← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂ ကျွန်ုပ်၏ စက်ရုပ် သက်တော်စောင့်များ

"သူ ဘယ်ရောက်သွားတာလဲ"

လူတစ်စုက ထိတ်လန့်တကြားဖြင့် ရှေ့သို့ ကြည့်လိုက်ကြသော်လည်း ဆွန်ဖုန်းကို မတွေ့ရတော့ပေ။ ဆွန်ဖုန်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ဒီမှာလေ မင်းတို့အကုန် သွားသေလို့ရပြီ"

ဆွန်ဖုန်း၏ အေးစက်သော အသံက ထိုလူစု၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။ ဤရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် သူတို့ အားလုံး ထိတ်လန့်သွားကြသည်။

သူတို့ အသိစိတ်ဖြင့် အနောက်သို့ လှည့်ရန် ပြင်လိုက်စဉ် သေနတ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

သေနတ်တွင် အသံတိတ်ပြောင်း တပ်ဆင်ထားသဖြင့် သေနတ်သံက အလွန် မကျယ်လောင်ပေ။

သေနတ်တစ်လက်တွင် ကျည်ခုနစ်တောင့်စီ ပါရှိရာ စုစုပေါင်း ၁၄ တောင့် ရှိသည်။ စောစောက ၆ တောင့် ပစ်ခတ်ခဲ့ပြီး ဖြစ်သဖြင့် လက်ရှိတွင် ၈ တောင့် ကျန်ရှိနေသေးသည်။

ဤနေရာတွင်လည်း လူ ၈ ယောက် အတိအကျ ကျန်နေသဖြင့် ထို ၈ ယောက်မှာ ရှောင်တိမ်းရန် အခွင့်အရေးပင် မရဘဲ ဆွန်ဖုန်းက အနောက်ဘုံသို့ အကုန် ပို့ဆောင်လိုက်လေသည်။

"ဟာ မဖြစ်နိုင်ဘူး"

ခေါင်းဆောင် ဖြစ်သူသည် သေခါနီးအချိန်အထိ တစ်ဖက်လူက ဘာကြောင့် ဤမျှ အစွမ်းထက်နေရသနည်း ဆိုသည်ကို မသိနိုင်ခဲ့ပေ။ စူပါမင်း အတွင်းခံကို အပြင်ထုတ်ဝတ်ထားသည်ထက်ပင် ပိုမို အစွမ်းထက်နေပြီး သူတို့ လူဆယ်ယောက်ကျော်ကို ရှင်းလင်းရန် အချိန်တစ်မိနစ်ပင် မပြည့်ခဲ့ချေ။

သို့သော် သူ ဆက်လက် စဉ်းစားရန် အခွင့်အရေး မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။

"ဟက် သင်္ဘောတစ်စင်းတောင် အမြတ်ထွက်သေးတယ် ဒီတစ်ခေါက်တော့ မရှုံးပါဘူး"

ဆွန်ဖုန်းသည် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်သော်လည်း လက်ရှိတွင် အလွန် တည်ငြိမ်နေဆဲ ဖြစ်ရာ လူသတ်သမား ဖြစ်ရန် ပါရမီ ပါသည်ဟု ခံစားနေရသည်။

ယခုအချိန်တွင် ကုန်းပတ်ပေါ်၌ သွေးများ အိုင်ထွန်းနေပြီး ကြည့်ရသည်မှာ ရင်ထိတ်စရာ ကောင်းလှသည်။

ထိုအချိန်မှ ဆယ်ယူရေး သင်္ဘောပေါ်ရှိ လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ သတိဝင်လာကြပြီး ဆွန်ဖုန်းကို သရဲမြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြား စူးစိုက် ကြည့်နေကြတော့သည်။

ထိုသတင်းထောက် ဆယ်ယောက်ကျော်တွင် သေနတ်များ ဝှက်ထားလိမ့်မည်ဟု သူတို့ တကယ် မထင်ထားခဲ့ကြပေ။ ဒုတိယ အချက်အနေဖြင့် မိမိတို့၏ သူဌေးက မျက်စိတစ်မှိတ်အတွင်း ထိုလူဆယ်ယောက်ကျော်ကို သေနတ်ဖြင့် ပစ်သတ်နိုင်သည့် လူသတ်သမား အဆင့် စွမ်းရည်ရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

သူတို့ အမြင်တွင် ဆယ်လှမ်းအတွင်း လူ ၁၄ ယောက်ကို သတ်နိုင်ခြင်းမျိုးကို သာမန်လူများ လုံးဝ မလုပ်နိုင်ပေ။ ဒဏ္ဍာရီထဲက လူသတ်သမားများနှင့် စူပါလျှို့ဝှက်အေးဂျင့်များသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

သူတို့ မြင်လိုက်ရသည်မှာ မိမိတို့ သူဌေး၏ လူရိပ်တစ်ချက် လှုပ်သွားပြီး ချက်ချင်းပင် လူ ၆ ယောက်ကို ပစ်သတ်လိုက်ခြင်း ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် လေညင်းတစ်ခုကဲ့သို့ တစ်ဖက်လူများ မမြင်နိုင်သော နေရာသို့ ပတ်သွားကာ အဆက်မပြတ် ပစ်ခတ်ပြီး ထိုလူအားလုံးကို အသေသတ်ပစ်လိုက်ခြင်း ဖြစ်ရာ တကယ်ကို အံ့မခန်းလှပေ။

"လူ လူသတ်နေတယ်ဟေ့"

မည်သူက အော်လိုက်မှန်း မသိဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အကြောက်လွန်ကာ ကြမ်းပြင်ပေါ်တွင် ဆီးထွက်လျက် လဲကျသွားပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ အပြည့် ဖြစ်နေလေသည်။

"သူ သူဌေး"

တယ်ကျီ သည် ယခုအချိန်တွင် ဆွန်ဖုန်းကို ကြောင်တောင်တောင် ကြည့်နေမိသည်။ သူ၏ ခြေထောက်နှစ်ဖက်လုံး တုန်ယင်နေပြီး လည်ချောင်းများ ခြောက်သွေ့နေကာ စကားအလွန်ပြောတတ်သော သူပင်လျှင် ယခုအချိန်တွင် စကားများ ထစ်အငေါ့ ဖြစ်နေရသည်။

ဆွန်ဖုန်းသည် ဆယ်ယူရေး သင်္ဘောပေါ်ရှိ ဝန်ထမ်း ခုနစ်ယောက်၊ ရှစ်ယောက်ကို ဂရုမစိုက်ဘဲ ထိုသေဆုံးသွားသူများ၏ ကိုယ်ပေါ်မှ သေနတ်များကို တည်ငြိမ်စွာ ရှာဖွေ သိမ်းဆည်းလိုက်ပြီးနောက် ဆယ်ယူရေး သင်္ဘောပေါ်သို့ ပြန်လည် ခုန်ကူးလာခဲ့သည်။

သူက တယ်ကျီ တို့ကို ကြည့်ကာ "မကြည့်သင့်တာ မကြည့်နဲ့ မပြောသင့်တာ မပြောနဲ့ ကဲ မင်းတို့အားလုံး ဒီလူတွေကို ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးလိုက်တော့" ဟု ပြောလိုက်လေသည်။

ဆွန်ဖုန်းသည် သေနတ်များကို ကိုင်ဆောင်ကာ တယ်ကျီ၏ အနားသို့ လျှောက်သွားပြီး နက်နဲသော အကြည့်ဖြင့် တယ်ကျီ တို့ကို တစ်ချက် ကြည့်လိုက်ကာ ထိုသေနတ်များကို သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းရန် ထွက်ခွာသွားလေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"

လူအချို့က မိမိတို့ သူဌေး၏ ကွဲပြားခြားနားသွားသော အရှိန်အဝါကို မြင်တွေ့ရသောအခါ ကြက်ကလေး စပါးကောက်သကဲ့သို့ ခေါင်းများကို အဆက်မပြတ် ညိတ်လိုက်ကြသည်။ အကယ်၍ သူတို့သာ ဤသတင်းကို အပြင်သို့ ပေါက်ကြားအောင် လုပ်မိပါက နောက်တစ်စက္ကန့်တွင် မိမိတို့ သူဌေး၏ နှုတ်ပိတ် သတ်ဖြတ်ခြင်းကို ခံရလိမ့်မည် ဖြစ်ကြောင်း သူတို့ စိတ်ထဲတွင် ကောင်းစွာ သိရှိထားကြသည်။

"သူ သူဌေး အကုန်လုံး အကုန်လုံးကို ပင်လယ်ထဲ ပစ်ချရမှာလား"

တယ်ကျီ သည် ယခုအချိန်အထိ သတိ ကောင်းကောင်း မဝင်သေးဘဲ ဘေးမှ ဖြတ်သွားသော ဆွန်ဖုန်းကို ကြောက်ရွံ့စွာဖြင့် မေးလိုက်လေသည်။

"အေး သူတို့ကိုယ်မှာ တစ်ခုခု အလေးဆွဲပြီးမှ ချ ရေပေါ်ပြန်ပေါ်မလာစေနဲ့" ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပါပြီ ကျွန်တော် သိပါပြီ"

တယ်ကျီ သည် ယနေ့မှသာ မိမိ သူဌေး၏ တကယ့် မျက်နှာစာအစစ်ကို ပထမဆုံးအကြိမ် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်ဟု ခံစားလိုက်ရသည်။

"ဪ ဒါနဲ့ ဟိုသင်္ဘောပေါ်က သွေးကွက်တွေကိုပါ တစ်ခါတည်း သန့်ရှင်းရေး လုပ်ထားလိုက်ဦး"

"ဟုတ်ကဲ့"

ဆွန်ဖုန်း အတွင်းသို့ ဝင်သွားပြီးနောက် လူအချို့မှာ တုန်တုန်ရင်ရင်ဖြင့် အလောင်းများကို ဖျောက်ဖျက်ရန် စတင် လုပ်ဆောင်ကြတော့သည်။

ယခုအချိန်တွင် နိုင်ငံတကာ ရေပိုင်နက်ထဲ၌ ရှိနေပြီး ပတ်ဝန်းကျင်တွင်လည်း လူသူ မရှိပေ။ အလောင်းများကို ကောင်းစွာ ဖျောက်ဖျက်နိုင်သရွေ့ ဆွန်ဖုန်း အနေဖြင့် ဤလူသတ်မှုကြောင့် ဘာပြဿနာမှ ဖြစ်လာမည် မဟုတ်ပေ။ ထို့အပြင် ဤလူများမှာလည်း လူကောင်းများ မဟုတ်ကြဘဲ ပင်လယ်ဓားပြများ ဖြစ်နိုင်ပေသည်။

ဤကိစ္စကို အလွန် လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်းလိုက်ကြပြီး အလောင်းများ အားလုံး ပျောက်ကွယ်သွားကာ ဤသင်္ဘောအလွတ်သာ ကျန်ရစ်ခဲ့သည်။ ဆွန်ဖုန်းသည် ဤသင်္ဘောအလွတ် အတွင်းမှ ရိုင်ဖယ်သေနတ်၊ စနိုက်ပါရိုင်ဖယ် အစရှိသည့် အပေါ့စား လက်နက် ဆယ်လက်ကျော်ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပြီး သိုလှောင်ရုံ အတွင်းသို့ တစ်ခုမကျန် သိမ်းဆည်းလိုက်လေသည်။

ဤကိစ္စ ဖြစ်ပွားပြီးနောက် တယ်ကျီ တို့ အားလုံးသည် ဆွန်ဖုန်း အပေါ်တွင် ကြောက်ရွံ့ရိုသေစိတ်များ ပေါ်ပေါက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် နောက်ပိုင်းရက်များတွင် ရှင်သန်ရသည်မှာ မလွယ်ကူနိုင်ကြောင်း ခံစားလိုက်ရသည်။ ရွှေသင်္ဘောစု ဆယ်ယူရေး လုပ်ငန်းကြောင့် တရားမဝင် အဖွဲ့အစည်းများ၏ ချောင်းမြောင်းခြင်းကို သေချာပေါက် ခံလိုက်ရပြီ ဖြစ်သည်။ ယနေ့ ဖြစ်ရပ်က ကောင်းမွန်သော သက်သေ တစ်ခုပင်။

မူလက သတင်းထောက်များ ဟု ထင်မှတ်ထားခဲ့သော်လည်း လူတိုင်း ကိုယ်ပေါ်တွင် သေနတ်များ ဝှက်ထားကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ မိမိတို့ သူဌေးက နတ်မင်းတစ်ပါး ဆင်းသက်လာသကဲ့သို့ ဦးအောင် မလှုပ်ရှားခဲ့ပါက တယ်ကျီ တို့ အားလုံး သေဆုံးသွားကြမည်မှာ သေချာလှသည်။

ချက်ချင်းပင် ဆယ်ယူရေး သင်္ဘောပေါ်ရှိ ဝန်ထမ်း အားလုံး၏ စိတ်နှလုံးများ လေးလံ သုန်မှုန်သွားကြလေသည်။

ညအချိန် အခန်းအတွင်း ဆွန်ဖုန်းသည် အသံလက်ထောက်နှင့် စကားပြောနေသည်။ မူလက ဆွန်ဖုန်းသည် ထိုရွှေများကို ချောင်းမြောင်းနေသော လူများက ဤမျှအထိ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ယနေ့ ဖြစ်ရပ်ကြောင့် တစ်ဖက်လူများက ငွေအတွက်ကြောင့် တကယ်ကို ရဲတင်းဝံ့ရဲကြကြောင်း သူ သိရှိသွားခဲ့သည်။ သို့သော် ကံကောင်း၍ ဆွန်ဖုန်း ကိုယ်တိုင်က အစွမ်းထက်၍သာ တော်တော့သည်။ မဟုတ်ပါက အကုန် ပွဲသိမ်းသွားပေလိမ့်မည်။

"အသံလက်ထောက် ကြည့်ရတာ ငါတို့ ဆယ်ယူရေးသင်္ဘော လုံခြုံရေးအတွက် လက်နက်ကိုင်အဖွဲ့တစ်ခုခု တကယ်ရှာမှရတော့မယ် ဒါမှ ဆက်လုပ်လို့ရမှာ မဟုတ်ရင် ဒီနေ့လို သေချင်နေတဲ့ကောင်တွေ နေ့တိုင်းလာနေရင် ငါတို့ ဆယ်ယူရေး ဘယ်လိုလုပ်မလဲ ငါက ဒါတွေကိုချည်း လိုက်ရှင်းနေရရင်တင် ပင်ပန်းလှပြီ ဝန်ထမ်းတွေလည်း နေ့တိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင်နေရရင် ပင်လယ်ထဲ ခုန်ချပြီး အိမ်ပြန်ကူးကြလိမ့်မယ် ဘယ်သူမှ ဆက်လုပ်ရဲမှာမဟုတ်ဘူး"

"ပြီးတော့ ဒီတစ်ခေါက်က လူဆယ်ယောက်ကျော်ပဲ လာသေးတာ နောက်တစ်ခေါက် ပင်လယ်ဓားပြ သင်္ဘောတစ်စင်းလုံး လာရင် ငါက တစ်ယောက်တည်း လူတစ်ရာကို ဘယ်လို လိုက်သတ်နိုင်မလဲ ဒါက ငါ့ရဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေနိုင်တယ် ဒီနေ့ လူနည်းလို့သာ တော်တော့တယ် ငါပြလိုက်တဲ့ စွမ်းရည်ကို သာမန်လူတွေ လက်ခံနိုင်သေးတယ်" ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်လေသည်။

"ပိုင်ရှင် ပြောတာမှန်ပါတယ် ဒီအတိုင်းဆို ဆယ်ယူရေးအတွက် မကောင်းဘူး ပြီးတော့ ပိုင်ရှင်ရဲ့ အစွမ်းတွေလည်း မလိုအပ်ဘဲ ပေါက်ကြားသွားနိုင်တယ်"

"ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ကို ဘယ်သွားရှာမလဲ အနီးဆုံးက စပိန်ပဲလေ သူတို့ကို သွားရှာမလို့လား ကိုယ့်နိုင်ငံကို ပြန်ရှာမလားဆိုတော့လည်း အရမ်းဝေးတယ် ပိုက်ဆံအများကြီးပေးမှ စစ်သင်္ဘောတွေလွှတ်ပေးမှာ သဘောတူရင်တောင် ဒီရောက်လာတဲ့အချိန်ဆို အကုန်နောက်ကျနေလောက်ပြီ ဒါကြောင့် ငါတို့ဘာသာ လက်နက်ကိုင်အဖွဲ့တစ်ခု ဖန်တီးလိုက်တာ အကောင်းဆုံးပဲ" အသံလက်ထောက်က ခွဲခြမ်းစိတ်ဖြာ ပြလေသည်။

"အင်း မင်းပြောတာမှန်တယ် ဒါနဲ့ ငါတို့ဘာသာ ဖန်တီးမယ်ဆိုတာ ဘယ်လိုဖန်တီးမှာလဲ" ဆွန်ဖုန်းက နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုတ်ကာ မေးလိုက်သည်။

သူ၏ ကိုယ်ပေါ်တွင် တိုက်ခိုက်နိုင်စွမ်း ရှိသော ရေငုပ်ဝတ်စုံ တစ်ခုသာ ရှိသည်။ ကျန်ရှိနေသော အက်စ်စီးရီး တူးဖော်ရေး စက်ပစ္စည်းများကလည်း သေမင်းအလင်းတန်းများ ပစ်ခတ်နိုင်သဖြင့် လူအမြောက်အမြားကို သတ်ဖြတ်နိုင်သော တိုက်ခိုက်နိုင်စွမ်း အနည်းငယ် ရှိသည်။

သို့သော် တူးဖော်ရေး စက်ပစ္စည်းများနှင့် ရေငုပ်ဝတ်စုံများကို ထုတ်သုံးရန်မှာ မဖြစ်နိုင်ပေ။ အခြားသူများ မြင်ပါက ဂြိုဟ်သားများ ကမ္ဘာမြေကို ကျူးကျော်လာသည် သို့မဟုတ် ထရန်စဖော်မာ စက်ရုပ်များ ကမ္ဘာမြေကို ကျူးကျော်လာသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။

"ငါတို့ရဲ့ ရေနက်ပိုင်းစက်ရုံထဲမှာ AI စက်ရုပ်တွေ ထောင်ချီရှိနေတာပဲလေ အဲဒီကောင်တွေကို အပြင်ထုတ်သုံးလိုက်ရင် အိုကေသွားပြီပေါ့" အသံလက်ထောက်က ပြောလိုက်သည်။

"အာ ဒါကို ငါဘာလို့ မစဉ်းစားမိပါလိမ့် နေဦးလေ ဒီစက်ရုပ်တွေက သံတုံးသံခဲကြီးတွေလိုပဲကို တခြားလူတွေမြင်ရင် ဂြိုဟ်သားစက်ရုပ်တွေ ကမ္ဘာကို ကျူးကျော်လာတယ် ထင်ကုန်မှာပေါ့ မင်းက ဘာအကြံတွေ ပေးနေတာလဲ" ဆွန်ဖုန်းက အသံလက်ထောက်ကို အထင်သေးစွာဖြင့် ပြောလိုက်လေသည်။

"ပိုင်ရှင်ရ ဒီစက်ရုပ်တွေအပေါ်မှာ လူလုပ်အရေပြား တစ်လွှာလောက် ဖုံးလိုက်ရင် ရပြီလေ ကမ္ဘာက ရုပ်ရှင် Terminator ထဲကလိုပေါ့ အပြင်ပန်းကကြည့်ရင် လူနဲ့ လုံးဝတူသွားမယ် အတွင်းပိုင်းကသာ စက်ရုပ်ဖြစ်နေမှာ ဒီလိုဆို ဘယ်သူမှ ရိပ်မိမှာမဟုတ်ဘူး ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း လန်းတယ်လေ တိုက်ခိုက်တာထက် သေနတ်ပစ်ရင်တောင် ရာခိုင်နှုန်းပြည့် တည့်တည့်ထိမှာ သေချာတယ်" အသံလက်ထောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"လခွီး မိုက်တယ်ကွ" ဆွန်ဖုန်းက ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။

ဆွန်ဖုန်း၏ သိုလှောင်ရုံ အတွင်းရှိ ကူညီ လုပ်ဆောင်ပေးသော စက်ရုပ်များ၏ ပုံစံမှာ လူသားများနှင့် အတော်လေး တူညီကြပြီး ခန္ဓာကိုယ် အနည်းငယ် ထွားကြိုင်းရုံသာ ဖြစ်သည်။ အကယ်၍ Terminator တတိယအပိုင်းကို ကြည့်ဖူးသူများ အနေဖြင့် စင်စစ် တွေးကြည့်နိုင်ပေလိမ့်မည်။ အတွင်းရှိ စက်ရုပ်များမှာ အပြင်ပန်းတွင် လူသား အရေပြား တစ်လွှာ ဖုံးအုပ်ထားခြင်း ဖြစ်သည်။ ထိုအရေပြားကို ခွာလိုက်ပါက လူသားပုံစံ စက်ရုပ် ဖြစ်သွားပေမည်။

ဆွန်ဖုန်း အနေဖြင့် ထိုစက်ရုပ်များပေါ်တွင် လူလုပ် အရေပြား ဖုံးအုပ်လိုက်ပါက အခြားသူများ လုံးဝ ရိပ်မိနိုင်မည် မဟုတ်ပေ။ အသိဉာဏ်တု စက်ရုပ်များက သင်ယူနိုင်စွမ်းလည်း ရှိကြရာ အင်္ဂလိပ်စာ ပြောဆိုခြင်းကို တစ်စက္ကန့်အတွင်း အင်္ဂလိပ်စာ အချက်အလက်များ ထည့်သွင်းလိုက်ရုံဖြင့် အဆင်ပြေသွားမည် ဖြစ်သည်။

"အသံလက်ထောက် ဒါနဲ့ တစ်ကိုယ်လုံးကို လူလုပ်အရေပြား ဘယ်လိုလုပ်ဖုံးမလဲ"

"ဒါက ကျွန်တော့်တာဝန်သာထား သိုလှောင်ရုံထဲက ရေနံကနေ လူလုပ်အရေပြားတွေကို တိုက်ရိုက်ထုတ်ပြီး ဒီစက်ရုပ်တွေပေါ် ဖုံးပေးလိုက်မယ် ချက်ချင်းကို တကယ့်လူသားအစစ်တွေလို ဖြစ်သွားစေရမယ်" အသံလက်ထောက်က ဆွန်ဖုန်းကို စိတ်အေးစေမည့် စကား ပြောကြားလိုက်လေသည်။

"အေး ဒါဆိုလည်း ပြီးတာပဲ လူ ငါးဆယ်လောက်ဆို လုံလောက်ပြီ အရမ်းများရင်လည်း မကောင်းဘူး ငါးဆယ်လောက်ပဲ လုပ်လိုက်" ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်သည်။

"ဟုတ်ကဲ့"

မကြာမီ အသံလက်ထောက်သည် ရေနံမှ တစ်ဆင့် လူလုပ် သွေးသား အရေပြား အစုံ ငါးဆယ်ကို ထုတ်လုပ်လိုက်ပြီး ထိုသွေးသား အရေပြားများက စက်ရုပ်များ၏ ကိုယ်ပေါ်သို့ အလိုအလျောက် ကပ်ပါသွားကြကာ ဆံပင် မျက်လုံး ပါးစပ်နှင့် နှာခေါင်း အားလုံး ပါရှိကြလေသည်။

Terminator ရုပ်ရှင် ထဲကအတိုင်း ထိုစက်ရုပ်များ၏ လူလုပ် အရေပြားကို ဓားဖြင့် လှီးဖြတ်လိုက်ပါက သွေးများပင် ထွက်လာမည် ဖြစ်ရာ အလွန် သဘာဝကျလှပေသည်။

မကြာမီ ဆွန်ဖုန်းသည် သိုလှောင်ရုံ အတွင်းရှိ အသိဉာဏ်တု စက်ရုပ် အယောက် ငါးဆယ်မှာ လူသား ပုံစံမျိုး ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် သူတို့က လက်ရှိတွင် အဝတ်အစား မပါဘဲ ဗလာကျင်း ဖြစ်နေသဖြင့် မကောင်းပေ။ ထို့ကြောင့် အသံလက်ထောက်က ရေနံမှ တစ်ဆင့် အဝတ်အစားများကို ထပ်မံ ထုတ်လုပ်ကာ ထိုစက်ရုပ်များကို ဝတ်ဆင်ပေးလိုက်လေသည်။ (လူသားများသည် လွန်ခဲ့သော နှစ်များစွာကပင် ရေနံမှ တစ်ဆင့် ပိုလီစတာ အဝတ်အစားများ ထုတ်လုပ်နိုင်ခဲ့ကြသည် မဟုတ်ပါလား)

ထိုအရာများ အားလုံး ပြီးစီးသွားသောအခါ ဆွန်ဖုန်းသည် ယနေ့ သိမ်းဆည်းရမိသော သေနတ်များကို ထိုစက်ရုပ်များအား ကိုင်ဆောင်ခိုင်းလိုက်သည်။ လူ ဆယ်ယောက်ကျော်ခန့်ကို လက်နက် တပ်ဆင်ပေးရန် လုံလောက်ပေသည်။

"ပိုင်ရှင် ကျွန်တော် ရေနံကနေ ရော်ဘာလှေတချို့ ထုတ်ထားတယ် ပိုင်ရှင် အခုညအချိန်ကို အခွင့်ကောင်းယူပြီး တစ်မိုင် နှစ်မိုင်လောက်ဝေးတဲ့နေရာကိုသွား ဒီလူတွေကို လှေပေါ်တင်ပေးခဲ့ ပြီးရင် ဆယ်ယူရေးသင်္ဘောဆီ လှော်လာပြီး ပိုင်ရှင်ကို လာရှာတဲ့ပုံစံ ဟန်ဆောင်ခိုင်းလိုက် ဝန်ထမ်းတွေကိုကျတော့ ဒါ ကိုယ်ငှားထားတဲ့ ကြေးစားစစ်သားတွေ ဒါမှမဟုတ် သက်တော်စောင့်တွေလို့ ပြောလိုက်ပေါ့" အသံလက်ထောက်က ဆွန်ဖုန်း အတွက် အစီအစဉ်များ အားလုံး ဆွဲပေးထားပြီး ဖြစ်သည်။

"အင်း အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့" ဆွန်ဖုန်းက ပြောလိုက်လေသည်။

All Chapters