← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅: ဆရာ... ဆရာ လုပ်နိုင်ရဲ့လား

"သောက်ကျိုးနည်း... ကောင်းမင်ကလည်း အပြာရောင်ဂိုဏ်း တပည့် ဖြစ်နေတာလား..."

"အကြီးအကဲငါးယောက်မှာ နှစ်ယောက်က အပြာရောင်ဂိုဏ်း တပည့်တွေလား... လက်ဝဲအစောင့်အရှောက်ကလည်း အပြာရောင်ဂိုဏ်း တပည့်ပဲလား..."

"အဲ့ဒီကောင်းမင်က ဆေးဖော်စပ်တဲ့နေရာမှာ ပါရမီမြင့်မားပေမဲ့ သူက အဆိပ်ဖော်စပ်တဲ့နေရာမှာလည်း ကျွမ်းကျင်သူပဲလေ... ငါတို့ရဲ့ ဆေးလုံးတွေ..."

"ထွေးထုတ်လိုက်... မြန်မြန် ထွေးထုတ်လိုက်..."

"အချိန်နှောင်းသွားပြီ..."

အမှန်တကယ်ကို အချိန်နှောင်းသွားခဲ့လေပြီ။

အနီးအနားရှိ မဟာပေါင်းစည်းခြင်း အင်မော်တယ်တချို့၏နောက်ရှိ ဓမ္မပုံရိပ်ယောင်များသည် စတင်၍ ပျောက်ကွယ်နေသည်။ သူတို့၏ အလားအလာ ပေါက်ကွဲမှုမှ ယခုလေးတင် ထွက်ပေါ်လာသော စိတ်ဝိညာဉ်ချီများသည်လည်း ပရမ်းပတာ ဖြစ်စပြုလာသည်။

အားနည်းသော ရွှေအင်မော်တယ်များ၊ အဆင့်မြင့် အင်မော်တယ်များနှင့် အစစ်အမှန် အင်မော်တယ်တချို့သည် သူတို့၏မျက်နှာရှိ ဒွာရခုနစ်ပေါက်မှ သွေးများ ယိုစီးကာ သေဆုံးသွားခဲ့ကြလေပြီ။

တခြားသူများကမူ သူတို့၏ဒန်တျန်အတွင်းရှိ စိတ်ဝိညာဉ်ချီများအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲကာ သေဆုံးသွားကြသည်။

ပန်ရှီခံတပ်စခန်းအတွင်း၌ အခြေအနေများ ရှုပ်ထွေးနေသည်။ လူများသည် အခါအားလျော်စွာ လဲကျသွားပြီး ခန္ဓာကိုယ်များ ပေါက်ကွဲသံများကို ရံဖန်ရံခါ ကြားနေရပေ၏။

လော့ဆန် လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။

သူက သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်ပြီး ဒန်တျန်အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်...

သူ၏ဒန်တျန်အတွင်း၌ပင် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ချီများနှင့် ရောနှောကာ ထိန်းချုပ်ရန် ပို၍ခက်ခဲလာစေသည်။

ရုန့်ရင်းကြမ်းတမ်းပြီး သောင်းကျန်းနေသော စိတ်ဝိညာဉ်ချီများသည် သူ၏အတွင်းပိုင်းသွေးကြောများကို ရိုက်ခတ်နေပြီး ဖျော့တော့တော့ နာကျင်မှုကို ဖြစ်ပေါ်စေသည်။

"ပန်ရှီခံတပ်ကို ပြန်မယ်..."

လော့ဆန်၏မျက်နှာသည် ဒေါသကြောင့် ရှုံမဲ့နေပေ၏။

ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ကို လျစ်လျူရှုကာ ပန်ရှီခံတပ်ဆီသို့ ဆက်လက်၍ ပျံသန်းသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့် အင်မော်တယ်သခင်အနည်းငယ်တို့ ခံတပ်သို့ ပြန်ရောက်သွားကြသည်။

လော့ဆန်သည် ပန်ရှီခံတပ်၏ ခံတပ်သခင် နေထိုင်ရာ ပင်မခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

သူ တစ်ယောက်တည်း အပြေးအလွှား ဝင်သွားပြီး အခြားသူများကိုလည်း ပလ္လင်ခွေထိုင်ကာ နေရာတွင်ပင် အဆိပ်ကို ဖယ်ရှားရန် ညွှန်ကြားခဲ့ပေ၏။

တခြားသူများသည် အချိန်ဆွဲရန် မဝံ့ရဲကြဘဲ မြေပြင်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ထိုင်ချလိုက်ကြသည်။

ထိုအရာကို မြင်သောအခါ ကောင်းမင်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"အသုံးမဝင်ဘူး... ငါ့ရဲ့ အဲ့ဒီအဆိပ်ကို ဆရာ ကိုယ်တိုင် သင်ပေးခဲ့ပြီးတော့ အထူးပြုပြင်မွမ်းမံထားတာ... အဆိပ်မိသွားပြီဆိုရင် အရိုးပေါ်က လောက်ကောင်လိုပဲ....မင်း ခါချလို့ မရတော့ဘူး..."

ထို့နောက် သူသည် လုရန်ကို လှည့်ကြည့်လိုက်၏။

သူက ပြောဆိုသည်။

"ဆရာ... ဆရာ့ရဲ့ ဂုဏ်သတင်းကို ကျွန်တော် မထိခိုက်စေခဲ့ပါဘူး... ပန်ရှီခံတပ်ကတော့ သေချာပေါက် ပြီးသွားပါပြီ... အခုပဲ အဆုံးသတ်ဖို့ သွားကြမလား..."

လုရန်က ခေါင်းညိတ်လိုက်သည်။

သွမ်ကျင်းဟိုင်၏အကြည့်သည် လူအုပ်ထဲသို့ ရုတ်တရက် ကျရောက်သွားသည်။

မကြာမီ သူသည် လက်ဆန့်တန်းကာ တပည့်တစ်ဦးကို လေထုအလယ်သို့ ဆွဲတင်လိုက်၏။

"ရွှီချန်... မင်းက ဘာလို့ ဒီပန်ရှီခံတပ်မှာ ရှိနေတာလဲ..."

လုရန် အနည်းငယ် အံ့အားသင့်သွားသည်။

ဤရွှီချန်၏ပါရမီမှာ အတော်အသင့် ကောင်းမွန်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း ၃၇၀၀ ကျော်က အထက်ဘုံသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ရာ လုရန်နှင့် ခွဲခွာခဲ့ရသည့် အချိန်မှာ အမှန်အားဖြင့် ထိုမျှထိ မကြာသေးပေ။

"စီနီယာအစ်ကို... ခင်ဗျား ကျွန်တော့်ကို သေမတတ် လန့်သွားအောင် လုပ်လိုက်တာပဲ... ခင်ဗျားသာ ကျွန်တော့်ကို ဆွဲမတင်ခဲ့ရင် ဆရာ့ရဲ့ ရှင်းထျန်း ဓမ္မပုံရိပ်ယောင် နင်းတာခံရပြီး ကျွန်တော် သေလုနီးပါး ဖြစ်နေပြီ..."

ရွှီချန်က ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး ပြောလိုက်သည်။

"အာ... ငါ အဲ့ဒါကို မေ့လုနီးပါးပဲ... မင်းက အင်မော်တယ်နယ်ပယ်မှာလေ... မင်းဘာသာမင်း ပျံသန်းလာလို့ မရဘူးလား..."

သွမ်ကျင်းဟိုင်က မေးမြန်းသည်။

"ကျွန်တော်က သတ္တိနည်းတယ်လေ... ခုဏက ခင်ဗျား ဘက်ပြောင်းတုန်းက လော့လင်းက ခင်ဗျားကို တားလုနီးပါး ဖြစ်ခဲ့တာလေ... ပန်ရှီခံတပ်ကသာ ကျွန်တော့်ကို တွေ့သွားရင် ကျွန်တော် ပျံသန်းမလာနိုင်ခင်မှာပဲ ချက်ချင်း အသတ်ခံရမှာ..."

ရွှီချန်က ပြောဆိုသည်။

"အဲ့ဒါလည်း ဟုတ်တာပဲ... မင်း နည်းနည်း သတိထားတာ ကောင်းပါတယ်..."

သွမ်ကျင်းဟိုင်က ရွှီချန်ပြောသည့်စကားသည် အလွန် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပေ၏။

ရွှီချန်က အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီး ပြောဆိုသည်။

"ဆရာ့ကို ဒီလောက်စောစော တွေ့ရလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး... ပြီးတော့ ဆရာ့ရဲ့ အထက်ဘုံတက်လှမ်းခြင်းက ဒီရှပြည်နယ်မှာပဲ ဖြစ်မယ်ဆိုတာကို ကျွန်တော် သေချာပေါက် မမျှော်လင့်ထားခဲ့ဘူး... ကံကောင်းလိုက်တာ... ဆရာ... တခြား အပြာရောင်ဂိုဏ်း တပည့်တွေကော ဘယ်မှာလဲ..."

အော်...ဟုတ်သားပဲ....

လုရန်က ပြောဆိုလိုက်၏။

"သူတို့ ဒီနေရာမှာ ရှိတယ်... အခုပဲ သူတို့ကို ငါ ဒီနေရာဆီ ခေါ်လာခဲ့မယ်..."

ထိုသို့ပြောပြီးနောက် သူသည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို အဝေးမှနေ၍ တိုက်ရိုက်ဆွဲယူလိုက်တော့သည်။

မဟာချန်တော်ဝင်မြို့တော်၏ အထက်တွင် အင်မော်တယ်တောင်သည် အနည်းငယ် တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ် စတင်၍ တွန့်လိမ်လာသည်။

ရှောက်ယင်းနှင့် တပည့်တချို့သည် တော်ဝင်မြို့တော် အတွင်းအပြင်ရှိ နောက်ဆက်တွဲ ပြဿနာများကို ရှင်းလင်းနေကြသည်။

ထိုအချိန်က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူအတော်များများ သေဆုံးခဲ့ကြ၏။ မဟာပေါင်းစည်းခြင်း အင်မော်တယ်များ၏ အကြွင်းအကျန်များကို ပြန်ယူလာရန် လိုအပ်ပြီး သူတို့၏သိုလှောင်အိတ်များကို တစ်အိတ်ပြီးတစ်အိတ် သိမ်းဆည်းရန်လည်း လိုအပ်သည်။

ဤသည်မှာ ကြီးမားသော စီမံကိန်းတစ်ခုပင်။

သူတို့သည် သိမ်းဆည်းပြီးလုနီးပါး ဖြစ်နေပြီး ယခုချိန်၌ အဆုံးသတ်နေကြလေပြီ။

ရုတ်တရက် သူမ၏နောက်ရှိ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ် နံဘေးပတ်လည်တွင် လေဟာနယ် လှိုင်းဂယက်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ သူမ အချိန်တခဏကြာမျှ အံ့အားသင့်သွားသည်။

ထို့နောက် မည်သည့်အရာများ ဖြစ်နေသည်ကို သူမ သဘောပေါက်သွားပြီး အော်ဟစ်လိုက်သည်။

"ဆရာ လှုပ်ရှားနေတယ်... အားလုံးပဲ... ပြန်လာကြ..."

သူမ၏အသံသည် အားမာန်ပြည့်ဝစွာ ထွက်ပေါ်လာပေ၏။

အပြင်ဘက်တွင် ရှိနေသော အပြာရောင်ဂိုဏ်း တပည့်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်သို့ ပြန်လာကြသည်။

အတော်ဝေးဝေးတွင် ရှိနေသော ကုဟိုင်သည် သူ၏အမြှီး မီးလောင်နေသည့်အလား စိုးရိမ်နေခဲ့သည်။

သူက ပျံသန်းနေစဉ် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကျွန်တော် တောင်ပေါ် မရောက်သေးဘူးနော်..."

ကံကောင်းထောက်မစွာဖြင့် အချိန်လုံလောက်စွာ ရှိနေသေးသည်။

တခြားတစ်ဖက်တွင်....

ပန်ရှီခံတပ်တွင် အဆိပ်ကို ဖယ်ရှားရန် ကျင့်ကြံနေသော လူများသည် လုရန်နှင့် ရှင်းထျန်း ဓမ္မပုံရိပ်ယောင်တို့က သူတို့ကို အဆုံးသတ်ရန် ချက်ချင်းရောက်မလာသည်ကို မြင်သောအခါ အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရသွားကြသည်။

အနည်းဆုံးအနေဖြင့် သူတို့သည် အဆိပ်ဖယ်ရှားရန် အချိန်ရပေလိမ့်မည်။

သူတို့ လုပ်နိုင်မည် မဟုတ်လျှင်ပင် အစွမ်းကုန် ကြိုးစားရပေမည်။

သို့သော် ချက်ချင်းဆိုသလိုပင် လုရန်၏နောက်ရှိ ကျယ်ပြန့်သော လေဟာနယ်ဧရိယာတစ်ခုသည် စတင်၍ တွန့်လိမ်ပြီး လှိုင်းထလာသည်ကို မြင်တွေ့လိုက်ရသည်။

မကြာမီမှာပင်...

ရှေးဟောင်း စစ်သင်္ဘောကြီး တစ်စင်းကဲ့သို့ အင်မော်တယ်တောင် တစ်ခုသည် လေဟာနယ်ကို ဖြတ်ကျော်လာပြီး ထိုအရာ၏ အစစ်အမှန်ပုံစံကို တဖြည်းဖြည်း ဖော်ပြလာတော့သည်။

အထူးသဖြင့် အပြာရောင်ဂိုဏ်း တောင်တံခါးကို သူတို့ မြင်တွေ့လိုက်ရချိန်တွင် အပြာရောင်ဂိုဏ်းသည် ဘိုးဘေးတစ်ဦးတည်းကိုသာ စေလွှတ်ခဲ့ခြင်း မဟုတ်ကြောင်း နောက်ဆုံးတွင် နားလည်သဘောပေါက်သွားတော့သည်။

သူတို့သည် အပြာရောင်ဂိုဏ်း အင်မော်တယ်တောင် တစ်တောင်လုံးကို ခေါ်လာခဲ့ခြင်းပင်။

သို့သော် ဤသည်က မည်ကဲ့သို့ နည်းစနစ်မျိုးနည်း။ ကိုယ့်ဂိုဏ်းကို နေရာတိုင်း သယ်သွားခြင်းလောဟု သူတို့ တွေးတောလိုက်ကြ၏။

လုရန်၏နံဘေးတွင်ရှိနေသော သွမ်ကျင်းဟိုင်နှင့်တခြားသူများက ထိုမြင်ကွင်းကို ဆွံ့အစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

သူတို့ စိတ်ကူးထားခဲ့သော မြင်ကွင်းသည် တိမ်များပေါ်မှနေ၍ အပြာရောင်ဂိုဏ်းတပည့် အများအပြား ရောက်ရှိလာခြင်းဖြစ်ကာ အလွန်ကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေလေပြီ။

သို့သော် လက်တွေ့ကမူ ပို၍ပင် မောက်မာထောင်လွှားနေသည်။

သူသည် အင်မော်တယ်တောင် တစ်ခုလုံးကို တိုက်ရိုက်ရွှေ့ပြောင်းလာခဲ့ခြင်းပင်။

မိုးထိအောင် မြင့်မားသော အင်မော်တယ်တောင်ပေါ်တွင် အပြာရောင်ဂိုဏ်းတပည့်များသည် ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး ရှေ့ရှိ ချန်ဟွေတောင်ကြားကို ငေးမောကြည့်နေကြသည်။

အပြာရောင်ဂိုဏ်းတပည့်များ၏ အလုံးစုံ ခွန်အားကို ဘေးဖယ်ထားလိုက်လျှင် သူတို့ ထွက်ပေါ်လာသည့် မြင်ကွင်းတစ်ခုတည်းကပင် အံ့အားသင့်ဖွယ်ကောင်းစေရန် လုံလောက်လှ၏။

"မင်းတို့တွေက ဂိုဏ်းကို ပြန်သွားကြစမ်း... ဒီက ကိစ္စတွေကို ငါ ရှင်းလိုက်မယ်..."

လုရန်က ပြောလိုက်သည်။

"ဆရာ... ဆရာ တစ်ယောက်တည်း လုပ်နိုင်ပါ့မလား... ကျွန်တော်တို့ရဲ့ အကူအညီ မလိုဘူးလား..."

သွမ်ကျင်းဟိုင်က မေးမြန်းသည်။

"ပန်ရှီခံတပ်က ဒီလောက်ပဲလေ... ပြီးတော့ အဆိပ်ခတ်ပြီးသွားပြီ... ဘာတွေ ကူညီစရာ ရှိလို့လဲ... ပြန်သွားကြ..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ထိုအချက်မှာ အမှန်ပင်။

သွမ်ကျင်းဟိုင်နှင့်တခြားသူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး အင်မော်တယ်တောင်ဆီသို့ တပြိုင်နက်တည်း ပျံသန်းသွားကာ ဂိုဏ်းတူမောင်နှမများနှင့် ပူးပေါင်းလိုက်ကြသည်။

ရှောက်ယင်းနှင့်တခြားသူများသည် လုရန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သွမ်ကျင်းဟိုင်တို့အုပ်စုနှင့် စတင်၍ စကားပြောဆိုနေသည်။

"ပန်ရှီခံတပ်ရဲ့ အဆင့်မြင့်အကြီးအကဲတွေထဲမှာ အပြာရောင်ဂိုဏ်း တပည့်တွေ တကယ်ကြီး ပါနေလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး... ဒီပန်ရှီခံတပ်က တကယ့်ကို သနားစရာကောင်းတာပဲ..."

လော့လော့က အံ့အားသင့်စွာ ပြောလိုက်သည်။

"မဟာချန်ဧကရီက စီနီယာအစ်မ ဖြစ်နေမယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်မထားခဲ့ဘူး... တကယ်လို့ ကျွန်တော်တို့သာ သိခဲ့ရင် ကျွန်တော်တို့က မဟာချန်ကို လာတာကြာပြီပေါ့... ကျွန်တော်တို့က ဘာလို့ ပန်ရှီခံတပ်မှာ နေနေရမှာလဲ..."

သွမ်ကျင်းဟိုင်က ပြောဆိုသည်။

"အမှန်ပဲ... မဟာချန်ဧကရီက စီနီယာအစ်မမှန်း ကျွန်တော်သာ သိခဲ့ရင် ကျွန်တော်လည်း သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှာ နေခဲ့မှာ မဟုတ်ဘူး..."

ချန်တာ့ရှန်းက ထောက်ခံလိုက်၏။

အပြာရောင်ဂိုဏ်းတပည့်များ အမှန်တကယ်ပင် စတင်၍ စကားပြောနေကြသည်။

ပန်ရှီခံတပ်နှင့် ပတ်သက်၍မူ လက်ရှိ အခြေအနေတွင် ဆရာ လှုပ်ရှားလိုက်ပါက လက်ချောင်းတစ်ချောင်း လှုပ်ရသကဲ့သို့ ရိုးရှင်းပေလိမ့်မည်။

လုရန်က အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လျှောက်လှမ်းကာ ပန်ရှီခံတပ်ဆီသို့ သွားလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏အင်မော်တယ်ပိုင်နက်နယ်မြေ ကျယ်ပြန့်သွားတော့သည်။ အကွာအဝေးအတွင်း ပန်ရှီခံတပ်၏ သာမန်တပည့်များအားလုံး ခေါင်းဖြတ်ခံလိုက်ရကာ တစ်ယောက်မျှ မကျန်ရစ်ခဲ့ချေ။

ရှင်းထျန်းကိုးယောက်သည်လည်း လေးလံသော ခြေလှမ်းများဖြင့် ချန်ဟွေတောင်ကြားကို ဖြတ်သန်းကာ ပန်ရှီခံတပ်ဆီသို့ ဦးတည်သွားတော့သည်။

အဆိပ်ကို ဖယ်ရှားရန် ပလ္လင်ခွေထိုင်နေသော ပန်ရှီခံတပ်မှ လူများသည် ရှင်းထျန်းကိုးယောက် ခြေတစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများ ပြာနှမ်းသွားတော့သည်။

သို့သော် ထိုအချိန်မှာပင်...

ရုတ်တရက်...

ပန်ရှီခံတပ်သခင်၏ ပင်မခန်းမဆောင်သည် ပေါက်ကွဲသွားသည်။

ထိုအဆောက်အအုံသည် အပိုင်းပိုင်းအစစ အက်ကွဲသွားစဉ် ဧရာမမိုးပြာရေနဂါးလိပ်ကြီးတစ်ကောင်က ပန်ရှီခံတပ်တွင် ထွက်ပေါ်လာတော့သည်။

စိတ်ဝိညာဉ်ချီများနှင့် ရောနှောနေသော ရေခိုးရေငွေ့ အများအပြား ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။

သို့သော် ထိုအရာက လိပ်တစ်ကောင် မဟုတ်ဘဲ အောင်းတစ်ကောင်ပင်။

နဂါးခေါင်း၊ ခြင်္သေ့လည်ပင်း၊ လိပ်ကျော၊ လင်းယုန်ခြေသည်း၊ မြွေအမြှီးရှိသော အောင်းတစ်ကောင် ဖြစ်နေပေ၏။

ထိုသားရဲ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ အသံလှိုင်းများသက်သက်ကပင် အဆိပ်ကြောင့် ရုန်းကန်နေရပြီဖြစ်သော ပန်ရှီခံတပ်မှ တပည့်အများအပြားကို ထပ်မံ၍ သေဆုံးသွားစေသည်။

သို့သော် လော့ဆန် ဂရုမစိုက်တော့ချေ။

ဤသေရေးရှင်ရေးအချိန်တွင် သူသည် အပြာရောင်ဂိုဏ်းကို ဖျက်ဆီးပစ်ရန်သာ လိုလားတော့သည်။

"မိုးပြာရေနဂါးလိပ်...အဲ့ဒါက ပန်ရှီခံတပ်ရဲ့ အစောင့်အရှောက် နတ်ဘုရားသားရဲပဲ..."

သွမ်ကျင်းဟိုင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

ဤမိုးပြာရေနဂါးလိပ်သည် ရှင်းထျန်းဓမ္မပုံရိပ်ယောင်ထက်ပင် ကြီးမားနေပေ၏။

ထိုသတ္တဝါသည် သဘောတရားအရ ယောင်သားရဲ တစ်ကောင်ဖြစ်သော်လည်း စိတ်ဝိညာဉ်ချီမှာ များစွာ ပို၍သိပ်သည်းသဖြင့် သာမန်ယောင်သားရဲများနှင့် ကွဲပြားသော စိတ်ဝိညာဉ်သားရဲတစ်ကောင်ဟု ခေါ်ဆိုနိုင်သည်။

"ယောင်သူတော်စင်..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

ဤမိုးပြာရေနဂါးလိပ်သည် အမှန်တကယ်ပင် ယောင်သူတော်စင်နယ်ပယ်တွင် ရှိနေပေ၏။

ဤသည်က အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် ညီမျှသည်။

ထိုလိပ်၏ခွန်အားက လုရန်ထက်ပင် သာလွန်နေသည်။

"ဟား ဟား ဟား... မင်းရဲ့ အပြာရောင်ဂိုဏ်းက ငါ့ရဲ့ ပန်ရှီခံတပ်ကို ဒီလောက် လွယ်လွယ်ကူကူ ဝါးမြိုနိုင်မယ်လို့ မင်း ထင်နေတာလား..."

လိပ်၏ ကျောပေါ်တွင် မျက်နှာအနည်းငယ် မည်းနေပြီဖြစ်သော်လည်း အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်သော အခြေအနေတွင် ရှိနေသေးသည့် လော့ဆန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ့ရဲ့ ပန်ရှီခံတပ်က ကာကွယ်ရေးကို အထူးပြုပေမဲ့ ငါတို့ရဲ့ နှစ်သောင်းနဲ့ချီတဲ့ အုတ်မြစ်က တိုက်ခိုက်မှုတွေကို ခံယူဖို့ သက်သက်ပဲလို့ မထင်နဲ့... ဒီမိုးပြာရေနဂါးလိပ်ကို ငါတို့ရဲ့ ဘိုးဘေးတွေကနေ လက်ဆင့်ကမ်းလာခဲ့တာ ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ယောင်သူတော်စင်အဆင့်ကို တက်လှမ်းခဲ့တာ... မင်းက အပြာရောင်ဂိုဏ်းကို ဒီကို ကြိုတင်ရွှေ့ပြောင်းလာလောက်အောင် မောက်မာထောင်လွှားလွန်းတယ်... အဲ့ဒီလိုဆိုမှတော့ ဒီနေ့ ငါတို့ပန်ရှီခံတပ်က မင်းရဲ့ အပြာရောင်ဂိုဏ်းကို သုတ်သင်ရှင်းလင်းပစ်မယ်... ဒီစိတ်ဝိညာဉ်နယ်မြေမှာ အမြဲတမ်း ပိုမြင့်တဲ့ တောင်တစ်လုံး ရှိတယ်ဆိုတာ မင်းကို ငါ သိစေရမယ်..."

လော့ဆန်က ဟန်ဆောင်လုပ်ယူထားသော ရဲစွမ်းသတ္တိဖြင့် အော်ငေါက်လိုက်သည်။

လုရန်က မိုးပြာရေနဂါးလိပ်ကို စိုက်ကြည့်နေကာ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သည့် အရှိန်အဝါကို ခံစားနေရသည်။

သူ စိုးရိမ်ရမည့်အစား သူ၏မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

သူသည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို လှည့်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒါက တကယ့်ကို ကြီးကြပ်မှု လိုအပ်ချက်တစ်ခုပဲ... နောက်တစ်ခါ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို ဒီလောက်စောစော မဆင့်ခေါ်သင့်ဘူး... အခြေအနေတွေက မှားယွင်းသွားရင် မကောင်းဘူး... ဒါပေမဲ့ အခုချိန်မှာ ငါ့ရဲ့ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်မှာ တောင်စောင့် နတ်ဘုရားသားရဲ တစ်ကောင် တကယ်ကြီး လိုအပ်နေတယ်..."

ထိုသို့ပြောဆိုပြီးနောက် သူက နတ်ဆိုးသန့်စင်ခြင်းအိုး ကို ထုတ်ယူလိုက်တော့သည်။

All Chapters