အခန်း ၇၇
Vol. 8 Ch. 77
အခန်း ၇၇:အကွေ့ကိုးဆယ် မြစ်ဝါဝင်္ကပါ
လေဟာနယ်သည် တွန့်လိမ်သွားပြီး အပြင်ဘက်သို့ ဂယက်ထသွားကာ ဧရိယာ ပို၍ပို၍ကြီးမားလာတော့သည်။ ဤသည်မှာ မဟာချန် တော်ဝင်မြို့တော်ပေါ်တွင် မတ်မတ်တည်ရှိနေသော ကြေးမုံမှန်ချပ်ကြီးတစ်ခုနှင့် တူညီနေသည်။
"အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်... ဒါက ကျွန်မတို့ အပြာရောင်ဂိုဏ်းရဲ့ ဂိုဏ်းတံခါးလား..."
လော့လော့က မေးလိုက်သည်။
"အင်း..."
လုရန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လော့လော့ဘက်သို့ လှည့်ကြည့်ပြီး ပြောဆိုသည်။
"မင်းနဲ့ပတ်သက်လို့တော့... မင်းက အရှေ့ဘက်နယ်မြေကို အုပ်စိုးနေတာဆိုတော့ ဘာလို့ မင်းရဲ့ ဂိုဏ်းတူမောင်နှမတွေနဲ့ မဆက်သွယ်ခဲ့တာလဲ... မဟာချန်က မင်း ပိုင်မှန်း ငါ စောစောကတည်းက သိခဲ့ရင် ဒီလောက်ထိ ဒုက္ခခံနေမှာ မဟုတ်ဘူး..."
ဤစကားကို ကြားသောအခါ လော့လော့၏ မျက်နှာအမူအရာ အနည်းငယ် ညှိုးသွားပြီး သူမသည် ခေါင်းခါယမ်းလိုက်၏။
လုရန်က နောက်ဆုံးတွင် နားလည်သွားပြီး ပြောဆိုသည်။
"ဒါက မင်းရဲ့ ပင်ကိုယ်စရိုက်ပဲ... နှစ်သောင်းနဲ့ချီ ကြာသွားတာတောင် မပြောင်းလဲသေးဘူးပဲ..."
ထိုစဉ်က လုရန်သည် ငယ်ရွယ်သော လော့လော့ကို အလောင်းတောင်များနှင့် သွေးပင်လယ်ထဲမှ ခေါ်ထုတ်လာခဲ့ခြင်းပင်။ ထိုအချိန်မှစ၍ လော့လော့သည် လုရန်မှလွဲ၍ မည်သူ့ကိုမျှ ထပ်မယုံကြည်တော့ပေ။
အထက်ဘုံသို့ တက်လှမ်းပြီးနောက် အရှေ့ဘက်နယ်မြေတွင် အပြာရောင်ဂိုဏ်းမှ ဂိုဏ်းတူမောင်နှများများ ရှိနေကြောင်း သိသော်လည်း သူမသည် သူတို့နှင့် မည်သည့်ပတ်သက်မှုမျှ မလုပ်ခဲ့ပေ။ အဆုံးစွန်ထိ ပြောဆိုရလျှင် လော့လော့သည် အပြာရောင်ဂိုဏ်းမှ တပည့်များ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ သူမ စောင့်ဆိုင်းနေသော တစ်ခုတည်းသော အရာသည် လုရန်ပင်။ သူမ၏ အပြာရောင်ဂိုဏ်းမှ ဂိုဏ်းတူမောင်နှမများအတွက်မူ သူမ လုံးဝဂရုမစိုက်ခဲ့ပေ။
ထိုအချိန်မှာပင်...
ပြန့်ကားနေသော လေဟာနယ်လှိုင်းဂယက်များထဲမှ ကောင်းကင်ထိ မြင့်မားသော ကျောက်တိုင်ကြီးနှစ်ခုသည် ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခုကို ထောက်ပံထားပြီး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို လူများအားလုံး ရုတ်တရက် မြင်လိုက်ရသည်။ ထိုအရာပေါ်တွင် စာလုံးကြီးတချို့ကို ရေးသားထားသည်။
ဤသည်မှာ 'အပြာရောင်ဂိုဏ်း' ဟူ၍ပင်။
ဤသည်မှာ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ ဂိုဏ်းတံခါးပင်။
ထို့နောက် တောင်ခြေ၊ တောင်တက်လမ်းများ၊ စိမ်းလန်းသော သစ်တောများ၊ ငှက်များနှင့် သားရဲများ၊ လှည့်ပတ်နေသော မြူခိုးများသည် ဧရာမ စစ်သင်္ဘောကြီးတစ်ခုအလား တခြားလေဟာနယ်တစ်ခုမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများနှင့် တခြားသူများအားလုံး ဆွံ့အသွားကြ၏။ ဤသည်က မည်ကဲ့သို့သော နည်းလမ်းမျိုး ဖြစ်သနည်း။ ဤသည်မှာ အပြာရောင်ဂိုဏ်း ဖြစ်သလော။ ဤသည်မှာ အပြာရောင်ဂိုဏ်းတစ်ခုလုံးကို ပြောင်းရွှေ့လာခြင်းပင် ဖြစ်နိုင်သည်။
ထို့နောက် ပို၍ပို၍များပြားသော အဆောက်အအုံများ စနစ်တကျ ထွက်ပေါ်လာသည်။ ထူထပ်သိပ်သည်းသော တောင်ထိပ်များကြားတွင် လမ်းလျှောက်နေသော လူအုပ်ကြီးနှင့် ပြေးလွှားနေသော စိတ်ဝိညာဉ်သားရဲများကို မြင်တွေ့နိုင်ပေ၏။
ဧကရာဇ်သုံးပါး ဆေးပင်တစ်ရာဥယျာဉ်၊ ဆရာသခင်သုံးပါး သန့်စင်ခြင်းသုံးရပ် ခန်းမ၊ သိုင်းပညာ လေ့ကျင့်ရေးကွင်း၊ ဉာဏ်အလင်းပွင့်စင်မြင့်၊ ဆေးခန်းမ၊ လက်နက်ခန်းမစသဖြင့် ပို၍ပို၍များပြားသော အဆောက်အအုံများ ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်၏ခန်းမဆောင် တဖြည်းဖြည်း ထွက်ပေါ်လာသောအခါ ရှောက်ယင်းနှင့်တခြားလူများသည်လည်း ထွက်ပေါ်လာကြသည်။ အလယ်တွင် ချန်တာ့ရှန်းက ဦးဆောင်ပြီး စုယွဲ့လင်၊ ယဲ့ဟုန်ရီ၊ စွန်းထျန်းယိုနှင့် အခြားသူများက သူ၏ဘေးတွင် ရှိနေကြသည်။ လက်ဝဲဘက်တွင် ရှောက်ယင်း ဦးဆောင်သော မြေခွေးမျိုးနွယ်သည် အသင့်ပြင်ထားပြီး ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချန်တာ့ရှန်းက ယနေ့သည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က မဟာချန်ကို တိုက်ခိုက်မည့်နေ့ဖြစ်ကြောင်းနှင့် လုရန် သူတို့ကို လိုအပ်ပါက ခေါ်ယူမည်ဖြစ်ကြောင်း ပြောထားသောကြောင့်ပင်။ အခြေအနေအတိအကျကို သူတို့ မသိကြသော်လည်း တိုက်ပွဲအတွက် ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ကြသည်။
တောင်တန်းများကြားတွင် ဆယ်နှင့်ချီသော ဧရာမနတ်ဆိုးမြေခွေးများက နေရာယူထားကြသည်။ တခြားတစ်ဖက်တွင် ဖေးလော့ထျန်း၏ စီမံအုပ်ချုပ်မှုအောက်ရှိ မိစ္ဆာစစ်သားများနှင့် စစ်သူကြီးများ ဖြစ်ကြပြီး မည်သည့်အချိန်တွင်မဆို တိုက်ပွဲဝင်ရန် အထူးရွေးချယ်ထားသော ပျမ်းမျှအထက် စွမ်းအားရှိသည့် အုပ်စုပင်။ လူတိုင်း၏နောက်တွင်ရှိနေသော ကြီးမားခမ်းနားသော ဂိုဏ်းချုပ်ခန်းမဆောင်ကြီးသည် နေရောင်ကိုပင် ကာဆီးထားသည်။
လုံကျွန်းယန် လုံးလုံးလျားလျား အံ့အားသင့်သွားပေ၏။ ဤအချိန်တွင် မဟာချန် တော်ဝင်မြို့တော်၏ အထက်တည့်တည့်တွင် အင်မော်တယ်တောင် တစ်လုံး လွင့်မျောနေသည်။ ပြန့်ကျဲနေသော တောင်ထိပ်များသည် ထူထပ်သိပ်သည်းပြီး ဧရိယာသည် အလွန်ကြီးမားလှသဖြင့် တော်ဝင်မြို့တော်တစ်မြို့လုံးကိုပင် လွှမ်းခြုံထားလုနီးပါး ဖြစ်နေသည်။
"ဒါက... အပြာရောင်ဂိုဏ်း..."
လုံကျွန်းယန်၏ပါးစပ် မဲ့ရွဲ့သွားသည်။
ဤအရာနှင့် နှိုင်းယှဉ်လျှင် သူတို့သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ နဂါးကိုးကောင်တောင်သည် သန့်စင်ခန်းတစ်ခုနှင့်ပင် တူညီနေတော့သည်။ ဤမဟာချန် တော်ဝင်မြို့တော်သည်လည်း လုံးလုံးလျားလျား အရောင်မှိန်သွားပေ၏။
လန်ကျီးသည် အသင်္ချေနတ်ဆိုးစေတီကို အသက်သွင်းရန် ဟန်ပြင်နေဆဲအချိန်မှာပင် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်အတွင်း၌ မြေခွေးမျိုးနွယ်၏ ပုံရိပ်များ ထွက်ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် သူမ အလွန်ထိတ်လန့်သွားတော့သည်။ မြေခွေးမျိုးနွယ်၏ရှေ့ဆုံးမှ အမျိုးသမီးကို သူမ သေချာကြည့်လိုက်သည်။
သူမက "ရှောက်ယင်း..." ဟု မအော်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
အဒေါ်သုံးယောက်သည်လည်း ဤအချိန်တွင် သူမတို့၏ နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရသည်။ ကြောင်ယောင်မျိုးနွယ်သည် တောရိုင်းနယ်မြေမှ ထွက်ခွာကာ ရှပြည်နယ် အနက်ပိုင်းအထိ ဝင်ရောက်ရန် ဖိအားပေးခံခဲ့ရသည်ဖြစ်ရာ မြေခွေးမျိုးနွယ်က သူမတို့ကို ဤနေရာအထိ မည်သို့ လိုက်လာနိုင်မည်နည်း။ ထို့ပြင် ကြည့်ရသည်မှာ မြေခွေးမျိုးနွယ်သည် အပြာရောင်ဂိုဏ်းနှင့် အမှန်တကယ် ပတ်သက်မှု ရှိနေပုံရပေ၏။
"လန်ကျီးလား..."
ရှောက်ယင်းလည်း အံ့အားသင့်သွားသည်။
သူမ၏ရန်သူတော်ကြီးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သလို ကြောင်ယောင်မျိုးနွယ်၏ ဘိုးဘေးများဖြစ်သော ထိုအဒေါ်သုံးယောက်ကိုလည်း တွေ့လိုက်ရသည်။ ရှောက်ယင်း၏ အနောက်မှ မြေခွေးမျိုးနွယ်ဝင်များအားလုံး ရှေ့သို့ကြည့်လိုက်ကြသည်။ ရန်သူများ တွေ့ဆုံသောအခါ သူတို့၏ မျက်လုံးများသည် မုန်းတီးမှုများဖြင့် တောက်လောင်နေကြပြီး ကြောင်ယောင်များကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ်များပင် ပေါက်ဖွားလာကြ၏။
တစ်ချိန်တည်းတွင်ပင် တခြားသူများသည်လည်း သူတို့၏ ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်မသက်သာသေးပေ။ လူတိုင်းသည် လုရန်ထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့ကြသော်လည်း သူက သူတို့ကို မည်သို့ ခေါ်ယူမည်အား မည်သူမျှ တပ်အပ်မပြောနိုင်ခဲ့ကြပေ။
သို့သော် ရုတ်တရက် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ် တစ်ခုလုံး စတင်၍တုန်ခါလာသည်။ ထို့နောက် ထိုအရာသည် မြေကြီးမှ ကြွတက်လာပြီး ဤနေရာသို့ ရောက်ရှိရန် လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည်။ သူတို့၏ အောက်တွင် မဟာချန် တော်ဝင်မြို့တော် ရှိနေပေ၏။ ဤသည်မှာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် မိုင်တစ်သောင်း အကွာအဝေးကို ကူးပြောင်းလာခဲ့ခြင်းပင်။
ထို့နောက် လုရန်ကို မြင်သောအခါ အပြာရောင်ဂိုဏ်းမှ တပည့်အားလုံးသည် လက်ပူးဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။
"အပြာရောင်ဂိုဏ်း တပည့်တွေက ဆရာသခင်ကို အရိုအသေပေးပါတယ်..."
ထိုအသံများသည် ခမ်းနားထည်ဝါပြီး လုံကျွန်းယန်တို့လူစု၏နှလုံးသားများကို တုန်ရီသွားစေသည်။
"အင်း... ကောင်းပြီ..."
လုရန်က ခေါင်းညိတ်လိုက်၏။
သူ၏ဘေးတွင် လော့လော့သည် ငေးမောကြည့်နေပြီးနောက် လုရန်ကို ကြည့်လိုက်သည်။ ဆရာသည် အမှန်တကယ်ပင် ဆရာဟု မပြောရချေ။ အထက်ဘုံသို့ တက်လှမ်းပြီး ဆယ်ရက်အကြာတွင်ပင် အင်မော်တယ်သခင် နယ်ပယ်သို့ ရောက်ရှိနေခြင်းမှာ ကြောက်မက်ဖွယ် ကောင်းနေလေပြီ။ သို့သော် အဆင့်တူ အင်မော်တယ်သခင် တစ်ပါးအနေဖြင့်ပင် လုရန်၏နည်းလမ်းများသည် သူမ ကြားပင်မကြားဖူးခဲ့သော အရာများပင်။
ထို့နောက် တပည့်များသည် ပတ်ဝန်းကျင်ကို ကြည့်ရှုကာ အခြေအနေကို အကြမ်းဖျင်း အကဲဖြတ်လိုက်ကြသည်။ ထို့ပြင် လုရန်၏နောက်ရှိ စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင် ကိုးခုသည်လည်း တပည့်များ၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဤသည်ပအလွန်အမင်း ခမ်းနားထည်ဝါလွန်းလှသည်။
လုရန်က လုံကျွန်းယန်တို့လူစုဘက်သို့ လှည့်ကြည့်ကာ ပြောဆိုသည်။
"အခု သေချာ မြင်ရပြီလား... အရှေ့ဘက်နယ်မြေကို လွှဲပြောင်းယူမှာက ငါတစ်ယောက်တည်း မဟုတ်ဘူး... အပြာရောင်ဂိုဏ်းပဲ..."
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကြောင်ယောင် သုံးကောင်ထဲမှ တစ်ကောင်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"လန်ကျီး... မင်း အခုမလွှတ်ရင် ဘယ်တော့ လွှတ်မှာလဲ..."
ဤစကားကို ကြားသောအခါ လန်ကျီး၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားတော့သည်။ သူမသည် ထပ်မံ၍ တွန့်ဆုတ်မနေတော့ဘဲ သူမ၏လက်ထဲရှိ အသင်္ချေနတ်ဆိုးစေတီကို ပစ်ထုတ်လိုက်သည်။ စေတီငယ်လေးသည် သူမ၏လက်ထဲမှ ထွက်ခွာသွားသည့် အခိုက်အတန့်တွင်ပင် ရုတ်တရက် ကြီးမားလာပြီး လေထုအလယ်တွင် တွဲလောင်းကျနေသော ကောင်းကင်ထိ မြင့်မားသည့် ရှေးဟောင်းစေတီကြီး တစ်ဆူအဖြစ် ပြောင်းလဲသွားတော့သည်။
ထို့နောက် ဧရာမ နတ်ဆိုးစွမ်းအားများ စတင်၍ တဝုန်းဝုန်းထလာသည်။
ရှေးဟောင်းစေတီကြီး၏ နံဘေးပတ်လည်ရှိ မရေမတွက်နိုင်သော ပြတင်းပေါက်များနှင့် တံခါးများ ပွင့်ဟလာပြီး နတ်ဆိုးတစ်ကောင်ပြီး တစ်ကောင် ဆက်တိုက်ခုန်ထွက်လာကြသည်။ သူတို့ထဲမှ အများစုသည် ကြောင်ယောင်မျိုးနွယ်မှ ဖြစ်သော်လည်း တခြားနတ်ဆိုးမျိုးနွယ်များလည်း ရောနှော၍ ပါဝင်နေပေ၏။
"သူတို့ အားလုံးက ကြောင်ယောင်တွေ မဟုတ်ဘူးလား..."
လုရန်က အနည်းငယ် အံ့အားသင့်သွားသည်။
"ကြောင်ယောင်မျိုးနွယ်ရဲ့ အသင်္ချေနတ်ဆိုးစေတီထဲမှာ သူတို့ရဲ့ ကိုယ်ပိုင် မျိုးနွယ်ဝင်တွေအပြင် တောရိုင်းနယ်မြေက သူတို့ကို အညံ့ခံထားတဲ့ အားနည်းပြီး သီးခြားနေတဲ့ နတ်ဆိုးမျိုးနွယ်တချို့လည်း ရှိတယ်..."
ရှောက်ယင်းက နံဘေးမှနေ၍ ရှင်းပြလိုက်သည်။
"မင်းက ကြောင်ယောင်မျိုးနွယ်ကို သိတာလား... အဲ့ဒီ အသင်္ချေနတ်ဆိုးစေတီကို ပစ်ထုတ်လိုက်တဲ့ အမျိုးသမီးကို မင်း သိပုံရတယ်..."
လုရန်က မေးမြန်းသည်။
"ဟုတ်ကဲ့... ကြောင်မျိုးနွယ်နဲ့ မြေခွေးမျိုးနွယ်က ရန်သူတွေပဲ... တောရိုင်းနယ်မြေမှာ နှစ်သောင်းနဲ့ချီပြီး တိုက်ခိုက်လာခဲ့ကြတာပါ..."
ရှောက်ယင်းက တုံ့ပြန်အဖြေပေးသည်။
အော်...ဒီလိုကိုး...
လုရန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့သည် ရန်သူများဆိုလျှင် ကိုင်တွယ်ရ လွယ်ကူပေမည်။ အကယ်၍ သူတို့သည် မြေခွေးမျိုးနွယ်၏ မဟာမိတ်များ ဖြစ်နေပါက သူ တိုက်ခိုက်ရန် အနည်းငယ် ခက်ခဲသွားနိုင်ပေ၏။
ထိုနတ်ဆိုးများသည် အသင်္ချေနတ်ဆိုးစေတီမှ ထွက်ပေါ်လာပြီး တစ်ကောင်ချင်းစီက သူတို့၏အစစ်အမှန် ပုံစံများကို ဖော်ပြကာ တော်ဝင်မြို့တော်ဆီသို့ လျှင်မြန်စွာ ပြေးဝင်သွားကြသည်။ လမ်းမများနှင့် လမ်းကြားများအားလုံးနီးပါး သူတို့နှင့် ပြည့်နှက်သွားတော့သည်။
"ဟား ဟား... နတ်ဆိုးစစ်တပ် ရောက်လာပြီဆိုတော့ ငါတို့ ဒီမှာ ဆက်မနေတော့ဘူး... နှုတ်ဆက်ပါတယ်..." လုံကျွန်းယန်က အားရပါးရ ရယ်မောလိုက်သည်။
သူသည် ထွက်ပြေးရန် ရည်ရွယ်ချက်ဖြင့် ဖြည်းညှင်းစွာ နောက်လှည့်လိုက်၏။ သူ၏အမြင်အရ နတ်ဆိုးများသည် တော်ဝင်မြို့တော်အတွင်း၌ သောင်းကျန်းနေပြီဖြစ်ရာ အကယ်၍ လုရန် ဝင်မပါပါက တော်ဝင်မြို့တော်မှ လူများအားလုံး ပြီးဆုံးသွားပေမည်။ အကယ်၍ သူ ဝင်ပါမည်ဆိုပါကလည်း နတ်ဆိုးများနှင့် လူသားများ ရောနှောနေသဖြင့် သူတို့ကို ဖြည်းဖြည်းချင်း ရွေးထုတ်ရမည်။ သူ့အနေဖြင့် သူတို့ကို ဤနေရာတွင် ထိန်းထားရန် အချိန်ရမည် မဟုတ်ပေ။
တပ်မှူး အနည်းငယ်နှင့် ကြောင်ယောင်မျိုးနွယ်၏ အကြီးအကဲများအားလုံးထံတွင်လည်း တူညီသော အတွေးမျိုး ရှိနေကြသည်။ သူတို့အားလုံး ထွက်ပြေးရန် နောက်လှည့်လိုက်ကြ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အင်မော်တယ်သခင် နယ်ပယ်တွင် ရှိကြသည်။ လုရန်၏ ရွှေရောင်သံချပ်ကာနတ်ဘုရားကို မယှဉ်နိုင်သော်လည်း သူတို့ ထွက်ပြေးလိုပါက သူသည် သူတို့ကို တားဆီးနိုင်မည် မဟုတ်ဟု တွေးထင်ထားကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခုက မြေပြင်တပြင်လုံးကို ရုတ်တရက် လွှမ်းခြုံသွားသည်။
လုံကျွန်းယန်သည် လေထုထဲတွင် သူ၏ဟန်ချက်ကို မထိန်းနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ကြောင်ယောင်မျိုးနွယ်၏ အဒေါ်သုံးယောက်နှင့် တပ်မှူးများအပါအဝင် မည်သူမျှ ပျံသန်းခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ အလျှင်အမြန် ဆင်းသက်လိုက်ကြ၏။
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူတို့ မော့ကြည့်လိုက်ကြသည်။ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ မဟာပေါင်းစည်းခြင်း အင်မော်တယ်များ၊ ရွှေအင်မော်တယ်များနှင့် တခြားသူများမှာ ပို၍ပင် ဆိုးရွားနေသည်။ အိုးထဲသို့ ပစ်ချလိုက်သော ဖက်ထုပ်များအလားဟသူတို့သည် အစုလိုက်အပြုံလိုက် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ အကယ်၍ အင်မော်တယ်နယ်ပယ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသာ မရှိပါက လူအမြောက်အများသည် နေရာတွင်ပင် ချက်ချင်းသေဆုံးသွားနိုင်သည်။
အကွေ့ကိုးဆယ် မြစ်ဝါဝင်္ကပါကို လုရန်က အတွေးတစ်ချက်တည်းဖြင့် အသက်သွင်းလိုက်ခြင်းပင်။ ဤသည်မှာ အင်မော်တယ်များကို သေမျိုးများအဖြစ် ပြောင်းလဲပြီး အစုလိုက်အပြုံလိုက် ဖိနှိပ်ခြင်းပင်။
လုရန်သည် တော်ဝင်မြို့တော်အတွင်း ထင်ရာစိုင်းသောင်းကျန်းနေသော နတ်ဆိုးများနှင့် နတ်ဆိုးများ၏ စိတ်ကြိုက်သတ်ဖြတ်ခြင်းကို ခံနေရသော လူသားမျိုးနွယ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အကွေ့ကိုးဆယ် မြစ်ဝါဝင်္ကပါအတွင်း လုံးလုံးလျားလျား ဖိနှိပ်ခံထားရပြီဖြစ်သော လုံကျွန်းယန်နှင့်တခြားသူများကို သူ ကြည့်လိုက်၏။
သူက ပျင်းရိသောလေသံ ပြောဆိုသည်။
"သေမျိုးတွေ သေတာ ရှင်တာက ငါနဲ့ ဘာဆိုင်လို့လဲ..."