အခန်း ၈၉
Vol. 9 Ch. 89
အခန်း ၈၉ : အင်မော်တယ်ဧကရာဇ် နယ်ပယ်
ထိုညတွင်...
လုရန်သည် ကျင့်ကြံရန် မျက်လုံးများ မမှိတ်မီ သူ၏နံဘေးတွင် ပေါင်အာ အိပ်ပျော်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူ နောက်ဆုံး ကျင့်ကြံခဲ့ခြင်း သို့မဟုတ် အာရုံစူးစိုက်ခဲ့ခြင်းကို ပြုလုပ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဤကဲ့သို့ ရုတ်တရက် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ရခြင်းက အနည်းငယ် မရင်းနှီးသကဲ့သို့ ခံစားရသည်။
အစောပိုင်းက လော့လော့ ပြောခဲ့သည့်အတိုင်း လုရန်သည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့် ဆက်သွယ်ရန် သူ၏စိတ်ကို အာရုံစိုက်လိုက်၏။
သို့သော် နောက်ထပ်ဘာလုပ်ရမည်ကို လုရန် လုံးဝမသိခဲ့ပေ။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိသော်လည်း လုရန်သည် တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့သလို နည်းလမ်းလည်း ရှာမတွေ့ခဲ့ပေ။
သူ ကျင့်ကြံခြင်း အခြေအနေမှ ထွက်ခွာရန် ရည်ရွယ်နေစဉ်မှာပင်...
ရုတ်တရက် သူ၏အမြင်အာရုံ ရှင်းလင်းသွားတော့သည်။
သူ မျက်လုံး မဖွင့်ခဲ့သလို မည်သည့်နေရာကိုမှလည်း နေရာရွှေ့ပြောင်းခြင်း မခံခဲ့ရပေ။
ဤသည်မှာ သူ၏နတ်ဘုရားစိတ်ဝိညာဉ်သည် တခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသည့်အလားပင်။
လုရန် ငုံ့ကြည့်လိုက်ရာ သူသည် အမှန်တကယ်ပင် နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေတွင် ရှိနေပေ၏။
ပတ်ဝန်းကျင်သည် လူသူကင်းမဲ့သော မြေရိုင်းလွင်ပြင်တစ်ခုပင်။ မြေကြီးတွင် အပေါက်များ ရှိနေသော်လည်း တောင်ကုန်းများ သို့မဟုတ် စီးဆင်းနေသော ရေများမရှိ၊ တောင်မြင့်များ သို့မဟုတ် ချောက်ကမ်းပါးများ မရှိဘဲ မြေနေရာမှာ အလွန်ညီညာလှသည်။
ကောင်းကင်သည် မီးခိုးရောင်နှင့် အနက်ရောင် ရောနှောနေသော လေဟာနယ်တစ်ခုဖြစ်ပြီး တခြားမည်သည့်အရာမျှ မရှိပေ။
မြေနေရာတစ်ခုလုံး မျက်စိတစ်ဆုံး ကျယ်ပြန့်နေသည်။
"ဒါက မဟာလေဟာနယ်နယ်မြေလား..."
လုရန်က တီးတိုးရေရွတ်လိုက်၏။
သူသည် နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေတွင် ရှိနေသောကြောင့် လုရန်သည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်၍ မရနိုင်သလို သူ၏ နတ်ဘုရားစွမ်းရည်များကိုလည်း အသုံးပြု၍ မရနိုင်ပေ။
ဤမဟာလေဟာနယ်နယ်မြေအတွင်း ရည်ရွယ်ချက်မရှိဘဲ လှည့်လည်သွားလာရုံသာ တတ်နိုင်တော့သည်။
သို့သော် ဤနေရာသည် အလွန်ကျယ်ဝန်းလွန်းလှသည်။ လုရန်သည် သေမျိုးတစ်ဦးကဲ့သို့ လှည့်လည်သွားလာနေခဲ့ပြီး ဘာမှ မတွေ့ခဲ့ပေ။
"တကယ်လို့ ဒီနေရာမှာ မွေးရာပါ တာအိုသစ်သီး တကယ်ကြီး ရှိနေရင် ဒီအမြန်နှုန်းနဲ့ဆိုရင် အဲ့ဒါကို ရှာတွေ့ဖို့ အချိန်အကြာကြီး ကြာလိမ့်မယ်..."
လုရန် မညည်းတွားဘဲ မနေနိုင်ခဲ့ချေ။
သို့သော် ထိုအချိန်မှာပင်...
ပုဆိန်ထံမှ သတိပေးချက်ကို သူ ရုတ်တရက် သတိရသွားသည်။
'ဤပုဆိန်ကို ကိုင်ဆောင်ခြင်းဖြင့် ကောင်းကင်ကို ခွဲပြီး မြေကြီးကို ဖွင့်နိုင်ကာ မဟာလေဟာနယ်နယ်မြေကို ဖြတ်သန်းခရီးသွားနိုင်သည်'
"ပန်ဂုပုဆိန်မှာ မဟာလေဟာနယ်နယ်မြေကို ဖြတ်သန်းခရီးသွားနိုင်တဲ့ စွမ်းရည် ရှိတယ်လား... ဒါပေမဲ့..."
လုရန်သည် လက်ရှိတွင် နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေတွင် ရှိနေပြီး သူ၏မှော်ရတနာနှင့် ဆက်သွယ်၍ မရနိုင်ပေ။
သူက ပန်ဂုပုဆိန်ကို မည်သို့ အသုံးပြုရမည်နည်း။
သူ ထိုအကြောင်း တွေးနေစဉ်မှာပင်...
ဝှစ်...
ပုဆိန်တစ်လက်က လုရန်၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။
ထူးဆန်းသောအရာမှာ လုရန်သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေတွင် ပုံရိပ်ယောင် ဖြစ်သော်လည်း ဤပန်ဂုပုဆိန်မှာ ရုပ်ဝတ္ထု ဖြစ်နေခြင်းပင်။
လုရန်က ပုဆိန်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကြည့်ရာ ဤမဟာလေဟာနယ်နယ်မြေအတွင်း၌ ပန်ဂုပုဆိန်ကို သူ အမှန်တကယ် ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
သူ၏မျက်လုံးများ တောက်ပသွားသည်။
သူ စမ်းသပ်သည့်အနေဖြင့် သူ၏ စိတ်ကို အာရုံစိုက်လိုက်၏။
ဝှစ်...
ပန်ဂုပုဆိန်သည် လုရန်ကို ဆွဲခေါ်သွားပြီး မြေပြင်မှ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားတော့သည်။
ထိုပျံသန်းမှုသည် စိတ်ဝိညာဉ်နယ်မြေတွင် ရှိနေစဉ်ကထက်ပင် ပို၍မြန်ဆန်လှသည်။
ထို့အပြင် ဤနေရာတွင် ပုဆိန်ကို စိတ်ဝိညာဉ်ချီဖြင့် ထိန်းချုပ်ထားခြင်း မဟုတ်ပေ။ ထိုအရာကို အသုံးပြုရသည်မှာ သူ၏ကိုယ်ပိုင်လက်ကို အသုံးပြုရသည့်အလား လွယ်လင့်တကူ လှုပ်ရှားနိုင်သည်။
"ဒါဆို ရှာရတာ အများကြီး ပိုလွယ်သွားမှာ မဟုတ်ဘူးလား..."
လုရန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ထို့နောက် ပန်ဂုပုဆိန်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး မဟာလေဟာနယ်နယ်မြေ အနှံ့အပြားသို့ စတင်ပျံသန်းတော့သည်။
သူသည် မွေးရာပါတာအိုသစ်သီးကို ရှာဖွေနေသော်လည်း အသီး၏ အရွယ်အစား၊ ပုံသဏ္ဌာန် သို့မဟုတ် မည်မျှထိ ထင်ရှားမည်ကို မသိသောကြောင့် လုရန်သည် မြေပြင်နှင့်ကပ်လျက် ပျံသန်းခဲ့သည်။
ပန်ဂုပုဆိန်သည် အလင်းတန်းတစ်တန်းကို ချန်ထားရစ်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
သို့သော် မဟာလေဟာနယ်နယ်မြေ၏ ဧရိယာကို မသိရချေ။ လုရန်သည် ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းသွားလာနေခဲ့သော်လည်း သူသည် နယ်နိမိတ်သို့ တစ်ခါမျှ မရောက်နိုင်ခဲ့သလို မည်သည့် မွေးရာပါ တာအိုသစ်သီးကိုမျှလည်း မတွေ့ခဲ့ပေ။
သူ၏ တွေးခေါ်ပုံလမ်းကြောင်း မှားနေသလောဟု လုရန် စတင်၍ သံသယဝင်လာတော့သည်။ ဖြစ်နိုင်သည်မှာ မွေးရာပါ တာအိုသစ်သီးက သူ ရှာတွေ့ရန် ထိုင်စောင့်နေခြင်း မဟုတ်သလော။
ထိုအစားအနေဖြင့် ထိုအသီးကို တခြားနည်းလမ်း တစ်ခုခုဖြင့် ရယူရမည် ဖြစ်နေသလော...
သို့သော် ယခုအချိန်တွင် သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေ၌ လုရန် လုပ်နိုင်သမျှမှာ ပန်ဂုပုဆိန်၏ ဖြတ်သန်းသွားလာနိုင်သော စွမ်းရည်ကို ထိန်းချုပ်ရန်သာ ဖြစ်သည်။ သူ တခြား မည်သည့်အရာကိုမျှ လုပ်ဆောင်၍ မရပေ။
ထို့ကြောင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် ဖြတ်သန်းသွားလာရင်း သူ တတ်နိုင်သမျှ ဆက်လက်ကြိုးစားနေရုံသာ တတ်နိုင်တော့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိခဲ့ဘဲ သူ လက်လျှော့တော့မည့်ဆဲဆဲ အချိန်မှာပင်...
ရုတ်တရက် သူ၏ညာဘက်မှ အရှေ့တွင် အလင်းစက်လေးတစ်ခုကို သူ သတိပြုမိလိုက်သည်။
သူ အရှိန်မြှင့်ပြီး အပြေးအလွှား သွားလိုက်၏။
သူ အနီးကပ် ရောက်သွားမှသာ ရှင်းလင်းစွာ မြင်လိုက်ရသည်။
မြေကြီးပေါ်တွင် မြက်ပင်နှင့်တူကာ ဒူးခေါင်းလောက်မြင့်သည့် သစ်ပင်ငယ်လေးတစ်ပင် ပေါက်နေသည်။
ထိုသစ်ပင်သည် မည်းနက်နေပြီး သိပ်မထင်ရှားပေ။
သို့သော် သစ်ပင်ထိပ်တွင် ပေါက်နေသော အသီးတစ်လုံးသည် စွမ်းအင်အစုအဝေးတစ်ခုမှ ဖန်တီးထားသည့်အလား တောက်ပစွာ လင်းလက်နေပြီး ပူဖောင်းတစ်လုံးကဲ့သို့ ဖြည်းညှင်းစွာ ယိမ်းနွဲ့နေသည်။
ထိုအရာကို တစ်ချက်ကြည့်ရုံဖြင့် လုရန်က သူ၏နတ်ဘုရားစိတ်ဝိညာဉ် အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
"အဲ့ဒါက မွေးရာပါ တာအိုသစ်သီး ဖြစ်ရမယ်..."
လုရန်က ဝမ်းသာအားရ ပြောလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင်...
မီတာတစ်ရာအောက် အကွာအဝေးမှ မွေးရာပါ တာအိုသစ်သီးဆီသို့ ပြေးလာနေသော ကြည်လင်သည့် ပုံရိပ်တစ်ခုကိုလည်း လုရန် မြင်တွေ့လိုက်ရသည်။
ထိုပုံရိပ်သည် ကြည်လင်နေသောကြောင့် သူ ရှင်းလင်းစွာ မမြင်ရသော်လည်း ထိုသူမှာ အမျိုးသမီး တစ်ယောက်ဖြစ်ကြောင်း သူ သိမြင်နိုင်သည်။
သူမ၏အာရုံစိုက်မှု တစ်ခုလုံးသည် မွေးရာပါ တာအိုသစ်သီးအပေါ်တွင် ရှိနေပြီး သူမ၏ ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားလှ၏။
ဤနေရာတွင် သူမ လှုပ်ရှားနေပုံမှာ ပန်ဂုပုဆိန်ကို မထုတ်ယူမီ လုရန်၏ပုံစံနှင့် ဆင်တူသည်။
သူမသည် သူမ၏ ကိုယ်ပိုင် ခြေထောက်နှစ်ချောင်းဖြင့် ပြေးနေခြင်းပင်။
သို့သော် ကောင်းကင်ယံရှိ လုရန်ကို သူမ သတိထားမိပုံမပေါ်ပေ။
ဤမဟာလေဟာနယ်နယ်မြေတွင် အခြားတစ်ယောက်၏ နတ်ဘုရားစိတ်ဝိညာဉ်ကို သူ အမှန်တကယ် မြင်တွေ့နိုင်သဖြင့် လုရန် အံ့အားသင့်သွားသည်။
ယခုအချိန်၌ မွေးရာပါ တာအိုသစ်သီးသည် အရေးကြီးဆုံးပင်။
လုရန် သူ၏စိတ်ကို အာရုံစိုက်ကာ မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။
ထို့နောကိ သူ၏ ပုဆိန်ကို ဆုပ်ကိုင်ပြီး သူသည် မွေးရာပါ တာအိုသစ်သီး၏နံဘေးတွင် ထွက်ပေါ်လာပေ၏။
သူက အမျိုးသမီးကို နောက်သို့ လှည့်ကြည့်လိုက်သည်။
အမျိုးသမီးသည်လည်း လုရန်ကို မြင်လိုက်ရပြီး ကြက်သေသေသွားတော့သည်။
သူမသည် မွေးရာပါ တာအိုသစ်သီးကို စိုက်ကြည့်နေခဲ့ပြီး ကောင်းကင်မှနေ၍ ပုဆိန်တစ်လက်ကိုင်ကာ လူတစ်ယောက် ပျံသန်း၍ ဆင်းသက်လာသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီမဟာလေဟာနယ်နယ်မြေမှာ နင်က မှော်ရတနာတစ်ခုကို ဘယ်လိုလုပ် သုံးနိုင်တာလဲ..."
အမျိုးသမီးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"ငါက အထူးလူလေ..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
ထို့နောက် သူသည် မွေးရာပါတာအိုသစ်သီးကို ခူးယူရန် လက်ဆန့်တန်းလိုက်သည်။
အမျိုးသမီးသည် ချက်ချင်းစိုးရိမ်ပူပန်သွားပြီး အော်ဟစ်လိုက်သည်။
"ရပ်လိုက်... အဲ့ဒါပ ငါ့ရဲ့ မွေးရာပါ တာအိုသစ်သီးပဲ... နင် ဘာလုပ်နေတာလဲ..."
လုရန်က သူ၏ လှုပ်ရှားမှုများကို ခဏရပ်တန့်ပြီး အမျိုးသမီးကို လှည့်ကြည့်ပြီး မေးမြန်းလိုက်၏။
"ဘာလဲ... ဒါက မင်း စိုက်ထားတာလား..."
အမျိုးသမီးက အံ့အားသင့်သွားပြီး တုံ့ပြန်အဖြေပေးသည်။
"အင်း... မဟုတ်ဘူး... ဒါပေမဲ့ ငါက မွေးရာပါ တာအိုသစ်သီးကို အချိန်အကြာကြီး ရှာနေခဲ့တာ... ဒါ ငါ ရှာတွေ့တဲ့ ပထမဆုံး တစ်လုံးပဲ... အဲ့ဒါကို လုယူရအောင် နင်က ဘယ်လို လူကြီးလူကောင်းမျိုးလဲ..."
အမ်...
လုရန်က နှုတ်ခမ်းမဲ့ပြီး ပြောဆိုသည်။
"လူကြီးလူကောင်း ဖြစ်တာက ဘာအသုံးဝင်လို့လဲ... ငါလည်း ဒီမွေးရာပါ တာအိုသစ်သီးကို နာရီအတော်ကြာအောင် ရှာနေခဲ့တာပဲ... အရင်ရောက်တဲ့သူ အရင်ရတာပဲ..."
ထို့နောက် သူသည် လက်ဆန့်တန်းကာ မွေးရာပါ တာအိုသစ်သီးကို ခူးယူလိုက်တော့သည်။
ထိုအသီးကို မည်သို့အသုံးပြုရမည်ကို သူ မသိသေးသော်လည်း အရင်ယူထားလိုက်ခြင်းပင်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ သူ ခူးယူလိုက်သည်နှင့် တစ်ပြိုင်နက် မွေးရာပါ တာအိုသစ်သီးသည် 'ဖောင်း' ခနဲ အသံနှင့်အတူ ပေါက်ကွဲသွားသည်။
အသီးတစ်လုံးလုံးသည် သက်တန့်ရောင် အရည်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုရန်၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ဖုံးလွှမ်းကာ အတွင်းသို့ စိမ့်ဝင်သွားသည်။
ထို့နောက် လုရန်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ကြည်လင်သည့် အခြေအနေမှ အစိုင်အခဲအဖြစ်သို့ ဖြည်းညှင်းစွာ စတင်၍ ပြောင်းလဲလာပေ၏။
ထိုဖြစ်စဥ် တည်ငြိမ်သွားသောအခါ နတ်ဘုရားစိတ်ဝိညာဉ်သည် အပြင်ဘက်ရှိ လုရန်၏ အသွင်အပြင်နှင့် အတိအကျ တူညီနေတော့သည်။
ဤသည်မှာ သူထံတွင် မည်သည့်အဝတ်အစားမျှ ဝတ်ဆင်မထားခြင်းမှ လွဲ၍ပင်။
သို့သော် အမျိုးသမီးသည် ထိုမြင်ကွင်းနှင့် ကျင့်သားရနေပုံရပြီး မသင့်တော်ဟု တွေးထင်ခြင်း မရှိခဲ့ပေ။ သူမသည် ဒေါသများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လုရန်ကို စိုက်ကြည့်နေပေ၏။
သူမက အံ့ကြိတ်ပြီး အော်ဟစ်လိုက်သည်။
"နင်က နာရီအနည်းငယ်ပဲ ရှာခဲ့တာလား... သောက်ကျိုးနည်း... ငါ ရှာနေတာ နှစ်ငါးရာတောင် ရှိပြီ... နှစ်ငါးရာလေ..."
လုရန် အနည်းငယ် ဆွံ့အသွားသည်။ အို ဘုရားရေ... မွေးရာပါ တာအိုသစ်သီးကို ရှာရသည်မှာ ထိုမျှထိ အချိန်အကြာကြီး ကြာမြင့်သလော။
သို့သော် စဉ်းစားကြည့်လျှင် မဟာလေဟာနယ်နယ်မြေကို ဖြတ်သန်းခရီးသွားရန် ပန်ဂုပုဆိန် ရှိနေသည့်တိုင် လုရန်သည် ဤအသီးကို မြင်ရန် နာရီအတော်ကြာ အချိန်ယူခဲ့ရသည်။
အကယ်၍ တစ်စုံတစ်ယောက်က သေမျိုးတစ်ဦးကဲ့သို့ သာမန်အတိုင်း လမ်းလျှောက်နေမည်ဆိုပါက နှစ်ငါးရာကို မဆိုထားနှင့် ကံမကောင်းပါက နှစ်ငါးထောင်ပင် ဖြစ်သွားနိုင်သည်။
"ဒါဆိုရင် မင်းမှာ ဒီအခွင့်အရေးနဲ့ ကံကြမ္မာ မရှိတဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ထွက်ခွာရန် နောက်လှည့်လိုက်၏။
အစောပိုင်းက သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေတွင် သူ ဘာမှမခံစားခဲ့ရသော်လည်း ယခု သူသည် အစိုင်အခဲဖြစ်နေပြီဖြစ်ရာ သူ လမ်းလျှောက်နေစဉ် အောက်ပိုင်းရှိ အရာသည် အရှေ့အနောက် လွှဲနေပြီး အနည်းငယ် အေးစက်မှုကိုပင် ခံစားနေရသည်။
"အရမ်းကြီးတာကလည်း အမြဲတမ်းတော့ မကောင်းဘူး..."
လုရန်က တီးတိုးရေရွတ်လိုက်သည်။
နောက်တစ်စက္ကန့်မှာပင်...
သူ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် မဟာလေဟာနယ်နယ်မြေမှ ထွက်ခွာသွားပြီး ထိုနေရာတွင် ပျောက်ကွယ်သွားတော့သည်။
လုရန် ထွက်သွားပြီးနောက် မွေးရာပါ တာအိုသစ်သီး ပေါက်ရောက်ခဲ့သော သစ်ပင်ငယ်လေးသည်လည်း ညှိုးနွမ်းသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်အတွင်းတွင် ပျောက်ကွယ်သွားပေ၏။
အမျိုးသမီး၏ နတ်ဘုရားစိတ်ဝိညာဉ်သည် နာကြည်းမှုများ အပြည့်ရှိသော မျက်နှာဖြင့် ဗလာဖြစ်နေသော မဟာလေဟာနယ်နယ်မြေကို ကြည့်နေတော့သည်။
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ... နင့်ကို ငါ မှတ်ထားမယ်... နင်က အလယ်ပိုင်းနယ်မြေက မဟုတ်တာ ပိုကောင်းမယ်... မဟုတ်ရင် နင့်ကို ငါတွေ့ရင် နင့်ကို သေချာပေါက် အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်... အားးး..."
သူမသည် အော်ဟစ်ပြီးနောက် ဒေါသတကြီး ခြေဆောင့်ကာ မဟာလေဟာနယ်နယ်မြေမှ ထွက်ခွာသွားသည်။
သူမ၏ စိတ်အခြေအနေ ပြိုလဲသွားသဖြင့် နောက်တစ်ကြိမ် ထပ်ကြိုးစားရန် သူမ ရည်ရွယ်လိုက်၏။
လုရန်သည် နတ်ဘုရားစိတ်ဝိညာဉ် အခြေအနေမှ ထွက်လာပြီးနောက် သူသည် ပန်ဂုပုဆိန်ကို ကိုင်ထားဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ပုဆိန်ကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်သည်။
ထို့နောက် သူ လက်သီးဆုပ်ကာ သူ၏ ခန္ဓာကိုယ်အရှိန်အဝါကို စစ်ဆေးလိုက်သည်။
သူ တွေးထင်ထားသည့်အတိုင်းပင်...
သူ၏ ယခင် အင်မော်တယ်သခင်နယ်ပယ် နဝမအဆင့်နှင့် နှိုင်းယှဉ်လျှင် သူ၏လက်ရှိအရှိန်အဝါသည် တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေပေ၏။
အင်မော်တယ်ဧကရာဇ် နယ်ပယ်...
ဟူး...
လုရန်က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ မွေးရာပါ တာအိုသစ်သီးကို ဤမျှထိ လျှင်မြန်စွာ ရှာတွေ့ပြီး အင်မော်တယ်ဧကရာဇ်အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် ဤတစ်ကြိမ်တွင် သူ အတော်လေး ကံကောင်းခဲ့သည်။
သူ ခြေတစ်လှမ်း စောနေခြင်းမှာ ကောင်းမွန်သွားသည်။ ထိုသို့မဟုတ်ပါက ထိုအမျိုးသမီးက လုယူသွားနိုင်ပေ၏။
အကယ်၍ ထိုအသီးသာ အမှန်တကယ် လုယူခြင်းခံလိုက်ရပါက ပန်ဂုပုဆိန် ရှိနေလျှင်ပင် နောက်ထပ် မွေးရာပါ တာအိုသစ်သီးကို ရှာတွေ့ရန် အချိန်မည်မျှ ကြာမည်ကို လုရန် သိမည် မဟုတ်ပေ။
လုရန် ပြောသကဲ့သို့ပင် လူတစ်ယောက်အတွက် အခွင့်အရေးနှင့် ကံကြမ္မာ လိုအပ်သည်။
...
နောက်တစ်နေ့၌...
လုရန်သည် တက်ရောက်စာရင်းသွင်းရန် အလျင်မလိုခဲ့ပေ။
သူ နိုးလာပြီးနောက် ရှောက်ယင်းနှင့်တခြားသူများကို ပန်ရှီခံတပ်၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားခဲ့ပြီး သူသည် ပေါင်အာကို ခေါ်ကာ အနောက်ပိုင်းနယ်မြေရှိ မဟာဗုဒ္ဓဘုရားကျောင်းသို့ ဦးတည်သွားတော့သည်။
ယခင်က ပန်ရှီခံတပ်နှင့် မတူဘဲ...
မဟာဗုဒ္ဓဘုရားကျောင်း တစ်ခုလုံးသည် မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့သလို အပြာရောင်ဂိုဏ်း အကြောင်းကိုလည်း မည်သူမျှ မဆွေးနွေးခဲ့ကြပေ။
သို့သော် ဤသည်မှာ အပြာရောင်ဂိုဏ်း၏ သတင်းကို သူတို့ မရရှိခဲ့ကြောင်း မဆိုလိုချေ။
ပန်ရှီခံတပ် ပျက်စီးသွားပြီဖြစ်ပြီး သတင်းက သူတို့ထံ မရောက်သေးခြင်း ဖြစ်နိုင်သော်လည်း မြောက်ပိုင်းနယ်မြေရှိ မရဏအိမ်တော်၏သခင် သေဆုံးသွားကြောင်းနှင့် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ ပျောက်ကွယ်သွားကြောင်းကိုမူ သူတို့ အလွန်ရှင်းလင်းစွာ သိထားကြသည်။
သို့သော် ယုံကြည်မှုကြောင့် ဖြစ်နိုင်ပြီး မဟာဗုဒ္ဓဘုရားကျောင်းသည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ပေ။
သူတို့သည် အပြာရောင်ဂိုဏ်းအကြောင်း သတင်းအချက်အလက် စုဆောင်းရန်ပင် မည်သူ့ကိုမျှ စေလွှတ်ခဲ့ခြင်း မရှိချေ။
ထို့အပြင် ယနေ့သည် မဟာဗုဒ္ဓဘုရားကျောင်း၏ ဗုဒ္ဓမဟာညီလာခံ ကျင်းပသောနေ့ပင်။
မဟာဗုဒ္ဓဘုရားကျောင်း၏အလယ်ဗဟိုတွင် မွန်းစတားကြီးတစ်ကောင် ဝပ်နေသည်နှင့် တူညီသော ဧရာမနေရာတစ်ခုအတွင်း၌...
ဘုန်းတော်ကြီးအို တစ်ပါးသည် မြေကွက်လပ်၏ အလယ်ဗဟိုရှိ ဖျာတစ်ချပ်ပေါ်တွင် ထိုင်နေပြီး သနားကြင်နာတတ်ကာ သဘောကောင်းပုံရသည်။
သူ၏နံဘေးပတ်လည်ရှိ ဖျာပြားပေါ်တွင် ခေါင်းပြောင်ဘုန်းတော်ကြီးများရှိပြီး သူတို့အားလုံးသည် ဗုဒ္ဓဂိုဏ်းတပည့်များပင်။
ဤအချိန်တွင် လူတိုင်းသည် ဗုဒ္ဓကျမ်းစာများကို တပြိုင်နက်တည်း ရွတ်ဆိုနေကြသဖြင့် မြင်ကွင်းတစ်ခုလုံး ခမ်းနားထည်ဝါနေသည်။
သူတို့ ရွတ်ဆိုနေစဉ် ထူထပ်သိပ်သည်းသော ဗုဒ္ဓစွမ်းအားများသည် နေရာတဝိုက်လုံးတွင် အဆက်မပြတ် မြင့်တက်နေသည်။ ရွှေရောင် ဗုဒ္ဓဘာသာ အလင်းတန်းများ ဖြာထွက်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ရွှေရောင်ဟင်းချိုများဖြင့် ပြည့်နေသော ဧရာမ ပန်းကန်လုံးကြီး တစ်လုံးကဲ့သို့ ထင်ရစေသည်။
ဂျိန်း...
မိုးကြိုးပစ်သံတစ်ခုက ကောင်းကင်ကို တုန်ခါသွားစေပြီး ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုနေခြင်းတွင် ပရမ်းပတာဖြစ်မှုနှင့် သဟဇာတမဖြစ်မှု တချို့ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ဘုန်းတော်ကြီးအိုသည် မျက်မှောင်ကြုတ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
"သူတို့ လာကြပြီ..."
ကောင်းကင်ဘုံကိုးထပ်၏ အထက်တွင်...
လုရန်သည် တိမ်တိုက်တစ်ခုပေါ်တွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်ပြီး အောက်ဘက်ရှိ မဟာဗုဒ္ဓဘုရားကျောင်းကို ငုံ့ကြည့်နေသည်။
ဤနေရာတွင် စုဝေးနေကြသော ဘုန်းတော်ကြီးများ အားလုံးကို မြင်လိုက်ရသောအခါ သူ၏မျက်ခုံးများ တွန့်ကွေးသွားသည်။ ဤသည်က သူ့ကို ဒုက္ခအချို့ သက်သာစေခဲ့ပြီး သူသည် သူတို့အားလုံးကို တစ်ချက်တည်းဖြင့် သုတ်သင်ရှင်းလင်းပစ်၍ ရသည် မဟုတ်လော။
ထို့ပြင်...
မဟာဗုဒ္ဓဘုရားကျောင်းသည် အမှန်တကယ်ကို ရဲတင်းလှ၏။ သူတို့ထံတွင် ဂိုဏ်းအကာအကွယ် ဝင်္ကပါပင် မရှိပေ။ သူတို့ထံတွင် မရှိခြင်းလော သို့မဟုတ် အသက်မသွင်းရသေးခြင်းလောဆိုသည်ကိုမူ သူ မသိချေ။
သူ၏အနောက်တွင် ပေါင်အာသည် အနည်းငယ် တွေဝေနေကာ ငိုက်မြည်းရင်း လဲလျောင်းနေသည်။
"ဒကာလေး... ငါတို့မဟာဗုဒ္ဓဘုရားကျောင်းကို ဘာကိစ္စနဲ့ လာတာလဲ..."
ဘုန်းတော်ကြီးအိုက ဖြည်းညှင်းစွာ မေးလိုက်သည်။
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
လုရန်က သူ၏လက်ကို ဆန့်တန်းလိုက်၏။
ရွှမ်ယွမ်ဓားသည် သူ၏ရှေ့တွင် ထွက်ပေါ်လာပြီး ဓားဖျားသည် အောက်ဘက်သို့ ညွှန်ပြနေကာ မြေကြီးဆီသို့ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။
ဆင်းသက်လာစဉ် ထိုဓားသည် အတိုင်းအဆမရှိ ကြီးမားလာပြီး နောက်ဆုံးတွင် ကျယ်ပြန့်သောမြေပြင်ကို ခွဲခြမ်းမည့် ဓားကြီးတစ်လက်ကဲ့သို့ ဖြစ်လာကာ ဘုန်းတော်ကြီးအို၏ရှေ့တည့်တည့်ရှိ မြေကြီးထဲသို့ ပြင်းထန်စွာ ထိုးစိုက်သွားသည်။
သို့သော် ဘုန်းတော်ကြီးအိုသည် အလွန်တည်ငြိမ်နေဆဲပင်။ သူ၏ရှေ့ရှိ ဧရာမ ဓားကြီးကို ရင်ဆိုင်ရချိန်တွင် သူ၏မျက်နှာအမူအရာ မပြောင်းလဲဘဲ လုရန်ကို အေးစက်စွာ ကြည့်နေခဲ့သည်။
လုရန်သည် ဆင်းသက်လာပြီး ဓား၏လက်ကိုင်ပေါ်သို့ ညင်သာစွာ နင်းလိုက်၏။
သူက လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ငုံ့ကြည့်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"အခုချိန်ကစပြီး ချန်နယ်မြေရဲ့ အနောက်ပိုင်းနယ်မြေကို ငါတို့အပြာရောင်ဂိုဏ်းက အုပ်ချုပ်လိမ့်မယ်... ဘယ်သူ သဘောတူလဲ... ဘယ်သူ ကန့်ကွက်လဲ..."