အခန်း ၉၁
Vol. 10 Ch. 91
အခန်း ၉၁: မဟာအင်မော်တယ်ဧကရာဇ် ရှားယီယီ
လုရန်က မတ်တတ်ရပ်ကာ အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။
အနီရင့်ရောင် ကန့်လန့်ကာက သူ့ကို လွှမ်းခြုံသွားသည်နှင့် လုရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဤသည်မှာ တခြားကမ္ဘာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
သို့သော် မဟာလေဟာနယ်နယ်မြေနှင့် မတူဘဲ ဤနေရာရှိ ဧရိယာမှာ အလွန်မကြီးမားချေ။ လုရန်သည် အလယ်ဗဟိုတွင် ရပ်နေပြီး သူ၏အောက်ရှိ ရွှမ်ယွမ် ဓားမှာ ပျောက်ကွယ်သွားပုံရသည်။
ချိုင့်ခွက်များပြည့်နေပြီး ပူလောင်နေသော ချော်ရည် ကြမ်းပြင်ပေါ်တွင် ထိုအတိုင်း သူ ထိုင်နေလိုက်၏။
ဘုန်းတော်ကြီးယုံကျွယ်ကို ယခုချိန်၌ မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။ ဤပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် လုရန်တစ်ယောက်တည်းသာ ရှိနေပုံရသည်။
ဘုန်းတော်ကြီး ယုံကျွယ်သည် လုရန်ကို အေးစက်စက်ကြည့်ကာ လှောင်ပြောင်လိုက်၏။
"မောက်မာပြီး မာနကြီးလိုက်တာ... ဒီဘုန်းတော်ကြီးအိုက မင်းကို မနှိမ်နှင်းနိုင်ဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား... အခု မင်းက ငါ့ရဲ့ ရွှံ့ဗွက်နှင့်ထွန်ယက်ငရဲ ထဲ ဝင်လာပြီဆိုတော့ မင်းရဲ့ ဝိညာဉ်ကို လွင့်စင်သွားအောင် လုပ်ပစ်မယ်..."
သို့သော် သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
လုရန်သည် ဤနေရာကို ထွင်းဖောက်မြင်နိုင်သည့်အလား မော့ကြည့်ပြီး ဆရာတော်ယုံကျွယ်၏ တည်နေရာကို အတိအကျ ရှာဖွေတွေ့ရှိလိုက်သည်။
လုရန်က အပြုံးနှင့် ပြောဆိုသည်။
"တိုက်မယ်ဆိုလည်း တိုက်လေ... ဗုဒ္ဓဂိုဏ်းက အဓိပ္ပာယ်မရှိတာတွေ ပြောရတာကို အဲ့ဒီလောက်တောင် သဘောကျတာလား..."
ဘုန်းတော်ကြီးယုံကျွယ်သည် မျက်မှောင်ကြုတ်လိုက်၏။ မည်သည်ကြောင့် ဤမျှထိ ထူးဆန်းနေရသနည်း။ သူ၏ အဆုံးစွန် လှုပ်ရှားမှုကို သူ ထုတ်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ အသာစီးရနေသည်ဟု လုံးဝမခံစားရချေ။
ထိုအချိန်မှာပင် လုရန်က ဆက်ပြောသည်။
"လူတွေ သေပြီးတဲ့နောက် ကောင်းမှုများများ လုပ်တဲ့သူတွေက နတ်ပြည်ကို သွားပြီး မကောင်းမှုများများ လုပ်တဲ့သူတွေက ငရဲကို ရောက်ကြတယ်... ပူလောင်တဲ့ ငရဲရှစ်ထပ် အေးစက်တဲ့ ငရဲရှစ်ထပ် တိုးပွားလာတဲ့ ငရဲနဲ့ အထီးကျန် ငရဲတွေ အပါအဝင် ငရဲဆယ့်ရှစ်ထပ် ရှိတယ်... မင်းက ဒီလှုပ်ရှားမှုကို သုံးနိုင်တယ်ဆိုတော့ 'နိရယကျမ်းစာ ဆယ့်ရှစ်ပါး' ကို မင်း လေ့လာထားရမယ်... မင်းရဲ့ လေ့လာမှုက ဘယ်လောက်ထိ နက်ရှိုင်းလဲ ဆိုတာကို ငါ သိချင်တယ်..."
လုရန်သည် ဗုဒ္ဓနည်းစနစ်ကို မကျင့်ကြံသော်လည်း သူ၏ဗုဒ္ဓကျမ်းစာများသည် တက်ရောက်စာရင်းသွင်းခြင်းမှတဆင့် အထွတ်အထိပ်အဆင့်သို့ ကြာမြင့်စွာကတည်းက ရောက်ရှိနေခဲ့လေပြီ။
ဗုဒ္ဓကျမ်းစာများကို နားလည်မှုနှင့် ပတ်သက်လျှင် ဆရာတော်ယုံကျွယ်သည် သူ့ကို အမီလိုက်ရန် မျှော်လင့်၍ မရနိုင်ချေ။
ထိုစကားကို ကြားသောအခါ ဆရာတော် ယုံကျွယ်၏ နှလုံးသား ပြင်းထန်စွာ တုန်ရီသွားတော့သည်။
သူ စကားဆက်မပြောတော့ဘဲ ရွှံ့ဗွက်နှင့်ထွန်ယက်ငရဲ တစ်ခုလုံးသည် ပေါက်ကွဲထွက်လာပြီး လုရန်ကို သတ်ဖြတ်ရန် ကြိုးစားလေ၏။
လုရန် ယခင်က ပြောခဲ့သကဲ့သို့ပင် ပူလောင်သော ငရဲရှစ်ထပ် အေးစက်သော ငရဲရှစ်ထပ်...
အမျိုးမျိုးသော အပြစ်ပေးသည့် နည်းလမ်းများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်ပြီး ဖြစ်နိုင်သမျှ ထောင့်ပေါင်းစုံမှနေ၍ သူ၏ရုပ်ခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်ကို အစွမ်းကုန် တိုက်ခိုက်လာသည်။
သို့သော် မည်ကဲ့သို့ တိုက်ခိုက်မှုမျိုးပင်ဖြစ်စေ အဆိုပါတိုက်ခိုက်မှုများအားလုံးမှာ ဗုဒ္ဓနည်းစနစ်တိုက်ခိုက်မှုများသာ ဖြစ်ပြီး လုရန်သည် ထိုအရာများထဲမှ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို တိုက်ရိုက်ခုခံနိုင်စွမ်းရှိသည်။
ကျန်ရှိနေသော အပိုင်းအတွက်မူ လုရန် ဘာမှမလုပ်လျှင်ပင် သူ၏ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်က ထိုအရာများကို ကာကွယ်ပေးနိုင်သည်။
အဆုံးသတ်ရလဒ်အနေဖြင့် သူ မည်သည့်အရာကိုမျှ မခံစားရခြင်းပင်။
စက်ဝန်းတစ်ပတ်လည်သွားသည်နှင့်အမျှ ဆရာတော် ယုံကျွယ်၏ နဖူးမှ အေးစက်သော ချွေးစေးများ ယိုစီးကျလာသည်။
သူ မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ လုရန်သည် လုံးဝအထိအခိုက်မရှိ ကျန်ရှိနေသည်ကို မြင်တွေ့မိကာ သတ်ဖြတ်ခံရခြင်းကို မဆိုထားနှင့် ဆံချည်တစ်မျှင်မျှပင် မပျက်စီးခဲ့ချေ။
ဤနက်ရှိုင်းသော စွမ်းအားကင်းမဲ့မှု ခံစားချက်က ဆရာတော် ယုံကျွယ်ကို တစ်ဖက်လူသည် သူ၏ ကျင့်ကြံဆင့်နယ်ပယ်ကို အထူးဖိနှိပ်ထားပြီး ဤနေရာသို့ လာရောက်ကြွားဝါနေသော မဟာအင်မော်တယ်ဧကရာဇ် တစ်ပါးများ ဖြစ်နေသလောဟုပင် တွေးမိစေခဲ့သည်။
ထိုအချိန်မှာပင်....
"ကတုံးအိုကြီး... အမွှေးတိုင် တစ်တိုင်စာ အချိန် ပြည့်တော့မယ်... မင်း တခြားလှုပ်ရှားမှု တစ်ခုကို ပြောင်းသုံးဖို့ ငါ အကြံပြုတယ်... ဒါကို ကြည့်ရတာ ငါ ငြီးငွေ့နေပြီ..."
လုရန် အော်ပြောသည်ကို သူ ရုတ်တရက် ကြားလိုက်ရသည်။
လုရန်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုခဲ့သော်လည်း ဆရာတော် ယုံကျွယ်မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပေ၏။
ရွှံ့ဗွက်နှင့်ထွန်ယက်ငရဲကို ရုပ်သိမ်းမသွားသော်လည်း ဆရာတော်ယုံကျွယ်သည် လုရန်ကို တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်လေပြီ။
ထိုအစားထိုး သူ အံ့ကြိတ်လိုက်သည်။
ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသော လက်တစ်ဆစ်အရွယ်အစားခန့်ရှိ ပုံမှန်မဟုတ်သည့် ပုတီးစေ့တစ်လုံးသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုပုတီးစေ့သည် မီးခိုးရောင်ဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ဗုဒ္ဓစွမ်းအားသည် အလွန်ထူထပ်သိပ်သည်းလွန်းလှသဖြင့် သဲများကဲ့သို့ အတူတကွ လှည့်ပတ်နေသည်။
"ဦးခေါင်းခွံဓာတ်တော် တစ်ဆူပဲ... မဆိုးဘူး... မဆိုးဘူး..."
လုရန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ဆရာတော် ယုံကျွယ်၏ မျက်နှာအမူအရာမှာ လေးနက်ပြီး သတိထားနေသည်။ ဦးခေါင်းခွံဓာတ်တော်ကို ဖော်ပြပြီးနောက် သူက မျက်လုံးများကို မှိတ်လိုက်သည်။
သူ၏ပုံရိပ်သည် အမှန်တကယ်ပင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သူ၏နောက်ရှိ ဓမ္မပုံရိပ်ယောင်အတွင်းသို့ ပေါင်းစည်းသွားတော့သည်။
ထို့နောက်....
ဓမ္မပုံရိပ်ယောင်သည် နောက်တစ်ကြိမ် ပို၍ကြီးမားလာပေ၏။
ထိုအရာ၏အောက်ရှိ ပွင့်ဖတ်တစ်ထောင် မဟာကြာပန်းသည် ဖြည်းညှင်းစွာ ပွင့်လန်းလာပြီး ပွင့်ဖတ်တစ်ခုစီပေါ်တွင် ဗာဂျရာဗုဒ္ဓ အသေးစားလေးတစ်ပါးစီ ထိုင်နေသည်။
သို့သော် ထိုအသေးစားလေးများပင်လျှင် တောင်ကုန်းငယ်များလောက် ကြီးမားသည်။
ရွှေကြာပန်း အပြည့်အဝ ပွင့်လန်းသွားသည်နှင့် တစ်ပြိုင်နက် ဗာဂျရာဗုဒ္ဓ အားလုံးသည် ပျံသန်းထွက်လာကြပြီး ဗုဒ္ဓဘွဲ့အမည်များကို ရွတ်ဆိုကာ လုရန်ဆီသို့ ပြေးဝင်လာကြ၏။
သူတို့သည် အမြှောက်ဆံများအလား လုရန်ကို မဆုတ်မနစ် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
ပရမ်းပတာဖြစ်ပြီး တလိမ့်လိမ့်ထနေသော ဗုဒ္ဓစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာကာ သိပ်သည်းစွာ စုဝေးနေသော ဗာဂျရာဗုဒ္ဓများက လုရန်ကို နစ်မြုပ်သွားစေသည်။
လုရန်၏ တည်နေရာကို လုံးဝမမြင်ရတော့ချေ။
ထိုအခြေအနေသည် အချိန်တခဏကြာသည့်အထိ ဆက်လက်၍ ဖြစ်ပွားနေပေ၏။
လုရန်၏အသံက သေမင်းခေါင်းလောင်းတစ်ခုကဲ့သို့ ရုတ်တရက် ထပ်မံ၍ ထွက်ပေါ်လာသည်။
"အမွှေးတိုင် တစ်တိုင်စာ အချိန် ပြည့်သွားပြီ... ငါ ကစားလို့ ပြီးပြီ..."
ဝှစ်...
မြေကြီးထဲသို့ စိုက်ဝင်နေသော ရွှမ်ယွမ်ဓားကို သူက ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ပြိုင်ဘက်ကင်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားချီများသည် အရပ်မျက်နှာအဘက်ဘက်သို့ ကြက်ခြေခတ် ဖြတ်သန်းသွားပြီး ချဉ်းကပ်လာသော ဗာဂျရာဗုဒ္ဓအားလုံးကို သတ်ဖြတ်လိုက်၏။
လုရန်သည် မတ်တတ်ရပ်လိုက်ပြီး လေဟာနယ်အတွင်းတွင် မျောလွင့်နေသည်။
နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားခဲ့ရသော ဘုန်းတော်ကြီးယုံကျွယ်သည် ဓမ္မပုံရိပ်ယောင်၏ရှေ့တွင် ပြန်လည်၍ ထွက်ပေါ်လာသည်။ သို့သော် ယခုအချိန်၌ သူ၏မျက်လုံးများသည် မှေးမှိန်ပြီး အသက်ကင်းမဲ့နေကာ သူ၏မျက်နှာ သွေးဆုတ်ဖြူရော်နေပြီး အသက်ရှူရခက်ခဲနေတော့သည်။
လုရန်ကို ပြန်ကြည့်လိုက်ရာ သူ အဆုံးသတ်သွားပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ယုံကျွယ် သိလိုက်သည်။
သူ အနိုင်ရရန် မဖြစ်နိုင်ချေ။ သူတို့နှစ်ဦးလုံးသည် အင်မော်တယ်ဧကရာဇ်များ ဖြစ်နေသော်လည်း ကွာဟချက်သည် မည်သည်ကြောင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းနေရသနည်းကို သူ မစဥ်းစားနိုင်ချေ။
လုရန် စကားများများစားစား မပြောတော့ပေ။
သူသည် ဘုန်းတော်ကြီးယုံကျွယ်ဆီသို့ ဓားကို မြှောက်လိုက်ပြီး အတွေးတစ်ချက်ဖြင့်...
စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင် ကိုးခုသည် သူ၏နောက်တွင် ထွက်ပေါ်လာပေ၏။
ဘုန်းတော်ကြီးယုံကျွယ် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားသည်။
သူ့ထံတွင် ဓမ္မပုံရိပ်ယောင်ကိုးခုပင် ရှိနေသည်။
သို့သော် ဤဓမ္မပုံရိပ်ယောင်များသည် ဘုန်းတော်ကြီး ယုံကျွယ်ကို မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူတို့သည် ထွက်ပေါ်လာပြီးနောက် ဖြန့်ထွက်သွားပြီး မဟာဗုဒ္ဓဘုရားကျောင်းတစ်ခုလုံးတွင် သောင်းကျန်းနေတော့သည်။
လမ်းတလျှောက် သူတို့နှင့် တွေ့ဆုံသမျှ ဘုန်းတော်ကြီးတိုင်း အသတ်ခံရသည်။
တစ်ယောက်မျှ မချန်ထားခဲ့ချေ။
ဂိုဏ်းပျက်စီးသွားသည့် မြင်ကွင်းက ဘုန်းတော်ကြီး ယုံကျွယ်၏မျက်နှာကို ပို၍ပင် ကြည့်ရဆိုးသွားစေခဲ့သည်။
သို့သော် သူသည် ထိုကိစ္စကို တားဆီးရန် မကြိုးစားခဲ့သလို တားဆီးရန် လုပ်ဆောင်နိုင်စွမ်းလည်း မရှိချေ။
လုရန်က ဘုန်းတော်ကြီးယုံကျွယ်ဆီသို့ ချဥ်းကပ်လာသည်။
ဘုန်းတော်ကြီး ယုံကျွယ်သည် အလွန်ထိတ်လန့်သွားသဖြင့် သူသည် နောက်သို့ပျံသန်းကာ ဆုတ်ခွာသွားတော့သည်။
သူသည် လုရန်ကို တိုက်ခိုက်ရန် အနည်းငယ်မျှ စိတ်ဝင်စားမှု မရှိတော့ချေ။
သူ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။ ဤအပြာရောင်ဂိုဏ်းဘိုးဘေးသည် ဆံချည်တစ်မျှင်မျှ မကျွတ်ဘဲ အချိန်ကြာမြင့်စွာ သူ့ကို တိုက်ခိုက်ခွင့်ပေးခဲ့ပေ၏။ သူ တိုက်ခိုက်နေခြင်းက ဘာအဓိပ္ပာယ်ရှိမည်နည်း။
"မင်း ထွက်ပြေးနိုင်မယ် ထင်လား..."
လုရန်က အေးစက်စက်လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူသည် ပေါ့ပေါ့ပါးပါး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားချီမြစ်တစ်စင်းက ဘုန်းတော်ကြီး ယုံကျွယ်ဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ဘုန်းတော်ကြီးယုံကျွယ်၏ မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားတော့သည်။ သူ၏နောက်ရှိ ဗုဒ္ဓဓမ္မပုံရိပ်ယောင်သည် ဓားချီရေစီးကြောင်းကို တားဆီးရန် ချက်ချင်းပြေးထွက်သွားပေ၏။
သူကိုယ်တိုင်ကတော့ အဝေးရှိ ဗုဒ္ဓခန်းမဆောင်ဆီသို့ ဦးတည်၍ အော်ဟစ်လိုက်သည်။
"ဆရာတော် ဖူကျိ... ကျွန်တော့်ကို ကယ်ပါအုံး..."
ဟင်...
လုရန်က မျက်ခုံးပင့်ပြီး ဗုဒ္ခခန်းမဆောင်ကို လှည့်ကြည့်လိုက်သည်။
ဆရာတော်ဖူကျိဆိုသူသည် ဤမဟာဗုဒ္ဓဘုရားကျောင်း၏ ဦးဆောင်ဆရာတော် ဖြစ်ပေမည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ချေ။
ဘုန်းတော်ကြီးယုံကျွယ်သည်လည်း ဆွံ့အသွားတော့သည်။
ဆရာတော်ဖူကျိ မည်သည့်အရာအား ပြုလုပ်နေသနည်း...
သူတို့ တိုက်ခိုက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဆရာတော် ဖူကျိက ကြာမြင့်စွာကတည်းက သတိထားမိသင့်သော်လည်း သူ ထွက်ပေါ်မလာသေးသလို အကူအညီတောင်းခံသံများပင် အသုံးမဝင်ဖြစ်နေသည်။
သူ၏နောက်ရှိ ဓမ္မပုံရိပ်ယောင်သည် လုရန်၏ ဓားချီ ရေစီးကြောင်းမှ တိုက်ရိုက်ထိမှန်မှုကို ခံလိုက်ရပြီး အနည်းငယ် ဝေဝါးသွားကာ မတည်မငြိမ် ဖြစ်နေလေပြီ။
ဤသည်က အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။
ဤအပြာရောင်ဂိုဏ်းဘိုးဘေးမှာ အလွန်ကြောက်စရာကောင်းလွန်းပေ၏။
"ဆရာတော်ဖူကျိက ဒီမဟာဗုဒ္ဓဘုရားကျောင်းရဲ့ ဦးဆောင်ဆရာတော် မဟုတ်ဘူးလား... သူက ထွက်ပြေးသွားတာတော့ မဖြစ်နိုင်ဘူးနော်..."
လုရန်က ဇဝေဇဝါဖြင့် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူက ဆရာတော်ယုံကျွယ်ကို ကြည့်လိုက်သည်။
တစ်ဖက်လူသည် ဆက်ပြေးရန် စီစဉ်နေတုန်းပင်။
လုရန် တခဏကြာမျှ စဉ်းစားလိုက်ပြီး ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို ထုတ်ဖော်ကာ ဆရာတော်ယုံကျွယ်ကို နေရာတွင် တိုက်ရိုက် ချည်နှောင်လိုက်သဖြင့် သူ မလှုပ်ရှားနိုင်တော့ချေ။
ထို့နောက် လုရန်က အနီးသို့ ပျံသန်းသွားသည်။
ဆရာတော်ယုံကျွယ်၏ မျက်လုံးများ သွေးရောင်လွှမ်းနေပေ၏။ သူသည် အလျင်စလိုဖြင့် လုရန်ဆီသို့ မိစ္ဆာနှိမ်နှင်းရေးတောင်ဝှေးကို ပစ်ပေါက်လိုက်သည်။
ဝှစ်...
လုရန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထိုလက်နက်ကို အားစိုက်ထုတ်စရာမလိုဘဲ ဖမ်းဆုပ်လိုက်သည်။
ထို့နောက် သူက မေးမြန်းသည်။
"ဆရာတော်ဖူကျိ အပါအဝင် မင်းတို့ မဟာဗုဒ္ဓဘုရားကျောင်းမှာ အနည်းဆုံး အင်မော်တယ်ဧကရာဇ်နှစ်ယောက်ရှိတယ်... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ လုပ်ခဲ့သလိုမျိုး တခြားနယ်မြေသုံးခုကို မင်းတို့က ဘာလို့ မလိုချင်ခဲ့ကြတာလဲ..."
ဆရာတော် ယုံကျွယ် တံတွေးကိုမြိုချပြီး တုံ့ပြန်အဖြေပေးသည်။
"မိုးပြာနယ်မြေရဲ့ နယ်မြေလေးခုမှာ တစ်ခုစီတိုင်းမှာ အရှင်သခင်ရှိတယ်... တစ်ယောက်ယောက်က စောင့်ကြပ်နေသရွေ့ သူတို့ရဲ့ ကိုယ်ပိုင် အကွာအဝေးအတွင်းမှာ ပြည်တွင်းပဋိပက္ခ ဖြစ်တာက ဘာမှမဖြစ်ဘူး... ဒါပေမဲ့ နယ်မြေလေးခုက အချင်းချင်း ပတ်သက်မှု ရှားပါးတယ်... ဒါက လွန်ခဲ့တဲ့ နှစ်သောင်းနဲ့ချီ အကြာတုန်းက မိုးပြာနယ်မြေအရှင်သခင် ချမှတ်ခဲ့တဲ့ စည်းမျဉ်းတစ်ခုပဲ... မင်း... မင်းလည်း အဲ့ဒါကို နာခံရမယ်... မဟုတ်ရင်... အပြာရောင်ဂိုဏ်း သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်..."
လုရန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုသောက်ကျိုးနည်း မိုးပြာနယ်မြေအရှင်သခင် ဖြစ်နေသလော။
မဟာဗုဒ္ဓဘုရားကျောင်းတွင် အင်မော်တယ်ဧကရာဇ် နှစ်ပါး ရှိသော်လည်း သူတို့နှစ်ဦးလုံးသည် တစ်ဖက်လူကို သတိထားနေကြ၏။ မိုးပြာနယ်မြေအရှင်သခင် ကောင်းရွှမ်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်နေသလော။
ထို့ပြင် ယခုအချိန်တွင် ဦးဆောင်ဆရာတော် ဖူကျိက မည်သည်ကြောင့် ထွက်မလာသေးသနည်း။
သူတို့နှစ်ဦးလုံးကို တပြိုင်နက်တည်း ရှင်းပစ်ရန် လုရန်က တွေးတောနေခဲ့သည်။
"တကယ်လို့ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ့ရဲ့ မဟာဗုဒ္ဓဘုရားကျောင်းက မင်းရဲ့ အပြာရောင်ဂိုဏ်း လုံးဝ ရောက်မလာခဲ့သလို ပြုမူပါ့မယ်... မိုးပြာနယ်မြေအရှင်သခင်က စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူး..."
ဘုန်းတော်ကြီးယုံကျွယ်က တောင်းပန်လိုက်သည်။
အပြာရောင်ဂိုဏ်းအပေါ် သူ၏ မူလအထင်အမြင်သေးမှုသည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။
လုရန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အာရုံစိုက်ရန် ပျင်းရိနေခဲ့သည်။
သူသည် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ ဖိနှိပ်မှုကို တိုးမြှင့်လိုက်ပြီး သူကိုယ်တိုင်ကမူ မျက်စိတစ်မှိတ်အတွင်း အဝေးရှိ ခန်းမဆောင်ကြီး၏ အဝင်ဝသို့ ရောက်ရှိသွားပေ၏။
သို့သော် သူ အထဲသို့ဝင်ရန် ပြင်ဆင်နေချိန်မှာပင်...
သူ၏ဘဝတစ်သက်တာလုံး ဘယ်တော့မှ မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို လုရန် မြင်တွေ့လိုက်ရသည်။
ရှားယီယီနှင့် ထိုအင်မော်တယ်ဧကရာဇ် အစေခံသည် ခန်းမဆောင်အတွင်း အလယ်ဗဟိုတည့်တည့်တွင် ရှိနေကြသည်။
ရှားယီယီ၏ရှေ့တွင် ဘုန်းတော်ကြီးအိုတစ်ပါး ဒူးထောက်နေသော်လည်း သူသည် သေဆုံးနေလေပြီ။
သေဆုံးနေခြင်းက တစ်ပိုင်းသာဖြစ်သော်လည်း ရှားယီယီက ဘုန်းတော်ကြီးအို၏ ခေါင်းကို ကိုင်ထားပြီး သူမ၏ လက်မောင်းကို အားပြင်းပြင်းဖြင့် ဆွဲလိုက်သည်နှင့် ဘုန်းတော်ကြီးအို၏လူသားကျောရိုးကို တိုက်ရိုက်ဆွဲထုတ်ပစ်လိုက်ခြင်းပင်။
လူသားကျောရိုးတစ်ခုလုံးသည် တောက်ပသော အလင်းရောင်များ စီးဆင်းနေသည့် ရွှေရောင် သွေးကြောများနှင့်အတူ မြင့်မြတ်သောအလင်းတန်းများ ဖြာထွက်နေသည်။
မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုး....
ရှားယီယီသည် ထိုဘုန်းတော်ကြီးအို၏ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို တိုက်ရိုက်ဆွဲထုတ်လိုက်ခြင်းပင်။
ဤမြင်ကွင်းသည် အလွန်အမင်း ကျောချမ်းဖွယ် ကောင်းလှ၏။
ရှားယီယီသည် အသက်အလွန်ကြီးပုံမပေါ်သော်လည်း ဤအချိန်တွင် သူမထံမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် အင်မော်တယ်ဧကရာဇ်တစ်ပါးထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။
သူ၏ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို အမြင့်ဆုံးအထိ တွန်းပို့လိုက်ကာ လုရန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
နောက်တစ်စက္ကန့်မှာပင် သူ၏နှလုံးခုန်နှုန်း တစ်ချက်မှားသွားတော့သည်။
'ဒီရှားယီယီက... မဟာအင်မော်တယ်ဧကရာဇ် တစ်ပါးပဲ...'
လုရန်၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။
သူမသည် အလယ်ပိုင်းပြည်နယ်မှ လာပြီး ယောင်ချီ ဟုခေါ်သော အင်အားစုတစ်ခုတွင် ပါဝင်ကြောင်း လုရန် ဝိုးတဝါး မှတ်မိနေသည်။
ဤယောင်ချီအင်အားစုသည် ထိုမျှထိ ကြောက်မက်ဖွယ် ကောင်းသလော။
လုပ်ငန်းစဉ်များကို ကိုင်တွယ်ဖြေရှင်းရန် ရှပြည်နယ်သို့ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် စေလွှတ်လိုက်သလော။ သူမ၏အစေခံပင်လျှင် အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေသည်။