← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀: သံမဏိလိပ် ပန်ရှီခံတပ်

နောက်တစ်နေ့ ညနေခင်း၌....

ချန်နယ်မြေ၏တောင်ပိုင်းနယ်မြေရှိ ပန်ရှီခံတပ်တွင်....

အပြာရောင်နယ်မြေ၏ နယ်မြေလေးခုရှိ အင်အားစုများထဲမှ တစ်ခုအနေဖြင့် ပန်ရှီခံတပ်တွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိပေ။ ထိုအင်အားစု၏ အလုံးစုံအင်အားသည် မရဏအိမ်တော်လောက်ပင် မကောင်းချေ။ သို့သော် နှစ်ပေါင်းများစွာတိုင်အောင် တခြားနယ်မြေသုံးခုမှ မည်သူကမျှ ပန်ရှီခံတပ်သို့ ပြဿနာ လာမရှာဖူးခဲ့ပေ။

အကြောင်းအရင်းမှာ ရိုးရှင်းလှပြီး ဤပန်ရှီခံတပ်သည် အလွန်အမင်း ခိုင်မာတောင့်တင်းလွန်းသောကြောင့်ပင်။ ပန်ရှီခံတပ် တည်ရှိရာ ချန်ဟွေ တောင်ကြားတွင် ကာကွယ်ရေးဝင်္ကပါ ဆယ့်ရှစ်ထပ်ကို အလွှာလိုက် တပ်ဆင်ထားသည်။ ထိုနေရာတစ်ခုလုံးသည် ခွဲရခက်သော သံမဏိလိပ်တစ်ကောင်အလားပင်။

နှစ်ပေါင်းများစွာတိုင်အောင် ဤနေရာသည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေပေ၏။ သို့သော် ထိုသို့ဖြစ်သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် ပန်ရှီခံတပ်မှ လူများအားလုံး ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။

မနေ့ကတည်းက သတင်းများ ရောက်ရှိလာခဲ့လေပြီ။ ဤသည်က အလွန်တိကျမှု မရှိသော်လည်း အဖြစ်အပျက်များအကြောင်းကို သူတို့ အကြမ်းဖျင်း သိထားကြသည်။ ယခုချိန်၌ ညဥ့်နက်နေပြီ ဖြစ်သော်လည်း ပန်ရှီခံတပ်၌မူ မီးများလင်းထိန်နေဆဲပင်။

ပန်ရှီခံတပ်၏ သခင်လော့ဆန်သည် ပန်ရှီခံတပ်၏ အကြီးအကဲများအားလုံးကို ညနက်ပိုင်းတွင် ခေါ်ယူခဲ့လေ၏။

"မင်းတို့ သတင်းတွေ ကြားပြီးလောက်ပြီ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ မရှိတော့ဘူး... မင်းတို့ ဘယ်လို ထင်လဲ..."

လော့ဆန်က မေးလိုက်သည်။

"အပြာရောင်ဂိုဏ်းက မဟာချန်ရဲ့နောက်ကွယ်မှာ ရှိနေပြီးတော့ အပြာရောင်ဂိုဏ်းဘိုးဘေးရဲ့ ရှိနေတယ်.... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဖြုတ်ချဖို့ အပြာရောင်ဂိုဏ်းတပည့်တွေ အများကြီးကို စုစည်းနိုင်ခဲ့တယ်ဆိုတာ ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး..."

တတိယအကြီးအကဲက ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ... အပြာရောင်ဂိုဏ်းဘိုးဘေးက အထက်ဘုံကို တက်လှမ်းတာတာမှ ဆယ်ရက်ကျော်လောက်ပဲ ရှိသေးတာ... ဒီလောက်အချိန်တိုလေးအတွင်းမှာ သူက တပည့် ဘယ်နှယောက်လောက်ကို စုစည်းနိုင်မှာလဲ..."

ပဉ္စမအကြီးအကဲက ပြန်လည်၍ ချေပသည်။

"အမှန်ပဲ... မြောက်ပိုင်းနယ်စပ်က မရဏအိမ်တော်က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ မဟာမိတ် ဖြစ်လာတယ်ဆိုတဲ့ သတင်းကိုလည်း ငါတို့ ရခဲ့တယ်... ဒါပေမဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ရှုံးသွားတုန်းပဲ... ဒီကိစ္စနဲ့အတူ မဟာချန်က အရှေ့ဘက် နယ်မြေမှာ အခိုင်အမာ ခြေကုပ်ရသွားပြီ..."

စတုတ္ထအကြီးအကဲက ပြောလိုက်၏။

"အပြာရောင်ဂိုဏ်းက အရှေ့ဘက်နယ်မြေကို လွှဲပြောင်းယူလိုက်ပြီဆိုတော့ ငါတို့နဲ့ ပတ်သက်ပြီး သူတို့မှာ အကြံအစည်တချို့ ရှိလာနိုင်တယ်လို့ ငါ စိုးရိမ်မိတယ်... ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာ ပိုကောင်းမယ်..."

ဒုတိယအကြီးအကဲက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝင်ပြောလိုက်သည်။

သူတို့၏စကားများကို နားထောင်ရင်း လော့ဆန်၏ မျက်နှာအမူအရာ တည်ကြည်လေးနက်နေသည်။ သူသည် သူ၏ညာဘက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လှည့်ကြည့်လိုက်၏။

သူက မေးလိုက်သည်။

"မဟာအကြီးအကဲ... မင်းရဲ့ ထင်မြင်ချက်က ဘာလဲ..."

ပန်ရှီခံတပ်၏ မဟာအကြီးအကဲ သွမ်ကျင်းဟိုင်က ထိုစကားကိုကြားချိန်၌ အပြုံးနှင့် ပြောဆိုသည်။

"မင်းတို့က အတွေးလွန်နေတာပါ... ငါတို့ရဲ့ တောင်ပိုင်းနယ်မြေနဲ့ အရှေ့ဘက် နယ်မြေက နယ်နိမိတ်ချင်း ထိစပ်နေပေမဲ့ ငါတို့က ကိုယ့်ကိစ္စကိုပဲ အမြဲတမ်း ဂရုစိုက်နေခဲ့တာလေ... ဒါ့ပြင် သူတို့က ငါတို့ကို ရန်စချင်တယ်ဆိုရင်တောင်မှ ပန်ရှီခံတပ်ရဲ့ ကာကွယ်ရေး ဝင်္ကပါ ဆယ့်ရှစ်ထပ်ကို သူတို့ တကယ်ကြီး ချိုးဖျက်နိုင်မှာလား..."

သွမ်ကျင်းဟိုင်၏ဂုဏ်ယူဝင့်ကြွားမှုကို မြင်တွေ့နိုင်သည်။

လော့ဆန်ကမူ သူ၏စကားကို ကြားပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားပြီးနောက် ပြောဆိုလိုက်၏။

"သူတို့ ပြဿနာလာရှာဖို့ မဖြစ်နိုင်ပေမဲ့ သတိထားတာက ပိုကောင်းပါတယ်... ကာကွယ်ရေး ဝင်္ကပါကို အပြည့်အဝ အသက်သွင်းလိုက်တော့... ကျင်းဟိုင်... မင်းက ဒါကို တာဝန်ယူလိုက်... တစ်ချိန်တည်းမှာပဲ ကင်းစောင့်တွေကို ဖြန့်ကျက်ပြီးတော့ သတင်းအချက်အလက်တွေ စုဆောင်းခိုင်းလိုက်... ပြီးတော့ အခြေအနေ ဘယ်လိုရှိလဲ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဘယ်လို ရှုံးသွားလဲဆိုတာကို သွားကြည့်ဖို့ အရှေ့ဘက် နယ်မြေကို လူတချို့ စီစဉ်ပြီးလွှတ်လိုက်စမ်း..."

ယခုအချိန်အထိ သူတို့ ရရှိထားသော သတင်းမှာ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မဟာချန်ကို ဖြေရှင်းရန် သွားခဲ့သော်လည်း ရှုံးနိမ့်သွားသည်ဟူ၍သာ ဖြစ်သည်။ တိကျသော အသေးစိတ်အချက်အလက်များနှင့်ဖြစ်စဉ်ကို သူတို့ မသိခဲ့ကြချေ။

လူတိုင်း လူစုကွဲသွားပြီးနောက် မဟာအကြီးအကဲ သွမ်ကျင်းဟိုင်သည် ပန်ရှီခံတပ်မှ ထွက်ခွာလာခဲ့၏။ ချန်ဟွေတောင်ကြားသည် တောင်နက်ကြီးများအတွင်း ခွေလိပ်နေသော ခြင်ဆေးခွေတစ်ခုနှင့် တူညီပြီး ကာကွယ်ရေး ဝင်္ကပါများကို အလွှာလိုက် စီစဉ်ထားသည်။

ထို့ပြင် ပန်ရှီခံတပ်၏ ကာကွယ်ရေးဝင်္ကပါသည် အင်မော်တယ်သခင်တစ်စု ဝိုင်းရံတိုက်ခိုက်ချိန်တွင် ပျက်စီးသွားသော မဟာချန်ရှိဝင်္ကပါကဲ့သို့ အားနည်းသော အရာတစ်ခု မဟုတ်ချေ။ ပန်ရှီခံတပ်၏ အထူးပြုချက်မှာ ကာကွယ်ရေးပင်။ ဤခံတပ်ရှိ ကာကွယ်ရေး ဝင်္ကပါများသည် အလွန်အမင်းခိုင်ခံ့မာကျောပေ၏။ ကာကွယ်ရေး ဝင်္ကပါ ဆယ့်ရှစ်ထပ်ကြောင့် တစ်စုံတစ်ယောက်သည် လာရောက်ကျူးကျော်ပါက သူတို့သည် ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွားပေလိမ့်မည်။

သွမ်ကျင်းဟိုင်၏ လုပ်ဆောင်မှုများနှင့် စီစဉ်မှုများအောက်တွင် ကာကွယ်ရေး ဝင်္ကပါဆယ့်ရှစ်ထပ်ကို တစ်ခုပြီးတစ်ခု အသက်သွင်းလိုက်ကာ နောက်ဆုံးအလွှာအထိ ဆက်သွားခဲ့သည်။

သွမ်ကျင်းဟိုင်သည် ဝင်္ကပါ၏ဗဟိုချက် တည်ရှိရာ ပင်မခန်းမဆောင်သို့ ချဉ်းကပ်လာပြီး ရုတ်တရက် အနည်းငယ် ရပ်တန့်သွားသည်။ သူ၏ပုံရိပ် လင်းလက်သွားပြီး ပင်မခန်းမဆောင်အတွင်းသို့ ချက်ချင်းထွက်ပေါ်လာတော့သည်။ သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဝင်္ကပါ၏ ဗဟိုချက်ကို တစ်ဖက်တွင် ဂရုတစိုက် လှည့်ပတ်နေသော တပည့်တစ်ဦးကို သူ မြင်တွေ့မိလေ၏။

သွမ်ကျင်းဟိုင် ထွက်ပေါ်လာခြင်းက တစ်ဖက်လူကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ သူတို့နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြသည်။

"မဟာအကြီးအကဲ... တိုက်ဆိုင်လိုက်တာ... ညနက်နေပြီကို ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ..."

ထိုလူက အပြုံးနှင့် နှုတ်ဆက်လိုက်သော်လည်း သူ၏ မျက်လုံးများတွင် သတိထားမှုများဖြင့် ပြည့်နှက်နေသည်။

"ငါက မင်းကို အဲ့ဒါ မေးရမှာ... မင်းရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ မင်းက တာဝန်ခံတစ်ယောက် ဖြစ်သင့်တယ်... ဒါပေမဲ့ မင်းက ဝင်္ကပါ ခန်းမဆောင်က မဟုတ်ဘူး... မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

သွမ်ကျင်းဟိုင်က အေးစက်တင်းမာစွာ မေးလိုက်သည်။

"မတော်တဆပါ... မတော်တဆ ဖြတ်သွားတာပါ..." ထိုလူက အနေရခက်သော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် သွမ်ကျင်းဟိုင်သည် ထိုလူ၏နံဘေးသို့ ရိပ်ခနဲ ရောက်ရှိသွားတော့သည်။

ဝှစ်...

သူသည် တွန့်ဆုတ်မှုမရှိဘဲ သူ၏ခါးနောက်မှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ သွမ်ကျင်းဟိုင်၏ ဒန်တျန်ဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်လိုက်တော့သည်။

သို့သော် ဤသည်မှာ အသုံးမဝင်ချေ။ သွမ်ကျင်းဟိုင်၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်လှ၏။

ဝှစ်...

တစ်ဖက်လူ၏ လည်ပင်းကို သူ ဖမ်းဆွဲလိုက်သည့် အခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် တစ်ဖက်လူ၏ သွေးကြောများကို ချက်ချင်းနီးပါး အေးခဲတောင့်တင်းသွားစေတော့သည်။ ရှေ့သို့ထိုးစိုက်ထားသော ဓားမြှောင်ပင်လျှင် ရပ်တန့်သွားသည်။

"သာမန် ရွှေအင်မော်တယ် တစ်ယောက်က ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရဲတာလား... ပြော... မင်းက ဘယ်သူလဲ... ပြီးတော့ မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

သွမ်ကျင်းဟိုင်က ရက်စက်ကြမ်းတမ်းသော မျက်နှာအမူအရာဖြင့် မေးလိုက်ပြီး သူ၏လက်ဝါးမှဖိအားကို အနည်းငယ် အားစိုက်လိုက်သည်။

တစ်ဖက်လူသည် ရွှေအင်မော်တယ် တစ်ဦးသာ ဖြစ်နေသည်။ အင်မော်တယ်သခင်တစ်ပါး၏ဖိနှိပ်မှုအောက်တွင် သူသည် သူ၏စိတ်ဝိညာဥ်စွမ်းအားကိုပင် အသုံးမပြုနိုင်ချေ။ သူ၏ စိတ်ဝိညာဉ်ရတနာသည်လည်း လုံးဝ အသုံးမဝင်ပေ။ ဤသည်မှာ ကျင့်ကြံဆင့်နယ်ပယ်ကွာဟမှု၏ အကြွင်းမဲ့ ဖိနှိပ်မှုပင်။

"ကျွန်တော်... ကျွန်တော်က အစောင့်ခန်းမဆောင်ရဲ့ ဆယ့်ခုနစ်ခုမြောက် ခန်းမဆောင်သခင်... ရွှီချန်ပါ... မဟာအကြီးအကဲ... အထင်လွဲ... အထင်လွဲတာပါ..." ရွှီချန်သည် ရုန်းကန်နေသော်လည်း ရုန်းထွက်၍ မရနိုင်ပေ။

သူ၏ လည်ပင်းသည် အချိန်မရွေး ကျိုးသွားတော့မည့်အလား သူ ခံစားလိုက်ရသည်။

"အထင်လွဲတာလား..."

သွမ်ကျင်းဟိုင်က လှောင်ပြောင်ပြီး အနီးအနားရှိ ဝင်္ကပါ ဗဟိုချက်ကို တစ်ချက်ကြည့်လိုက်၏။

သူ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောဆိုသည်။

"မင်းက ဗဟိုချက်ကို မဖျက်ဆီးခဲ့ဘူး... ဒါပေမဲ့ မင်းက အဲ့ဒါကို ပြုပြင်ပြောင်းလဲခဲ့တယ်... ဒီလို လှည့်ကွက်ငယ်လေးတွေနဲ့ မင်းက ငါ့ရဲ့မျက်စိကို လှည့်စားနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား..."

သို့သော် အကြောင်းပြချက် တစ်ခုခုကြောင့် သူ၏ လက်မှ ဖမ်းဆုပ်ထားမှု လျော့ရဲသွားသည်။

ရွှီချန်သည် လွတ်မြောက်သွားသော်လည်း သူ မလှုပ်ရှားရဲဘဲ ငြင်းဆန်လိုက်၏။

"မဟာအကြီးအကဲ... ဒါက တကယ့်ကို အထင်လွဲတာပါ... ကျွန်တော် ရောက်လာတုန်းက ဒီလိုဖြစ်နေတာပါ... ကျွန်တော်က အဲ့ဒါကို ပြုပြင်ဖို့ စီစဉ်နေတာပါ... ဒါက ကျွန်တော်လုပ်တာ မဟုတ်ပါဘူး..."

သို့သော် မမျှော်လင့်ဘဲ သွမ်ကျင်းဟိုင်က ခေါင်းခါယမ်းလိုက်သည်။ သူသည် ဝင်္ကပါဗဟိုချက်၏နံဘေးသို့ လျှောက်သွားပြီး ကြမ်းပြင်တလျှောက်လုံးရှိ ရှုပ်ထွေးသော ဝင်္ကပါပုံစံများကို ကြည့်ကာ လေထဲတွင် အဆက်မပြတ် လွင့်မျောကာ ရွေ့လျားနေသော မန္တန်များကို တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက် သူသည် လက်ဆန့်တန်းကာ ကြမ်းပြင်မှ မထင်ရှားသော အနက်ရောင်သံမှိုတစ်ခုကို ကောက်ယူလိုက်၏။

ထို့နောက် သူက ရွှီချန်ကို ကြည့်ပြီး ပြောဆိုသည်။

"ဒီအရာက မင်းရဲ့ အရှိန်အဝါနဲ့ ကိုက်ညီတယ်... မင်းက ကာကွယ်ရေး ဝင်္ကပါရဲ့ ဗဟိုချက်ကို နှောင့်ယှက်ဖို့ ဒီအရာကို အသုံးပြုချင်ခဲ့တာ... မင်းက တကယ့်ကို ရဲတင်းတာပဲ..."

ရွှီချန်၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလိုပင် အေးခဲတောင့်တင်းသွားတော့သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားပြီး ပြောဆိုသည်။

"ထားလိုက်ပါတော့... ဟန်ဆောင်မနေတော့ဘူး... ငါက အပြာရောင်ဂိုဏ်း တပည့် ရွှီချန်ပဲ... သတင်းတွေကို ငါလည်း ကြားပြီးပြီ... စောင့်နေလိုက်စမ်း... ငါ့ဆရာရဲ့ စရိုက်နဲ့ဆိုရင် ကာကွယ်ရေး ဝင်္ကပါ ဆယ့်ရှစ်ထပ်ကို မဆိုထားနဲ့... ပန်ရှီခံတပ်မှာ ဝင်္ကပါအထပ်တစ်ရာ ရှိနေရင်တောင်မှ အသုံးမဝင်ဘူး..."

သူ စကားပြောနေစဉ် ရွှီချန်၏မျက်နှာသည် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး သူက အော်ဟစ်ရယ်မောလိုက်၏။

"ငါ မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား..."

သွမ်ကျင်းဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ငါ့ကို သတ်ရင်ကော ဘာဖြစ်လဲ... အပြာရောင်ဂိုဏ်း တပည့်တစ်ယောက်ကို သတ်ရင် နောက်ထပ် ထောင်နဲ့ချီပြီး ရှိသေးတယ်... အပြာရောင်ဂိုဏ်းက ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ဘူး... နှစ်တစ်ထောင် ကြိုးစားအားထုတ် ကျင့်ကြံခဲ့ပြီးနောက်မှာ ဆရာ့ကို ပြန်မတွေ့ရတာ နှမြောစရာပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါတို့အပြာရောင်ဂိုဏ်းက စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို သေချာပေါက် လွှမ်းမိုးနိုင်လိမ့်မယ်... ဟား ဟား..."

ဖြန်း...

သူ ရယ်မောနေစဉ်မှာပင် သွမ်ကျင်းဟိုင်က ရွှီချန်၏နောက်စေ့ကို ရိုက်နှက်လိုက်သည်။ သို့သော် သူသည် မည်သည့် စိတ်ဝိညာဥ်စွမ်းအားကိုမျှ အသုံးမပြုခဲ့ချေ။

ရုတ်ချည်းဆိုသလိုပင် သူက မှုန်ကုပ်ကုပ်မျက်နှာဖြင့် ပြောဆိုသည်။

"ရယ်နေတာကို ရပ်လိုက်တော့... မင်းက ဘာကို ရယ်နေတာလဲ... တကယ်လို့ မင်း တခြားလူတွေကို ဆွဲဆောင်မိရင် ငါ လှုပ်ရှားလို့ရမှာ မဟုတ်တော့ဘူး..."

'ဟင်...'

ရွှီချန် အံ့အားသင့်သွားပြီး အံ့အားသင့်စွာဖြင့် သူ၏ နောက်စေ့ကို ပွတ်သပ်ကာ မေးလိုက်သည်။

"ခင်ဗျား... ဘာကို ဆိုလိုတာလဲ..."

တွမ်းကျင်းဟိုင်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အနက်ရောင်သံမှိုကို သူ့ထံ ပေါ့ပေါ့ပါးပါး ပစ်ပေးကာ ပြောဆိုလိုက်၏။

"ငါက အပြာရောင်ဂိုဏ်း တပည့် သွမ်ကျင်းဟိုင်ပဲ... မင်းက အပြာရောင်ဂိုဏ်းကလို့ စောစောစီးစီး ပြောခဲ့ရင် ငါ မင်းကို နှစ်ကြိမ်လောက် ရာထူးတိုးပေးခဲ့ပြီးပြီ... မင်း အစောင့်ခန်းမဆောင်မှာ ဒုက္ခခံစရာ မလိုတော့ဘူး..."

'ဟင်...'

ရွှီချန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သွမ်ကျင်းဟိုင်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူကာ ပြောဆိုသည်။

"ဒီအရာကို ငါ အထက်ဘုံတက်လှမ်းတဲ့အချိန်မှာ ဆရာက ငါ့ကို ပေးခဲ့တာ... မင်းရဲ့ အနက်ရောင် သံမှိုကလည်း အတူတူပဲ မဟုတ်လား..."

ရွှီချန်သည် သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ထိုအရာကို စစ်ဆေးလိုက်ရာ သူ၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ ဤသည်မှာ အမှန်တကယ်ကို ဆရာ၏ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားပင်။

"စီနီယာအစ်ကို..."

"ဂျူနီယာညီလေး..."

သူတို့နှစ်ဦးစလုံး၏မျက်လုံးများ နီရဲနေသည်။

"ကောင်းပြီ... အချိန်ဆွဲမနေနဲ့တော့... ငါက ပြုပြင်ပြောင်းလဲဖို့ အပြင်ထွက်လာတာ... ကာကွယ်ရေး ဝင်္ကပါကို တာဝန်ယူဖို့ လော့ဆန်က ငါ့ကို ခိုင်းထားတယ်..."

သွမ်ကျင်းဟိုင်က ပြောလိုက်သည်။

"ကျွန်တော်လည်း အတူတူပဲ..."

ရွှီချန်က ပြောဆိုလေ၏။

"မင်းလည်း အတူတူပဲ ဟုတ်လား... ငါ့ဖင်ကြီးကိုလား... မင်းရဲ့ စီစဉ်မှုအဆင့်နဲ့ဆိုရင် မင်းကို မကြာခင် ရှာတွေ့သွားလိမ့်မယ်... ငါ့ကို လုပ်ခွင့်ပေး..."

သွမ်ကျင်းဟိုင်က ပြောလိုက်သည်။

ထို့နောက် သူသည် သံလိုက်အိမ်မြှောင်ကို မြှောက်ကာ ဝင်္ကပါ အခြေခံအုတ်မြစ်၏ အလယ်ဗဟိုတွင် ရပ်လိုက်သည်။ မရေမတွက်နိုင်သော မှော်စာလုံးများသည် သူ၏နံဘေးပတ်လည်တွင် လျှင်မြန်စွာ စတင်၍ လူးလွန့်လာတော့သည်။ သွမ်ကျင်းဟိုင်၏ မျက်လုံးများသည် လျှပ်စီးကြောင်းကဲ့သို့ ဖြစ်နေပြီး သူသည် ပြုပြင်ပြောင်းလဲမှုများကို အဆက်မပြတ်ပြုလုပ်နေသည်။

ဤပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွင်း ဝင်္ကပါသည် အနည်းငယ်မျှ ထိခိုက်မှု မရှိခဲ့ဘဲ ချောမွေ့စွာ ဆက်လက်၍ လည်ပတ်နေခဲ့သည်။ ဤဝင်္ကပါများအား ထိန်းချုပ်သည့် အာဏာကို သွမ်ကျင်းဟိုင်က မသိမသာ လွှဲပြောင်းရယူလိုက်ခြင်းသာ ဖြစ်ပေ၏။ ဝင်္ကပါကို အသက်သွင်းရန် ကြိုးစားသော မည်သူ့ကိုမဆို စိတ်ရှုပ်ထွေးစေရန်အတွက် လှည့်စားသော နည်းလမ်းတချို့ကိုလည်း သူ ထည့်သွင်းခဲ့သည်။

မကြာမီမှာပင် ထိုလုပ်ငန်းစဥ် ပြီးစီးသွားတော့သည်။

သွမ်ကျင်းဟိုင်က ပြောဆိုသည်။

"ရွှီချန်... မင်း အစောင့်ခန်းမဆောင်ကို ပြန်သွားပြီး ငြိမ်ငြိမ်လေးနေ... ဘာမှမလုပ်နဲ့... ဆရာက ဒီကို လူတွေခေါ်လာမယ့်အချိန်ကိုပဲ စောင့်နေလိုက်..."

ရွှီချန် ထွက်သွားပြီးနောက် သွမ်ကျင်းဟိုင်သည် အရာအားလုံးကို ထပ်မံစစ်ဆေးလိုက်ပြီး ဝင်္ကပါဆယ့်ရှစ်ထပ်လုံး မှန်ကန်ကြောင်း အတည်ပြုလိုက်ကာ ပြဿနာမရှိကြောင်း သေချာမှသာ သူသည် ပန်ရှီခံတပ်သို့ ပြန်လာခဲ့လေ၏။

သို့သော် သူသည် သူ၏အခန်းသို့ မပြန်ခဲ့ပေ။ ထိုအစား သူသည် ပဉ္စမအကြီးအကဲ ကောင်းမင်၏ အခန်းသို့ ခိုးဝင်သွားသည်။

"ဒီလောက် နောက်ကျနေပြီ... မင်း ဘာလုပ်နေတာလဲ..."

ပဉ္စမအကြီးအကဲ ကောင်းမင်က သွမ်ကျင်းဟိုင်ကို စိုက်ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ပဉ္စမ... ဆရာက တိုက်ခိုက်ဖို့ လူတွေကို ဒီနေရာကို ခေါ်လာတော့မှာ... မင်း ဖော်စပ်နေတဲ့ အဆိပ်က ဘယ်လိုနေလဲ... အချိန်လုံလောက်ရဲ့လား..."

သွမ်ကျင်းဟိုင်က တိုက်ရိုက်မေးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ... ငါ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာ မင်း စိတ်ချလို့ ရပါတယ်... ဒီအဆိပ်ဖော်စပ်နည်းကို ဆရာကိုယ်တိုင် သင်ပေးခဲ့တာလေ..."

ကောင်းမင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။

"အဲ့ဒါ ကောင်းတယ်...ကောကျူးနဲ့ သွားပြီး အဆက်အသွယ် လုပ်လိုက်ဦးမယ်... သူက လက်ဝဲအစောင့်အရှောက်ဖြစ်ပြီး အစောင့်စခန်းကို တာဝန်ယူထားတယ်... လက်ယာအစောင့်အရှောက်က ငါတို့လူ မဟုတ်ဘူး... ဒါကြောင့် ဆရာ ပိုပြီး လွယ်လွယ်ကူကူ ဝင်လာလို့ရအောင် သူ့ကို အရင်ရှင်းပစ်ရမယ်..."

သွမ်ကျင်းဟိုင်က ပြောလိုက်သည်။

"ဒါနဲ့... အစောင့်ခန်းမဆောင်က ရွှီချန်ဆိုတဲ့ ခန်းမဆောင်သခင်လေး တစ်ယောက်က ငါတို့ရဲ့ ဂျူနီယာညီလေးပဲ..."

သနားဖွယ်ကောင်းသော လော့ဆန်သည် ယခုထိတိုင် ထိုကိစ္စများကို မသိရှာပေ။ သူ၏ ပန်ရှီခံတပ်သည် ကျောက်တုံးတစ်တုံးကဲ့သို့ ခိုင်မာသော်လည်း အတွင်းပိုင်းတွင်မူ ဤသည်မှာ အပေါက်များစွာနှင့် ပြည့်နှက်နေလေပြီ။

Book 8 end.

All Chapters