အခန်း ၉၃
Vol. 10 Ch. 93
အခန်း ၉၃: မဟာအင်မော်တယ်ဧကရာဇ်၏ စွမ်းအား
"ဟင်..."
သူတို့လေးယောက် အချိန်တခဏကြာမျှ အံ့အားသင့်သွားပြီးနောက် လှောင်ပြောင်ချင်စိတ် အနည်းငယ်ဖြင့် လုရန်ကို လှည့်ကြည့်လိုက်ကြသည်။
ဦးဆောင်လာသော အမျိုးသားသည် သူ့ကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်၍ အကဲဖြတ်နေပုံရသည်။ ထို့နောက် သူက ပြောဆိုသည်။
"ဒီလိုကိုး... အင်မော်တယ်ဧကရာဇ် နယ်ပယ်ပဲ... မိုးပြာနယ်မြေရဲ့ နယ်မြေလေးခုကို နှောင့်ယှက်ဖို့ မင်းမှာ သတ္တိရှိတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
တခြားလူသုံးဦးသည်လည်း ရယ်မောပြီး ပြောဆိုလိုက်ကြ၏။
"အင်မော်တယ်ဧကရာဇ် နယ်ပယ်ကို တက်လှမ်းနိုင်တာက တကယ်ကို ရှားပါးတယ်..."
"ဒါပေမဲ့ အခုချိန်မှာ ဒီအပြာရောင်ဂိုဏ်းချုပ်က ငါတို့ကို သိသိသာသာ အထင်သေးနေတာပဲ..."
"ငါတို့ ဘာလုပ်ရမလဲ... သူက ငါတို့ကို ထွက်သွားခွင့် မပြုဘူး..."
"ဒါဆို ငါတို့ မထွက်သွားခင် နည်းနည်းလောက် ထပ်စောင့်ရမှာပေါ့... ဒီမှာ ကစားတာကလည်း အဆင်ပြေပါတယ်... ဟားဟား..."
...
သူတို့အုပ်စုသည် အားရပါးရ ရယ်မောလိုက်ကြပြီး လုရန်ကို အနည်းငယ်မျှ အလေးအနက် မထားကြကြောင်း သိသာရှင်းလင်းသည်။
နောက်တစ်စက္ကန့်မှာပင် လုရန်က ရှေ့သို့ပြေးထွက်သွားသည်။
သူတို့လေးယောက်သည် ထိုကိစ္စကို အနည်းငယ်မျှ အလေးအနက် မထားခဲ့ကြဘဲ ဦးဆောင်လာသော အမျိုးသားသည် လက်ချောင်းတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်၏။
ဝှစ်...
ကောင်းကင်ဘုံကိုးထပ်၏ အထက်တွင် ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများ ပြင်းထန်စွာ စတင်၍ တလိမ့်လိမ့်ထလာသည်။
ထို့နောက် ထိုစိတ်ဝိညာဥ်ချီများသည် လက်ခလယ် တစ်ချောင်းတည်းကိုသာ ဆန့်တန်းထားပြီး ဖြည်းညှင်းစွာ ထိုးချလာသော ဧရာမလက်သီးကြီး တစ်ခုအဖြစ် လျှင်မြန်စွာ စုစည်းသွားတော့သည်။
ဤကိုယ်ဟန်အနေအထားသည် များစွာဖော်ရွေမှု မရှိလှပေ။
ထို့ပြင် ထိုလက်ချောင်း ညွှန်ပြနေသည့်ပစ်မှတ်မှာ လုရန်ပင်။
"ငါ့ရဲ့ အင်မော်တယ် လက်ချောင်းကို မင်း တောင့်ခံနိုင်ရင် ဒီနေ့ မင်းရဲ့ မိုက်ရိုင်းမှုကို ငါ ခွင့်လွှတ်ပေးနိုင်တယ်..."
ခေါင်းဆောင်အမျိုးသားက ပြောဆိုသည်။
လုရန် လှောင်ပြောင်ကာ သူ၏လက်တစ်ဖက်က ရွှမ်ယွမ်ဓားကို ကိုင်ထားရင်း တခြားလက်တစ်ဖက်က လင်းပေါင်အာကို ဖမ်းဆွဲကာ အင်မော်တယ် လက်ချောင်းဆီသို့ ပစ်ပေါက်လိုက်တော့သည်။
ဘုန်း...
လုရန်၏ ပစ်ပေါက်မှုမှအဟုန်ကို ရယူကာ လင်းပေါင်အာသည် အင်မော်တယ်လက်ချောင်းကို ကြယ်ပျံတစ်စင်းအလား ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
ပြင်းထန်သောတိုက်မိမှုက အင်မော်တယ် လက်ချောင်းကို ပေါက်ကွဲသွားစေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ထိုကြမ်းတမ်းသော စွမ်းအင်ကြောင့် ဆုတ်ဖြဲခံရကာ တွန့်လိမ်သွားသကဲ့သို့ ဖြစ်သွားသည်။
အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ ကာကွယ်ရေး ဝင်္ကပါသည် အလိုအလျောက် အသက်ဝင်သွားခဲ့ပြီး တုန်ခါမှုလှိုင်းကို ခုခံလိုက်၏။
မိုးပြာရေနဂါးလိပ်သည်လည်း ရေကန်ထဲမှ ခေါင်းပြူထွက်လာကာ သတိထား၍ စောင့်ကြည့်နေသော်လည်း အင်မော်တယ်တောင်မှ မထွက်ခွာခဲ့ပေ။ ထိုသားရဲ၏ တာဝန်မှာ အင်မော်တယ်တောင်ကို စောင့်ကြပ်ရန်သာဖြစ်ပြီး အပြင်ထွက်၍ တိုက်ခိုက်ရန် မဟုတ်ချေ။
သူတို့လေးယောက်သား ဆွံ့အသွားကြသည်။
"ရက်စက်ကြမ်းကြုတ်လိုက်တဲ့ လူ... မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ အသက်ကို တကယ်ကြီး အသုံးပြုတယ်ပေါ့..."
သူတို့၏စကား မဆုံးခင်မှာပင်....
လင်းပေါင်အာ၏ခန္ဓာကိုယ်သည် တုန်ခါမှုလှိုင်းကြောင့် အောက်သို့ ပြန်လွင့်ကျလာပြီး လုရန်က သူမကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်၏။
သူမ၏အခြေအနေကို စစ်ဆေးရန် သူ အကဲခတ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အင်မော်တယ်ဧကရာဇ်တစ်ယောက်၏ ကြီးမားသော နတ်ဘုရားစွမ်းရည်ပင်လျှင် လင်းပေါင်အာကို မထိခိုက်စေနိုင်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် လင်းပေါင်အာသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းနေပြီး အော်ဟစ်လေသည်။
"အဲ့ဒါ... အဲ့ဒါက အရမ်းပျော်စရာ ကောင်းတာပဲ... အစ်ကိုကြီး... နောက်တစ်ခေါက် ထပ်လုပ်ပါဦး..."
"အမ်း..."
သူတို့လေးယောက်သား တပြိုင်နက်တည်း အံ့အားသင့်သွားပြီး လင်းပေါင်အာကို ကြည့်လိုက်ကြ၏။
ဒီကောင်မလေးက အင်မော်တယ်လက်ချောင်းကို ပေါက်ကွဲသွားစေတာတောင် မသေဘူးလား...
သူတို့ တွေးတောလိုက်ကြသည်။
"သောက်ကျိုးနည်း..."
သူတို့ ဤသို့ တွေးတောနေစဉ်မှာပင် ဧရာမ စတုရန်းပုံ စည်းတံဆိပ်တစ်ခုကို လုရန်က ဆင့်ခေါ်လိုက်ပြီး သူတို့၏ ခေါင်းပေါ်တွင် လွင့်မျောနေသည်။
နောက်တစ်စက္ကန့်မှာပင် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် သူတို့အပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပေ၏။
လွန်ခဲ့သော အချိန်အခိုက်အတန့်က အလွန်သက်တောင့်သက်သာရှိနေခဲ့သော သူတို့လေးဦး၏ မျက်နှာအမူအရာများ ကြီးမားစွာ ပြောင်းလဲသွားတော့သည်။
ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ အလွန်အမင်း ဖိနှိပ်မှု အကျိုးသက်ရောက်မှုအောက်တွင် သူတို့၏စိတ်ဝိညာဉ်စွမ်းအားသည် အမြင့်ဆုံးအထိ ကန့်သတ်ခံလိုက်ရပုံရကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။
သတိထားသည့်အနေဖြင့် လုရန် လှုပ်ရှားလိုက်သည်။
သူသည် လေထုအလယ်တွင် အဆောင်လက်ဖွဲ့တစ်ခုကို ရေးဆွဲလိုက်ပြီး လက်ရှစ်ဖက်ထျန်းဖုန်းကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခုသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့လေးဦးဆီသို့ ပြေးဝင်သွားပေ၏။
အင်မော်တယ်ပိုင်နက်နယ်မြေကိုလည်း လုရန်က အကွာအဝေးတစ်ခုအထိ ကျုံ့လိုက်ပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။
အင်မော်တယ်ဧကရာဇ်လေးယောက်ကို တပြိုင်နက်တည်း သူ တိုက်ခိုက်ရခြင်းက ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် လုရန် အတော်လေး သတိထားနေခဲ့သည်။
လုရန်က ပန်ဂုပုဆိန်ကိုပင် ထုတ်ယူလိုက်သည်။
သူ၏လက်တစ်ဖက်က ရွှမ်ယွမ်ဓားကို ကိုင်ထားပြီး တခြားလက်တစ်ဖက်က ပန်ဂုပုဆိန်ကို ကိုင်ထားသည်။
ဤကိုယ်ဟန်အနေအထားကို မြင်သောအခါ သူတို့ လေးယောက်သား ဆွံ့အသွားကြ၏။
လုရန်သည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ကြောင်း သူတို့ မြင်တွေ့ခဲ့ရသော်လည်း...
သို့ရာတွင်....
ထိုကဲ့သို့ အင်မော်တယ်ဧကရာဇ်မျိုးကို သူတို့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အင်မော်တယ်လက်ချောင်းဖြင့် ပေါက်ကွဲ၍ မသေနိုင်သော သူ၏နံဘေးရှိ မိန်းကလေးငယ်လေးကို ထည့်ပြောရန်ပင် မလိုတော့ချေ။
"ဒီရွှေရောင် သံချပ်ကာဝတ် နတ်ဘုရားက ဘာကြီးလဲ..."
"ဆင့်ခေါ်မှု အမျိုးအစား နတ်ဘုရားစွမ်းရည်တစ်ခုလား..."
"ပြီးတော့ အဲ့ဒီဓမ္မပုံရိပ်ယောင်ကိုးခုက ဘာဖြစ်တာလဲ..."
"ပြီးတော့ ငါတို့ ခေါင်းပေါ်က ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကရော..."
"ပြီးတော့ သူရဲ့လက်နှစ်ဖက်ထဲက သာမန်ပစ္စည်းတွေ မဟုတ်တာ သေချာတဲ့ လက်နက်တွေနဲ့ဆိုရင်..."
ဤအပြာရောင်ဂိုဏ်းချုပ်သည် ရိုးရှင်းသူ မဟုတ်ကြောင်း သူတို့လေးယောက်သား နောက်ဆုံးတွင် နားလည်သဘောပေါက်သွားတော့သည်။
သူတို့သည် အတူတကွ ပြန်လည်တိုက်ခိုက်ရန်အတွက် သူတို့၏ဓမ္မပုံရိပ်ယောင်များကို ထုတ်လွှတ်ရန် ချက်ချင်းပြင်ဆင်လိုက်ကြ၏။
သို့သော် ဤအချိန်မှာပင် လုရန်ပင် မမျှော်လင့်ထားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
သူတို့ လေးယောက်၏နောက်တည့်တည့်တွင်...
လေဟာနယ်အပိုင်းအစလေးတစ်ခုသည် တုန်ခါသံနှင့်အတူ ပျက်စီးသွားပြီး မည်းနက်နေသော လေဟာနယ် လှိုင်းဂယက်အတွင်းမှ အဘိုးအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များ ထွက်ပေါ်လာသည်။
ရှားယီယီက တီးတိုးရေရွတ်လိုက်သည်။
"နင် ဒီလောက်ထိ မြန်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ကောင်းကင်ဆင်းသက်ခြင်း မြင့်မြတ်နယ်မြေမှာ နင်ကို ငါ မတွေ့ခဲ့ရဘူး... လက်စသတ်တော့ နင် ဒီကို ရောက်နေတာကိုး... ငါ သတိထားမိလို့သာပဲ...ဒီသခင်မလေး ဉာဏ်ကောင်းလို့ တော်သေးတယ်"
သူမ၏နံဘေးရှိ အဘိုးအိုသည် သူမကို သတိထား၍ စောင့်ကြည့်နေပေ၏။
သူတို့လေးယောက်သား လှည့်ကြည့်လိုက်ရာ သူတို့၏နောက်တွင်လည်း လူများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီး ထိုအဘိုးအိုသည်လည်း အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ကြောင်း ခံစားမိချိန်တွင် သူတို့ အလွန်အံ့အားသင့်သွားကြသည်။
အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သော လုရန်ကို ကိုင်တွယ်ဖြေရှင်းရန် သူတို့ ရုန်းကန်နေရပြီဖြစ်ပြီး ယခု နောက်ထပ်တစ်ယောက် ထပ်မံ၍ ထွက်ပေါ်လာသည်။
ဒါက မိတ်ဆွေလား ရန်သူလား...
လုရန်သည် လေထုအလယ်တွင် အရေးပေါ် ရပ်တန့်လိုက်ပြီး ရှားယီယီကို ကြည့်လိုက်၏။
ထွက်ခွာသွားပြီးဖြစ်သော ရှားယီယီသည် မည်သို့ ပြန်ရောက်လာသည်ကို သူ နားမလည်နိုင်ချေ။
ရှားယီယီက လုရန်ကို ပြုံးပြကာ ပြောဆိုသည်။
"နင် ကံကောင်းတယ်လို့ပဲ မှတ်လိုက်... ငါ အားနေတာနဲ့ နင်ကို ငါ ကူညီပေးလိုက်မယ်..."
ထိုသို့ပြောဆိုပြီးနောက်....
သူမ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သူတို့ထဲမှ တစ်ယောက်၏ရှေ့တွင် ထွက်ပေါ်လာတော့သည်။
ထိုအမျိုးသား၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏လက်ထဲရှိ တူကြီးတစ်လက်ကို အလျှင်အမြန်မြှောက်ကာ ရိုက်နှက်လိုက်သည်။
ရှားယီယီက သူမ၏ လက်သေးသေးလေးကို ဆန့်တန်းရုံသာ ပြုလုပ်လိုက်၏။
ဘုန်း...
ထိုတူကြီးသည် မည်သည့်အဆင့်ရှိ မှော်ရတနာပင် ဖြစ်စေကာမူ အပိုင်းအစများအဖြစ် တိုက်ရိုက်ကြေမွှသွားတော့သည်။
ရှားယီယီက ရှေ့သို့ခြေနှစ်လှမ်း ထပ်တက်လိုက်ပြီး အမျိုးသား၏နဖူးပေါ်သို့ သူမ၏လက်ဝါးဖြင့် ညင်သာစွာ ရိုက်နှက်လိုက်သည်။
ဖောင်း...
ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဦးနှောက်များ နေရာတိုင်းသို့ လွင့်စင်သွားသည်။
သူမသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဦးခေါင်းခွံကို ခွဲပစ်လိုက်ခြင်းပင်။
သို့သော် ထိုသို့ဖြစ်သည့်တိုုင် နတ်ဘုရားစိတ်ဝိညာဉ် ကျန်ရှိနေသေးသော အင်မော်တယ်ဧကရာဇ်တစ်ယောက်သည် သေဆုံးမည် မဟုတ်သော်လည်း သူ လှုပ်ရှား၍ မရနိုင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။
ရှားယီယီ၏နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အေးခဲတောင့်တင်းသွားပုံရပြီး မည်သည့် စွမ်းအားမျှ ပေါက်ကွဲမထွက်နိုင် သို့မဟုတ် အလုပ်မလုပ်နိုင်ပေ။
ထို့နောက် လုရန်နှင့် ရင်းနှီးသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ရှားယီယီသည် ညစ်ပတ်မှုကို ဂရုမစိုက်ပေ။ ပေါက်ကွဲသွားသော ဦးခေါင်းခွံထဲသို့ သူမက လက်နှိုက်ပြီး ဆွဲထုတ်လိုက်တော့သည်။
ထိုအမျိုးသား၏ခန္ဓာကိုယ် တုန်ယင်သွားမှုနှင့်အတူ...
လူသားကင်းကျောရိုးကို ရှားယီယီက နောက်တစ်ကြိမ် ထပ်မံ၍ ဆွဲထုတ်လိုက်သည်။
သေချာသည်မှာ လူသားကျောရိုးတစ်ခုတည်းကိုသာ ဆွဲထုတ်လိုက်ခြင်း မဟုတ်ဘဲ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတစ်စုံလုံးကို ဆွဲထုတ်လိုက်ခြင်းပင်။
နံဘေးရှိ လူသုံးယောက်သည် ဒေါသကြောင့် သူတို့၏မျက်လုံးများ ကျွတ်ထွက်လုနီးပါးဖြစ်နေကာ ထိုမြင်ကွင်းကို ဆွံ့အစွာ ကြည့်နေခဲ့ကြ၏။
အင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် ရှိနေသော သူတို့သည် သေးထွက်ကျလုမတတ် ကြောက်လန့်သွားကြသည်။
ထို့နောက် ရှားယီယီသည် ဒုတိယမြောက်လူကို ကြည့်လိုက်ပြီး သွားတော့မည့်ဆဲဆဲ အချိန်မှာပင်...
သူမက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို မော့ကြည့်လိုက်သည်။
သူမက ပြောဆိုသည်။
"နင် ဒီအရာကို သိမ်းလိုက်စမ်းပါ...ငါ အတော်လေး နေရခက်တယ်..."
ထိုသို့ပြောပြီးနောက် သူမသည် ထိုစည်းတံဆိပ်ကို တစ်ချက်ကြည့်လိုက်၏။
ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ပြင်းထန်စွာ နှစ်ကြိမ်တုန်ခါသွားပြီးနောက် လုရန်၏ ရှေ့သို့ အလိုအလျောက် ပြန်ရောက်လာသည်။
"ဟင်..."
လုရန်၏မျက်လုံးများ ပြူးကျယ်သွားသည်။ ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ဤအတိုင်း အတင်းအကြပ် ပြန်တွန်းထုတ်ခြင်း ခံလိုက်ရသလော။
ထို့ပြင် ရှားယီယီသည် သူ၏ မှော်ရတနာကို မဖျက်ဆီးလိုကြောင်း သူ ခံစားနိုင်သည်။ သူမက ထိုအရာကို တွန်းထုတ်ရုံသာ ဖြစ်ပေ၏။
သတိထားသည့်အနေဖြင့်....
လုရန်သည် လက်ရှစ်ဖက်ထျန်းဖုန်းကိုလည်း ရုတ်သိမ်းလိုက်ပြီး ရှင်းထျန်းဓမ္မပုံရိပ်ယောင်ကိုးခုသည်လည်း သူ၏နောက်သို့ ပြန်ရောက်လာကာ ပွဲကိုသာ စောင့်ကြည့်နေတော့သည်။
သူ၏နောက်တွင် အပြာရောင်ဂိုဏ်း တပည့်များသည်လည်း သူတို့၏ရှေ့ရှိ မြင်ကွင်းကို စောင့်ကြည့်နေကြပြီး သူတို့အားလုံး ဆွံ့အနေကြသည်။
ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ ထိန်းချုပ်မှု ဆုံးရှုံးသွားသဖြင့် သူတို့သုံးဦးသည် မသိစိတ်အရ ထွက်ပြေးလိုကြ၏။
သို့သော် ရှားယီယီက ပို၍မြန်ဆန်သည်။
သူမက လက်နှစ်ဖက်လုံးကို ဆန့်တန်းပြီး သူတို့ထဲမှ နှစ်ဦးကို ဖမ်းဆုပ်လိုက်တော့သည်။
သူမက ယခင်နှင့် တထပ်တည်းတူညီသောအရာကို ပြုလုပ်ခဲ့သည်။
သူတို့၏ဦးခေါင်းခွံများကို သူမ လွယ်ကူစွာ ဖောက်ခွဲလိုက်ပြီးနောက် သူတို့၏ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ သူမ၏သိုလှောင်လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်၏။
ဤအချိန်တွင် ခေါင်းဆောင်အမျိုးသားသည် ပျောက်ကွယ်သွားခဲ့လေပြီ။
သူသည် နေရာရွှေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည်တချို့ကို အသုံးပြုခဲ့ခြင်းဖြစ်နိုင်ပြီး ရိပ်ခနဲ နေရာမှ ပျောက်ကွယ်သွားကာ အစအနမကျန် ပျောက်ကွယ်သွားသည်။
ရှားယီယီက ထိုခေါင်းဆောင်အမျိုးသား ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်သည်။
သူမက နောက်တစ်ကြိမ် လက်ဆန့်တန်းလိုက်၏။ သူမ၏ရှေ့ရှိ လေဟာနယ်သည် ပြိုကျသွားပြီး ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ရှားယီယီက ထိုအက်ကွဲကြောင်းအတွင်းသို့ လက်လှမ်းကာ နောက်သို့ပြန်ဆွဲလိုက်သည်။
ထို့နောက် မည်မျှထိဝေးကွာသော နေရာသို့ထွက်ပြေးသွားမှန်းမသိသော အမျိုးသားသည် ထိုအတိုင်း ပြန်လည်၍ ဆွဲယူခြင်းခံလိုက်ရသည်။
လုရန် ထိုအရာကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားပဲ..."
မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ရှေ့တွင် အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိသူများသည် ပုရွက်ဆိတ်များနှင့် လုံးဝမကွာခြားချေ။