အခန်း ၈၂
Vol. 9 Ch. 82
အခန်း ၈၂:ငါ့ရဲ့ ပန်ရှီခံတပ်က ထိုးဖောက်ဝင်ရောက်လို့ မရဘူး
မွန်းတည့်ချိန်၌...
ပန်ရှီခံတပ်အတွင်း၌ သာမန်ထက် အဆများစွာ ပိုများသော အစောင့်များ ရှိနေသည်။
ပန်ရှီခံတပ်၏ အတွင်းအပြင်တွင် ကာကွယ်ရေး အလွှာများစွာ ရှိနေပေ၏။
တပည့်တော်တော်များများသည် ချန်ဟွေ တောင်ကြား၏ထောင့်တိုင်းတွင် ပြန့်ကျဲနေပြီး အချိန်မရွေး ထွက်ပေါ်လာနိုင်သော အပြာရောင်ဂိုဏ်း၏ လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
ပန်ရှီခံတပ်အတွင်း၌...
ခံတပ်သခင် လော့ဆန်နှင့် ပန်ရှီခံတပ်၏ အဆင့်မြင့်ခေါင်းဆောင်များအားလုံး စုဝေးနေသည်။
လက်ဝဲအစောင့်အရှောက်နှင့် လက်ယာအစောင့်အရှောက်တို့သည်လည်း သူ၏နံဘေးတွင် ရှိနေကြ၏။
သွမ်ကျင်းဟိုင်သည် ပဉ္စမ အကြီးအကဲကို ကြည့်လိုက်ပြီးနောက် လက်ဝဲအစောင့်အရှောက်ကို တစ်ချက် ကြည့်လိုက်ကာ အနည်းငယ်ပို၍ စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ခံတပ်သခင် လော့ဆန်သည် ယနေ့နံနက်စောစောကတည်းက ယခုအချိန်အထိ သူ၏မျက်ခုံးများ ပြင်းထန်စွာ လှုပ်နေသည်ကို ခံစားနေရပြီး သူ၏ နှလုံးသားထဲရှိ စိတ်မအေးချမ်းသော ခံစားချက်မှာ ပိုပို၍အားကောင်းလာသည်။
"ခံတပ်သခင်... စိတ်ပူစရာ မလိုပါဘူး... ငါတို့ရဲ့ ပန်ရှီခံတပ်က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မတူဘူး... ငါတို့ကို အဲ့ဒီလောက်ထိ အလွယ်တကူ သိမ်းပိုက်လို့ မရပါဘူး..."
လက်ယာအစောင့်အရှောက်သည် ပန်ရှီခံတပ်၏အမာခံလူတစ်ယောက်ဖြစ်ပြီး ခံတပ်၏ ခန္ဓာကိုယ် ကာကွယ်ရေး ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် အလွန်တောင့်တင်းသန်မာပုံရသည်။
လော့ဆန်က လက်ယာအစောင့်အရှောက်ကို တစ်ချက်ကြည့်လိုက်သည်။
သူက ခေါင်းခါယမ်းလိုက်ပြီး ပြောဆိုသည်။
"ခံစားချက်က သိပ်မကောင်းပေမဲ့ ကိစ္စမရှိပါဘူး... ကာကွယ်ရေး ဝင်္ကပါ ဆယ့်ရှစ်ထပ်ကို တပ်ဆင်ထားပြီးပြီ... အပြာရောင်ဂိုဏ်း ရောက်လာရင်တောင်မှ သူတို့ ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး..."
ထို့အပြင် သူတို့ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့လျှင်ပင် ပန်ရှီခံတပ်သည် ပြန်မတိုက်ခိုက်နိုင်ဘဲ နေမည်မဟုတ်ပေ။
အကြွင်းမဲ့ကာကွယ်ရေးသည် တိုက်ပွဲတွင် အမှားအယွင်းများအတွက် ဖာထေးနိုင်ခွင့်တစ်ခုကို ယူဆောင်လာပေးသည်။ ပန်ရှီခံတပ်မှ လူများသည် အမှားများ ပြုလုပ်နိုင်သော်လည်း သူတို့သည် ပြင်းထန်သော ဒဏ်ရာများကို ခံစားရမည် မဟုတ်ချေ။
သို့သော် ရန်သူက အမှားလုပ်မိပါက သူတို့သည် အရိုးပေါ်မှ လောက်ကောင်များကဲ့သို့ ကိုက်ခဲပြီး လွှတ်ပေးရန် ငြင်းဆန်ကြပေလိမ့်မည်။
"ကျင်းဟိုင်... ဝင်္ကပါခင်းကျင်းမှုမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာလား..."
လော့ဆန်က မေးလိုက်သည်။
"ကျွန်တော်ကိုယ်တိုင် စစ်ဆေးပြီး ကာကွယ်ရေးတွေကို နေရာချထားခဲ့တယ်... နှစ်ကြိမ်ကင်းလှည့်ခဲ့ပြီးတော့ စောင့်ကြည့်ဖို့ တပည့်တွေကိုလည်း စီစဉ်ထားတယ်... ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး... ခံတပ်သခင်... စိတ်ချပါ..."
သွမ်ကျင်းဟိုင်က သူ၏ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
"အဲ့ဒါက ကောင်းတယ်... ဝင်္ကပါတွေမှာ မင်းရဲ့ ပါရမီကို ငါ ယုံကြည်တယ်..."
လော့ဆန်သည် သက်ပြင်းချလိုက်ပြီး များစွာပို၍ စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိလေ၏။
သို့သော် ဝင်္ကပါစစ်ဆေးမှု တာဝန်ကို သွမ်ကျင်းဟိုင်ထံ ပေးအပ်လိုက်ခြင်းမှာ သူ ပြုလုပ်ခဲ့သမျှ ကိစ္စများအနက် အကြီးမားဆုံး အမှားဖြစ်မည်ကို သူ မျှော်လင့်ထားမိမည် မဟုတ်ချေ။
"ဒါနဲ့... ခံတပ်သခင်... ဒီနေ့က တောင်ပိုင်းနယ်မြေရဲ့ လက်အောက်ခံအင်အားစု အသီးသီးက စိတ်ဝိညာဉ် ကျောက်စိမ်းတွေကို လာပို့ရမယ့်နေ့ပဲ... အဲ့ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ..."
တတိယ အကြီးအကဲက မေးလိုက်သည်။
"သူတို့ကို အထဲပေးမဝင်နဲ့အုံး... အပြာရောင်ဂိုဏ်းက ငါတို့ကို ပြဿနာလာမရှာဘူးဆိုတာ အတည်မပြုနိုင်သေးခင် ချန်ဟွေတောင်ကြား အပြင်ဘက်မှာ သူတို့ကို စောင့်ခိုင်းထားလိုက်..."
လော့ဆန်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။
သူသည် သဘာဝအားဖြင့် သတိကြီးသူဖြစ်သဖြင့် ယခုအချိန်တွင် ဝင်္ကပါကို လွယ်လင့်တကူ ဖွင့်ပေးမည့် အန္တရာယ်ကို စွန့်စားမည် မဟုတ်ပေ။
ထိုသို့မဟုတ်ပါက ဂိုဏ်းအသီးသီးမှ လူများ ရောနှော ဝင်ထွက်နေသဖြင့် ထိုကာကွယ်ရေး ဝင်္ကပါသည် အသုံးမဝင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"အဲ့ဒါက လက်ခံနိုင်စရာပါပဲ... ဒီနောက်ရက်အနည်းငယ်အတွက် ပန်ရှီခံတပ်က ကင်းလှည့်မှုတွေကို တိုးမြှင့်ထားမယ်... အရှေ့ဘက် နယ်မြေကို စေလွှတ်လိုက်တဲ့ သူလျှိုတွေကလည်း သတင်းတွေ မကြာခင် ပြန်ပို့လိမ့်မယ်... အဲ့ဒီအချိန်ကျရင် အပြာရောင်ဂိုဏ်းရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါတို့ သိရမှာပါ..."
တတိယအကြီးအကဲက ခေါင်းညိတ်လိုက်သည်။
ဤအချိန်တွင်...
လော့ဆန်က ပဉ္စမ အကြီးအကဲကို ထပ်ကြည့်လိုက်ပြီး မေးမြန်းသည်။
"ပဉ္စမ... မင်းဘက်ကကော ဘယ်လိုနေလဲ... ဆေးလုံးတွေ ပြင်ဆင်ပြီးပြီလား..."
ကောင်းမင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏။ သူက တုံ့ပြန်အဖြေပေးလိုက်သည်။
"ခံတပ်သခင်... စိတ်ချပါ... ဒီတစ်ကြိမ် ဖော်စပ်ထားတဲ့ သူတော်စင်မူလအစဆေးလုံးတွေမှာ အရင်ကထက် အနည်းဆုံးသုံးဆ ပိုများတဲ့ အလားအလာ ပေါက်ကွဲမှု အကျိုးသက်ရောက်မှုတွေ ရှိပါတယ်... ဒါ့ပြင် အဲ့ဒါတွေကို ခန်းမဆောင်အားလုံးကို ဖြန့်ဝေပြီးပါပြီ... အရေးကြီးတဲ့အချိန်မှာ တပြိုင်နက်တည်း သောက်သုံးလိုက်ရင် ပန်ရှီခံတပ်ရဲ့ အလုံးစုံ ခွန်အားက အဆပေါင်းများစွာ တိုးတက်လာမှာပါ..."
သူက ထပ်မံ၍ ပြောဆိုသည်။
"အကြီးအကဲတွေ အစောင့်အရှောက်တွေနဲ့ ခန်းမဆောင်သခင်အသီးသီးအတွက် ဒေါသနတ်ဘုရား ဆေးလုံးတွေကိုလည်း ဖြန့်ဝေပြီးပါပြီ... အကျိုးသက်ရောက်မှုတွေက အားမနည်းပါဘူး... အဲ့ဒါတွေကို သောက်သုံးပြီးနောက် အင်မော်တယ်သခင် နယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်လာမှာပါ..."
ထိုစကားကို ကြားသောအခါ လော့ဆန်၏ မျက်နှာအမူအရာ ပို၍ပင် ပေါ့ပါးလန်းဆန်းသွားတော့သည်။
သို့သော် ထိုဆေးလုံးများကို ကောင်းမင်က ကြာမြင့်စွာကတည်းက အဆိပ်ခတ်ထားကြောင်း သူ မျှော်လင့်ထားမိမည်မဟုတ်ချေ။
အကြီးအကဲများ၊ ခန်းမဆောင်သခင်များနှင့် သူ၏ဘေးရှိ လက်ယာအစောင့်အရှောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုလိုက်ကြ၏။
"အမှန်ပါပဲ... ဒေါသနတ်ဘုရား ဆေးလုံးတွေကို ရရှိပြီးပါပြီ..."
"ပဉ္စမရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်ကို လူတိုင်း မျက်မြင်တွေ့ခဲ့ရပြီးပြီပဲ... အပြာရောင်ဂိုဏ်းက ပြဿနာလာရှာဖို့ကိုတောင် ကျွန်တော် မျှော်လင့်နေမိတယ်..."
"လက်အောက်ငယ်သားတွေအတွက် သူတော်စင် မူလအစဆေးလုံးတွေကိုလည်း ဖြန့်ဝေပြီးပါပြီ... တစ်ယောက်ကို တစ်လုံးစီ... အခြေခံအနေနဲ့ ဘယ်သူမှ မကျန်ခဲ့ပါဘူး..."
"တကယ်လို့ အပြာရောင်ဂိုဏ်းသာ လာရဲရင် ပန်ရှီခံတပ်ရဲ့ ကာကွယ်ရေး ဝင်္ကပါ ဆယ့်ရှစ်ထပ်ကို သူတို့ ဘယ်လို ချိုးဖျက်မလဲဆိုတာ မဆိုထားနဲ့... တကယ်လို့ သူတို့ ချိုးဖျက်ဝင်ရောက်လာရင်တောင်မှ သူတို့ မိဘတွေကို တမ်းတပြီး ငိုရတဲ့အထိ ငါတို့ သေချာပေါက် ရိုက်နှက်ပစ်မယ်..."
"အပြာရောင်ဂိုဏ်းက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က သာမန်လူတချို့ကို အနိုင်ယူနိုင်တာနဲ့ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းတယ်လို့ တကယ်ကြီး ထင်နေတာများလား..."
"တကယ်လို့ သူတို့ တကယ်လာရဲရင် မောက်မာထောင်လွှားတာရဲ့ အကျိုးဆက်တွေကို သူတို့ သိရမှာပါ..."
လူတိုင်း၏စိတ်ဓာတ်များ အလွန်မြင့်မားနေသည်။
အထူးသဖြင့် ပဉ္စမအကြီးအကဲ ကောင်းမင်ထံမှ အလားအလာပေါက်ကွဲစေသည့် ဆေးလုံးများကို ဖြန့်ဝေပြီးနောက်တွင်ဖြစ်သည်။
အကယ်၍ အပြာရောင်ဂိုဏ်း လာပါက လူတိုင်းသည် ဆေးလုံးများကို တပြိုင်နက်တည်း သောက်သုံးကြပေမည်။
ထိုသို့ဆိုပါက ပန်ရှီခံတပ်၏ အလုံးစုံ ခွန်အားသည် ချက်ချင်းဆိုသလိုပင် ပွင့်အံ့ထွက်လာပေလိမ့်မည်။
သူတို့သည် သာမန်အပြာရောင်ဂိုဏ်းကို စိတ်ပူရန် မလိုချေ။
"ဒါက အရမ်းကောင်းပါတယ်... ဒါဆို ငါ စိတ်သက်သာရာရသွားပြီ... အဲ့ဒီအပြာရောင်ဂိုဏ်းအကြောင်း တွေးကြည့်ရင် ဆယ်ရက်လောက်အတွင်းမှာ အလျင်စလို စုဝေးခဲ့တာဆိုတော့ ကျွမ်းကျင်သူ အများကြီးကို သူတို့ စုစည်းနိုင်မှာ မဟုတ်ဘူး... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဖြုတ်ချပြီး မဟာချန်ကို ကာကွယ်နိုင်ဖို့အတွက် သူတို့က မူလချီတွေ အများကြီးကို ဆုံးရှုံးခဲ့မှာ သေချာတယ်... ဒါကြောင့် လောလောဆယ် သူတို့အတွက် ငါတို့ စိတ်ပူစရာ မလိုဘူး..."
လော့ဆန်က ပြောဆိုသည်။
ဤသည်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခြင်းနှင့် အနည်းငယ် တူညီသည်။
သို့သော် ဤတွေးခေါ်ပုံလမ်းကြောင်းမှာ ပြဿနာမရှိပေ။
သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မြောက်ပိုင်းနယ်စပ်၏ မရဏအိမ်တော်နှင့် ပူးပေါင်းခဲ့သည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း ထိုပြဿနာကို အပြာရောင်ဂိုဏ်းက ဖြေရှင်းခဲ့ပြီးဖြစ်သည်။
သို့သော် အပြာရောင်ဂိုဏ်းသည်လည်း မူလချီ အကြီးအကျယ် ဆုံးရှုံးခဲ့ရမည်ဟု မည်သူမဆို တွေးမိပေလိမ့်မည်။
ဤအရေးကြီးသော အချိန်တွင် သူတို့သည် ပြဿနာရှာရန် သူ၏တောင်ပိုင်းနယ်မြေသို့ ချက်ချင်းရောက်လာမည် မဟုတ်ချေ။
သူတို့ စကားပြောဆိုနေစဉ်...
လော့ဆန်၏သတ္တိများ မြင့်တက်လာပြီး သူက ပြောဆိုသည်။
"ဒီလိုဆိုမှတော့ စိတ်ဝိညာဉ် ကျောက်စိမ်းတွေနဲ့ အခွန်လာဆက်တဲ့ အဲ့ဒီဂိုဏ်းတွေကို အထဲပေးဝင်လိုက်ကြရအောင်... မကြာသေးခင်က စိတ်ဝိညာဉ် ကျောက်စိမ်း သုံးစွဲမှုက အရမ်း များနေတယ်... အပြာရောင်ဂိုဏ်းက အရှေ့ဘက် နယ်မြေမှာ အခြေစိုက်ပြီး လူတွေ ပိုပိုပြီး စုစည်းလာတယ်ဆိုတော့ ငါတို့ရဲ့ ပန်ရှီခံတပ်ကလည်း အလုံးစုံခွန်အားကို အမြန်ဆုံး တိုးတက်ဖို့ လိုတယ်... ဒါကြောင့်..."
သူ၏စကား မဆုံးခင်မှာပင်...
ဘုန်း....
တံခါးသည် ရိုင်းစိုင်းစွာ တွန်းဖွင့်ခံလိုက်ရသဖြင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး မကျေမနပ်ဖြင့် ကြည့်လိုက်ကြ၏။
ခန်းမထဲသို့ ဝင်လာသူမှာ အစောင့်တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသဖြင့် လော့ဆန် ချက်ချင်းဒေါသထွက်သွားတော့သည်။
"ရဲတင်းလိုက်တာ... မင်းကို ဒီစည်းကမ်းတွေ ဘယ်သူ သင်ပေးထားတာလဲ..."
"မဟုတ်ပါဘူး... အဲ့ဒီလို မဟုတ်ပါဘူး ခံတပ်သခင်... အဲ့ဒီအပြာရောင်ဂိုဏ်း... အပြာရောင်ဂိုဏ်းက ဒီကို လူတွေ လွှတ်လိုက်ပြီ..."
အစောင့်သည် အပြစ်ပေးခံရမည်ကို ဂရုမစိုက်ဘဲ စိုးရိမ်တကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
လော့ဆန်၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားတော့သည်။
သူတို့ အမှန်တကယ် ရောက်လာကြလေပြီ။
"တကယ်လား... လူဘယ်နှယောက် လာတာလဲ... သူတို့ရဲ့ နယ်ပယ်က ဘာလဲ... အခု သူတို့ ဘယ်မှာလဲ..." လော့ဆန်က အလျင်အမြန် မေးလိုက်သည်။
"ကျွန်တော်... အဲ့ဒါက အပြာရောင်ဂိုဏ်း ဟုတ်မဟုတ်ဆိုတာ သိပ်မသေချာဘူး... တစ်ဖက်မှာ လူတစ်ယောက်တည်း ရှိတာ... မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... လူနှစ်ယောက်... မိန်းကလေးငယ်လေး တစ်ယောက်ကို ကျောပိုးထားတဲ့ လူငယ် တစ်ယောက်ပါ..."
အစောင့်က ပြောလိုက်သည်။
အမ်...
လော့ဆန် အံ့အားသင့်သွားပေ၏။ ထို့နောက် သူက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"မလိုအပ်ဘဲ အလန့်တကြား လုပ်နေတာပဲ... ကြုံရာလူတစ်ယောက် ရောက်လာရုံနဲ့ အပြာရောင်ဂိုဏ်းက လူတစ်ယောက် ဖြစ်သွားရောလား... အဲ့ဒီအပြာရောင်ဂိုဏ်းက ဘယ်လောက်ပဲ မောက်မာထောင်လွှားပါစေ ငါ့ရဲ့ ပန်ရှီခံတပ်ကို ပြဿနာလာရှာဖို့ တစ်ယောက်တည်း လာရဲပါ့မလား... မင်းက ဘယ်ခန်းမဆောင်ကလဲ... မင်းမှာ ဦးနှောက် မရှိဘူးလား..."
"ဒါပေမဲ့ တစ်ဖက်လူက အခွန်လာဆက်တဲ့ ဂိုဏ်းကလူ မဟုတ်ဘူး... အခုလေးတင်... သူက ကာကွယ်ရေး ဝင်္ကပါကို တိုက်ခိုက်နေတာ..."
အစောင့်က အလျင်အမြန် ပြောလိုက်သည်။
လော့ဆန် ချက်ချင်းဆိုသလိုပင် စိုးရိမ်ပူပန်သွားတော့သည်။ ကာကွယ်ရေးဝင်္ကပါကို တိုက်ခိုက်ခြင်းဆိုသည်မှာ သူတို့သည် အခွန်လာဆက်သည့် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ကြောင်း ဆိုလိုခြင်းပင်။
တောင်ပိုင်းနယ်မြေအတွင်း မည်သည့်ဂိုဏ်းကမျှ ဤကဲ့သို့ သတ္တ္တိမျိုး မရှိချေ။
သို့သော် လူတစ်ယောက်က မိန်းကလေးငယ်လေး တစ်ယောက်ကို ခေါ်လာသည်ဆိုသည်က မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။
"သွားကြည့်ကြရအောင်..."
လော့ဆန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
သို့သော် သူ ထိုမျှလောက်ဖြင့် မစိုးရိမ်ချေ။
သူသည် ကာကွယ်ရေးဝင်္ကပါ ဆယ့်ရှစ်ထပ်ကို တပ်ဆင်ထားပြီး ဖြစ်ပေ၏။
ထို့ပြင် အလားအလာ ပေါက်ကွဲစေသည့် ဆေးလုံးများကိုလည်း ဖြန့်ဝေပြီးဖြစ်သည်။
တစ်ဖက်လူက မိန်းကလေးငယ်လေး တစ်ယောက်ကို ခေါ်ဆောင်၍ တစ်ယောက်တည်းလာခြင်းပင်။
ထိုကြောင့် သူ ကြောက်ရွံနေရန် အကြောင်းအရင်း လုံးလုံးလျားလျား မရှိချေ။
တစ်ချိန်တည်းမှာပင်....
ချန်ဟွေတောင်ကြား အပြင်ဘက်တွင်...
လုရန်နှင့်လင်းပေါင်အာတို့သည် ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေကြ၏။
လုရန်သည် သူ၏ရှေ့ရှိ ကာကွယ်ရေး ဝင်္ကပါကို ကြည့်ကာ ခေါင်းညိတ်ပြီး ပြောဆိုသည်။
"ဒီကာကွယ်ရေး ဝင်္ကပါက တကယ့်ကို ကောင်းမွန်တဲ့ ကာကွယ်ရေး အကျိုးသက်ရောက်မှု ရှိတယ်... ဒါပေမဲ့ ဒီဝင်္ကပါရဲ့ ပင်မဗဟိုချက်မက ဘာလို့ ငါ့ရဲ့ပုံစံနဲ့ နည်းနည်း တူနေတာလဲ..."
သူ ထိုအရာကို စမ်းသပ်ပြီးပြီ ဖြစ်သည်။ လုရန်သည် ဆက်လက်၍ တိုက်ခိုက်ရန် အလျင်မလိုတော့ချေ။
ကာကွယ်ရေးဝင်္ကပါကဲ့သို့ အရာတစ်ခုအတွက် အင်အားသုံး၍ တိုက်ခိုက်ခြင်းသည် အမိုက်မဲဆုံး ချဉ်းကပ်မှုပင်။ ဉာဏ်ဖြင့်ချိုးဖျက်ခြင်းက အကောင်းဆုံး မဟာဗျူဟာ ဖြစ်ပေ၏။
လုရန်တွင် အထွတ်အထိပ်အဆင့် ဝင်္ကပါစွမ်းရည်များ ရှိပြီး ဤဝင်္ကပါ၏ပင်မဗဟိုချက်သည် သူ၏နည်းစနစ်ပုံစံနှင့် အလွန်ဆင်တူသောကြောင့် ဖျက်ဆီးရန် ပို၍လွယ်ကူသည်။
သို့သော် ထိုကိစ္စမတိုင်မီ သူ တက်ရောက်စာရင်းသွင်းရန် လိုအပ်သည်။
ပန်ရှီခံတပ်သို့ ရောက်ရှိပြီးနောက်မှ တက်ရောက်စာရင်းသွင်းရန်အတွက် လုရန်သည် ယနေ့ တက်ရောက်စာရင်းသွင်းခြင်းကို ယခုအချိန်အထိ နောက်ဆုတ်ထားခဲ့ခြင်းဖြစ်သည်။
ယခင် တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်မှ ပေးအပ်သော နတ်ဆိုးသန့်စင်ခြင်းအိုးက သူ၏ ကောက်ချက်ချမှု မှားယွင်းသည်ဟု လုရန်ကို တွေးထင်စေခဲ့သည်။
သို့သော် နောက်ပိုင်းတွင် မဟာမိတ်အဖွဲ့အနီး၌ ကြောင်ယောင်မျိုးနွယ်၏ ပေါ်ပေါက်လာမှုက လုရန်ကို အကြမ်းဖျင်း နားလည်သွားစေပေ၏။ သူကိုယ်တိုင် မကြုံတွေ့ရလျှင်ပင် အနာဂတ်တွင် ကြုံတွေ့ရမည့် ကံကြမ္မာရှိသရွေ့ စနစ်တက်ရောက်စာရင်းသွင်းခြင်းက သက်ဆိုင်ရာ ဆုလာဘ်များကို ပေးစွမ်းနိုင်ကြောင်း သူ နားလည်သွားသည်။
လီတောင်၏ ဓားအမိန့်နန်းဆောင်ရှိ ရွှေအင်မော်တယ်နှင့် တိုက်ပွဲမတိုင်မီကလည်း ထပ်တူထပ်မျှပင်။
ရွှေအင်မော်တယ်ကို မမြင်ရမီမှာပင် ရွှေအင်မော်တယ်၏တိုက်ခိုက်မှုများကို ခုခံနိုင်သော ပစ္စည်းတစ်ခုနှင့် ရွှေအင်မော်တယ်တစ်ဦးကို ချက်ချင်းသတ်ဖြတ်နိုင်သော တခြားပစ္စည်းတစ်ခုကို သူ ရရှိထားပြီးဖြစ်သည်။
အကယ်၍ ဤအတည်ပြုချက်သာ နောက်တစ်ကြိမ် အောင်မြင်ပါက သူ၏ကောက်ချက်ချမှုသည် အခြေခံအားဖြင့် မှန်ကန်ပေလိမ့်မည်။ ထို့နောက်တွင် တက်ရောက်စာရင်းသွင်းသည့်အချိန်တိုင်း တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ် ဖြစ်နိုင်ခြေကို တိုးတက်စေရန် အခြေအနေတချို့ ဖန်တီးရန်လည်း သူ စဉ်းစားနိုင်သည်။
'တက်ရောက်စာရင်းသွင်းမယ်...'
လုရန်က တွေးတောလိုက်၏။
ဒင်....
"အိမ်ရှင်အား ဂုဏ်ပြုပါသည်...ဤတက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပေါ်စေသည်..."
"အိမ်ရှင်အား ဂုဏ်ပြုပါသည်...ကျင့်ကြံခြင်း ဆုလာဘ် ဆယ်ဆရရှိသည်..."
"အိမ်ရှင်အား ဂုဏ်ပြုပါသည်.... မွေးရာပါ ရှေးဟောင်းရတနာ ပန်ဂုပုဆိန်ကို ရရှိသည်..."
"အိမ်ရှင်အား ဂုဏ်ပြုပါသည်...အင်မော်တယ် နည်းစနစ် အပြစ်အနာအဆာမဲ့ ဗာဂျရာကို ရရှိသည်"