အခန်း ၈၃
Vol. 9 Ch. 83
အခန်း ၈၃: ငါ့ဆရာကို ကြိုဆိုတာလေ
"မျှော်လင့်ထားတဲ့အတိုင်း အမြင့်ဆုံးရမှတ်တစ်ခုပဲ..."
စနစ်၏အမြင့်ဆုံးရမှတ်ပုံစံကို သူ အကြမ်းဖျင်း နားလည်ထားပြီဖြစ်သော်လည်း ထိုအရာသည် အလွန် တိကျနေဆဲပင်။
အမြင့်ဆုံးရမှတ်များက အမြဲတစေ ပစ္စည်းကောင်းများ ပေးတတ်သည်။
လုရန်သည် ဆုလာဘ်များကို အလျင်အမြန် စစ်ဆေးလိုက်၏။
【ပန်ဂုပုဆိန်... ဤပုဆိန်ကို ကိုင်ဆောင်ခြင်းဖြင့် ကောင်းကင်ကိုခွဲပြီး မြေကြီးကိုဖွင့်နိုင်ကာ မဟာလေဟာနယ်ကို ဖြတ်သန်းခရီးသွားနိုင်သည်】
သောက်ရမ်းမိုက်တယ်...
ဖော်ပြချက်မှာ အလွန်တိုတောင်းသော်လည်း မည်မျှထိ ကောင်းမွန်ကြောင်းကို သိနိုင်သည်။
ထိုအရာသည် ရွှမ်ယွမ်ဓားကဲ့သို့ အလားတူ အကျိုးသက်ရောက်မှု ရှိပုံရသော်လည်း အပို လုပ်ဆောင်ချက်တချို့ ပါဝင်သည်။
ယခုချိန်၌...
လုရန်သည် သူ၏ဘယ်ဘက်လက်တွင် ပန်ဂုပုဆိန်ကို ကိုင်ထားပြီး ညာဘက်လက်တွင် ရွှမ်ယွမ်ဓားကို ကိုင်ထားသည်။
သူသည် သူ၏ကျောပေါ်တွင် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို သယ်ဆောင်ထားပြီး သူ၏ ရင်ဘတ်တွင် နတ်ဆိုးသန့်စင်ခြင်းအိုးကို ချိတ်ဆွဲထားပေ၏။
မွေးရာပါ ရှေးဟောင်းရတနာလေးခု...
လုရန်၏ စစ်နတ်ဘုရား ရှင်းထျန်းဓမ္မပုံရိပ်ယောင်၊ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်နှင့် ခေါင်းဖြတ်စက် အင်မော်တယ်ပိုင်နက်နယ်မြေတို့နှင့် ပေါင်းစပ်လိုက်ချိန်တွင်....
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးနှင့်အတူ သူသည် အခြေခံအားဖြင့် လာဘ်ငွေပေးပြီး အနိုင်ယူသော ကစားသမားတစ်ဦးနှင့် တူညီနေသည်။
ထို့နောက်...
လုရန်သည် ဒုတိယဆုလာဘ်ဖြစ်သော အင်မော်တယ် နည်းစနစ်ကို ကြည့်လိုက်သည်။
【 အပြစ်အနာအဆာမဲ့ဗာဂျရာ....အပြစ်ကင်းစင်သော မွေးရာပါ ခန္ဓာကိုယ်ကို ရရှိခြင်းဖြစ်ပြီး ထိုအရာသည် စိတ်စွမ်းအားကျင့်ကြံခြင်း သူတော်စင်ကျမ်းစာတွင် အကြားအာရုံ အသံနှင့် မြေကမ္ဘာတို့၏ အမြင့်ဆုံး နယ်ပယ်ပင်...ထိုစွမ်းရည်သည် ဗုဒ္ဓနည်းစနစ်များ၏တိုက်ခိုက်မှုများကို ၉၉ ရာခိုင်နှုန်း အမြဲတစေ ခုခံနိုင်စွမ်းပေးသော အင်မော်တယ်နည်းစနစ်တစ်ခု ဖြစ်သည်】
အမ်...
လုရန် အနည်းငယ် အံ့အားသင့်သွားသည်။ အောက်ဘုံရှိ တက်ရောက်စာရင်းသွင်းခြင်းမှတစ်ဆင့် သူ၏ ဗုဒ္ဓကျမ်းစာများကို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားပြီးဖြစ်သောကြောင့် ထိုအရာကို သူ အလွယ်တကူ နားလည်နိုင်သည်။
သို့သော် ဤပစ်မှတ်ထားမှုသည် အလွန်တိကျလွန်းပေ၏။
ဗုဒ္ဓနည်းစနစ် တိုက်ခိုက်မှုများကို ၉၉ ရာခိုင်နှုန်း ခုခံနိုင်စွမ်း ရှိသလော....
ကျင့်ကြံဆင့်နယ်ပယ်ကို ဖော်ပြမထားသဖြင့် အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ ဗုဒ္ဓထိပ်သီးပုဂ္ဂိုလ်တစ်ပါးဖြစ်လျှင်ကော မည်သို့လုပ်မည်နည်း။ ထိုသို့မဟုတ်ဘဲ မဟာအင်မော်တယ်ဧကရာဇ် တစ်ပါးဆိုလျှင်ကော မည်သို့လုပ်မည်နည်း။
တူညီသော ကျင့်ကြံဆင့်နယ်ပယ်နှင့် ပတ်သက်၍မူ လုရန် မတ်မတ်ရပ်နေပါက ပြိုင်ဘက်သည် သူတို့၏ အစွမ်းအကုန် အသုံးပြုပြီးနောက်တွင်ပင် သူတို့၏ တိုက်ခိုက်မှု ၁ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ပေမည်။
အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်နှင့် မင်ဝမ်ရုပ်ခန္ဓာကိုယ်တို့သည် ရွှေအင်မော်တယ်များကို ပစ်မှတ်ထားခြင်းမှာ အဆင်ပြေသော်လည်း ထိုအရာများသည် ယခုချိန်၌ လုရန်အတွက် အသုံးမဝင်တော့ပေ။
သို့သော် ဤ အပြစ်အနာအဆာမဲ့ ဗာဂျရာသည် ဗုဒ္ဓဂိုဏ်းတစ်ခုလုံးကို ပစ်မှတ်ထားခြင်းပင်။
"ဒီတက်ရောက်စာရင်းသွင်းခြင်း စနစ်ဆုလာဘ်ကိုကြည့်ရင် ဗုဒ္ဓဂိုဏ်းနဲ့ ဆက်နွယ်မှုတစ်ခုခု ရှိနေရမယ်..."
လုရန်က တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူသည် သူ၏ရှေ့ရှိ ပန်ရှီခံတပ်ကို ကြည့်လိုက်၏။
လော့လော့၏ပြောဆိုမှုအရ ဤပန်ရှီခံတပ်သည် ကာကွယ်ရေးကို အာရုံစိုက်သော်လည်း ဗုဒ္ဓဂိုဏ်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ။
အမြင့်ဆုံးရမှတ် တက်ရောက်စာရင်းသွင်းခြင်းတစ်ခုသည် ဗုဒ္ဓဂိုဏ်းကို ပစ်မှတ်ထားသည့် အင်မော်တယ် နည်းစနစ်တစ်ခုကို မည်သည်ကြောင့် ပေးအပ်ခဲ့သနည်း။
ပန်ရှီခံတပ်အတွင်း၌ ဗုဒ္ဓကျွမ်းကျင်သူတစ်ယောက်များ ရှိနေသလော...
ဤအကြောင်းကို သူ တွေးတောနေစဉ်မှာပင်...
ချန်ဟွေတောင်ကြားအတွင်းရှိ ပန်ရှီခံတပ်၏ ဦးတည်ချက်တွင်...
ခံတပ်သခင်လော့ဆန်သည် လူအုပ်ကြီးတစ်စုကို ဦးဆောင်လာပြီး ကြီးကျယ်ခမ်းနားစွာ ပျံသန်း၍ ထွက်လာခဲ့သည်။
သို့သော် သူတို့သည် ဝင်္ကပါ၏ ကာကွယ်ရေး အကွာအဝေးမှ အပြေးအလွှား ထွက်မလာခဲ့ကြချေ။ ထိုအစားထိုး သူတို့သည် ဝင်္ကပါ၏အပြင်ဘက်ဆုံး အလွှာမှနေ၍ လုရန်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
လော့ဆန်သည် ထိုမြင်ကွင်းကို စူးစိုက်၍ ကြည့်နေပေ၏။
ပြိုင်ဘက်သည် အမှန်တကယ်ပင် လူတစ်ယောက်တည်းဖြစ်ပြီး သူ၏ကျောပေါ်တွင် မိန်းကလေးငယ်လေးတစ်ယောက် ရှိနေသည်။
သူသည် ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးလိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံကိုပင် ဖြန့်ကျက်လိုက်သော်လည်း ပြိုင်ဘက်အတွက် တခြားမည်သည့် အကူအညီကိုမျှ မတွေ့ရှိခဲ့ပေ။
နယ်ပယ်မှတစ်ဆင့် ပြိုင်ဘက်သည် အမှန်တကယ်ပင် အင်မော်တယ်သခင်တစ်ယောက် ဖြစ်ကြောင်း သူ ခံစားမိပေ၏။
သို့သော် ပန်ရှီခံတပ်အတွင်း၌ ခံတပ်သခင် လော့ဆန်အပြင် လက်ဝဲအစောင့်အရှောက်နှင့် လက်ယာအစောင့်အရှောက် နှစ်ဦးလုံးသည် အင်မော်တယ်သခင်များပင်။
မဟာအကြီးအကဲ သွမ်ကျင်းဟိုင်သည်လည်း အင်မော်တယ်သခင်တစ်ယောက်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လော့ဆန်၏ညီငယ်ဖြစ်သူ ပန်ရှီခံတပ်၏ ဒုတိယအကြီးအကဲ လော့လင်းသည်လည်း အင်မော်တယ်သခင်တစ်ယောက်ပင်။
အင်မော်တယ်သခင်ငါးယောက်က ပြိုင်ဘက်ကို တိုက်ခိုက်မည်ဖြစ်ရာ လော့ဆန်ထံ၌ အလွန်အမင်း ယုံကြည်မှု ရှိနေသည်။
"ဘယ်သူလဲ... ပြီးတော့ ငါတို့ပန်ရှီခံတပ်ရဲ့ ကာကွယ်ရေး ဝင်္ကပါကို ဘာလို့ လာပြီးတိုက်ခိုက်တာလဲ..."
လော့ဆန်က တိုက်ရိုက်မေးလိုက်သည်။
သို့သော် သူ သတိမထားမိခဲ့သည်မှာ...
သူ၏နံဘေးရှိ လက်ဝဲအစောင့်အရှောက် ကောကျူး၊ မဟာအကြီးအကဲ သွမ်ကျင်းဟိုင်နှင့် ပဉ္စမ အကြီးအကဲ ကောင်းမင်တို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေကြခြင်းပင်။
လုရန်ကို ကြည့်ရင်း သူတို့၏မျက်လုံးများ နီရဲလာပြီး အခြေအနေသာ မသင့်တော်ခြင်းကြောင့် မဟုတ်ပါက သူတို့ ငိုကြွေးတော့မည့်ပုံစံမျိုးထိ ဖြစ်နေသည်။
နှစ်ပေါင်းသောင်းနှင့်ချီ၍ သူတို့ တောင့်တနေခဲ့သော ဆရာသည် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့လေပြီ။
လုရန်သည် ဤလူများကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူသုံးဦးကို ဖြတ်ကျော်သွားချိန်၌ သူ၏အကြည့် ရပ်တန့်သွားကာ အနည်းငယ် အံ့အားသင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီကောင်လေးသုံးယောက်က ဘာလို့ ပြိုင်ဘက်စခန်းမှာ ရှိနေရတာလဲ... ချန်တာ့ရှန်းနဲ့ အတူတူပဲ ဖြစ်နေမလား..."
လုရန် အနည်းငယ် အံ့အားသင့်သွားပေ၏။
သူ၏တပည့်သုံးဦးကို သူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။
ထို့ပြင် သူတို့သုံးယောက်သည် ပန်ရှီခံတပ်တွင် အလွန်မြင့်မားသော ရာထူးများ ရထားပုံရသည်။
သောက်ကျိုးနည်း...
မူလက သူသည် ပန်ရှီခံတပ်ကို သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ အတွင်းတွင် သူ၏ကိုယ်ပိုင်လူများ ရှိနေပုံရပေ၏။
လုရန် တခဏကြာမျှ စဉ်းစားလိုက်ပြီး သူ၏ တပည့်သုံးဦးနှင့်ပန်ရှီခံတပ်တို့ကြား၌ မည်ကဲ့သို့ ဆက်ဆံရေးမျိုး ရှိသည်ကို အရင်ဆုံးရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ထိုအရာက ချန်တာ့ရှန်းနှင့် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့တို့ကဲ့သို့ အကျိုးစီးပွား ဆက်ဆံရေးတစ်ခု ဖြစ်ပါက ကိစ္စမရှိချေ။
သို့သော် သူတို့တွင် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု ရှိပါက လုရန် အလွန်အမင်း ရက်စက်၍ မရနိုင်ပေ။
"အပြာရောင်ဂိုဏ်း... လုရန်..."
လုရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လော့ဆန်၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဤသည်မှာ အမှန်တကယ်ကို အပြာရောင်ဂိုဏ်းမှ လူတစ်ယောက် ဖြစ်နေပေ၏။
ထို့ပြင် ဤလုရန်သည် ကောလာဟလများ ထွက်နေသော အပြာရောင်ဂိုဏ်းဘိုးဘေး မဟုတ်လော...
"ဒါဆို အပြာရောင်ဂိုဏ်း ဘိုးဘေးပဲ... ငါ့ရဲ့ ပန်ရှီခံတပ်ကို ရန်စဖို့ မင်းက တစ်ယောက်တည်း ရောက်လာတယ်...ဒါက တကယ့်ကို ကြီးမြတ်တဲ့ ဂုဏ်သိက္ခာပဲ..." လော့ဆန်က လှောင်ပြောင်လိုက်သည်။
သေချာသည်မှာ သူသည်လည်း သူ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
အပြာရောင်ဂိုဏ်းသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ထိုတပည့်များက အစွမ်းထက်၍ ဖြစ်မည်ဟု မူလက သူ တွေးထင်ခဲ့သည်။
အပြာရောင်ဂိုဏ်းဘိုးဘေးသည် တပည့်များကို စုစည်းသော အခန်းကဏ္ဍတစ်ခုမှသာ ပါဝင်ခဲ့သည်ဟု သူ တွေးထင်ခဲ့သော်လည်း ယခု ကြည့်ရသလောက် ထိုကဲ့သို့ လုံးလုံးလျားလျား မဟုတ်ပုံရသည်။
အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ဆယ်ရက်ကျော်ခန့်သာ ရှိသေးသော်လည်း အပြာရောင်ဂိုဏ်း ဘိုးဘေးသည် အင်မော်တယ်သခင်နယ်ပယ်တွင် ရှိနေလေပြီ။
ဤကျင့်ကြံမှုအမြန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
"ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ၏ တပည့်သုံးဦးနှင့် ပန်ရှီခံတပ်ကြားရှိ ဆက်ဆံရေးအကြောင်း မည်သို့ မေးရမည်ကို သူ၏စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေသော တပည့်သုံးဦးကို ကြည့်ရင်း စိုးရိမ်မှုတချို့ကြောင့် သူ့ကို ချက်ချင်းအသိအမှတ်မပြုခဲ့ကြကြောင်း သူ ခန့်မှန်းမိသောကြောင့်ပင်။
"ကြွားလုံးထုတ်နေတာပဲ... ငါက ပန်ရှီခံတပ် သခင် လော့ဆန်ပဲ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို မင်းတို့ရဲ့ အပြာရောင်ဂိုဏ်းက သိမ်းပိုက်လိုက်တယ်ဆိုတာ ငါလည်း သိတယ်... မင်းတို့ရဲ့ အပြာရောင်ဂိုဏ်းက အုပ်ချုပ်နေတာကို ငါတို့ ပန်ရှီခံတပ်က ဘာကန့်ကွက်စရာမှ မရှိပါဘူး... ငါ့ကို ဘာလို့ လာရန်စရတာလဲ... ငါတို့ ကိုယ့်စည်းနဲ့ကိုယ် နေသင့်တယ်..."
လော့ဆန်က ကျယ်လောင်စွာ ပြောဆိုသည်။
ဤသည်က အပြာရောင်ဂိုဏ်းဘိုးဘေး တစ်ယောက်တည်းသာ ဖြစ်သော်လည်း မလိုအပ်ပါက သူ ပဋိပက္ခ မဖြစ်ပွားလိုချေ။
ပထမအချက်အနေဖြင့် အပြာရောင်ဂိုဏ်း ဘိုးဘေးသည် အမှန်တကယ်ကို အင်မော်တယ်သခင်တစ်ယောက် ဖြစ်နေသည်။
ဒုတိယအချက်အနေဖြင့် အကယ်၍ သူသည် အပြာရောင်ဂိုဏ်း ဘိုးဘေးကို တိုက်ခိုက်လိုက်ပါက မရေမတွက်နိုင်သော အပြာရောင်ဂိုဏ်းတပည့်များ၏ ရူးသွပ်သော လက်စားချေမှုသည် သူ၏ပန်ရှီခံတပ် ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ချေ။
ဤတွေးခေါ်ပုံလမ်းကြောင်းသည် အတိတ်က ကျောက်စိမ်းနဂါးတောင်ကြားမှ လဲ့ထိုက်ထက် များစွာ ပို၍ထက်မြက်ကာ အဓိပ္ပာယ်ရှိပေ၏။
"စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး... အပြာရောင်ဂိုဏ်းက မိုးပြာနယ်မြေရဲ့ နယ်မြေလေးခုလုံးကို လိုချင်တာ..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"တော်တော် ရည်မှန်းချက်ကြီးတာပဲ... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ ဘယ်လို ပျက်စီးသွားလဲဆိုတာ အတိအကျ ငါ မသိပေမဲ့ မြောက်ပိုင်းနယ်မြေက မရဏအိမ်တော်ရဲ့ အထောက်အပံ့နဲ့တောင် သူတို့ ရှုံးနိမ့်သွားခဲ့တယ်... မင်းတို့ အပြာရောင်ဂိုဏ်းရဲ့ အင်အားက အားမနည်းဘူးဆိုတာကို ငါ ဝန်ခံပါတယ်... ဒါပေမဲ့ မင်းတို့ရဲ့ မူလချီတွေ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရမှာပဲ မဟုတ်လား... မဟုတ်ရင် မင်း တစ်ယောက်တည်း ပြဿနာလာရှာစရာ အကြောင်းမရှိဘူးလေ... ဘာလဲ... ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား..."
လော့ဆန်က အထင်သေးစွာ ပြောလိုက်သည်။
ပန်ရှီခံတပ်သခင်ဖြစ်သဖြင့် အပြာရောင်ဂိုဏ်း ဘိုးဘေးနှင့် ရင်ဆိုင်ရချိန်တွင် လော့ဆန်၏အရှိန်အဝါမှာ အနည်းငယ်မျှ အားနည်းခြင်း မရှိချေ။
"ဒါက ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ... မြောက်ပိုင်းနယ်မြေက မရဏအိမ်တော်ရဲ့ အိမ်တော်သခင် လီယွီဖုန်းက သေသွားပြီ... မြောက်ပိုင်းနယ်မြေက အခု ငါတို့ အပြာရောင်ဂိုဏ်းပိုင် ဖြစ်သွားပြီ... ပန်ရှီခံတပ်ကို ဖြေရှင်းဖို့ ငါ ဒီကို ရောက်နေတာ... ပန်ရှီခံတပ်ကို ငါ သိမ်းပြီးတာနဲ့ ကပ်လျက်ရှိနေတဲ့ အနောက်ပိုင်းနယ်မြေကိုလည်း သိမ်းပိုက်မှာပဲ..."
လုရန်က ပြောဆိုသည်။
"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့... အပြာရောင်ဂိုဏ်း ဘိုးဘေးဖြစ်တဲ့ မင်းက ပန်ရှီခံတပ်ကို တစ်ယောက်တည်း လာရဲမှတော့ ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာ ငါ ကြည့်ချင်တယ်..."
လုရန် ခေါင်းမာနေသည်ကို မြင်သောအခါ လော့ဆန်လည်း ဒေါသထွက်သွားပေ၏။
အကယ်၍ အပြာရောင်ဂိုဏ်းက ပန်ရှီခံတပ်ကို ဖိအားပေးနေပါက အဆင်ပြေသည်။ မည်သူ၏လက်သီးက ပိုမာသနည်းဆိုသည်ကို လူတိုင်း နှိုင်းယှဉ်ကြည့်၍ ရနိုင်သည်။
သို့သော် ထိုအစားထိုးအနေဖြင့် အပြာရောင်ဂိုဏ်း ဘိုးဘေး တစ်ယောက်တည်း...မဟုတ်သေး... သူက မိန်းကလေးငယ်လေး တစ်ယောက်ကိုသာ ခေါ်လာသည်။ သို့သော် သူမသည် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သော ရွှေအမြုတေနယ်ပယ်လောက်သာ ရှိပုံရသဖြင့် လော့ဆန်က သူမကို တိုက်ရိုက်လျစ်လျူရှုထားလိုက်၏။
ဤကဲ့သို့ ပန်ရှီခံတပ်ကို လာရန်စခြင်းမှာ စော်ကားခြင်းသက်သက်ပင်။
သူသည် ပန်ရှီခံတပ်ကို လုံးလုံးလျားလျား ဂရုမစိုက်ချေ။
"ကောင်းပြီ... တိုက်ခိုက်ကြတာပေါ့..."
လုရန်က ခေါင်းညိတ်လိုက်သည်။
သူ စကားများပြောဆိုပြီး ထပ်မံ၍ အချိန်မဖြုန်းတော့ချေ။
အတွေးတစ်ချက်ဖြင့်...
စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်သည် သူ၏နောက်တွင် ထွက်ပေါ်လာပေ၏။
လော့ဆန် အံ့အားသင့်သွားပြီး မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
"စစ်နတ်ဘုရား ရှင်းထျန်း..."
နောက်တစ်စက္ကန့်မှာပင် သူ့ကို ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားစေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့သည်။
လုရန်၏နောက်တွင်...
ဒုတိယ၊တတိယ၊ စတုတ္ထ...
နွေဦးမိုးအပြီး မျှစ်များအလား စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လုရန်၏နောက်တွင် အတန်းလိုက် မတ်တတ်ရပ်နေကြ၏။
လုရန်၏နောက်တွင်တစ်ခု ဘယ်ဘက်တွင် လေးခုနှင့် ညာဘက်တွင်လေးခု...
ကိုယ်ရံတော်ကိုးယောက်အလား သူတို့၏အရှိန်အဝါသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးမှာ လွှမ်းခြုံနေတော့သည်။
"ဒါ ဘယ်လိုနည်းလမ်းမျိုးလဲ... မင်းမှာ ဓမ္မပုံရိပ်ယောင်... ကိုးခု... ကိုးခုလား..."
လော့ဆန်၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားသည်။
ဓမ္မပုံရိပ်ယောင်ကိုးခု...
ထို့ပြင် သူတို့အားလုံးသည် စစ်နတ်ဘုရား ရှင်းထျန်းများပင်။
သို့သော် သူသည် သူ၏အသိတရားကို ထိန်းသိမ်းထားဆဲပင်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံး... မလန့်ကြနဲ့... ဒီအပြာရောင်ဂိုဏ်း ဘိုးဘေးက ထူးဆန်းတယ်... ဒါပေမဲ့ ငါတို့ ပန်ရှီခံတပ်ရဲ့ ကာကွယ်ရေးဝင်္ကပါက နောက်ပြောင်စရာ မဟုတ်ဘူး... သူ အထဲကို ဝင်လို့ မရဘူး..."
အဲ့ဒီလိုလား...
လုရန်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး ကာကွယ်ရေးဝင်္ကပါကို နေရာတွင်ပင် ချိုးဖျက်ရန် ရည်ရွယ်ကာ လက်တစ်ဖက်ကို မြှောက်လိုက်၏။
စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခု ထွက်ပေါ်လာခြင်းသည် ဝင်္ကပါကို အတင်းအကျပ် ချိုးဖျက်ရန် မဟုတ်ဘဲ သူ့ကို ကာကွယ်ပေးမည့် ကိုယ်ရံတော်များအဖြစ် ဆောင်ရွက်ရန်ပင်။
သို့သော်...
လုရန် လှုပ်ရှားရန် အလှည့်သို့ ကျရောက်မလာခဲ့ပေ။
လော့ဆန်နှင့် မလှမ်းမကမ်းတွင် ရှိနေသော သွမ်ကျင်းဟိုင်သည် သံလိုက်အိမ်မြှောင်တစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်၏။
သူ၏အတွေးတစ်ချက်ဖြင့် သံလိုက်အိမ်မြှောင်ပေါ်တွင် ကောင်းကင်ချပ်ပြား မြေကမ္ဘာချပ်ပြားနှင့် လူသားချပ်ပြားတို့အပြင် အတွင်းနှင့်အပြင်ချပ်ပြားများသည် ဒြပ်စင်ငါးပါး၊ ပါ့ကွ၊ ကောင်းကင်အတက်အလက်များ၊ မြေကမ္ဘာအတက်အလက်များ၊ ရာသီဥတုလေးမျိုး၊ ကြယ်ကိုးလုံးနှင့် အရပ်မျက်နှာအသီးသီးရှိ စံအိမ်နှစ်ဆယ့်ရှစ်ခုတို့ကို ကိုယ်စားပြုကာ စည်းချက်ကျကျ ပြင်းထန်စွာ စတင်၍ လှုပ်ခတ်လာတော့သည်။
တစ်ချိန်တည်းမှာပင်....
လော့ဆန်သည်လည်း သွမ်ကျင်းဟိုင်၏ လှုပ်ရှားမှုများကို ရုတ်တရက် သတိပြုမိသွားသည်။
သူသည် ဇဝေဇဝါဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။
"ကျင်းဟိုင်... မင်း ဘာလုပ်နေတာလဲ... ဝင်္ကပါကို အားဖြည့်နေတာလား..."
သွမ်ကျင်းဟိုင်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"ခံတပ်သခင်... ခင်ဗျား အထင်လွဲနေပြီ... ကျွန်တော်ရဲ့ဆရာက ပန်ရှီခံတပ်ကို သူကိုယ်တိုင် ရောက်လာတာဆိုတော့ သူ့ကို ကြိုဆိုဖို့ တံခါးတွေကို ဖွင့်ပေးရမှာပေါ့... ဝင်္ကပါကို ကျွန်တော်က ဘယ်လိုလုပ်ပြီး အားဖြည့်ပေးနိုင်မှာလဲ... အဲ့ဒါက ကျေးဇူးကန်းရာ ကျမှာပေါ့..."