားခဲ့ပေ၏။
သူ၏အကာအကွယ်အလွှာသည် စက္ကူကဲ့သို့ဖြစ်ပြီး ဓားမြှောင်တစ်လက်ဖြင့် လွယ်လင့်တကူ လှီးဖြတ်ခြင်းခံလိုက်ရသည်။
ဖောက်...
ဓားမြှောင်တစ်လက်သည် လျှောင်ဝမ်ရှန်း၏ ဒန်တျန်အတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။ ထို့နောက် ထူးဆန်းသော အထူးစွမ်းအင်တစ်ရပ် သူ၏ဒန်တျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို ဆုတ်ဖြဲလိုက်သည်။
တခြားဓားမြှောင်တစ်လက်သည် ချောမွေ့သော လှုပ်ရှားမှုတစ်ခုဖြင့် အထက်သို့ ခုတ်ပိုင်းသွားပေ၏။
ဝှစ်...
ထိုဓားချက်က လျှောင်ဝမ်ရှန်း၏ ခေါင်းကို ဖြတ်တောက်လိုက်တော့သည်။
လျှောင်ဝမ်ရှန်းကဲ့သို့ အင်မော်တယ်သခင်တစ်ယောင်အတွက် သူ၏ဒန်တျန် တိုက်ခိုက်ခံရလျှင် သို့မဟုတ် ခေါင်းဖြတ်ခံရလျှင်ပင် သူ၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် နည်းလမ်းများ ရှိနေသည်။
သို့သော် ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ တိုက်ခိုက်မှုများအောက်တွင် သူ၏နည်းလမ်းများအားလုံး အသုံးမဝင်တော့ပုံရသည်။
မဟာကွန်ဖြူးရှပ် ဓမ္မပုံရိပ်ယောင်သည် လေထုအလယ်တွင် အေးခဲသွားပြီးနောက် အသံမထွက်ဘဲ ပျောက်ကွယ်သွားတော့သည်။
လျှောင်ဝမ်ရှန်း၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် မည်သူမျှ ဂရုမစိုက်ခဲ့ကြချေ။ သူ၏ ဒန်တျန်မှ စိတ်ဝိညာဉ်စွမ်းအားစီးကြောင်းတစ်ရပ် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ထိုပေါက်ကွဲမှုကြောင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ဝတ်ရုံ တဖျပ်ဖျပ်လူးလွန့်သွားသည်။
သူမ၏ဓားမြှောင်နှစ်လက်ကို အနည်းငယ် လှုပ်ခတ်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက လုံကျွန်းယန်ဆီသို့ လှည့်ကြည့်လိုက်၏။
လုံကျွန်းယန် အံ့အားသင့်သွားသည်။
ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မည်သူဖြစ်သနည်း။ သူမ၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
သူမသည် လျှောင်ဝမ်ရှန်းကို အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုဖြင့် သတ်ဖြတ်ခဲ့သည်။ လုံကျွန်းယန်ပင်လျှင် ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို ရင်ဆိုင်ရချိန်တွင် သူ၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ဝှစ်...
သူမ၏ပစ်မှတ်ကို သတ်မှတ်ပြီးဖြစ်သဖြင့် တခြားသူများအားလုံးကို လုံးဝလျစ်လျူရှုကာ ယင်းယွဲ့သည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး လုံကျွန်းယန်ဆီသို့ ပြေးဝင်လာတော့သည်။
"လီယွီဖုန်း... လှုပ်ရှားတော့..."
လုံကျွန်းယန်က အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် တန်ဖိုးမရှိသည့်အလား ကာကွယ်ရေး စိတ်ဝိညာဉ်ရတနာ အမြောက်အများကို ပစ်ထုတ်လိုက်သည်။ သူသည် သူ၏ခြေထောက်အောက်ရှိ သွေးရောင်လှံကြီးကိုပင် ပြန်လည်ရုပ်သိမ်းလိုက်ပြီး ထိုအရာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏မျက်လုံးများသည် ချဉ်းကပ်လာသော အနက်ရောင် ပုံရိပ်အပေါ်တွင်သာ စူးစိုက်၍ ကျရောက်နေတော့သည်။
အရေးကြီးသော အချိန်အခိုက်အတန့်တွင် လွီယွီဖုန်းသည် သေးငယ်သော အရာတစ်ခုကို လေထဲသို့ ပစ်တင်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
ဤသည်မှာ ထိုအနက်ရောင် ကျောက်စိမ်းရုပ်ထုငယ်လေးပင်။
အမျိုးသမီးသည် တစ်ခုခုကို ခံစားလိုက်ရပြီး သူမ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားတော့သည်။
နောက်တစ်စက္ကန့်မှာပင်....
ဘုန်း...
ဓမ္မပုံရိပ်ယောင်တစ်ခုထက် နှစ်ဆပိုကြီးသော ဧရာမ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် သံမဏိမျှော်စင်ကြီးတစ်ခုအလား မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
ထိုပုံရိပ်ကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူသည် ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။ ဤသည်မှာ စိတ်ဝိညာဉ်စွမ်းအား အတက်အကျ မရှိဘဲ ရိုးရှင်းသော လက်သီးတစ်ချက်သာ ဖြစ်သည်။
ထိုသို့ဆိုသည့်တိုင် ဤသည်က အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးကို ယင်ကောင်တစ်ကောင်အလား နောက်သို့ လွင့်စင်သွားစေပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ အတော်ဝေးဝေးအထိ တရွတ်တိုက်သွားစေသည်။ လမ်းတလျှောက်ရှိ တော်ဝင်မြို့တော် အဆောက်အအုံများသည် တိုက်ခိုက်မှု၏ ကြီးမားသော အင်အားကြောင့် ဖျက်ဆီးခြင်းခံလိုက်ရတော့သည်။
လီယွီဖုန်းသည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ လက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖော်ဆောင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ခွန်အားက နည်းစနစ်အားလုံးကို အနိုင်ယူတယ်... မဟာချန်မှာ မင်းလို ပါရမီရှင် မိန်းကလေးတစ်ယောက် ရှိနေတာ တကယ်ကို ရှားပါးတယ်... ဒါပေမဲ့ မင်းက ငါတို့မရဏအိမ်တော်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါ့မလား..."
စားသောက်ဆိုင်အတွင်း၌...
လုရန်နှင့်လင်းပေါင်အာတို့က စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
အထူးသဖြင့် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို လက်သီးဖြင့် ထိုးလိုက်ပြီး အဆောက်အအုံများ အတန်းလိုက် ပြိုကျသွားသည်ကို သူတို့ မြင်လိုက်ရချိန်တွင်ဖြစ်သည်။ သူတို့နှစ်ဦး အကြီးတစ်ယောက် အငယ်တစ်ယောက်တို့သည် အချင်းချင်း မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြ၏။
"ကံကောင်းလို့... စားသောက်ဆိုင်ရှိတဲ့ ဒီအတန်းကို မထိဘူး..."
လုရန်က မှတ်ချက်ပေးလိုက်သည်။
"ဟုတ်တယ်... အတိအကျပဲ..."
လင်းပေါင်အာက ထောက်ခံလေသည်။
ထို့နောက် သူတို့နှစ်ဦးသည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏ ဦးတည်ချက်သို့ ကြည့်လိုက်ကြသော်လည်း အဆောက်အအုံများ ပိတ်ဆို့နေသောကြောင့် ဘာမှမမြင်ရချေ။
"သူ သေသွားပြီလား..."
လင်းပေါင်အာက မေးလိုက်၏။
"မသေဘူး... ပြီးတော့... သူက လုံးဝအထိအခိုက်မရှိဘူး..."
လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် ထိုဧရိယာကို ဖုံးလွှမ်းနိုင်သဖြင့် အမျိုးသမီး၏အရှိန်အဝါကို သူ ခံစားနိုင်သည်။ သူမကို သူ ထွင်းဖောက်မမြင်နိုင်သေးသော်လည်း သူမ၏အရှိန်အဝါသည် တည်ငြိမ်နေကြောင်း သူ ခံစားနိုင်ပေ၏။
ထိုအရာက လီမျိုးနွယ်ဝင်များ၏ လက္ခဏာများကို စမ်းသပ်ရန် လင်းပေါင်အာကို သူ လက်သီးဖြင့် ထိုးခဲ့သည့် အချိန်ကို လုရန်အား ပို၍ပင် သတိရစေခဲ့သည်။ သို့သော် လုရန်၏ အာရုံခံနိုင်စွမ်းတွင် ဤအမျိုးသမီး၏အရှိန်အဝါသည် လီမျိုးနွယ်ဝင်များနှင့် ကမ္ဘာတစ်ခုစာမျှ ကွာခြားနေသည်။ သူမသည် သူတို့ထဲမှ တစ်ယောက် မဖြစ်နိုင်ပေ။
"ပေါင်အာ... လီမျိုးနွယ်ဝင်တွေအပြင် ဘယ်မျိုးနွယ်တွေမှာ မသေနိုင်တဲ့ ခန္ဓာကိုယ်တွေ ရှိသေးလဲ..."
လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
သို့သော် လင်းပေါင်အာသည် ဇဝေဇဝါဖြင့် ခေါင်းခါယမ်းလိုက်၏။ သူမ၏အသိပညာသည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ သိပ်မကြာသေးသော လုရန်နှင့် ထပ်တူထပ်မျှနီးပါးပင်။
လုရန်သည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ သိပ်မကြာသေးသလို ဘာမှလည်း မသိပေ။ လင်းပေါင်အာသည် ငယ်ရွယ်သဖြင့် ထိုနည်းတူစွာပင် ဘာမျှမသိချေ။
"ဆက်ကြည့်ကြတာပေါ့..."
"ဟုတ်ကဲ့..."
တစ်ယောက်ကို အမဲသားတစ်ဖတ်စီ ပါးစပ်ထဲ ထည့်ကာ သူတို့နှစ်ဦးသား ပွဲကို ဆက်လက်၍ ကြည့်ရှုနေကြသည်။
လုရန်၏ မူလခန့်မှန်းချက်တွင် မဟာချန်သည် ဤတစ်ကြိမ်တွင် အခြေခံအားဖြင့် ကျဆုံးသွားပြီ ဖြစ်သည်။ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် လွှမ်းမိုးနိုင်သောအင်အားဖြင့် မဟာချန်ကို သိမ်းပိုက်နိုင်ပေမည်။
သို့သော် ယခု ကြည့်ရသည်မှာ ပြောင်းလဲနိုင်သော အရာတချို့ ရှိနေပုံရသည်။ လျှောင်ဝမ်ရှန်း သေဆုံးသွားခဲ့ပြီဖြစ်ပြီး ဧကရီကလည်း ထိုနေရာတွင် ရှိမနေပေ။
မဟာချန်တွင် ယခုအချိန်၌ ဖူကျန်းလုံ တစ်ဦးတည်းသာ တစ်ဦးတည်းသော အင်မော်တယ်သခင်အဖြစ် ကျန်ရှိတော့သည်။ ထိုသို့ဆိုသည့်တိုင် အင်မော်တယ်သခင်တစ်ယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်သောလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီး ရှိနေသည်။ ဤသည်မှာ အကြွင်းမဲ့လွှမ်းမိုးချုပ်ကိုင်နိုင်မှုဖြင့် ချက်ချင်းသတ်ဖြတ်ခြင်းပင်။
သို့သော် အခြေအနေသည် မဟာချန်ဘက်၌ အကောင်းမြင်စရာ မရှိသေးချေ။ မရဏအိမ်တော်၏ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည်လည်း နောက်ပြောင်စရာတစ်ခု မဟုတ်ချေ။
လုရန် လှည့်ကြည့်လိုက်ရာ ဓမ္မပုံရိပ်ယောင်တစ်ခုထက် သိသိသာသာ ပို၍ကြီးမားသော လက်ခြောက်ဖက်ကောင်းကင်အလောင်းကောင်ဘုရင်သည် ရှေးဟောင်းမွန်းစတားအိုကြီးတစ်ကောင်အလား ထိုနေရာတွင် မတ်တတ်ရပ်နေသည်။
ထိုအရာသည် ဓမ္မပုံရိပ်ယောင်ကဲ့သို့ ဝိုးတဝါး စွမ်းအားခန္ဓာကိုယ်တစ်ခု မဟုတ်ပေ။ ဤကောင်းကင်အလောင်းကောင်ဘုရင်တွင် တုတ်ခိုင်သော ခန္ဓာကိုယ်နှင့် သန်မာသော လက်ခြောက်ဖက် ရှိနေပေ၏။ အလောင်းကောင်ကြီး၏ခန္ဓာကိုယ်၌ ပြည်တည်နာများဖြင့် ဖုံးလွှမ်းနေသော်လည်း မျက်နှာကို တိုက်ရိုက်ရိုက်ခတ်လာသော အနံ့အသက်ဆိုးတစ်ခုကိုလည်း ထုတ်လွှတ်နေသည်။
"တကယ့်ကို နံတာပဲ..."
လုရန်က တီးတိုးရေရွတ်လိုက်သည်။
သူ၏ရှေ့က အမဲသားကင်ပင်လျှင် ယခင်ကလောက် အရသာ မရှိတော့ချေ။
ကောင်းကင်အလောင်းကောင်ဘုရင်ထံမှ မည်သည့် စိတ်ဝိညာဉ်စွမ်းအား အတက်အကျကိုမျှ သူ မခံစားနိုင်ချေ။ ခွန်အားသည် နည်းစနစ်အားလုံးကို အနိုင်ယူနိုင်သည်ဟု လီယွီဖုန်း ပြောခဲ့သည်ကို ပြန်တွေးကြည့်မိချိန်၌ လုရန် အကြမ်းဖျင်း နားလည်သွားသည်။
ဤသတ္တဝါသည် ဖုတ်ကောင်ပင်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ခွန်အားတို့သည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေလေပြီ။ ဤအလောင်းကောင်တွင် စိတ်ဝိညာဉ်စွမ်းအား မရှိသောကြောင့် သူ၏အရှိန်အဝါကို မခံစားနိုင်ပေ။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာသက်သက် ဖိနှိပ်မှုပင်။
မဟာကွန်ဖြူးရှပ်ဓမ္မပုံရိပ်ယောင်၏ ကာကွယ်မှုများကိုပင် ဂရုမစိုက်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဤဖုတ်ကောင်ကြောင့် လွင့်စင်သွားခဲ့သည်။ ကောင်းကင်အလောင်းကောင်ဘုရင်၏ ခွန်အားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးတောကြည့်နိုင်သည်။ ထိုအရာသည် အင်မော်တယ်သခင်တစ်ယောက်ကို တိုက်ခိုက်ရန် လုံလောက်သည်ထက် ပိုပေ၏။
ဤသည်မှာ မြောက်ပိုင်းနယ်စပ်ရှိ မရဏအိမ်တော်၏ အထွတ်အထိပ်ရတနာ ဖြစ်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
"ဒီလို စွမ်းအားမျိုးနဲ့ဆိုရင်... ငါ့ရဲ့ လက်ရှစ်ဖက် ထျန်းဖုန်းကြီးက တောင့်ခံနိုင်ပါ့မလား မသိဘူး..."
လုရန်က သိချင်စိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လုံကျွန်းယန်က သက်ပြင်းချလိုက်သည်။ သူ၏ရှေ့ရှိ ကောင်းကင်အလောင်းကောင်ဘုရင်ကို ကြည့်ရင်း သူသည်လည်း အံ့အားသင့်နေပေ၏။
မြောက်ပိုင်းနယ်စပ် မရဏအိမ်တော်၏ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ထူးခြားကြောင်း သူ ကြာမြင့်စွာကတည်းက ကြားဖူးခဲ့ပြီး ယခုကြည့်ရသလောက် ဤသည်က အမှန်ဖြစ်ပုံရသည်။
အကယ်၍ ထိုလက်သီးချက်သာ သူ့ကို ထိမှန်ခဲ့ပါက လုံကျွန်းယန်ပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။ သူ၏နံဘေးရှိ တပ်မှူးများ၏ မျက်လုံးများသည်လည်း တောက်ပသွားကြသည်။ သူတို့ကို ကူညီရန် ဤကဲ့သို့ အရာတစ်ခု ရှိနေခြင်းမှာ အလွန်ကောင်းမွန်လှသည်။
ကြောင်ယောင်မျိုးနွယ်၏ အဒေါ်သုံးယောက်နှင့် လန်ကျီးတို့ပင်လျှင် တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် စောင့်ကြည့်နေကြ၏။ သူမတို့သည် အစွမ်းထက်သော်လည်း မြောက်ပိုင်းနယ်စပ်၏ မရဏအိမ်တော်တစ်ခု၌ ဤကဲ့သို့ ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု သူမတို့ မျှော်လင့်မထားခဲ့ကြပေ။
လီယွီဖုန်းသည် လူတိုင်း၏ တုံ့ပြန်မှုကို အလွန် ကျေနပ်နေပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုသည်။
"မင်းတို့အားလုံး... စိတ်ချပါ... ဒီမိန်းကလေးက ထူးဆန်းပေမဲ့ ငါတို့မရဏအိမ်တော်က သူ့ကို ဖိနှိပ်ထားလို့ သူ သိပ်များများစားစား လုပ်နိုင်မှာ မဟုတ်ပါဘူး... ဖူကျန်းလုံနဲ့ ပတ်သက်လို့တော့ မင်းတို့စိတ်ကြိုက် ကိုင်တွယ်လို့ရတယ်..."