အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း ၂၀၃ စပိန် စစ်သင်္ဘော ရောက်ရှိလာခြင်း
နာရီဝက်ခန့် အကြာတွင် အားလုံး အစီအစဉ်ချပြီးနောက် ဆွန်ဖုန်းသည် သင်္ဘောပေါ်သို့ တိတ်တဆိတ် ပြန်ရောက်လာလေသည်။
ဆယ်မိနစ်ကျော် အကြာတွင် လူလုပ် အရေပြား ဖုံးအုပ်ထားသော အသိဉာဏ်တု စက်ရုပ် ငါးဆယ်သည် ရော်ဘာလှေများဖြင့် ဆယ်ယူရေး သင်္ဘော အနီးသို့ ရောက်ရှိလာကြလေသည်။
ညစောင့်နေသော တယ်ကျီ နှင့် အခြားသူများမှာ ပြင်ပ လူများ ဝင်ရောက်လာသည်ကို မြင်သောအခါ အကြီးအကျယ် လန့်ဖျပ်သွားကြလေသည်။ ဤလူစုမှာ လူလေးငါးဆယ်ခန့် ရှိမည်ဟု အဝေးမှ မှန်းဆကြည့်နိုင်သည်။ အားလုံးမှာ ကိုယ်လုံးကိုယ်ပေါက် ကြီးမား ထွားကြိုင်းကြပြီး အလွန် အေးစက်ကာ ခန့်ညားသော အသွင်အပြင် ရှိကြလေသည်။
"ရန်သူ လာပြီ... ရန်သူ လာပြီ"
တယ်ကျီ သည် တစ်ဖက်လူများ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်လာသည်ကို မြင်သောအခါ ဆွန်ဖုန်း ထံသို့ သတင်းပို့ရန် ချက်ချင်း ပြေးသွားလေသည်။
တကယ်တော့ သူက အခင်းဖြစ်ပွားရာ နေရာနှင့် ဝေးရာသို့ ရှောင်ချင်၍လည်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက ရောက်လာလာချင်း သေနတ်များဖြင့် ပစ်ခတ်မည် ဆိုပါက သူလည်း အဘိုးကို သွားတွေ့ရပေလိမ့်မည်။
တယ်ကျီ သည် ယခုအချိန်တွင် လန့်နေသော သမင်ငယ်လေး တစ်ကောင် ကဲ့သို့၊ မော်တာ တပ်ထားသော မြင်းငယ်လေး ကဲ့သို့ အပြေးအလွှား သွားနေလေသည်။ ယနေ့ နေ့လယ်က ဖြစ်ပွားခဲ့သော သေနတ်ပစ်ပွဲကြောင့် သူ အကြီးအကျယ် လန့်ဖျပ်နေပြီး ထိုမြင်ကွင်းမှာ မျက်စိထဲတွင် ရှိနေသေးသည်။ ယခု လူတစ်အုပ် ထပ်ရောက်လာပြန်ရာ သူ မည်သို့ မကြောက်ဘဲ နေမည်နည်း။ အလွန် ကြောက်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် ဆွန်ဖုန်း၏ နောက်တွင် ပုန်းနေမှသာ လုံခြုံသည်ဟု သူ ခံစားရသည်။ သူ၏ သူဌေးမှာ စူပါ လူသတ်သမား တစ်ဦး ဖြစ်သည် မဟုတ်ပါလား။
"သူဌေး... သူဌေး... ရန်သူ လာပြီ... ရန်သူ လာပြီ... အပြင်မှာ လူတစ်အုပ်ကြီး ရောက်နေတယ်"
တယ်ကျီ သည် ဆွန်ဖုန်း၏ တံခါးကို 'ဒုန်း ဒုန်း ဒုန်း' ဟု ထုကာ အော်ဟစ်လိုက်လေသည်။
ယခုအချိန်တွင် ဝန်ထမ်း ခုနစ်ဆယ်၊ ရှစ်ဆယ်လုံး နိုးလာကြပြီး ရန်သူ လာပြီ ဆိုသည်ကို ကြားသောအခါ ချက်ချင်း ထိတ်လန့်သွားကြလေသည်။
ဆွန်ဖုန်း တံခါးဖွင့်လိုက်သောအခါ ကြောက်လန့်နေသော တယ်ကျီ၏ ပုံစံကို မြင်တွေ့လိုက်ရလေသည်။
"ဘာလို့ လန့်နေတာလဲ... ဒီလူတွေက ငါ့ရဲ့ သက်တော်စောင့်တွေ... ခုနကပဲ ငါ့ဆီကို သတင်းပို့ထားတယ်... ဘာကြောက်စရာ ရှိလို့လဲ... ကိုယ့်လူတွေပဲ"
ဆွန်ဖုန်းသည် အခန်းထဲမှ ထွက်လာပြီး တယ်ကျီကို မျက်စောင်းထိုးကာ ကုန်းပတ်ပေါ်သို့ ထွက်သွားလေသည်။
"ဘာ... ကိုယ့်လူတွေ"
တယ်ကျီ နေရာတွင် မှင်တက်သွားပြီး သတိပြန်ဝင်လာချိန်တွင် ဆွန်ဖုန်းမှာ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။
"ဟေ့... သူဌေး... ကျွန်တော့်ကို စောင့်ပါဦး... သက်တော်စောင့် ဆယ်ချီတောင်... ငါ့ ဘုရား... အရမ်း လန်းတာပဲ"
မကြာမီ ဝန်ထမ်း အားလုံး ထွက်လာကြပြီး ကုန်းပတ်ပေါ်တွင် ထွားကြိုင်းသော လူငါးဆယ်ခန့် ရှိနေသည်ကို တွေ့လိုက်ရလေသည်။
အားလုံးက အနက်ရောင် ဝတ်စုံများ၊ နေကာမျက်မှန်များ ဝတ်ဆင်ထားကြပြီး အေးစက်သော အမူအရာများ ရှိကြသဖြင့် သူတို့မှာ အသံပင် မထွက်ရဲကြဘဲ ဤသက်တော်စောင့် ငါးဆယ်ကို လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေသည်။
"မင်းတို့ မကြောက်ကြပါနဲ့... ဒီလူတွေက ငါ့ရဲ့ သက်တော်စောင့်တွေပါ... သူတို့က ဒီနေရာရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ လာကြတာ... မင်းတို့ အေးအေးဆေးဆေး အလုပ်လုပ်လို့ ရအောင်လို့ပါ... မကြောက်ကြနဲ့... အကြမ်းဖက်သမားတွေ လာရင်တောင် ငါ့ သက်တော်စောင့်တွေက သူတို့ကို ပြန်လမ်း မရှိအောင် လုပ်ပေးလိမ့်မယ်"
ဆွန်ဖုန်းက ရှေ့တွင် မတ်မတ် ရပ်နေသော လူတု ငါးဆယ်ကို ညွှန်ပြကာ ပြောလိုက်လေသည်။
"ဝါး... ဒီသက်တော်စောင့်တွေကို ကြည့်ရတာ အရမ်း အစွမ်းထက်မယ့် ပုံပဲ"
"စကားပိုတွေ ပြောနေတာလား... သူတို့ လက်ထဲမှာ လက်နက်တွေ ကိုင်ထားတာ မမြင်ဘူးလား"
"လခွီး... သူဌေးက အရမ်း လန်းတာပဲ... ဒါက ကြေးစားစစ်သားတွေတောင် ဒီလောက် မမိုက်ဘူး"
ဝန်ထမ်းများက ဤသက်တော်စောင့် ငါးဆယ်ကို ကြည့်ကာ တိုးတိုးလေး ပြောဆိုနေကြလေသည်။
စောစောက အသံလက်ထောက်သည် ဤစက်ရုပ်များ အတွက် လက်နက် အချို့ကို ထုတ်လုပ်ပေးခဲ့သည်။ လက်နက်များတွင် သေနတ်၊ ရိုင်ဖယ် နှင့် စနိုက်ပါရိုင်ဖယ် များ ပါဝင်သည်။
သို့သော် ဤလက်နက်များက ယမ်းမှုန့် ကျည်ဆံများကို အသုံးပြုခြင်း မဟုတ်ဘဲ အသံလက်ထောက်က လျှပ်စစ်စွမ်းအင် ပစ်ခတ်ရေး စနစ်ကို တပ်ဆင်ပေးထားခြင်း ဖြစ်သည်။ လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍ ကျည်ဆံကို ပစ်ခတ်နိုင်ခြင်း ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ ယမ်းမှုန့်ဖြင့် ကျည်ဆံကို ပစ်ခတ်သော သေနတ်များ မဟုတ်ပေ။
သို့သော် အာနိသင်မှာ အတူတူပင် ဖြစ်ပြီး ဤသေနတ်များ၏ ပုံစံမှာလည်း လူသားများ တီထွင်ထားသော သေနတ်များနှင့် အတူတူပင် ဖြစ်သည်။
အသံလက်ထောက် အတွက် ဤကဲ့သို့သော အဆင့်နိမ့် လက်နက်များ ထုတ်လုပ်ရန်မှာ အလွန် လွယ်ကူသော ကိစ္စ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။
"ကဲ... မင်းတို့ ပြန်အိပ်လို့ ရပါပြီ... ဒီည ငါ့ သက်တော်စောင့်တွေ စောင့်ပေးလိမ့်မယ်... မင်းတို့ လုပ်စရာ ရှိတာ လုပ်ကြ... သူတို့ကို လေလိုပဲ သဘောထားလိုက်"
ဆွန်ဖုန်းက ဝန်ထမ်းများကို လက်ကာပြကာ ပြောလိုက်လေသည်။
"......" (ဝန်ထမ်းများ)
မူလက ဝန်ထမ်းများထဲမှ အချို့မှာ ဤမျှလောက် များပြားသော ရွှေများကို မြင်တွေ့ရသောအခါ မကောင်းသော အကြံအစည်များ ရှိခဲ့ကြပြီး စွန့်စားလိုစိတ်များ ရှိခဲ့ကြသည်။ သို့သော် ယခု လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော သက်တော်စောင့် ငါးဆယ်ကို မြင်တွေ့လိုက်ရသောအခါ ထိုအကြံအစည်များကို ဖျောက်ဖျက်လိုက်ရတော့သည်။ တကယ်လို့ လက်တွေ့ လုပ်ဆောင်မည် ဆိုပါက သေလမ်း ရှာသလို ဖြစ်သွားမည် မဟုတ်ပါလား။
ဤညမှာ အလွန် ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့လေသည်။
ဒုတိယနေ့တွင် ဆယ်ယူရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး ယခု တတိယမြောက် ရွှေသင်္ဘောစု သင်္ဘောပျက်ကို စတင် ဆယ်ယူနေပြီ ဖြစ်သည်။
လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော သက်တော်စောင့် ငါးဆယ်က လုံခြုံရေး ယူပေးထားသဖြင့် ဝန်ထမ်းများ အနေဖြင့် စိတ်အေးချမ်းစွာ အလုပ်လုပ်နိုင်ကြလေသည်။
ဆယ်ယူရေး သင်္ဘောပေါ်တွင် သက်တော်စောင့် အယောက် နှစ်ဆယ်၊ အထောက်အကူပြု သင်္ဘောပေါ်တွင် အယောက် တစ်ဆယ့်ငါးယောက် နှင့် မနေ့က သိမ်းဆည်းရမိသော သင်္ဘောပေါ်တွင်လည်း အယောက် တစ်ဆယ့်ငါးယောက် လုံခြုံရေး ယူပေးထားကြလေသည်။
ယခုအချိန်တွင် ဆွန်ဖုန်းသည် အထောက်အကူပြု သင်္ဘောပေါ်တွင် ထိုင်ကာ ရွှေတချို့ကို အရင် သယ်ထုတ်သွားရန် စဉ်းစားနေလေသည်။
သေချာပေါက် ဆွန်ဖုန်း အနေဖြင့် ဤရွှေများကို သိုလှောင်ရုံ အတွင်းသို့ တိုက်ရိုက် သိမ်းဆည်း၍ ရသော်လည်း ထိုသို့ လုပ်မည် ဆိုပါက ဝန်ထမ်းများက သံသယ ဝင်လာကြပေလိမ့်မည်။ ရွှေများကို သယ်သွားမည့် သင်္ဘောကို မမြင်ရဘဲ ရွှေများ ပျောက်သွားသည်ကို သူတို့ မြင်ရမည် မဟုတ်ပါလား။ ထိုသို့ လုပ်၍ မရသဖြင့် ဖြစ်နိုင်မည့် နည်းလမ်း တစ်ခုကို စဉ်းစားရမည် ဖြစ်သည်။
"အင်း... အခု သင်္ဘော တစ်စင်း ရထားပြီ ဆိုတော့... ဒီသင်္ဘောကို သုံးပြီး ရွှေတွေကို သယ်သွားဟန်ဆောင်မယ်... ပြီးရင် ဝန်ထမ်းတွေနဲ့ ပတ်ဝန်းကျင်က လူတွေ မမြင်ရတဲ့ နေရာကို မောင်းသွားပြီးမှ ရွှေတွေကို သိုလှောင်ရုံ ထဲ သိမ်းလိုက်ရင် မရဘူးလား"
ဆွန်ဖုန်းသည် ဤလှည့်စားမှု နည်းလမ်းကောင်းကို ချက်ချင်း စဉ်းစားမိသွားပြီး မိမိကိုယ်ကို ပါရမီရှင် တစ်ဦးဟု စိတ်ထဲတွင် ချီးကျူးလိုက်လေသည်။
ဆွန်ဖုန်း ဤအစီအစဉ်ကို အကောင်အထည် ဖော်ရန် ပြင်နေစဉ် အသံလက်ထောက် ထံမှ သတိပေးချက် ရရှိလိုက်လေသည်။
"ပိုင်ရှင်ကို သတင်းပို့ပါတယ်... မြောက်ဘက်တည့်တည့် ရေမိုင် ၅၀ အကွာမှာ စစ်သင်္ဘော တစ်စင်း ဒီဘက်ကို ဦးတည် မောင်းနှင်လာနေပါတယ်... ကြည့်ရတာ စပိန် စစ်သင်္ဘော ဖြစ်ဖို့ များပါတယ်"
"စပိန် စစ်သင်္ဘောလား"
ဆွန်ဖုန်း ထိုစကားကို ကြားသောအခါ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာလေသည်။ နောက်ဆုံးတော့ စပိန် က သည်းမခံနိုင်တော့ဘဲ စစ်သင်္ဘော လွှတ်လာပြီ ဖြစ်သည်။ စိတ်ဝင်စားစရာပဲ... သူတို့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့။
အကယ်၍ တစ်ဖက်လူက နိုင်ငံတကာ ရေပိုင်နက်တွင် အကြမ်းဖက်မည် ဆိုပါက သူက ဤဖြစ်ရပ်ကို ဗီဒီယို ရိုက်ကာ အင်တာနက်ပေါ် တင်ပြီး စပိန် ကို နာမည်ဖျက်ပစ်မည် ဖြစ်သည်။ စပိန် အနေဖြင့် ဤသို့ လုပ်မည် မဟုတ်ဟု သူ ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ စပိန် နိုင်ငံက အရှက်ကို ထိန်းသိမ်းမည် ဖြစ်သည်။
စစ်သင်္ဘော၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်သဖြင့် မကြာမီ ဤစစ်သင်္ဘောငယ်မှာ လူတိုင်း၏ အမြင်အာရုံ အတွင်းသို့ ဝင်ရောက်လာလေသည်။
"သူဌေး... မကောင်းတော့ဘူး... စစ်သင်္ဘော လာနေပြီ"
တယ်ကျီ သည် မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသော စစ်သင်္ဘောကို မြင်သောအခါ လန့်ဖျပ်သွားပြီး ဆွန်ဖုန်းကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
"သိပါတယ်... စစ်သင်္ဘောပဲလေ... ဘာလို့ အော်နေတာလဲ... မမြင်ဖူးလို့လား"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။ သူက အမေရိကန် ဖျက်သင်္ဘော တစ်စင်းကိုတောင် ခွဲပစ်ဖူးသည် မဟုတ်ပါလား။ ဤစစ်သင်္ဘောငယ်လေးက ဘာမှ မဟုတ်ပေ။ သူ့ကို စိတ်တိုအောင် လုပ်ပါက ဤစစ်သင်္ဘောကို ဗီဂို ပင်လယ်အော်တွင် 'မတော်တဆ' နစ်မြုပ်သွားအောင် လုပ်ပြီး စစ်စခန်းကို ပြန်မရောက်အောင် လုပ်ပစ်မည် ဖြစ်သည်။
"အဲ... သူဌေး... ဒီစစ်သင်္ဘောက ဒီကို လာပြီး ဘာလုပ်မလို့လဲ... စပိန် နိုင်ငံကများလား"
အေးဆေး တည်ငြိမ်နေသော သူဌေးကို မြင်သောအခါ တယ်ကျီ က တရုတ် စကားပုံ တစ်ခု ဖြစ်သည့် 'ဧကရာဇ်က မလောဘဲ မိန်းမစိုးက လောနေသည်' ဆိုသည့် စကားကို သတိရသွားလေသည်။
"ဖြစ်နိုင်တယ်... ဘာလာလုပ်မလဲ ဆိုတာကတော့ ငါတို့ သူတို့ရဲ့ ရွှေသင်္ဘောစုကို ဆယ်ယူနေတာ လာကြည့်တာ ဖြစ်မှာပေါ့"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"ဒီလို ဆိုရင်တော့... ရန်သူ လာတာပဲ"
ပေကျိ က အလုပ်ကို ရပ်ကာ ဆွန်ဖုန်း အနီးသို့ လျှောက်လာပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
"ရန်သူ လာရင် တိုက်ခိုက်မယ်၊ ရေလာရင် မြေနဲ့ တားမယ်... သူတို့က လုရဲမှာ မို့လို့လား"
ဆွန်ဖုန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
"ဝူး... ဝူး... ဝူး..."
ဤစစ်သင်္ဘော ချဉ်းကပ်လာသောအခါ ဥဩသံများကို ကျယ်လောင်စွာ မြည်ဟည်းလိုက်လေသည်။ သူတို့ ရောက်လာသည်ကို အခြားသူများ မသိမည်ကို စိုးရိမ်နေသကဲ့သို့ မောက်မာသော ဟန်ပန် ရှိလေသည်။