← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉:အချိန်နိယာမ

လုရန် အံ့အားသင့်သွားသည်။

အစောပိုင်းက ဤဘုရားကျောင်းများကို တစ်ခုပြီးတစ်ခု သူ စစ်ဆေးနေချိန်တွင် ထိုကဲ့သို့ ဆူညံမှုမျိုး မရှိခဲ့ပေ။

သူ မူလက မတ်တတ်ထရပ်ပြီး စုံစမ်းရန် ရည်ရွယ်ခဲ့သည်။

သို့သော် ရုတ်တရက်...

ဘုရားကျောင်းများအနက်မှ တစ်ခု တုန်ခါသွားပြီးနောက် ထိုဘုရားကျောင်းသည် အပြာရောင်နှင့်ခရမ်းရောင် ယှက်နွယ်နေသော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းတန်းအတွင်း၌ ဓမ္မပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူသောအရာတစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ပင်မခန်းမဆောင်တွင် ရပ်ကာ လုရန်ရှိရာသို့ လှမ်းကြည့်နေသည်။

ထိုအရာကို ဓမ္မပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူသည်ဟု ခေါ်ဆိုရခြင်းမှာ ပုံစံတူညီသော စွမ်းအားခန္ဓာကိုယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့သော် သူ လုရန်ကို ကြည့်နေသော မျက်လုံးများ၏အကြည့်က ထိုဓမ္မပုံရိပ်ယောင်ထံတွင် အသိစိတ်ရှိနေသည်ဟု လုရန်ကို ခံစားရစေသည်။

ထိုအရာသည် အသက်ရှင်သန်နေပေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဒုတိယမြောက် ဘုရားကျောင်းသည်လည်း တုန်ခါမှု ရပ်တန့်သွားပြီး ထိုသို့ဖြစ်သည်နှင့် တပြိုင်နက် ထိုဘုရားကျောင်းမှ စိမ်းပြာရောင် အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာတော့သည်။

ထို့နောက် ဓမ္မပုံရိပ်ယောင်နှင့်တူသော နောက်ထပ် အရာတစ်ခု ထွက်ပေါ်လာသည်။

ယခင်အရာနှင့် မတူဘဲ ထိုအရာသည် ရှည်လျားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လောကီနှင့်မဆိုင်သော အသွင်အပြင်ရှိသည့် လှပသော နတ်မိမယ်လေးတစ်ဦးပင်။

ထို့နောက် ဆင့်ကဲတုံ့ပြန်မှုတစ်ခု စတင်လာတော့သည်။

ခန်းမဆောင်၏ရှေ့နှင့်နောက် တလျှောက်တွင် ဘုရားကျောင်းနှစ်တန်း စီတန်းထားသည်။ ဤဘုရားကျောင်းများသည် ယုံကြည်မှုအတွက် အလှဆင်မှုသက်သက်ဟု တွေးထင်ကာ ယခင်က သူ သေချာမကြည့်ခဲ့ချေ။

မိုးပြာဧကရာဇ်သည် သူ့ကိုယ်သူ စိတ်ခံစားချက် ကောင်းမွန်စေရန် အသုံးပြုခဲ့သော အလှဆင်မှုများသက်သက်ဟု လုရန်က တွေးထင်ခဲ့လေ၏။

သို့သော် ယခုချိန်၌ ဤနတ်ဘုရား ပုံရိပ်ယောင်များ ထွက်ပေါ်လာချိန်တွင် မိုးပြာဧကရာဇ်သည် သူ၏ နန်းတော်အတွင်း ထိုကဲ့သို့သော အလှဆင်မှုများကို ထားရှိရန် အားယားနေခြင်းမဟုတ်ကြောင်း လုရန် သဘောပေါက်သွားသည်။

အချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရား ပုံရိပ်ယောင်များအားလုံး ထွက်ပေါ်လာတော့သည်။

ထိုနတ်ဘုရားပုံရိပ်ယောင်များသည် အရပ်အမောင်း မြင့်မားကြပြီး သူတို့၏မျက်နှာအမူအရာများမှာ ကွဲပြားနေပေ၏။ ပုံရိပ်ယောင်တချို့သည် ကြော့ရှင်းပြီး မြင့်မြတ်ကာ တချို့က တည်ကြည်လေးနက်ပြီး ခမ်းနားထည်ဝါသ​ည်။ တချို့ကမူ ရွှတ်နောက်နောက် အမူအရာရှိပြီး ချစ်စဖွယ်ကောင်းသည်။

ဤနတ်ဘုရားများ ထွက်ပေါ်လာခြင်းနှင့်အတူ သူတို့၏ အရှိန်အဝါများသည်လည်း တစ်ခုပြီးတစ်ခု ပွင့်အံ့ထွက်လာပြီး အတူတကွ ရောနှောသွားတော့သည်။

သို့သော် ထူးဆန်းသည်မှာ သူတို့၏ စွမ်းအားများသည် တူညီသော အရင်းအမြစ်ကို မျှဝေခံစားပုံရပြီး ပရမ်းပတာဖြစ်နေပုံ တစိုးတစိမျှ မရှိချေ။

ဤအချိန်တွင် ခန်းမဆောင်သည် နတ်ဘုရားတစ်ပါး၏ တိတ်ဆိတ်ငြိမ်သက်သော လျှို့ဝှက်နယ်မြေ တစ်ခုအတွင်းသို့ ဝင်ရောက်သွားသည့်အလား ကောင်းကင်ဘုံချီများ ထူထပ်သိပ်သည်းစွာ ပျံ့လွင့်နေသည်။

မြင်ကွင်းတစ်ခုလုံးသည် ဧကရာဇ်တစ်ပါးနှင့် ပတ်သက်၍ လုရန်၏နားလည်မှုနှင့် တဖြည်းဖြည်း ကိုက်ညီလာပေ၏။

သူ ပလ္လင်ပေါ်တွင် ထိုင်နေကာ ဘုရားကျောင်းနှစ်တန်း၏ရှေ့တွင် ထွက်ပေါ်လာသော နတ်ဘုရား ပုံရိပ်ယောင်များကို စောင့်ကြည့်နေသည်။

ထိုအရာများသည် သူ၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိနှစ်တန်းအလားပင်။

လုရန်က မတ်တတ်ရပ်ကာ ပလ္လင်ပေါ်မှ ဆင်းလာသော်လည်း သူတို့သည် ထိုနေရာတွင် ရှိနေဆဲပင်။

လုရန် တစ်ခုခုကို အကြမ်းဖျင်း ခန့်မှန်းမိပြီး သူ၏ လက်ထဲရှိ ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားကို ကြည့်လိုက်သည်။

ဤဘုရားကျောင်းများရှိ သဘာဝလွန်ဖြစ်စဥ်များသည် လုရန်က ပလ္လင်ပေါ်တွင် ထိုင်နေသောကြောင့် မဟုတ်ဘဲ ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြား ထွက်ပေါ်လာသောကြောင့်ဖြစ်ကြောင်း သူ တွေ့ရှိမိပေ၏။

လုရန်က ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားကို ကြည့်လိုက်သည်။ ဤအရာသည် မိုးပြာဧကရာဇ် ပိုင်ဆိုင်ပြီး တုန့်ထျန်းမြို့တော်ကို ဖွင့်ရန်အတွက် အရေးကြီးသော ရတနာတစ်ခုပင်။

သူ၏ သံသယများကို အတည်ပြုရန် ဧကရာဇ် တံဆိပ်ပြားကို သူ၏လက်ထဲတွင် ကိုင်ထားလိုက်သည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထိုတံဆိပ်ပြားအတွင်းသို့ ထည့်သွင်းကာ သူ၏ဘယ်နှင့်ညာရှိ နတ်ဘုရားပုံရိပ်ယောင်များကို ကြည့်ပြီး ဧကရာဇ်တံဆိပ်ပြားကို သူ၏ခေါင်းပေါ်သို့ ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်။

ဧကရာဇ်တံဆိပ်ပြားမှ စွမ်းအားလှိုင်းများ အလွှာလိုက် ထွက်ပေါ်လာတော့သည်။

တဖြည်းဖြည်းနှင့် ထိုလှိုင်းများသည် လုရန်၏စိတ်ဝိညာဉ်စွမ်းအားနှင့် ထပ်တူကျလာပေ၏။

လုရန် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ ဤသည်မှာ ပေါင်းစည်းခြင်းပင်။

ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြား၏ အရှိန်အဝါသည် လုရန်၏အရှိန်အဝါနှင့် ပေါင်းစည်းပြီး ပြောင်းလဲပေးနေခြင်းဖြစ်သည်။

ဤခံစားချက်သည် သူ ဧကရာဇ် တံဆိပ်ပြားကို ထိန်းချုပ်နေသည်နှင့် မတူဘဲ အမွေဆက်ခံမှုကို လက်ခံရယူရသည်နှင့် ပို၍တူညီသည်။

ထို့ပြင် ဤမြင်ကွင်းသည် အချိန်ကြာမြင့်စွာ မခံခဲ့ချေ။

လုရန် ရပ်တန့်လိုက်သည့် အချိန်တွင် ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားသည် သူနှင့် အပြည့်အဝ ပေါင်းစည်းသွားခဲ့လေပြီ။

လုရန်သည် ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြား၏ လုပ်ဆောင်ချက်ကိုလည်း ချက်ချင်းနားလည်သွားတော့သည်။

"ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်အောင် လုပ်နေတာ... အဆုံးမှာတော့ မှော်ရတနာ တစ်ခုပဲ မဟုတ်ဘူးလား... ဒီမှော်ရတနာရဲ့ စွမ်းရည်က ကောင်းကင်ကို အံတုနိုင်လောက်အောင် နည်းနည်းတော့ လွန်ကဲလွန်းတယ်..."

လုရန်က တီးတိုးရေရွတ်လိုက်၏။

ထိုအရာ၏ အခြေခံအကျဆုံး လုပ်ဆောင်ချက်မှာ သူ့ရှေ့ရှိ ခန်းမဆောင်အတွင်းမှ ဤနတ်ဘုရား ပုံရိပ်ယောင်များပင်။

ထိုပုံရိပ်ယောင်များ သုံးဆယ့်ခြောက်ခု ရှိနေသည်။

လုရန်၏အကြည့်က သူတို့ကို ဖြတ်ကျော်သွားသည်နှင့် နတ်ဘုရား ပုံရိပ်ယောင်များ အားလုံး ချက်ချင်းဆိုသလိုပင် ဒူးတစ်ဖက် ထောက်လိုက်ကြသည်။

"ငါ ထင်တာမှန်ပုံရတယ်... အခု ငါက တုန့်ထျန်းမြို့တော်နဲ့ရှပြည်နယ်ရဲ့ အရှင်သခင်... ဧကရာဇ် ရန် ပဲ..."

လုရန်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။

သူ့ကိုယ်သူ စကားပြောရသည်မှာ အနည်းငယ် စိတ်ကူးယဉ်ဆန်သည်ဟု ခံစားရသော်လည်း နတ်ဘုရားများကို ထိန်းချုပ်ရသည့် ခံစားချက်မှာ မဆိုးလှချေ။

သေချာသည်မှာ ဤနတ်ဘုရား ပုံရိပ်ယောင်များသည် အစစ်အမှန် နတ်ဘုရားများ မဖြစ်နိုင်ချေ။ ထိုအရာများသည် လုရန် ထိန်းချုပ်နိုင်သော အထူးယုံကြည်မှုစွမ်းအားတစ်ခုမှ စုစည်းလာခြင်းမျှသာဖြစ်သည်။

ထို့ပြင် သူတို့ထံတွင် နတ်ဘုရားဉာဏ်ရည် တစ်စိတ်တစ်ပိုင်း ရှိနေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လုရန်၏ ယခင်က ခန့်မှန်းချက်မှာ မှန်ကန်ပြီး သူတို့ထံတွင် ကိုယ်ပိုင်အတွေးများ ရှိနေပေ၏။

သူတို့၏အတွေးများမှာ အလွန်ရိုးရှင်းလှသည်။ တိုက်ရိုက်အကျဆုံးပြောရလျှင် သူတို့သည် လုရန်၏ အမိန့်တိုင်းကို နာခံကြပေမည်။

ဤနတ်ဘုရား ပုံရိပ်ယောင်များ၏ စွမ်းအားနှင့် ပတ်သက်၍မူ လုရန် အကဲမဖြတ်နိုင်ပေ။ ဤသည်မှာ သူ၏ ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးက သူတို့ကို ထွင်းဖောက်မမြင်နိုင်သောကြောင့် မဟုတ်ဘဲ သူတို့သည် အထူးယုံကြည်မှုစွမ်းအားမှ ဖြစ်တည်လာသော အရာများ ဖြစ်နေသောကြောင့်ပင်။

သူတို့သည် ဓမ္မပုံရိပ်ယောင်များနှင့် တူညီပုံရသည်။

လုရန်သည် တစ်စုံတစ်ယောက်၏ ဓမ္မပုံရိပ်ယောင်ကို ကြည့်ရုံဖြင့် ဓမ္မပုံရိပ်ယောင်သခင်၏နယ်ပယ်နှင့်စွမ်းအားကို သူ အကဲမဖြတ်နိုင်ချေ။

ထို့ပြင်....

ဤသည်မှာ ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြား၏ ကြောက်စရာအကောင်းဆုံးအရာ မဟုတ်ပေ။

ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ဤရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားသည် ရှပြည်နယ် တစ်ခုလုံးရှိ မြေနေရာနှင့် ချိတ်ဆက်နေခြင်းပင်။

ဧကရာဇ်တံဆိပ်ပြား ကိုင်ဆောင်သူသည် လူသား ဧကရာဇ်ကို နန်းတင်နိုင် သို့မဟုတ် နန်းချနိုင်ပြီး ရှပြည်နယ်၏ပိုင်နက်အတွင်းရှိ သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ပေ၏။

တစ်နည်းအားဖြင့် လက်ရှိချိန်၌ လုရန်သည် ရှပြည်နယ်၏အရှင်သခင်ပင်။

ရှပြည်နယ်တစ်ခုလုံးအတွင်း၌ လုရန်သည် အတွေးတစ်ချက်ဖြင့် မည်သည့် သက်ရှိသတ္တဝါ၏ သေရေးရှင်ရေးကိုမဆို ဆုံးဖြတ်နိုင်သည်။

ဤသည်က အလွန်ကြောက်စရာကောင်းလှသည်။

ထိုအရာနှင့် နှိုင်းယှဉ်ကြည့်လျှင် တုန့်ထျန်းမြို့တော်သည် ထိုမျှလောက် အရေးမကြီးတော့ပေ။

လုရန်တွင် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ် ရှိပြီး ပတ်ဝန်းကျင်သည် ဤတုန့်ထျန်းမြို့တော်ထက် များစွာပို၍ ကောင်းမွန်ပေ၏။ သူ၏ဂိုဏ်းသည် ဤမြို့တော်လောက် မကြီးမားရုံသာ ရှိပေမည်။

သို့သော် ယနေ့တိုင်အောင် လုရန်သည် တောင်များနှင့် မြစ်များကို ပို၍နှစ်သက်ဆဲပင်။

အလှပဆုံး မြို့ပင်လျှင် လုရန်၏စိတ်နှလုံးသားထဲတွင် ကြည်လင်သော စမ်းရေအိုင် သို့မဟုတ် စမ်းချောင်းလေးတစ်ခုကို မယှဉ်နိုင်ချေ။

"ဒီတုန့်ထျန်းမြို့တော်ကို နောက်ကျရင် ငါ့ရဲ့ တပည့်တွေအတွက် သုံးလို့ ရတယ်... သူတို့ ဒီကို ပြောင်းလာလို့ရတာပေါ့... အဲ့ဒီအချိန်ကျရင် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်က လုံလောက်တော့မှာ မဟုတ်ဘူး..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

ထို့ပြင်....

လုရန်သည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ ပတ်ဝန်းကျင်ကို ပို၍နှစ်သက်သော်လည်း တုန့်ထျန်းမြို့တော်၏လုံခြုံရေးသည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ထက် များစွာပို၍သာလွန်ကြောင်း သူ ဝန်ခံရပေမည်။

အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို သယ်ဆောင်သွားနိုင်ပြီး မည်သည့်နေရာသို့မဆို ပြောင်းရွှေ့နိုင်သည်။

သို့သော် အပြာရောင်ဂိုဏ်းသည် ရန်သူများကို ထိပ်တိုက် ရင်ဆိုင်ရပေအုံးမည်။ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ကာကွယ်ရေးများတွင် ဂိုဏ်းအကာအကွယ် ဝင်္ကပါနှင့် တောင်စောင့် နတ်ဘုရားသားရဲဖြစ်သော မိုးပြာရေနဂါးလိပ်တို့ ပါဝင်သည်။

အဆုံးသတ်တွင်မူ အပြာရောင်ဂိုဏ်းသည် ရန်သူကို ရင်ဆိုင်ရအုံးမည်ဖြစ်ကာ ထိုအရာမှာ ရှောင်လွှဲ၍မရချေ။

သို့သော် ဤတုန့်ထျန်းမြို့တော်၏ အရာအားလုံးသည်သီးခြားကမ္ဘာငယ်လေးတစ်ခုအတွင်းတွင် ရှိနေပေ၏။

"ဟုတ်တယ်... နိယာမလည်း ရှိသေးတယ်... အဲ့ဒါကို ငါ မေ့လုနီးပါးပဲ..."

ယခုခရီးစဉ်အတွက် သူ၏အဓိကရည်ရွယ်ချက်ကို ရုတ်တရက် သတိရသွားကာ လုရန်က တွေးတောလိုက်သည်။

သူသည် ယခုအချိန်၌ တုန့်ထျန်းမြို့တော်၏ အရှင်သခင် ဖြစ်နေလေပြီ။

ထို့ကြောင့် နိယာမ တည်ရှိသောနေရာသည်လည်း တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းလှသည်။

သူသည် ခန်းမဆောင်မှ ထွက်လာပြီး သူ၏နောက်ရှိ နတ်ဘုရား ပုံရိပ်ယောင်နှစ်တန်းကို တစ်ချက်ကြည့်လိုက်ရာ သူတို့သည် သူ့ကို ရိုသေစွာ ဦးညွှတ်နေကြောင်း မြင်တွေ့မိလေ၏။

လုရန်က မိုးပြာဧကရာဇ်၏ရုပ်ထုကို မော့ကြည့်ပြီးနောက် သူ၏လက်ကို ဆန့်တန်းကာ ဖမ်းဆုပ်လိုက်တော့သည်။

ဘုန်း...

မိုးပြာဧကရာဇ်ရုပ်ထု၏ ဧရာမခေါင်းကြီး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားသည်။

သေချာသည်မှာ လုရန်သည် ဤနေရာတွင် အရှင်သခင် ဖြစ်လာရုံဖြင့် ယခင် မိုးပြာဧကရာဇ်၏ ရုပ်ထုကို ဖျက်ဆီးရလောက်အောင် စိတ်သဘောထား သေးသိမ်နေခြင်း မဟုတ်ချေ။

ထိုအစား တုန့်ထျန်းမြို့တော်၏သခင် ဖြစ်လာပြီးနောက် အမွေဆက်ခံမှုမှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းသည် လုရန်၏နတ်ဘုရားစိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်လာသည်။

ထိုအချိန်က မိုးပြာဧကရာဇ် ဝှက်ထားခဲ့သော နိယာမ သည် ရုပ်ထု၏ခေါင်းထဲတွင် ရှိနေပေ၏။

"ဒီကိစ္စအတွက် မင်း ငါ့ကို အပြစ်တင်လို့ မရဘူး... မင်းက ရုပ်ထုရဲ့ ခေါင်းထဲမှာ ဝှက်ထားခဲ့တာဆိုတော့ ဒါက အဲ့ဒါကို ထုတ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

ရုပ်ထု၏ခေါင်း ပေါက်ကွဲသွားသည်နှင့်...

လက်သီးဆုပ်အရွယ်အစားရှိသော သိပ်မထင်ရှားသည့် အစိမ်းရောင် အလင်းလုံးလေးတစ်ခုသည် လုရန်ဆီသို့ တဖြည်းဖြည်း လွင့်မျောလာတော့သည်။

လုရန်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပေ၏။

ဤသည်မှာ မိုးပြာဧကရာဇ် လျှို့ဝှက်ထားသော အချိန်နိယာမပင်။

ဤသည်မှာ မိုးပြာဧကရာဇ်၏နိယာမ မဟုတ်ဘဲ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာပြီးနောက်မှ သူ မတော်တဆ ရှာဖွေတွေ့ရှိခဲ့သော နိယာမ စွမ်းအားသစ်တစ်ခုပင်။

မိုးပြာဧကရာဇ်သည် နိယာမ နှစ်ခုကို မပိုင်ဆိုင်နိုင်သဖြင့် သူသည် တစ်ခုကို ဝှက်ထားခဲ့လေ၏။

"ရှပြည်နယ်ရဲ့ အရှင်သခင်... ဒါပေမဲ့ သူက လီတောင် လျှို့ဝှက်ခန်းထဲမှာ သေသွားခဲ့တယ်... အကြောင်းရင်းက ဒီလျှို့ဝှက်ထားတဲ့ အချိန်နိယာမကြောင့်များလား..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

သူ လက်ဆန့်တန်းကာ သူ၏လက်ဝါးထဲရှိ အလင်းလုံးကို ဖမ်းဆုပ်လိုက်ပြီးနောက် သူ၏နဖူးပေါ်သို့ ရိုက်ချလိုက်တော့သည်။

သူ၏စိတ်စွမ်းအားများသည် ဘုန်းခနဲ ပေါက်ကွဲထွက်လာပြီး နိယာမ စွမ်းအားကို ဆွဲယူကာ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အတွင်းသို့ ဖြည်းညှင်းစွာ ပေါင်းစည်းသွားစေသည်။

All Chapters