အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း ၂၀၁ ပထမဆုံး သေဖို့ လာတဲ့ကောင်
အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ရွှေသင်္ဘောစု ဆယ်ယူနေသော နေရာ...
ယခုအချိန်တွင် ဆယ်ယူရေး လုပ်ငန်းများမှာ အလွန် အလုပ်များလျက် ရှိပြီး ဆွန်ဖုန်းက မိမိ၏ လက်အောက်ငယ်သားများက ရွှေသေတ္တာများကို တစ်လုံးပြီး တစ်လုံး အပေါ်သို့ ဆယ်ယူလာသည်ကို ကြည့်ကာ စိတ်ထဲတွင် အလွန် ပျော်ရွှင်နေလေသည်။
ယခု ဒုတိယ သင်္ဘောပျက်ကို စတင် ဆယ်ယူနေပြီ ဖြစ်ပြီး ပထမ သင်္ဘောပျက်မှာ ဆယ်ယူပြီးစီးသွားပြီ ဖြစ်သည်။
ပထမ သင်္ဘောပျက်မှ ရွှေသေတ္တာ ရာပေါင်းများစွာနှင့် အခြား ကျောက်မျက်ရတနာ သေတ္တာ ဆယ်လုံးကျော်ခန့် ရရှိခဲ့သည်။
ဆွန်ဖုန်းသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ အဝေးရှိ ပင်လယ်ပြင်ကို စူးစိုက် ကြည့်နေလေသည်။ ယခုအချိန်တွင် လေငြိမ်သက်နေသော်လည်း အန္တရာယ်က မည်သည့် အချိန်တွင် ချဉ်းကပ်လာမည်ကို သူ မသိပေ။
ဆွန်ဖုန်းသည် ဤရက်ပိုင်း အတွင်း ရေမိုင် ၃၅၀ ပတ်လည် လွှမ်းခြုံနိုင်သော ရှာဖွေရေး စနစ်ကို အမြဲတမ်း ဖွင့်ထားလေသည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော လူများကို ကာကွယ်ရန် ဖြစ်သည်။
ထိုလူများ ဤနယ်မြေ အတွင်း ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မည်သို့သော လှုပ်ရှားမှု ရှိပါစေ ဆွန်ဖုန်း၏ အာရုံခံမှုကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
အကယ်၍ ထိုတရားမဝင် အဖွဲ့အစည်းများ သို့မဟုတ် ပင်လယ်ဓားပြများ လာရောက် တိုက်ခိုက်မည် ဆိုပါက ဤနေရာသို့ မကပ်နိုင်မီ ပင်လယ်ထဲတွင် အမည်မသိ ပျောက်ကွယ်သွားအောင် ဆွန်ဖုန်းက လုပ်ပစ်မည် ဖြစ်သည်။
"သူဌေး... အခု ဒုတိယ သင်္ဘောပျက်က တစ်ဝက်လောက် ဆယ်ပြီးနေပြီ... မနက်ဖြန် ဆိုရင် တတိယ သင်္ဘောပျက်ကို စဆယ်လို့ ရလောက်ပြီ"
တယ်ကျီ က ဆွန်ဖုန်း အနီးသို့ ရောက်လာပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
ဤရတနာများက သူ့အတွက် ဘာမှ မသက်ဆိုင်သော်လည်း ဤကဲ့သို့ သမိုင်းဝင် ဆယ်ယူရေး လုပ်ငန်းကြီးတွင် ပါဝင်ခွင့် ရသဖြင့် တစ်သက်လုံး ဂုဏ်ယူစွာ ကြွားလုံးထုတ်၍ ရပြီ ဖြစ်သည်။
"အင်း... ညီအစ်ကိုတွေကို အားစိုက်လုပ်ကြဖို့ ပြောလိုက်... ဒီနေ့ ဒုတိယ သင်္ဘောပျက်ပေါ်က ရွှေတွေကို အကုန် သယ်လာနိုင်အောင်လို့"
ဆွန်ဖုန်းက ပြောလိုက်လေသည်။ ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော ရန်သူများ မကြာမီ လှုပ်ရှားလာတော့မည်ကို သူ သိနေသည်။
"စိတ်ချပါ သူဌေး... ညီအစ်ကိုတွေ အားလုံး တော်တော်လေး အားစိုက်နေကြပါတယ်"
တယ်ကျီ က ပြောလိုက်လေသည်။
သူတို့ နှစ်ယောက် စကားပြောနေစဉ် ဆွန်ဖုန်း၏ ဂြိုဟ်တု ဖုန်းမြည်လာလေသည်။ ဖုန်းကို ထုတ်ကြည့်လိုက်ရာ စုန်ကျဲ့ ထံမှ ဖြစ်နေသည်။
"ဟယ်လို လောင်ဆုန့်... ဘာကိစ္စ ရှိလို့ ဖုန်းဆက်တာလဲ"
ဆွန်ဖုန်းက ဖုန်းကို ကိုင်ကာ စုန်ကျဲ့ ကို ပြောလိုက်လေသည်။
"ငါ ဖုန်းဆက်တာက... သတင်းစာထဲမှာ ပါတဲ့ ရွှေသင်္ဘောစုကို ရှာတွေ့တဲ့ ကုမ္ပဏီ သူဌေး ဆွန်ဖုန်း ဆိုတာ မင်းများလား လို့ မေးမလို့"
ဖုန်းထဲတွင် စုန်ကျဲ့ က မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်လေသည်။
ယနေ့ စုန်ကျဲ့ သတင်း ကြည့်လိုက်ရာ သတင်းထဲတွင် ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ အမည်ရ ကုမ္ပဏီ တစ်ခုက အတ္တလန္တိတ် သမုဒ္ဒရာတွင် ဒဏ္ဍာရီထဲက ရွှေသင်္ဘောစု သင်္ဘောပျက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုကုမ္ပဏီ၏ သူဌေး အမည်မှာ ဆွန်ဖုန်း ဖြစ်ကြောင်း ဖော်ပြထားသည်။
စုန်ကျဲ့ အစပိုင်းက နာမည်တူ ဖြစ်မည်ဟု ထင်ခဲ့သော်လည်း စုံစမ်းကြည့်လိုက်သောအခါ သူ၏ သူငယ်ချင်း ဖြစ်နေကြောင်း တွေ့ရသဖြင့် ယခုလို ဖုန်းဆက်ကာ အတည်ပြုရခြင်း ဖြစ်သည်။
"ငါပဲလေ... ဘာဖြစ်လို့လဲ"
ဆွန်ဖုန်းက အေးဆေးစွာ ဖြေလိုက်လေသည်။
"လခွီး... တကယ်ပဲ မင်းလား... သေလိုက်ပါတော့... မင်း ရွှေသင်္ဘောစုကို ရှာတွေ့တယ် ဆိုတော့ မင်းတော့ ကြီးပွားပြီဟေ့ လခွီး..."
ဆွန်ဖုန်း၏ ဖုန်းထဲမှ အလွန် ကျယ်လောင်သော အသံကြီး ထွက်လာသဖြင့် ဆွန်ဖုန်းမှာ နားနှင့် ဝေးရာသို့ ဖုန်းကို အမြန် ရွှေ့လိုက်ရလေသည်။
"ရွှေသင်္ဘောစုတဲ့... ဒီရွှေသင်္ဘောစု ထဲက ရတနာတွေက ဒေါ်လာ ဘီလီယံချီ တန်တယ်လို့ ကြားတယ်... မင်းက ကံကောင်းလိုက်တာ... ရွှေသင်္ဘောစုကို ရှာတွေ့နိုင်တယ်...
လောင်ဆုန့်... နောက်ဆို ငါ မင်းနောက်ကို လိုက်တော့မယ်... ငါ့ကို တပည့် အဖြစ် လက်ခံပါ... ငါ့ရဲ့ ဒူးထောက် ရှိခိုးမှုကို လက်ခံပါ... ငါလည်း မင်းနဲ့ အတူတူ ပင်လယ်ပြင်မှာ တခြား သင်္ဘောပျက်တွေကို ဆက်ရှာချင်တယ်၊ ဆယ်ယူချင်တယ်"
စုန်ကျဲ့ က ဆက်တိုက် ပြောဆိုနေပြီး တစ်ဖက်ကလည်း မြှောက်ပင့်နေလေသည်။
"မင်း ထင်နေလား... အကြိမ်တိုင်း ဒီလောက် ကံကောင်းမယ်လို့... ဒါပေမယ့် မင်းရဲ့ ဒူးထောက် ရှိခိုးမှုကိုတော့ ငါ လက်ခံလိုက်တယ်"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"......"
"ဪ ဒါနဲ့ လောင်ဆုန့်... အခု စပိန် က ကောင်တွေ မင်းကို ပြဿနာ လာရှာသေးလား... ဒီရွှေသင်္ဘောစုက လွန်ခဲ့တဲ့ နှစ်ရာချီက သူတို့ရဲ့ ရတနာတွေလေ... အခု သူတို့က မင်း ဆယ်ယူနေတာကို ဒီအတိုင်း ကြည့်နေနိုင်ပါ့မလား"
ဖုန်းထဲမှ စုန်ကျဲ့ က မေးလိုက်လေသည်။
"လောလောဆယ်တော့ မလာသေးဘူး... ဒါပေမယ့် ငါ ထင်တယ်... မကြာခင် သူတို့ ဘက်က လူလွှတ်ပြီး အခြေအနေ လာလေ့လာလိမ့်မယ်"
ဆွန်ဖုန်းက ဖြေလိုက်လေသည်။
"ဪ... ဒါဆို မင်း သတိထားဦး... ဒီကိစ္စက အခု တစ်ကမ္ဘာလုံး သိနေပြီ... မင်းက အခု မုန်တိုင်းရဲ့ ဗဟိုချက်မှာ ရောက်နေတာ... အတ္တလန္တိတ် သမုဒ္ဒရာက မလုံခြုံဘူး...
မင်း အနေနဲ့ ဆယ်ယူရေး လုပ်ငန်းကို ကာကွယ်ပေးမယ့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခု ရှာထားတာ အကောင်းဆုံးပဲ... မဟုတ်ရင် ဘာအန္တရာယ် ဖြစ်လာမလဲ မသိနိုင်ဘူး"
စုန်ကျဲ့ က အကြံပြုလေသည်။
"အဲဒါ ငါ သိပါတယ်... ငါ့မှာ အစီအစဉ် ရှိပါတယ်... ငါက ဒီလူတွေ ရှေ့မှာ ဆယ်ယူရေး လုပ်ရဲတယ် ဆိုမှတော့... ငါ့မှာ နည်းလမ်း ရှိလို့ပေါ့"
ဆွန်ဖုန်းက ပြုံး၍ ဖြေလိုက်လေသည်။ ဤကိတ်မုန့်ကြီးကို စားရန်မှာ မလွယ်ကူလှပေ။
"ကောင်းပြီလေ... မင်း ဒီလို ပြောမှတော့ ငါလည်း စိတ်အေးရတာပေါ့... အချိန်တန်ရင် ငါ့အတွက် ရှေးဟောင်း ပစ္စည်းလေး ဘာလေး ချန်ထားပေးဦး"
စုန်ကျဲ့ က လက်ပွတ်ကာ တောင်းဆိုလိုက်လေသည်။
"အဲဒါ ငါ လုပ်ပေးပါ့မယ်... စိတ်ချပါ"
စကား အနည်းငယ် ထပ်ပြောပြီးနောက် သူတို့ နှစ်ယောက် ဖုန်းချလိုက်ကြလေသည်။
"ပိုင်ရှင်ကို သတင်းပို့ပါတယ်... အနောက်တောင်ဘက်... ကျွန်တော်တို့နဲ့ ရေမိုင် ၅၀ အကွာမှာ အမည်မသိ သင်္ဘော တစ်စင်း ပေါ်လာပါတယ်... ကျွန်တော်တို့ဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေပါတယ်... သင်္ဘောပေါ်မှာ ဘာအမှတ်အသားမှ မရှိပါဘူး... ကိုယ်ပိုင် သင်္ဘော ဖြစ်ဖို့ များပါတယ်"
အသံလက်ထောက်က ရုတ်တရက် သတိပေးလိုက်လေသည်။
"ဪ... ကြည့်ရတာ သတင်း လာစုံစမ်းတဲ့ လူတွေ ရောက်လာပြီ ထင်တယ်"
ဆွန်ဖုန်းက မျက်ခုံးပင့်ကာ အေးစက်စွာ ပြောလိုက်လေသည်။
"ပိုင်ရှင်... အဲဒီ သင်္ဘောကို နှစ်မြှုပ်ပစ်လိုက်ရမလား... တစ်ဖက် သင်္ဘောပေါ်မှာ လက်နက်တွေ ပါလာတာ တွေ့ရတယ်"
အသံလက်ထောက်က မေးလိုက်လေသည်။
"အင်း... လောလောဆယ် မလိုသေးဘူး... အရင် စောင့်ကြည့်ရအောင်... တစ်ဖက်လူ ဘာရည်ရွယ်ချက် ရှိလဲ ကြည့်ရအောင်"
ဆွန်ဖုန်းက လက်ကာပြကာ ပြောလိုက်လေသည်။ ယခု မလောသေးပေ။ အချိန်လည်း မကျသေးပေ။
မကြာမီ ထိုသင်္ဘောမှာ လူသူကင်းမဲ့သော ကျွန်းငယ်လေး တစ်ခု အနီးတွင် ရပ်တန့်သွားပြီး ဆွန်ဖုန်းတို့ မမြင်ရသော နေရာမှနေ၍ ဆယ်ယူရေး လုပ်ငန်းများကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။
"ဟင်းဟင်း... ကြည့်ရတာ တစ်ဖက်လူက သတင်း လာစုံစမ်းတာပဲ... ဂရုစိုက်စရာ မလိုပါဘူး"
ဆွန်ဖုန်းက မျက်နှာပြင်မှ တစ်ဆင့် ထိုသင်္ဘောငယ်၏ လှုပ်ရှားမှု အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
တစ်နာရီခန့် အကြာတွင် ထိုသင်္ဘောမှာ တိတ်တဆိတ် ထွက်ခွာသွားသဖြင့် ဆွန်ဖုန်းလည်း ဂရုမစိုက်တော့ပေ။
သို့သော် မကြာမီ နောက်ထပ် သင်္ဘော တစ်စင်း ချဉ်းကပ်လာပြန်သည်။ ဤသင်္ဘောမှာ အဝေးမှ စောင့်ကြည့်နေခြင်း မဟုတ်ဘဲ တည့်တည့် မောင်းနှင်လာခြင်း ဖြစ်သည်။
"ပိုင်ရှင်... တစ်ဖက် သင်္ဘောပေါ်မှာ လက်နက်တွေ ပါလာတာ တွေ့ရပြန်တယ်"
အသံလက်ထောက်က ထပ်မံ သတင်းပို့လေသည်။
"ဪ... စိတ်ဝင်စားစရာပဲ"
ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ တစ်ဖက်လူက တိုက်ရိုက် ပစ်ခတ် လုယက်တော့မည်လား။
ဤသင်္ဘောမှာ အလွန် မကြီးမားဘဲ သင်္ဘောပေါ်တွင် လူဆယ်ယောက်ကျော်ခန့် ပါရှိသည်။
ဆွန်ဖုန်း၏ အမြင်အာရုံမှာ အလွန် ကောင်းမွန်သဖြင့် အဝေးမှပင် ထိုလူများ အချို့က ကော်လာပါ အင်္ကျီများကို သေသပ်စွာ ဝတ်ဆင်ထားပြီး သတင်းထောက် ပုံစံမျိုး ဖမ်းထားကာ အချို့က ကင်မရာ ကဲ့သို့သော အရာများကို ထမ်းထားသည်ကို မြင်လိုက်ရလေသည်။
"ခင်ဗျားတို့ ဘယ်သူတွေလဲ... ဒီမှာ အလုပ်လုပ်နေတယ်... အနားမကပ်ပါနဲ့"
ထိုသင်္ဘော ကပ်လာသည်ကို မြင်သောအခါ တယ်ကျီ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာပြီး တစ်ဖက်လူကို အသံကျယ်ကျယ်ဖြင့် အော်ပြောကာ အနားမကပ်ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်လေသည်။
"ကျွန်တော်တို့က သတင်းထောက်တွေပါ... အင်တာဗျူး လာလုပ်တာပါ... ခင်ဗျားတို့ အလုပ်ကို မနှောင့်ယှက်ပါဘူး"
သင်္ဘောဦးပိုင်းမှ အမျိုးသား တစ်ဦးက အသံကျယ်ကျယ်ဖြင့် ရှင်းပြလေသည်။
"သူဌေး... တစ်ဖက်လူကို ပေးလာခိုင်းမလား"
တယ်ကျီ မျက်နှာတွင် တွေဝေမှုများ ပေါ်လာပြီး မဆုံးဖြတ်ရဲသဖြင့် ဆွန်ဖုန်းကို ကြည့်ကာ အကြံတောင်းလိုက်လေသည်။
"သူတို့ကို ပေးလာခိုင်းလိုက်ပါ"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ပိုင်ရှင်... ဒီလူ ဆယ်ယောက်ကျော်လုံး ကိုယ်ပေါ်မှာ သေနတ်တွေ ဝှက်ထားကြတယ်"
အသံလက်ထောက်က ယခုအချိန်တွင် သတင်းပို့လိုက်လေသည်။
"ဪ... ကြည့်ရတာ တစ်ဖက်လူက လက်နက်နဲ့ အကြမ်းဖက်ဖို့ လာတာပဲ"
ဆွန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
မကြာမီ ဤသင်္ဘောမှာ ဆယ်ယူရေး သင်္ဘော အနီးသို့ ကပ်လာလေသည်။
ယခုအချိန်တွင် ဆယ်ယူရေး သင်္ဘောပေါ်၌ လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိပြီး အများစုမှာ ရေအောက်တွင် အလုပ်လုပ်နေကြလေသည်။
"ဒီမှာ ဆွန်ဖုန်း ဆိုတာ ဘယ်သူလဲ... ကျွန်တော်တို့က ဗီဂိုမြို့က (X) သတင်းစာတိုက် က သတင်းထောက်တွေပါ"
"ကျွန်တော်က ဂျီ ရုပ်သံလိုင်း က သတင်းထောက်ပါ..."
"ကျွန်တော်တို့ ခင်ဗျားတို့ကို အင်တာဗျူးလို့ ရမလား"
ထိုလူများက ပြောရင်းဆိုရင်း ကြိုးလှေကားများကို ပစ်ချကာ ကူးလာရန် ပြင်နေကြပြီး ဆွန်ဖုန်း၏ သဘောတူညီချက်ကိုပင် မစောင့်ကြတော့ပေ။
သို့သော် ယခုအချိန်တွင် ဆွန်ဖုန်းက ထွက်လာပြီး ပြုံးကာ ပြောလိုက်လေသည်။
"ခင်ဗျားတို့က ရွှေသင်္ဘောစု အကြောင်း အင်တာဗျူး လာလုပ်တာလား... ကျွန်တော်က ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ က ဆွန်ဖုန်း ပဲ... ခင်ဗျားတို့ ကူးလာစရာ မလိုပါဘူး... အလုပ်ရှုပ်တယ်... ကျွန်တော် တစ်ယောက်တည်း ကူးလာခဲ့မယ်... ကြိုက်သလောက်သာ အင်တာဗျူးကြ"
ယခုအချိန်တွင် သင်္ဘော နှစ်စင်းမှာ တစ်မီတာကျော်ခန့်သာ ကွာဝေးသဖြင့် ဆွန်ဖုန်းသည် တိုက်ရိုက် ခုန်ကူးသွားလိုက်လေသည်။
တစ်ဖက်ရှိ လူဆယ်ယောက်ကျော်မှာ ဆွန်ဖုန်း၏ လှုပ်ရှားမှုကြောင့် အံ့ဩသွားကြလေသည်။
"ခေါင်းဆောင်... ဘယ်လို လုပ်မလဲ... အခု တိုက်ရိုက် ချမလား ဒါမှမဟုတ် ဒီတရုတ်လူမျိုးကို အရင် ဖမ်းထားလိုက်မလား"
ထိုလူများ နောက်ဆုံးမှ နှစ်ယောက်က ဆွန်ဖုန်း၏ လှုပ်ရှားမှုကို ကြည့်ကာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေသည်။
"အင်း... ငါ ကြည့်လိုက်တယ်... သင်္ဘောပေါ်က လူတွေ ဆီမှာ လက်နက် ဘာမှ မရှိဘူး... ငါတို့ မကြောက်ဘူး... အရင်ဆုံး ဒီကုမ္ပဏီ သူဌေးကို ရှင်းလိုက်မယ်... ပြီးရင် သင်္ဘောပေါ် တက်ပြီး အဲဒီလူတွေကို အကုန် သတ်ပစ်မယ်... ပြီးမှ ရွှေတွေကို သယ်မယ်"
ခေါင်းဆောင် ဖြစ်သူမှာ ယခုအချိန်တွင် ဆယ်ယူရေး သင်္ဘောပေါ်၌ တောင်ငယ်လေး တစ်ခု အလား ပုံထားသော သစ်သား သေတ္တာ ရာပေါင်းများစွာကို စူးစိုက် ကြည့်နေလေသည်။
ဤသေတ္တာများ အတွင်းတွင် ရွှေများ ပါရှိကြောင်း သူ သိသည်။ အဘယ်ကြောင့်ဆိုသော် သေတ္တာ အချို့မှာ ပျက်စီးနေပြီး အတွင်းမှ ရွှေများ ထွက်ပေါ်နေသောကြောင့်ပင်။
"ခင်ဗျားတို့က ကျွန်တော့်ကို အင်တာဗျူးမလို့ မဟုတ်ဘူးလား... မေးခွန်းတွေ မေးလေ"
ဆွန်ဖုန်းသည် လူအများ ရှေ့တွင် ရပ်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
တစ်ဖက်လူများမှာ အကြမ်းဖက်သမားများ ဖြစ်မှန်း သိသိကြီးနှင့်ပင် သူက မကြောက်မရွံ့ဘဲ ပေါ့ပေါ့ပါးပါး နေပြနေလေသည်။
"အေဝမ်း၊ အေတူး၊ အေသရီး... သေချင်နေတဲ့ ဒီတရုတ်ကောင်ကို ဖမ်းလိုက်စမ်း"
ခေါင်းဆောင် ဖြစ်သူက တိုးတိုးလေး အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့... ခေါင်းဆောင်"
ဆွန်ဖုန်း ရှေ့တွင် ရပ်နေသော ထိုသုံးယောက်မှာ အမိန့် ရသည်နှင့် ညာလက်များက ခါးဆီသို့ ရောက်သွားပြီး အင်္ကျီ အတွင်း ဝှက်ထားသော သေနတ်များကို ဆွဲထုတ်ရန် ပြင်လိုက်ကြလေသည်။
"ဟွန့်... ပထမဆုံး သေဖို့ လာတဲ့ကောင်တွေ... ငါ မင်းတို့ကို အနောက်ဘုံကို ပို့ပေးမယ်"
ဆွန်ဖုန်း က အေးစက်စွာ ရယ်မောလိုက်ပြီး လူရိပ် တစ်ချက် လှုပ်သွားကာ အားလုံး ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
အားဖြည့်ဆေးများ ထိုးထားသဖြင့် ဆွန်ဖုန်း၏ ကိုယ်ခန္ဓာ အခြေအနေ၊ အင်အား၊ အမြန်နှုန်းနှင့် တုံ့ပြန်မှု စွမ်းရည်များမှာ လူသားများ၏ အမြင့်ဆုံး အဆင့်ကို ကျော်လွန်နေပြီ ဖြစ်ပြီး စူပါမင်း ကဲ့သို့ ဖြစ်နေလေပြီ။
နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းသည် အေဝမ်း နှင့် အေတူး တို့ အရှေ့သို့ ရောက်ရှိသွားပြီး သူ၏ လက်နှစ်ဖက်ကို လျင်မြန်စွာ ဆန့်ထုတ်ကာ သူတို့ ခါးမှ မထုတ်ရသေးသော သေနတ်များကို လုယူလိုက်လေသည်။
"လူရော..."
လူတိုင်းက မျက်စိရှေ့တွင် လူရိပ် တစ်ချက် လှုပ်သွားသည်ကိုသာ မြင်လိုက်ရပြီး နောက်တစ်စက္ကန့်တွင် 'ဖောက်... ဖောက်... ဖောက်' ဆိုသော တိုးညှင်းသည့် သေနတ်သံများ ထွက်ပေါ်လာလေသည်။
"အသံတိတ် သေနတ်တွေပဲ... ငါ့ အကြိုက်ပဲ"
သေနတ်သံများ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် လူခြောက်ယောက် မြေပြင်ပေါ် လဲကျသွားပြီး သေမသေ မသိရတော့ပေ။
သေနတ် နှစ်လက်၊ သုံးချက်စီ ခွဲပစ်လိုက်ခြင်း ဖြစ်ပြီး ကျည်ခြောက်တောင့်လုံး ထိမှန်ကာ ချက်ချင်းပင် အသက် ခြောက်ချောင်းကို နုတ်ယူလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ အားဖြည့်ဆေး ထိုးထားသူ၏ အစွမ်းပင် ဖြစ်သည်။
ဤဖြစ်ရပ်မှာ အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားပြီး တစ်စက္ကန့်၊ နှစ်စက္ကန့် အတွင်း ပြီးဆုံးသွားခြင်း ဖြစ်သော်လည်း ပြန်လည် ပြောပြရန်မှာ အချိန်ယူရပေသည်။
ကျန်ရှိနေသော ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ မှင်တက်သွားကြပြီး ကြက်သေသေသွားကာ ရုပ်တုများ ကဲ့သို့ ဖြစ်သွားကြလေသည်။
သူတို့ ကြားလိုက်ရသည်မှာ သေနတ်သံများသာ ဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူတို့ ရှေ့ရှိ ညီအစ်ကို ခြောက်ယောက် မြေပြင်ပေါ် လဲကျသွားကာ ခန္ဓာကိုယ်များမှ သွေးများ အဆက်မပြတ် ထွက်ကျလာသည်ကိုသာ မြင်လိုက်ရလေသည်။
အော်သံ တစ်ချက်ပင် မထွက်လိုက်ရဘဲ သေဆုံးသွားကြပြီး ကျည်ဆံတိုင်းက အရေးကြီး နေရာများကိုသာ ထိမှန်သွားခြင်း ဖြစ်သည်။
ဤဖြစ်ရပ်က အလွန် ရုတ်တရက် ဆန်လွန်းပြီး အလွန် မြန်ဆန်လွန်းသဖြင့် သူတို့ ဦးနှောက်များပင် လိုက်မမီတော့ပေ။
စောစောက သူတို့ ရှေ့ရှိ အမျိုးသားမှာ ရုပ်ချောချောလေး အပြင် အခြား ဘာမှ မရှိဘဲ ဘာတိုက်ခိုက်နိုင်စွမ်းမှ မရှိဘူးဟု သူတို့ ထင်ခဲ့ကြသည်။
မူလက သူတို့က တစ်ဖက်လူကို အလွယ်တကူ သတ်ပစ်နိုင်မည်ဟု ထင်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူတို့ ဘက်မှ လူခြောက်ယောက် သေဆုံးသွားခဲ့ရလေသည်။