← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆:ရှားယီယီကို ဒေါသထွက်စေခြင်း၏ အကျိုးဆက်များ

ရှားယီယီ၏နံဘေးတွင် ထိုအင်မော်တယ်ဧကရာဇ် အဘိုးအို ရှိနေသည်။

ရှားယီယီသည် ကောင်းရွှမ်ကို ရှာမတွေ့သဖြင့် သူ့နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်နိုင်ကြောင်း လုရန်က အကြမ်းဖျင်း ခန့်မှန်းမိသည်။

ကောင်းရွှမ်က လုရန်နှင့် ချိန်းဆိုထားသဖြင့် သူ သေချာပေါက် ထွက်ပေါ်လာမည်ဟု သူမ တွေးတောခဲ့ခြင်းဖြစ်ပေမည်။

အမှန်တကယ်ကို ထိုအတိုင်း ဖြစ်လာခဲ့ပေ၏။

သို့သော် ကောင်းရွှမ်သည် ရှားယီယီကို ကြည့်ပြီးနောက် အဘိုးအိုကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။

သူက ပြောဆိုသည်။

"မင်းတို့ကော အပြာရောင်ဂိုဏ်း တပည့်တွေပဲလား... ငါက အခု မင်းတို့ရဲ့ ဘိုးဘေးနဲ့ ညှိနှိုင်းနေတာ... ငါတို့က ရန်သူတွေ မဟုတ်ဘဲ မိတ်ဆွေတွေ ဖြစ်သင့်တယ်..."

ထိုစကားကို ကြားသောအခါ....

ရှားယီယီသည် "ခစ်" ခနဲ အသံနှင့်အတူ ရယ်မောလိုက်တော့သည်။

လုရန်သည်လည်း အနည်းငယ် ဆွံ့အသွားပေ၏။ ရှပြည်နယ်တွင် အင်မော်တယ်ဧကရာဇ်များကို အမဲလိုက်နေသူမှာ အမှန်အားဖြင့် မည်သူဖြစ်ကြောင်း ကောင်းရွှမ် မသိသည်မှာ သိသာထင်ရှားသည်။

ထိုလူမှာ ဤမိန်းကလေးငယ်ပင်။

သူ မျှော်လင့်ထားသည့်အတိုင်း...

ရှားယီယီက သူမ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုသည်။

"မင်းတို့ လူသားတွေက သိပ်ပြီး ဉာဏ်မကောင်းဘူးပဲ... ငါက အပြာရောင်ဂိုဏ်းတပည့် မဟုတ်ဘူး... မင်းက ငါ့ကို အချိန်အကြာကြီး ပုန်းရှောင်နေခဲ့တာတောင် ငါ့အကြောင်း သတင်းအချက်အလက် နည်းနည်းလေးတောင် မရထားဘူးလား..."

ရုတ်ချည်းဆိုသလိုပင် ကောင်းရွှမ်၏မျက်နှာ အလွန်အမင်း ရှုံမဲ့သွားတော့သည်။

အမြှီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ သူသည် ရုတ်တရက် နောက်သို့ခုန်ဆုတ်သွားကာ အတော်ဝေးဝေးသို့ ဆုတ်ခွာသွားပြီး ရှားယီယီကို သတိထား၍ ကြည့်နေတော့သည်။

တစ်ချိန်တည်းမှာပင် လုရန် အံ့အားသင့်သွားသည်။

'မင်းတို့ လူသားတွေ'ဟု ဆိုသလော...

ထိုစကားက မည်သည့်အဓိပ္ပာယ်နည်း...

ရှားယီယီသည် လူသားမျိုးနွယ်မှ မဟုတ်သလော...

"စိတ်မပူပါနဲ့... နင်တို့နှစ်ယောက် အရင်တိုက်ခိုက်လို့ ရပါတယ်... နင်တို့ တိုက်ခိုက်နေတုန်း ငါ ဝင်မစွက်ဖက်ပါဘူး... နင်တို့ ပြီးသွားမှ ငါတို့ စကားပြောကြတာပေါ့..."

ရှားယီယီက ပြောလိုက်သည်။

ကောင်းရွှမ်သည် မျက်မှောင်ကြုတ်ကာ ရှားယီယီကို ကြည့်လိုက်၏။

သူ အနည်းငယ် မသေချာဖြစ်နေသည်။ ဤမိန်းကလေးငယ်သည် အမှန်တကယ်ပင် အင်မော်တယ်ဧကရာဇ်များကို အမဲလိုက်နေသူ ဖြစ်သလော။

ရှပြည်နယ်ရှိ မရေမတွက်နိုင်သော လူများ၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ ထည့်သွင်းပေးခဲ့ဖူးသော ထိုမဟာအင်မော်တယ်ဧကရာဇ်သည် အမှန်အားဖြင့် ကလေးမလေး တစ်ယောက်သာ ဖြစ်နေသလော။

ကောင်းရွှမ်သည် ထိုကိစ္စကို လက်ခံရန် အနည်းငယ် ခက်ခဲနေသည်အား တွေ့လိုက်ရသည်။

သို့သော် ရှားယီယီကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် သူမ၏ နယ်ပယ်ကို သူ လုံးဝအာရုံမခံနိုင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

သူ၏နတ်ဘုရားစိတ်အာရုံအတွင်းတွင် ရှားယီယီသည် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး မည်သည့် အရှိန်အဝါ အရိပ်အယောင်မျှပင် မရှိချေ။

ကောင်းရွှမ်က လုရန်ကို လှည့်ကြည့်ပြီး ပြောဆိုသည်။

"အဲ့ဒါက သူ ဟုတ်မဟုတ်တော့ ငါ မသေချာဘူး... ဒါပေမဲ့ တကယ်လို့ သူသာဆိုရင် ဒီနေ့ ငါတို့ နှစ်ယောက်စလုံး လွတ်မှာ မဟုတ်ဘူး... ငါတို့ ပူးပေါင်းကြမယ်... သူ့ကို အတူတူ သတ်မယ်... မဟုတ်ရင် ငါတို့ထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ...

လုရန်၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားကာ အော်ဟစ်လိုက်သည်။

"ဟေး... ဟေး... ဟေး... မင်း သတ်ချင်ရင် သတ်လေ... လှုပ်ရှားချင်ရင် လှုပ်ရှား... အဲ့ဒါ ငါနဲ့ ဘာမှမဆိုင်ဘူး... ငါ့ကို ဆွဲမသွင်းနဲ့..."

ကောင်းရွှမ်က မျက်မှောင်ကြုတ်ကာ လုရန်ကို ကြည့်ရင်း ပြောဆိုသည်။

"အရူး... ငါသေရင် မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."

သို့သော် မမျှော်လင့်ဘဲ...

ရှားယီယီက ချက်ချင်းဝင်ပြောလိုက်သည်။

"လုရန် ပြောတာ အမှန်ပဲ... ငါ သူနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတယ်... ရှပြည်နယ်မှာရှိတဲ့ အင်မော်တယ်ဧကရာဇ်တွေအားလုံး သေရမယ်... ဒါပေမဲ့ လုရန်ကတော့ သေစရာ မလိုဘူး... ငါ သူ့ကို မသတ်ဘူး..."

ဟင်...

ကောင်းရွှမ်၏ပါးစပ် ရှုံမဲ့သွားတော့သည်။ မည်သို့ ဖြစ်နေသနည်း။

ထိုသို့ဆိုလျှင် ဤမဟာအင်မော်တယ်ဧကရာဇ်နှင့် လုရန်သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်နေသလော...

ယနေ့တွင် သေဆုံးရမည်မှာ သူ ကောင်းရွှမ် တစ်ယောက်တည်း ကျန်တော့မည် မဟုတ်လော....

"လုရန်... ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားကို ငါ့ဆီပေး... အခုချက်ချင်းပေး..."

ကောင်းရွှမ်က အော်ဟစ်လိုက်သည်။

လုရန်က ဖြည်းညှင်းစွာ ပြောဆိုသည်။

"ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားက တကယ်ပဲ ငါ့ဆီမှာ ရှိတယ်... ဒါပေမဲ့ ရှားယီယီ ခုဏက ပြောတာလည်း အမှန်ပဲ... မင်း သေသွားတာနဲ့ တုန့်ထျန်းမြို့တော်က ငါ့အပိုင် ဖြစ်သွားမှာပဲ... သော့တောင် ငါ့ဆီမှာ ရှိတယ်ဆိုတော့ နိယာမတွေကို ရယူဖို့ အချိန်မရွေး ဝင်လို့ရတယ်လေ... အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..."

ထိုစကားကို ကြားသောအခါ ကောင်းရွှမ်၏ မျက်နှာအမူအရာမှာ ပို၍ပင် ကြည့်ရဆိုးလာတော့သည်။

အတွေးတစ်ချက်ဖြင့် သူသည် အပြာရောင် မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

လုရန်က မျက်မှောင်ကြုတ်လိုက်၏။

အင်မော်တယ်ဧကရာဇ်နယ်ပယ် နဝမအဆင့်တွင် ရှိနေသော ကောင်းရွှမ်သာ ထွက်ပြေးလိုပါက လုရန်ထံတွင် သူ့ကို လိုက်ဖမ်းရန် နည်းလမ်းမရှိပေ။

သူ အသုံးပြုခဲ့သော ထွက်ပြေးခြင်း နတ်ဘုရားစွမ်းရည်မှာ လုရန် ရရှိခဲ့သော မြေလျှိုးအင်မော်တယ်နည်းစနစ်ထက် များစွာပို၍ သာလွန်သည်။

မည်သို့ပင်ဆိုစေကာမူ မြေလျှိုးအင်မော်တယ်နည်းစနစ် သည် နတ်ဘုရားစွမ်းရည်များ၏ အနိမ့်ဆုံးအဆင့်တွင် ပါဝင်သော ပုံမှန်တက်ရောက်စာရင်းသွင်းခြင်း ဆုလာဘ်တစ်ခုမျှသာ ဖြစ်နေသည်။

နှစ်ပေါင်းများစွာအင်မော်တယ်ဧကရာဇ် တစ်ပါးဖြစ်ခဲ့သဖြင့် ကောင်းရွှမ် ကျွမ်းကျင်သော ထွက်ပြေးခြင်း နတ်ဘုရားစွမ်းရည် နည်းစနစ်များသည် မိုင်တစ်သောင်းကို လွယ်လင့်တကူ လွှမ်းခြုံနိုင်သည်။

"အို... နင့်ကိုယ်နင် ပြန်ကြည့်အုံး... နင်က မြန်မြန်ဆန်ဆန် မလှုပ်ရှားလို့ သူ့ကို ထွက်ပြေးခွင့်ပြုလိုက်ရတာပဲ..."

ရှားယီယီက နှုတ်ခမ်းဆူလိုက်သည်။

သို့သော် သူမသည် အလျင်မလိုခဲ့ချေ။ သူမက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ကောင်းရွှမ် ပျောက်ကွယ်သွားသော နေရာသို့ လျှောက်လှမ်းသွားသည်။

သူမသည် လက်ဖြင့် ပွေ့ဖက်သည့် ဟန်ပန်တစ်ခုကို ပြုလုပ်လိုက်ကာ သူမ၏မျက်လုံးများ တဖြည်းဖြည်း မှုန်ဝါးသွားသည်။

ဝှစ်... ဝှစ်... ဝှစ်...

ရှားယီယီ၏ရှေ့ရှိ လေဟာနယ်တွင် အတုံးငယ်လေးများ ပေါ်လာပြီး အလျင်အမြန် ရွေ့လျားကာ ပြန်လည်ဖွဲ့စည်းသွားသည်။

ပြင်းထန်သော စွမ်းအားအတက်အကျများကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် လှိုင်းအထပ်ထပ် ဖြစ်ပေါ်လာပေ၏။

လုရန်သည် ထိုနေရာအနီးသို့ မချဉ်းကပ်ရဲချေ။

သူ၏ လက်ရှိနယ်ပယ်အရ လေဟာနယ် လှိုင်းဂယက်များကို အနည်းငယ် ထိတွေ့မိရုံဖြင့် စိတ်ကူးမယဉ်နိုင်သော အကျိုးဆက်များ ရှိလာနိုင်သည်။

ထို့နောက် ပဥ္စလက်ဆန်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့သည်။

လေဟာနယ်အတုံးငယ်လေးများ၏ အဆက်မပြတ် ပြန်လည်ဖွဲ့စည်းမှုကြားတွင် ကောင်းရွှမ်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ထွက်ပေါ်လာပေ၏။

ကောင်းရွှမ် လက်ရှိ ရောက်ရှိနေသော အမည်မသိ တောအုပ်မှ သစ်ပင်များပင်လျှင် အဝေးမှနေ၍ ဤနေရာသို့ ပြောင်းရွှေ့ခြင်းခံလိုက်ရသည်။

ကောင်းရွှမ် ဆွံ့အသွားသည်။

သူ ရှင်းရှင်းလင်းလင်း လွတ်မြောက်သွားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မူလ ပျောက်ကွယ်သွားခဲ့သော နေရာတွင် ပြန်ပေါ်လာခဲ့ပေ၏။

ရှားယီယီက သူ၏ရှေ့တည့်တည့်တွင် ရှိနေသည်။

ဝှစ်...

ကောင်းရွှမ်က သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ရာ ဧရာမ တူမှော်ရတနာတစ်ခု သူ၏ လက်ထဲတွင် ထွက်ပေါ်လာသည်။

သူသည် ထိုလက်နက်ဖြင့် ရှားယီယီ၏ခေါင်းသို့ ဦးတည်ကာ ရိုက်နှက်လိုက်၏။

ရှားယီယီ အံ့အားသင့်သွားသည်။

ဤကောင်းရွှမ်က သူမကို ထိုသို့ ရိုက်ရဲသည်လော။

ရှားယီယီက ချက်ချင်းနှုတ်ခမ်းဆူကာ ကောင်းရွှမ်ကို စိုက်ကြည့်ရင်း ပြောဆိုသည်။

"နင်တော့ သေပြီပဲ... နင်က ငါ့ကို ရိုက်ရဲတာလား... ငါ့ရဲ့အစ်မကြီးတောင် ငါ့ကို အဲ့ဒီလို မရိုက်ဖူးဘူး..."

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းရွှမ်၏ အစောပိုင်းက တိုက်ခိုက်မှုသည် ရှားယီယီအပေါ် အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။

အကယ်၍ ကောင်းရွှမ်သည် ယခင်က ရှားယီယီသည် တခြားအင်မော်တယ်ဧကရာဇ်များကို အမဲလိုက်နေသော မဟာအင်မော်တယ်ဧကရာဇ် ဟုတ်မဟုတ်ဆိုသည်နှင့် ပတ်သက်၍ သံသယ အနည်းငယ် ရှိခဲ့ပါက ထိုသံသယသည် ယခုချိန်၌ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

ရှားယီယီက လုရန်ကိုကြည့်ပြီး ပြောဆိုသည်။

"ငါက အစက နင်တို့နှစ်ယောက်ကို တိုက်ခိုက်ခိုင်းမလို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ သူက ငါ့ကို ရိုက်ရဲတယ်ဆိုတော့ သူ့ကို ငါ သတ်မယ်..."

လုရန် နက်ရှိုင်းစွာ သဘောတူကြောင်း ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။

"ငါ နားလည်ပေးနိုင်ပါတယ်..."

ရှားယီယီက လှုပ်ရှားလိုက်သဖြင့် များစွာပို၍ လွယ်ကူသွားပေမည်။

လုရန်သည် ယခုအချိန်၌ နံဘေးမှ ပွဲကြည့်သူတစ်ယောက်သက်သက် ဖြစ်လာခဲ့လေပြီ။

ဤအချိန်တွင် ကောင်းရွှမ်၏မျက်နှာသည် သူ ငိုနေသည်ထက်ပင် ပို၍ကြည့်ရဆိုးနေပေ၏။

သူက တူကို နောက်တစ်ကြိမ် အလျင်စလိုဖြင့် ဝှေ့ယမ်းလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ရှားယီယီသည် သူ့ကို အခွင့်အရေးပေးမည် မဟုတ်ပေ။

သူမ၏ လက်သေးသေးလေးကို မြှောက်ကာ တူကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

ခွမ်း...

မည်သည့်အဆင့်ဖြစ်မှန်း မသိသော ထိုမှော်ရတနာသည် ပေါက်ကွဲသွားပြီး ရှားယီယီ၏ လက်ထဲတွင် တိုက်ရိုက်ကြေမွှပျက်စီးသွားတော့သည်။

လုရန်သည် ပင်မခန်းမဆောင်နံဘေးရှိ လှေကားထစ်များပေါ်တွင် ထိုင်ကာ ပျင်းရိစွာ စောင့်ကြည့်နေခဲ့သည်။

ထိုအင်မော်တယ်ဧကရာဇ် အဘိုးအိုသည် လျှောက်လှမ်းလာပြီး လုရန်၏နံဘေးတွင် ထိုင်လိုက်သည်။

လုရန်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"မင်းရဲ့ သခင်မလေးက အရမ်းအစွမ်းထက်တာပဲ..."

အင်မော်တယ်ဧကရာဇ် အဘိုးအိုက ပခုံးတွန့်လိုက်ပြီး ပြောဆိုသည်။

"သူက အမြဲတမ်း ဒီလိုပါပဲ... မင်း ကျင့်သားရသွားမှာပါ..."

လုရန်သည် ယခုချိန်၌ ဝင်မစွက်ဖက်နိုင်တော့ဘဲ တစ်ချိန်တည်းမှာပင် ယနေ့၏ တက်ရောက်စာရင်းသွင်းခြင်းသည် အမြင့်ဆုံးရမှတ်တစ်ခု မပါဝင်သော ပုံမှန် တက်ရောက်စာရင်းသွင်းခြင်းတစ်ခုမျှသာ ဖြစ်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ကြောင်း သူ့ဘာသာသူ စဉ်းစားမိလိုက်သည်။

တက်ရောက်စာရင်းသွင်းခြင်း စနစ်က ဤမြင်ကွင်းကို ကြိုတင်ခန့်မှန်းထားခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ရှားယီယီသည် ကောင်းရွှမ်ကို တိုက်ခိုက်သတ်ဖြတ်နေသူဖြစ်သောကြောင့် စနစ်သည် လှုပ်ရှားရန် မလိုအပ်သော လုရန်အား ပစ္စည်းကောင်းများ မပေးခဲ့ခြင်းပင်။

ထိုသို့ တွက်ချက်ကြည့်လျှင် သူ အနည်းငယ် အရှုံးပေါ်ပေ၏။

ထိုအချိန်မှာပင် သူ၏နံဘေးရှိ အဘိုးအိုသည် သူ၏ သိုလှောင်အိတ်ထဲမှ အမည်မသိ သစ်သီးစေ့တချို့ကို ထုတ်ယူလိုက်သည်။ သူက လက်ဝါးကို ဖြန့်ကာ ပြောဆိုသည်။

"နည်းနည်း ယူမလား... အချိန်ဖြုန်းဖို့လေ... ပြီးတော့ အဲ့ဒါက စိတ်ဝိညာဉ်စွမ်းအားကိုလည်း ခိုင်မာစေနိုင်တယ်..."

လုရန် စကားမပြောနိုင်မီ သူ၏နောက်ရှိ လင်းပေါင်အာက ပြောဆိုသည်။

"အစ်ကိုကြီး... ကျွန်မ နည်းနည်း လိုချင်တယ်..."

လုရန် တိုက်ခိုက်နေချိန်တွင် လင်းပေါင်အာသည် မည်သည့်အချိန်မျှ စကားမပြောချေ။

ဤသည်မှာ လုရန်၏တိုက်ပွဲကို အနှောင့်အယှက်ဖြစ်မည်အား သူမ စိုးရိမ်သောကြောင့်ပင်။

တစ်ခါတစ်ရံ လုရန်သည် သူမ ထိုနေရာတွင် ရှိနေသည်ကိုပင် မေ့သွားတတ်သည်။

သို့သော် ယခုချိန်၌ သူတို့သည် ပွဲကိုသာ စောင့်ကြည့်နေကြသောကြောင့် လင်းပေါင်အာတွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိပေ။

သူမသည် အင်မော်တယ်ဧကရာဇ် အဘိုးအို၏ လက်ထဲရှိ အရာများကို ကြည့်လိုက်ရာ သူမ စားချင်သော်လည်း သူမ၏ လီမျိုးနွယ် ရုပ်ခန္ဓာကိုယ်က တစ်ဖက်လူကို အကျိုးသက်ရောက်မည်အား စိုးရိမ်သဖြင့် မယူရဲခဲ့ပေ။

လုရန်သည် အင်မော်တယ်ဧကရာဇ် အဘိုးအို၏ လက်ထဲမှ သစ်စေ့လက်တစ်ဆုပ်စာကို ပေါ့ပေါ့ပါးပါး ယူလိုက်သည်။

သူက လင်းပေါင်အာကို အနည်းငယ် ပေးလိုက်ပြီး သူ၏ပါးစပ်ထဲသို့ အနည်းငယ် ပစ်ထည့်လိုက်၏။

ဤသည်မှာ ဖရဲစေ့များကို ခွာစားနေသည့်အလားပင်။

အရသာမှာ မဆိုးဟု ဆိုနိုင်သော်လည်း သိပ်ကောင်းသည်ဟုလည်း ဆို၍မရပေ။

သို့သော် ထိုအရာက အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိသည်။ သူ၏ပါးစပ်ထဲ ဝင်သွားပြီးနောက် သူ၏ဒန်တျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားသည် များစွာပို၍ တလိမ့်လိမ့်ထလာတော့သည်။

ထိုအရာတွင် သူ၏သွေးကြောများကို ခိုင်မာစေသော ဆေးဖက်ဝင်စွမ်းအားကဲ့သို့ အစိတ်အပိုင်းတစ်ခုလည်း ရှိနေသည်။

လုရန်၏မျက်လုံးများ တောက်ပသွားသည်။ ထိုအရာက အမှန်တကယ်ကို ပစ္စည်းကောင်းပင်။

ထို့နောက် အင်မော်တယ်ဧကရာဇ် အဘိုးအိုသည် လင်းပေါင်အာကို တစ်ချက်ကြည့်ပြီး ပြောဆိုသည်။

"လီမျိုးနွယ် မိန်းကလေး တစ်ယောက်ပဲ... နှမြောစရာကောင်းလိုက်တာ... ဒီအသက်အရွယ်နဲ့ဆိုတော့ သူ့မှာ အချိန်သိပ်မကျန်တော့ဘူးလို့ ငါ ထင်တယ်... မဟုတ်လား..."

All Chapters