← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄: ရှပြည်နယ်၏ နောက်ဆုံးအင်မော်တယ်ဧကရာဇ်

ရှားယီယီ၏ဆွဲယူခြင်းကို ခံလိုက်ရသော အင်မော်တယ်ဧကရာဇ်၏မျက်နှာသည် ယခုအချိန်၌ စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေသည်။

သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။

အင်မော်တယ်ဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခြင်းသည် ထာဝရအသက်ရှင်ခြင်းသို့ မရောက်ရှိသေးသော်လည်း နှစ်ပေါင်းသောင်းနှင့်ချီသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားကြောင်း ဆိုလိုခြင်းပင်။

ထို့ပြင် မည်သည့်မတော်တဆမှုမှ မရှိသရွေ့ နောက်ထပ် နှစ်ပေါင်းသောင်းနဲ့ချီပြီး အသက်ရှင်သန်ရန်မှာ လွယ်ကူသည်။

အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသူများသည် အလွန်ရှားပါးနေပြီဖြစ်ပြီး သူတို့အချင်းချင်း မတိုက်ခိုက်ကြသဖြင့် သေခြင်းတရားဆိုသည်မှာ မည်သို့ဖြစ်ကြောင်း သူတို့မေ့လျော့နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ယခု၌မူ....

ရှားယီယီက သူတို့ကို ပြန်အမှတ်ရအောင် လုပ်လိုက်လေပြီ။

လွန်ခဲ့သော အချိန်အခိုက်အတန့်က သူသည် မျက်စိတစ်မှိတ်အတွင်း မိုင်တစ်သောင်းကို လွှမ်းခြုံနိုင်သော အင်မော်တယ်ဧကရာဇ်နယ်ပယ်၏ နတ်ဘုရားစွမ်းရည်ဖြစ်သည့် သူ၏ထွက်ပြေးခြင်းနည်းစနစ်ကို အသုံးပြုခဲ့ပေ၏။

သူ လွတ်မြောက်သွားပြီဟု တွေးထင်ကာ ကောင်းကင်ဆင်းသက်ခြင်း မြင့်မြတ်နယ်မြေဆီသို့ ဦးတည်သွားခဲ့သော်လည်း လေဟာနယ်နယ်မြေမှ ဧရာမ လက်ကြီးတစ်ဖက်သည် လေဟာပြင်ကို တိုက်ရိုက်ခြေမွှကာ သူ့ကို နောက်သို့ပြန်ဆွဲခေါ်လာခဲ့သည်။

အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သော သူ့ထံ၌ ကြောက်ရွံ့မှုသည် နက်ရှိုင်းစွာ အမြစ်တွယ်နေတော့သည်။

မိုင်တစ်သောင်းအကွာအဝေးမှနေ၍ သူမသည် အင်မော်တယ်ဧကရာဇ်တစ်ယောက်၏ အသက်ကို လွယ်လင့်တကူ ယူဆောင်နိုင်ပေ၏။

ထို့ပြင် ဤသည်မှာ ရိုးရှင်းသော သတ်ဖြတ်မှုတစ်ခု မဟုတ်ပေ။ သူမသည် သူ၏ခန္ဓာကိုယ်အတွင်းမှ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို အရှင်လတ်လတ် ဆွဲထုတ်တော့ပေမည်။

ဤအချက်ကို တွေးမိသောအခါ သူသည် ပြင်းထန်စွာ စတင်၍ ရုန်းကန်လာပြီး ရုန်းထွက်ရန်အတွက် သူ စုဆောင်းနိုင်သမျှ စွမ်းအား၊ မှော်ရတနာနှင့် နတ်ဘုရားစွမ်းရည်များအားလုံးကို အသုံးပြုလိုက်သည်။

သို့သော် ထိုကြိုးပမ်းမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ပေ၏။

သူ၏စိတ်ဝိညာဉ်စွမ်းအားသည် တိုက်ရိုက်ချုပ်နှောင်ခံလိုက်ရပြီး သူ အသည်းအသန် ထုတ်လွှတ်ရန် ကြိုးစားခဲ့သော မှော်ရတနာကို ရှားယီယီက သူမ၏ လက်တစ်ချက် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရုံဖြင့် ခြေမွှဖျက်ဆီးလိုက်သည်။

မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ရှေ့တွင် အရာအားလုံးသည် အချည်းနှီး ဖြစ်နေသည့်အလားပင်။

ရှားယီယီသည် သူ၏ဦးခေါင်းခွံကို အလျင်အမြန် ဖျက်ဆီးကာ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို စတင်၍ ထုတ်ယူတော့သည်။

ဤလုပ်ငန်းစဉ် တစ်လျှောက်လုံး ရှားယီယီသည် ထိုအရာကို ယခင်က ကြိမ်ဖန်များစွာ လုပ်ခဲ့ဖူးသည့်အလား ခံစားချက်ကင်းမဲ့နေခဲ့သည်။

လုရန်သည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ စောင့်ကြည့်နေပေ၏။

ဤသည်မှာအင်မော်တယ်ဧကရာဇ် တစ်ယောက်ပင်။

သူ စွမ်းအားကင်းမဲ့မှု ခံစားချက်ကိုပင် ခံစားလိုက်ရသည်။ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ လက်အောက်တွင် သက်ရှိသတ္တဝါအားလုံးသည် တန်းတူညီမျှသာ ဖြစ်ကြသည်။

ထိုအမျိုးသား၏ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို ထုတ်ယူပြီးနောက် ရှားယီယီသည် ထိုအရာကို သူမ၏သိုလှောင်လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်ပြီးနောက် လုရန်ကို အပြုံးနှင့် ကြည့်လိုက်၏။

လက်ရှိအခြေအနေတွင် ရှားယီယီသည် လုရန်အပေါ် မည်သည့် ရန်လိုမှုမျှ ရှိပုံမပေါ်ပေ။

အကြောင်းအရင်းကို မသိရသော်လည်း...

လုရန် စိတ်မလှုပ်ရှားဟုဆိုလျှင် လိမ်လည်ရာကျပေမည်။ သူ၏လက်ရှိနည်းလမ်းများဖြင့် ရှားယီယီကို အနိုင်ယူနိုင်မည့် ဖြစ်နိုင်ခြေက မရှိသလောက်နီးပါးပင်။

သူ ထွက်ပြေးရန်ပင် မဖြစ်နိုင်ချေ။

ချစ်စရာကောင်းပုံရသော မိန်းကလေးငယ်လေး တစ်ဦးသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မည်သို့ ပိုင်ဆိုင်နိုင်ကြောင်း သူ တကယ်ကို နားမလည်နိုင်ချေ။

မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခြင်းကို မဆိုထားနှင့် မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို ထုတ်ယူသည့် လုပ်ရပ်သည် နှစ်ပေါင်းတစ်သိန်းကြာ အသက်ရှင်ခဲ့သော လုရန်အပေါ်တွင်ပင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးကို ချန်ထားရစ်ခဲ့သည်။

ဤသည်မှာ လူတစ်ယောက်ကို သတ်ရုံသက်သက်နှင့် မတူညီချေ။

"မင်းရဲ့ အဲ့ဒီမှော်ရတနာတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး အဆင့်အတန်း မြင့်တယ်... အဲ့ဒါတွေကို မင်း ဘယ်လိုရခဲ့တာလဲ..."

ရှားယီယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"တိုက်ဆိုင်မှုကြောင့်ပါ..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

သူ လိမ်နေခြင်း မဟုတ်ချေ။ သူ တက်ရောက်စာရင်းသွင်းခြင်း၏ အမြင့်ဆုံးရမှတ်များမှတဆင့် မတော်တဆ သူ ရရှိခဲ့ခြင်းဖြစ်ပြီး မည်သည့် မှော်ရတနာကိုမဆို တိကျစွာ ရယူရန် နည်းလမ်း မရှိပေ။

"နင် အထက်ဘုံကို တက်လှမ်းလာတာ ဆယ်ရက်လောက်ပဲ ရှိသေးတာတောင် ပစ္စည်းကောင်းတွေ အများကြီးကို တိုက်ဆိုင်မှုနဲ့ ရလာနိုင်တာပဲ... ငါ့မှာ ဘာလို့ အဲ့ဒီလို အခွင့်အရေးမျိုး မရှိရတာလဲ..."

ရှားယီယီက တီးတိုးရေရွတ်လိုက်သည်။

သို့သော် သူမသည် ဤမေးခွန်းကို အာရုံမစိုက်ခဲ့ချေ။ သူမသည် လုရန်၏မှော်ရတနာများကို အလွန် စိတ်ဝင်စားပုံရသော်လည်း ထိုအရာများကို လုယူရန်အတွက် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သော သူမ၏အဆင့်အတန်းကို အသုံးမပြုခဲ့ချေ။

ထို့ပြင် သူမသာ အမှန်တကယ် လုယူချင်လျှင် လုရန် မည်သို့ပင်ပြုလုပ်သည်ဖြစ်စေ ထိုအရာများကို ကာကွယ်နိုင်မည် မဟုတ်ပေ။

"နင့်ရဲ့ စွမ်းအား နိမ့်ပါးနေသေးတာက နှမြောစရာပဲ... ဒီစွမ်းအားအဆင့်နဲ့ အလယ်ပိုင်းနယ်မြေကို သွားတာက နည်းနည်းအန္တရာယ်များတယ်..."

ရှားယီယီက ဝေဖန်ပြောဆိုလိုက်သည်။

"အင်မော်တယ်ဧကရာဇ်တစ်ယောက်က အဆင့်နိမ့်တယ်လို့ သတ်မှတ်ခံရတာလား... ဒါဆိုရင်ရင် ဘယ်လိုလုပ်မှ အန္တရာယ်မများမှာလဲ..."

လုရန်က မေးမြန်းသည်။

သူ ဤမေးခွန်းကို ယခင်က တွေးတောခဲ့ဖူးပေ၏။

သို့သော် သူသည် မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်မှလွဲ၍ တခြားနယ်ပယ်များမှ အင်မော်တယ်များကို လုရန် ကြောက်စရာ မလိုပေ။

အလယ်ပိုင်းနယ်မြေတွင် မဟာအင်မော်တယ်ဧကရာဇ်များ များစွာရှိနေသလော....

"အနည်းဆုံးတော့ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်မှရမယ်... နင်က ဆယ်ရက်ကျော်လေးအတွင်းမှာ အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုတော့ မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်ကို တက်လှမ်းဖို့ နည်းလမ်းတစ်ခု နင့်မှာ ရှိရမယ်... အချိန်လုံလောက်သေးတယ်ဆိုတော့ နင် သေချာ ကျင့်ကြံပြီး မြန်မြန်တက်လှမ်းရမယ်..."

ရှားယီယီက အလေးအနက် ပြောဆိုသည်။

သူမသည် မိန်းကလေးငယ်လေး တစ်ယောက်သာ ဖြစ်သည်မှာ သိသာရှင်းလင်းသည်။ ထိုသို့ဆိုလျှင် လုရန်ကို ဆူပူနေချိန်တွင် မည်သည်ကြောင့် သူမသည် ဤမျှထိ အဘွားအိုကြီးပုံပေါက်အောင် ပြုမူနေရသနည်း။

သူ ခန့်မှန်းထားသကဲ့သို့ပင် သူမသည် မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ ပုံစံမျိုးရှိနေသော်လည်း အမှန်အားဖြင့် အသက်သောင်းနှင့်ချီရှိနေသော အဘွားကြီးတစ်ယောက် ဖြစ်နေသလော။

ရှားယီယီ၏ ချစ်စရာကောင်းပြီး ကစားချင်စိတ်ရှိသော အသွင်အပြင်နှင့် ပေါင်းစပ်လိုက်သောအခါ "အဘွားကြီး" ဟူသော ဝေါဟာရက လုရန်ကို တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက်....

ရှားယီယီသည် ယခင်က ယုံကျွယ်၏အလောင်းကို လှည့်ကြည့်လိုက်၏။

ထိုအလောင်းသည် လုရန်၏ရွှမ်ယွမ်ဓားဖြင့် အပိုင်းပိုင်းအစစ ခုတ်ထစ်ခံထားရပြီး နေရာအနှံ့အပြား၌ ပြန့်ကျဲနေလေပြီ။

"နင် ဘာတွေ လုပ်နေတာလဲ... မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုး တစ်စုံလုံးကို နင်က ဒီလိုမျိုး ဖျက်ဆီးပစ်လိုက်တယ်... နှမြောစရာပဲ..."

ရှားယီယီက နာကျင်နေသော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။

လုရန်က အခွင့်အရေးကို အရယူပြီး မေးလိုက်သည်။

"မင်းက အင်မော်တယ်ဧကရာဇ်တွေကို အမဲလိုက်နေတာလား..."

ရှားယီယီ ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်း ခေါင်းခါယမ်းကာ ပြောဆိုသည်။

"အင်မော်တယ်ဧကရာဇ်တွေကို အမဲလိုက်တာက အကြောင်းတိုက်ဆိုင်မှုသက်သက်ပါ... မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေကို စုဆောင်းတာက ငါ့ရဲ့ ရည်မှန်းချက်ပဲ... တကယ်လို့ အဲ့ဒီအင်မော်တယ်ဧကရာဇ်တွေက သူတို့ရဲ့ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို နာခံမှုရှိရှိ ပေးအပ်ဖို့ ဆန္ဒရှိရင် ငါ သူတို့ကို သတ်မှာ မဟုတ်ဘူး..."

လုရန် နားထောင်ရင်း ဆွံ့အသွားပြီး မေးမြန်းသည်။

"မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို မင်းကို ပေးလိုက်ရင် အဲ့ဒီအင်မော်တယ်ဧကရာဇ်က ဘယ်လိုပဲဖြစ်ဖြစ် သေရမှာ မဟုတ်လား..."

ရှားယီယီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နားလည်သဘောပေါက်သွားတော့သည်။

"အဲ့ဒါလည်း ဟုတ်တာပဲ... နင်က တကယ့်ကို ဉာဏ်ကောင်းတာပဲ... အဲ့ဒါကို ငါ မတွေးမိခဲ့ဘူး..."

"...."

လုရန် ဆွံ့အသွားကာ သူ၏နဖူးတွင် အနက်ရောင် အရေးအကြောင်းတစ်ခု ဖြတ်သန်းသွားသည်။ ဤသည်က ဉာဏ်ကောင်းခြင်းနှင့် ဘာများ သက်ဆိုင်ပါသနည်း။

"ဒါဆို မင်းက ရှပြည်နယ်က အင်မော်တယ်ဧကရာဇ် တော်တော်များများကို သတ်ပြီးပြီပေါ့..."

လုရန်က ထပ်မေးလိုက်သည်။

"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ငါးရာက ငါ ရှေးဟောင်း ကြေးဝါတံခါးကနေ လာခဲ့တာ... ငါ လှည့်လည်သွားလာနေတာ အကြာကြီးပဲ... အချိန်ကိုတောင် မေ့လုနီးပါး ဖြစ်သွားတယ်... ရှေးဟောင်း ကြေးဝါတံခါးက ပြန်ပွင့်တော့မယ်ဆိုတာကို မြင်တော့ ငါ အမြန်လှုပ်ရှားလိုက်တယ်... လွန်ခဲ့တဲ့ နှစ်ဝက်က ငါ စတင်ခဲ့တာ..."

ရှားယီယီက တွက်ချက်ပြီး ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် သူမသည် တိကျသော အချက်အလက်တစ်ခုကို ထပ်မံ၍ ပြောဆိုလိုက်၏။

"ရှပြည်နယ်ရဲ့ နယ်မြေကိုးခုလုံး ရှင်းလင်းပြီးသွားပြီ... ချန်နယ်မြေက နောက်ဆုံးတစ်ခုပဲ... အဲ့ဒီကောင်းရွှမ်က ဘယ်မှာ ပုန်းနေမှန်း မသိဘူး... သူ့ကို ရှာတွေ့ပြီး သတ်လိုက်ရင် အခြေခံအနေနဲ့ ရှင်းသွားပြီ..."

ရှားယီယီက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း လုရန် အံ့အားသင့်သွားတော့သည်။

ဤသည်မှာ ရှပြည်နယ်၏ နယ်မြေကိုးခုလုံးကို ရှားယီယီက ရှင်းလင်းပစ်လိုက်ခြင်းပင်။

ယခုအချိန်၌ ကောင်းရွှမ်တစ်ယောက်တည်းသာ အင်မော်တယ်ဧကရာဇ်အဖြစ် ကျန်ရှိတော့သလော...

မဟုတ်သေးချေ...သူ လုရန်လည်း ရှိနေသေးသည်။ သူသည်လည်း အင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။

ရှပြည်နယ်၏ နယ်မြေကိုးခုရှိ အင်မော်တယ်ဧကရာဇ်များအားလုံးတွင် ရှားယီယီ၏ အမဲလိုက်မှုအပြီး၌ နှစ်ဦးသာ ကျန်ရှိတော့သည်။

လုရန် ဆွံ့အသွားသည်။

ဤသည်မှာ စိတ်ဝိညာဉ်နယ်မြေ၏ပုံစံများ ဖြစ်နေသလော....

ရှားယီယီသည် ကုန်းမြေတစ်ခုလုံးရှိ အင်မော်တယ်ဧကရာဇ်များအားလုံးကို အမဲလိုက်ပြီး သူတို့၏ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများကို စုဆောင်းနေခြင်းမှာ မည်သည့်အရာကို လုပ်ဆောင်နေခြင်း ဖြစ်သနည်း။

ထိုအရာများသည် မည်မျှထိ များပြားမည်နည်း...

"ဒါဆို... အခု ငါနဲ့ ကောင်းရွှမ်... အင်မော်တယ်ဧကရာဇ်နှစ်ယောက်ပဲ ကျန်တော့တာပေါ့... ကောင်းရွှမ်ကို သတ်ပြီးရင် ငါ တစ်ယောက်တည်း ကျန်တော့မယ်... မင်း ငါ့ကိုရော သတ်မှာလား..."

လုရန်က မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ....

ရှားယီယီသည် အရူးတစ်ယောက်ကို ကြည့်နေသည့် မျက်နှာအမူအရာဖြင့် လုရန်ကို ချက်ချင်းကြည့်လိုက်၏။

သူမက ပြောဆိုသည်။

"နင့်ကို ဉာဏ်ကောင်းတယ်လို့ ခုလေးတင် ငါ ချီးကျူးလိုက်တာကို နင်က ဘာလို့ ထပ်ပြီး အရူးလို လုပ်နေတာလဲ... နင်ကို ငါ သတ်ချင်ရင် အခုချိန်ထိ နင် အသက်ရှင်နေအုံးမယ် ထင်လား... စိတ်မပူပါနဲ့... တစ်လနေရင် ရှေးဟောင်းကြေးဝါတံခါးမှာ တွေ့မယ်..."

ထိုသို့ပြောဆိုပြီးနောက်....

ရှားယီယီသည် ဆက်လက်၍ အချိန်မဆွဲတော့ဘဲ နောက်လှည့်ကာ လေဟာနယ်ကို ဖြတ်သန်းပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

လုရန်က ထိုမြင်ကွင်းကို မနာလိုစွာ ကြည့်နေခဲ့သည်။

ဤနည်းလမ်းသည် မည်သည့်ထွက်ပြေးခြင်း နည်းစနစ်ထက်မဆို များစွာပို၍ အသုံးဝင်လှသည်။ ဤသည်မှာ လေဟာပြင်ကို တိုက်ရိုက်ဖြတ်သန်းလျှောက်လှမ်းကာ လေဟာနယ် လမ်းကြောင်းများကို ချိတ်ဆက်ပြီး ချက်ချင်းဖြတ်ကူးခြင်းပင်။

ဤအချိန်တွင် လုရန်သည် အောက်ဘက်ရှိ မဟာဗုဒ္ဓဘုရားကျောင်းနှင့် သူ၏နောက်ရှိ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကိုကြည့်ကာ ရုတ်တရက် ထိုင်းမှိုင်းမှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူသည် သူတို့ကို မည်ကဲ့သို့ စီမံခန့်ခွဲပါစေ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ၏ကိုယ်ပိုင်ခွန်အား မလုံလောက်ပါက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ရှေ့တွင် အရာအားလုံးသည် အဓိပ္ပာယ်မရှိပေ။

အကယ်၍ ယနေ့ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သော ရှားယီယီသာ လှုပ်ရှားခဲ့ပါက မိန်းကလေးငယ်လေးတစ်ယောက်က အပြာရောင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သုတ်သင်ရှင်းလင်းနိုင်ပေမည်။

"ငါ မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်ကို အမြန်ဆုံး တက်လှမ်းရမယ်..."

လုရန်က သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်၏။

ရှေးဟောင်းကြေးဝါတံခါးပွင့်ရန် တစ်လကျော် လိုသေးသဖြင့် အချိန်လုံလောက်စွာ ရှိနေသေးသည်။

ဆုံးဖြတ်ချက်ချပြီးနောက် လုရန်သည် ကောင်းရွှမ်ကို ရှာဖွေသတ်ဖြတ်ရန် ကောင်းကင်ဆင်းသက်ခြင်း မြင့်မြတ်နယ်မြေသို့ ဦးတည်သွားပြီးနောက် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် သူ၏ ကြိုးပမ်းမှုကို စတင်ရန် ချက်ချင်းပြင်ဆင်လိုက်တော့သည်။

သူ၏နံဘေးတွင် လင်းပေါင်အာ ရှိနေသဖြင့် အဆက်မပြတ် ပြောင်းလဲနေသော ချီများနှင့်အတူ အချိန်တိုအတွင်း မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် ကြိုးစားရန် လုံလောက်ပေ၏။

All Chapters