အခန်း ၉၂
Vol. 10 Ch. 92
အခန်း ၉၂: အင်မော်တယ်ဧကရာဇ်ကို အမဲလိုက်ခြင်း
ရှားယီယီသည်လည်း လုရန်ကို မြင်လိုက်သည်။ သူမ၏ မျက်လုံးများထဲရှိ အေးစက်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ချိုမြိန်သော အပြုံးတစ်ခုက အစားထိုးဝင်ရောက်လာသည်။
သို့သော် သူမ၏ အသွင်အပြင်သည် မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူမ၏ ကျင့်ကြံမှုမှာ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပေ၏။
သူမသည် ဘယ်ဘက်လက်တွင် လူသားကျောရိုးတစ်ခုကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏မျက်နှာပေါ်တွင် သွေးကွက်များ ရှိနေသဖြင့် သူမ၏အပြုံးကို ပို၍ပင် ကျောချမ်းစရာ ကောင်းစေသည်။
ရှားယီယီက သူ့ထံမှ လူသားကျောရိုးကို ထုတ်ယူလိုက်လျှင် မည်သို့နေမည်ကို လုရန် စိတ်ကူးယဥ်တွေးတောကြည့်၍ ရနေလေပြီ။
သူ တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး ပြောဆိုသည်။
"အဟမ်း... ငါက လမ်းကြုံလို့ ဝင်လာတာပါ... ဆက်လုပ်ပါ... ဆက်လုပ်ပါ..."
ထိုသို့ပြောပြီးနောက် သူ နောက်ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
သူတို့သာ တိုက်ခိုက်ပါက သူ မည်သို့မျှ အနိုင်ရမည် မဟုတ်ချေ။
သူ၏အင်မော်တယ်ပိုင်နက်နယ်မြေရှိ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ကို မဆိုထားနှင့် သူသည် ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခုလုံးကို ထုတ်လွှတ်ပြီး အပြာရောင်ဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် ရှေးဟောင်းရတနာ အမျိုးမျိုးကို အသုံးပြုလျှင်တောင်မှ သူ အနိုင်ရနိုင်မည် မဟုတ်ချေ။
တစ်ဖက်လူသည် မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက်ပင်။
ထို့ပြင် ရှားယီယီ၏နံဘေးတွင် အင်မော်တယ်ဧကရာဇ် အစေခံတစ်ဦး ရှိနေသဖြင့် သူမ သူ့ကို ပစ်မှတ်မထားရန်သာ လုရန် မျှော်လင့်နေခဲ့သည်။
လုရန် ထွက်သွားသည်ကို မြင်သောအခါ ရှားယီယီသည် သူ့ကို မတားဆီးခဲ့ချေ။
သူမသည် လူသားကျောရိုးကို သူမ၏လက်စွပ်အတွင်းသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်၏။ ထို့နောက် သူမက လက်ခုပ်တီးပြီး ပြောဆိုသည်။
"လုရန်က တော်တော် မြန်တာပဲ... သူ ဒီအထိတောင် ရောက်နေပြီ..."
သူမ၏နံဘေးရှိ အဘိုးအိုက ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"သခင်မလေး... ရှပြည်နယ်အတွင်းမှာရှိတဲ့ အင်မော်တယ်ဧကရာဇ် အများစုကို အမဲလိုက်ပြီးပါပြီ... လူနည်းနည်းပဲ ကျန်တော့တယ်... ကျွန်တော်တို့မှာ အချိန်လုံလောက်ပါ့မလား..."
ရှားယီယီ ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"အချိန် လုံလောက်ပါတယ်..."
ထိုသို့ပြောပြီးနောက် သူမက ထပ်မေးလိုက်၏။
"နင့်ကို စုံစမ်းခိုင်းထားတဲ့ မိုးပြာနယ်မြေအရှင်သခင် ကောင်းရွှမ်ကို ရှာတွေ့ပြီလား... သူက မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်ကို မရောက်သေးဘူး မဟုတ်လား... ကောင်းရွှမ်ရဲ့ ပတ်ဝန်းကျင်မှာ အင်မော်တယ်ဧကရာဇ်နည်းနည်း ရှိသေးတယ်... သူတို့ကို အလဟဿ ဖြစ်သွားအောင် ငါတို့ ထားထားလို့ မရဘူး..."
အဘိုးအိုက ခေါင်းယမ်းလိုက်သည်။ သူက စဉ်းစားဟန်ဖြင့် ပြောဆိုသည်။
"ကောင်းရွှမ်ရဲ့ နယ်ပယ်က မဟာအင်မော်တယ်ဧကရာဇ် မဟုတ်လောက်ဘူး... မဟုတ်ရင် ယောင်ချီက လူတွေ သတိထားမိမှာပဲ..."
ရှားယီယီက သက်ပြင်းချပြီး ပြောဆိုလိုက်၏။
"အဲ့ဒါ ကောင်းတယ်... တကယ်လို့ သူက မဟာအင်မော်တယ်ဧကရာဇ် မဟုတ်ရင် စီစဉ်ထားတဲ့အတိုင်း သူ့ကို ငါတို့ သတ်ရမယ်... ဒါပေမဲ့ အခုချိန်မှာတော့ သူ ဘယ်ကို ထွက်ပြေးသွားလဲဆိုတာ ငါ မသိဘူး... မိုးပြာနယ်မြေရဲ့ နယ်မြေလေးခု ပရမ်းပတာ ဖြစ်သွားရင် မိုးပြာနယ်မြေအရှင်သခင် ပေါ်လာလိမ့်မယ်လို့ ကောလာဟလတွေ ရှိတယ်... ဒီလိုမျိုး အရေးကြီးတဲ့ အချိန်မှာ သူက မကြာခင် ပေါ်လာသင့်တယ် မဟုတ်လား..."
အဘိုးအိုက အပြင်ဘက်ကိုကြည့်ကာ သတိထား၍ မေးလိုက်သည်။
"သခင်မလေး... ဆိုလိုတာက... လုရန် နောက်ကို လိုက်မလို့လား..."
ရှားယီယီက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ရယ်မောပြီး ပြောဆိုသည်။
"မလောပါနဲ့... တခြားသူတွေကို အရင်သွားရှာရအောင်... မဟုတ်ရင် ယောင်ချီကို ပြန်ရောက်ရင် ငါ့အစ်မကို ငါ သတင်းမပို့နိုင်ဘဲ နေလိမ့်မယ်..."
ထိုသို့ပြောဆိုပြီးနောက် သူမက နောက်လှည့်လိုက်သည်။ သူမ၏နောက်ရှိ လေဟာနယ်သည် ချက်ချင်းပျက်စီးသွားပြီး ဗလာနတ္တိအဖြစ်သို့ ပြိုကျသွားတော့သည်။
ရှားယီယီနှင့် အဘိုးအိုတို့သည် ထိုအရာအတွင်းသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားပေ၏။
လုရန် ထွက်လာပြီးနောက် အနည်းငယ် စိုးရိမ်နေသေးသော်လည်း အဘိုးအိုနှင့် မိန်းကလေးငယ်တို့ ပျောက်ကွယ်သွားကြောင်း သူ၏ အင်မော်တယ်ပိုင်နက်နယ်မြေက ခံစားလိုက်ရပြီးနောက် သူ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။
"သူက တကယ်ကို မဟာအင်မော်တယ်ဧကရာဇ် တစ်ပါးပဲ... ဘယ်သူက ယုံမှာလဲ..."
လုရန်က တီးတိုးရေရွတ်လိုက်သည်။
သူ၏ ပခုံးပေါ်တွင် ထိုင်နေသော လင်းပေါင်အာသည် လုရန် တိုက်ခိုက်နေချိန်တွင် သူ့ကို များသောအားဖြင့် မနှောင့်ယှက်တတ်ချေ။
သို့သော် ဤအချိန်တွင် သူမက သိချင်စိတ်ဖြင့် လုရန်ကို မေးမြန်းလိုက်သည်။
"အစ်ကိုကြီး... အဲ့ဒီအဘိုးကြီးက အင်မော်တယ်ဧကရာဇ်တစ်ယောက်လား..."
ထိုအရာသည် သဘာဝကျသော မှန်းဆချက်တစ်ခုဖြစ်ပြီး သူ နားလည်နိုင်သည်။
လုရန် ပြုံးရယ်လိုက်ပြီး ပြောဆိုသည်။
"အဲ့ဒီအဘိုးကြီးက အင်မော်တယ်ဧကရာဇ် တစ်ယောက်ပဲ... ရှားယီယီက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပဲ.."
"ဟင်..."
လင်းပေါင်အာ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် ပြူးကျယ်သွားတော့သည်။
သူမက အံ့အားတသင့် ပြောဆိုလိုက်၏။
"ဒါပေမဲ့ သူက ကျွန်မနဲ့ ရွယ်တူလောက်ပဲ ရှိတာကို..."
လုရန် ပခုံးတွန့်ကာ တုံ့ပြန်လိုက်သည်။
"အင်မော်တယ်နယ်မြေမှာ ဘယ်သူကမှ အသက်ကို ခန့်မှန်းလို့ မရဘူး... အဘိုးကြီး တစ်ယောက်က အသက် နှစ်ထောင်ဂဏန်းလောက်ပဲ ရှိနိုင်ပြီး ကလေးတစ်ယောက်က အသက်သောင်းနဲ့ချီပြီး ရှိနေနိုင်တယ်..."
ဤစကားမှာ အမှန်ဖြစ်သော်လည်း လုရန် အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။
အင်မော်တယ်နယ်မြေတွင် မျက်စိဖြင့်ကြည့်ရုံဖြင့် အသက်ကို ခန့်မှန်းရန် မဖြစ်နိုင်သည်မှာ မှန်သော်လည်း သူမသည် ကလေးတစ်ယောက် မည်သို့မျှ မဖြစ်နိုင်ချေ။
ကျင့်ကြံဆင့်နယ်ပယ် မြင့်မားလေလေ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှေးကွေးလေလေပင်။
အင်မော်တယ်နယ်မြေသို့ တက်လှမ်းပြီးနောက် ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ ဆက်လက်၍ ကြီးထွားနေဆဲပင်။
လူတစ်ဦးသည် သူ၏အသွင်အပြင်ကို မည်မျှထိ နုပျိုအောင် ထိန်းသိမ်းထားနိုင်သည်မှာ ပါရမီအပေါ် မူတည်သည်။
သို့သော် မိန်းကလေးငယ်လေး တစ်ယောက်သည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းပြီးနောက် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အဖြစ် တလျှောက်လုံး ကျင့်ကြံခဲ့ပြီး သူမ၏ခန္ဓာကိုယ်က အနည်းငယ်မျှသာ ကြီးထွားလာခြင်းမှာ အမှန်တကယ်ကို ထူးဆန်းလှသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရှားယီယီက ငါတို့နဲ့ ဘာရန်ငြိုးမှ မရှိဘူး..."
လုရန်က ကံကောင်းသည်ဟု ခံစားရပြီး တီးတိုးရေရွတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည်လည်း အနည်းငယ် စိုးရိမ်နေခဲ့သည်။ ရှပြည်နယ်တွင် သူ၏ အင်မော်တယ်ဧကရာဇ်နယ်ပယ်သည် အဆင်ပြေသော်လည်း အကယ်၍ သူသာ အလယ်ပိုင်းပြည်နယ်သို့ သွားပါက မဟာအင်မော်တယ်ဧကရာဇ်များ နေရာတိုင်းတွင် ရှိနေမည် မဟုတ်လော။
လောလောဆယ် လုရန်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ကို အနိုင်မယူနိုင်သေးချေ။
လုရန်သည် မဟာအင်မော်တယ်ဧကရာဇ်များနှင့် များစွာအဆက်အသွယ် မရှိခဲ့ဘဲ ရှားယီယီသည် ပထမဆုံးပင်။ မဟာအင်မော်တယ်ဧကရာဇ်များအကြောင်း ဒဏ္ဍာရီတချို့ကိုသာ သူ ကြားဖူးခဲ့သည်။
မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် ကောင်းကင်တာအိုနိယာမ၏ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်သည်။
နိယာမ၏စွမ်းအား...
ဥပမာအနေဖြင့် အင်မော်တယ်ပိုင်နက်နယ်မြေ၏ ခေါင်းဖြတ်စက်နှင့် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ကဲ့သို့ဖြစ်သော်လည်း ထိုအရာများသည် နိယာမ၏ စွမ်းအားကို အနည်းငယ် ထပ်တိုးထားရုံသာ ဖြစ်သည်။
သို့သော် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်သည် နိယာမစွမ်းအားတစ်ခုကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်ထားပေ၏။
ဤသည်က စည်းမျဉ်းများအဆင့်ရှိ တိုက်ခိုက်မှုများဖြစ်ကာ အင်မော်တယ်ဧကရာဇ်နယ်ပယ် ကျင့်ကြံသူ တစ်ဦးသည် စွမ်းအား မည်မျှထိ ပေါက်ကွဲစေကာမူ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ရှေ့တွင် ဘာမျှကွာခြားမှု မရှိပေ။
ထို့ပြင် ရှားယီယီထံတွင် ထူးခြားသော ဝါသနာ တစ်ခုခု ရှိမရှိကို သူ မသိချေ။
သူမက လူသားကျောရိုးများကို စုဆောင်းရသည်ကို နှစ်သက်သလော...
ထိုသို့မဟုတ် ဘုန်းတော်ကြီးများထံမှ ပြုလုပ်ထားသော လူသားကျောရိုးများကို စုဆောင်းရသည်အား နှစ်သက်သလော...
ထိုသို့မဟုတ်ပါက သူမသည် ဘုန်းတော်ကြီးများကို နှိပ်စက်ပြီး သတ်ဖြတ်ရသည်ကို သဘောကျနေခြင်း ဖြစ်သလော...
အပြင်ဘက်တွင် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ဘုန်းတော်ကြီးယုံကျွယ်ကို ချုပ်နှောင်ထားဆဲပင်။
လုရန် မရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ လွတ်မြောက်ရန် သူ အသည်းအသန် ရုန်းကန်ခဲ့သော်လည်း ထိုကြိုးပမ်းမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် သူ့ကို အမြင့်ဆုံးစွမ်းအားဖြင့် ဖိနှိပ်ထားပြီး သူ လုံးဝမလွတ်မြောက်နိုင်ချေ။
လုရန် အထိအခိုက်မရှိ ပြန်လာသည်ကို မြင်ပြီးနောက်....
ထို့ပြင် ဆရာတော် ဖူကျိက သူ၏နောက်မှ လိုက်မလာသည်ကို မြင်သောအခါ ဘုန်းတော်ကြီးယုံကျွယ်၏ မျက်နှာ ဖြူဖျော့သွားတော့သည်။
လုရန် ပြောသကဲ့သို့ ဆရာတော် ဖူကျိသည် ထွက်ပြေးသွားခြင်း သို့မဟုတ် လုရန်၏အသတ်ခံလိုက်ရခြင်းသာ ဖြစ်ပေမည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ဘုန်းတော်ကြီး ယုံကျွယ်တွင် ကျောထောက်နောက်ခံ ဘာမျှမရှိတော့ပေ။
ထို့ကြောင့်....
ဘုန်းတော်ကြီး ယုံကျွယ်က သနားညှာတာပေးရန် တောင်းပန်တော့သည်။
"တကာလေး... မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ... ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ ကျင့်ကြံဖို့ဆိုတာ မလွယ်ပါဘူး... ဒီအဆင့်အထိ ရောက်ဖို့ နှစ်သောင်းနဲ့ချီ ကြာခဲ့တာပါ... အရှင် လိုချင်တာ ဘာမဆို ကျွန်တော် ပေးနိုင်ပါတယ်... တကယ်ပါ... ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်..."
သူသည် စကားများစွာ ပွစိပွစိ ပြောနေခဲ့ပေ၏။
လုရန်သည် ဘုန်းတော်ကြီး ယုံကျွယ်ကို အေးစက်စွာ ကြည့်နေပြီး သူ၏စိတ်နှလုံးသားထဲတွင် အစောပိုင်းက ရှားယီယီအကြောင်း တွေးနေဆဲပင်။
သူ၏ခွန်အားကို အလျင်အမြန် တိုးတက်စေရန် လိုအပ်သည်။
အင်မော်တယ်ဧကရာဇ်နယ်ပယ်သည် ကြွားလုံးထုတ်စရာ ဘာမျှမရှိပေ။
ယနေ့ သူ တွေ့ခဲ့သော မဟာအင်မော်တယ်ဧကရာဇ်မှာ ရှားယီယီပင်။ နောက်တစ်ကြိမ်၌ သူ မသိသော တခြား မဟာအင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် တွေ့ဆုံလျှင် ထိုအခြေအနေသည် နေရခက်သွားပေမည်။
လုရန်သည်လည်း ဆက်လက်၍ကစားနေရန် စိတ်မဝင်စားတော့ချေ။
သူသည် ဘုန်းတော်ကြီးယုံကျွယ်ကို တစ်ချက်ကြည့်လိုက်ပြီး ရွှမ်ယွမ်ဓားကို လက်ထဲတွင် ယူကာ ဟင်းသီးဟင်းရွက်များကဲ့သို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်တော့သည်။
သူ၏နောက်တွင် မဟာဗုဒ္ဓဘုရားကျောင်းမှ ထိုဘုန်းတော်ကြီးများသည် ရှင်းထျန်း ဓမ္မပုံရိပ်ယောင် ကိုးခု၏ နေရာတိုင်းတွင် အမဲလိုက်ခြင်းကို ခံနေရသည်။ ဘုန်းတော်ကြီးတချို့ သေဆုံးသွားပြီး တချို့ ဒဏ်ရာရကာ ရံဖန်ရံခါ အသေးအမွှားလေးတချို့ လွတ်မြောက်သွားသော်လည်း လုရန်က သူတို့ကို ဂရုမစိုက်နိုင်တော့ချေ။
ဘုန်းတော်ကြီးယုံကျွယ်ကို သတ်ပြီးနောက် မဟာဗုဒ္ဓဘုရားကျောင်းသည် လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားလေပြီ။
အတွေးတစ်ချက်ဖြင့် လုရန်သည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို ဆင့်ခေါ်လိုက်၏။
ယခင်ကဲ့သို့ စစ်ပွဲ၏ တိုက်ရာပါပစ္စည်းများကို စတင် စုဆောင်းရန် လူတိုင်းကို သူ ညွှန်ကြားခဲ့ပြီး သူနှင့် လင်းပေါင်အာတို့သည် ဂိုဏ်းချုပ်၏မဟာခန်းမဆောင်သို့ ပြန်လာခဲ့ကြသည်။
သူသည် မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ အမြန်ဆုံး တက်လှမ်းချင်နေခဲ့သည်။
သို့သော် သူ ခန်းမဆောင်အတွင်းသို့ မဝင်မီ ရုတ်တရက် အပြင်ဘက်ရှိ ကောင်းကင်ဘုံကိုးထပ်၏ အထက်တွင် ပုံရိပ်တချို့က ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လျှောက်လှမ်းလာပေ၏။
သူတို့တစ်ဦးစီတိုင်း၏နောက်တွင် မိုးထိအောင် မြင့်မားသော ဓမ္မပုံရိပ်ယောင်တစ်ခုစီ ရှိနေသည်။
လုရန်က မော့ကြည့်ပြီး သူတို့ကို စူးစမ်းစစ်ဆေးလိုက်သည်။
ဤသည်မှာ စုစုပေါင်း လူလေးယောက်ရှိပြီး သူတို့အားလုံးသည် အမျိုးသားများပင်။
ထို့အပြင် သူတို့အားလုံးသည် အင်မော်တယ်ဧကရာဇ်များ ဖြစ်ကြ၏။
"ဒီအင်မော်တယ်တောင်ကို ဘယ်သူ တာဝန်ယူထားတာလဲ..."
ဦးဆောင်လာသော အမျိုးသားက အထက်မှနေ၍ မာနကြီးစွာ မေးလိုက်သည်။
လုရန်က မျက်ခုံးပင့်လိုက်သည်။ သူသည် လင်းပေါင်အာကို သူ၏ကျောပေါ်သို့ ထပ်မံ၍ ပစ်တင်လိုက်ပြီး မြေကြီးမှ မြင့်တက်လာကာ အမျိုးသားလေးဦး၏ရှေ့တွင် ထွက်ပေါ်လာသည်။
"အဲ့ဒါ ငါပဲ... မင်းတို့က ဘာကိစ္စနဲ့ လာတာလဲ..."
လုရန်က ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"ငါတို့က မိုးပြာနယ်မြေအရှင်သခင်ရဲ့ လက်အောက်ငယ်သားတွေပဲ... မင်းက ဘယ်အင်အားစုကလဲ... မင်းက တော်တော်လေး သတ္တိရှိတာပဲ... မိုးပြာနယ်မြေက နယ်မြေလေးခုရဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်ရဲတယ်ပေါ့..."
ဦးဆောင်လာသော အမျိုးသားက သားတစ်ယောက်ကို ဆုံးမနေသည့် အဖေတစ်ယောက်အလား ဆူပူလိုက်သည်။
"အို..."
လုရန်က မျက်ခုံးပင့်လိုက်သည်။
မိုးပြာနယ်မြေအရှင်သခင်ကောင်းရွှမ်၏ လူများ ဖြစ်နေသလော...
သူတို့ အမှန်တကယ်ကို ရောက်လာကြ၏။
အင်မော်တယ်ဧကရာဇ်လေးယောက် ချက်ချင်း ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ မိုးပြာနယ်မြေအရှင်သခင်သည် အမှန်တကယ်ပင် နာမည်ဂုဏ်သတင်းဖြင့် ထိုက်တန်လှသည်။
"အပြာရောင်ဂိုဏ်း..."
လုရန်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ဝှစ်...
သူ၏စကား မဆုံးခင်မှာပင် သူတို့ထဲမှ တစ်ယောက်က လက်ကိုဝှေ့ယမ်းကာ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလေသည်။
လုရန်က လက်ဆန့်တန်းကာ ထိုအရာကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်၏။
ဤတံဆိပ်ပြားသည် ရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်း မဟုတ်ဘဲ စိမ်းပြာရောင်ဖျော့ဖျော့ လင်းလက်နေပြီး အဆိုပါတံဆိပ်ပြားကို မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း သူ မသိချေ။
ထိုတံဆိပ်ပြားတွင် တောင်များ၊ မြစ်များ၊ ငှက်များနှင့် သားရဲပုံစံတချို့ကို ထွင်းထုထားသော်လည်း ထိုအရာပေါ်တွင် စာလုံးတစ်လုံးမျှ မရေးထားဘဲ အသက်သွင်းလိုက်ချိန်၌ အဆိုပါတံဆိပ်ပြားသည် လုံးဝမတုံ့ပြန်ချေ။
သို့သော် လုရန်သည် အဆိုပါတံဆိပ်ပြားအပေါ်ရှိ နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားအနည်းငယ်ကို ခံစားနိုင်ဆဲပင်။
"ဒီတံဆိပ်ပြားကို ယူထားပြီးတော့ သုံးရက်နေရင် မင်းရဲ့ပြစ်ဒဏ်ကို ခံယူဖို့ ကောင်းကင်ဆင်းသက်ခြင်း မြင့်မြတ်နယ်မြေကို သွားလိုက်... တကယ်လို့ မင်း မလာရင် မင်းရဲ့ အပြာရောင်ဂိုဏ်း တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရပြီး တစ်ယောက်မှ အသက်ရှင်ရက် ကျန်မှာ မဟုတ်ဘူး..."
ဦးဆောင်လာသော အမျိုးသားက မောက်မာထောင်လွှားစွာ ပြောလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် သူနှင့်တခြားလူသုံးဦးသည် ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်ကြ၏။
သို့သော် ဤအချိန်မှာပင် လုရန်က ရွှမ်ယွမ်ဓားကို ထုတ်ယူပြီး ပြောဆိုသည်။
"သုံးရက်နေရင် အချိန်မီ ငါရောက်လာမှာပါ... ဒါပေမဲ့ မင်းတို့ကောင်တွေက ဒီကိုလာပြီး အာဏာလာပြနေမှတော့ မင်းတို့ကို ဒီအတိုင်း ဘယ်လိုလုပ်ပြီး ထွက်သွားခွင့် ပြုနိုင်မှာလဲ..."