အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း ၂၀၅ ခြိမ်းခြောက်ခြင်း
သူတို့၏ ယုတ္တိဗေဒ အရ ဆိုလျှင် ဆွန်ဖုန်းက လုံးဝ သဘောမတူနိုင်ပေ။ သမိုင်းမှတ်တမ်းများ အရ ရွှေသင်္ဘောစုပေါ်ရှိ ရွှေများကို ပီရူး နှင့် မက္ကဆီကို တို့ထံမှ လုယူလာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ယုတ္တိဗေဒ အတိုင်း ပြောရမည် ဆိုလျှင် ဤရွှေများကို မက္ကဆီကို နှင့် ပီရူး သို့ ပြန်ပေးရမည် မဟုတ်ပါလား။
ဆွန်ဖုန်း ရယ်မောလိုက်သည်။ လွန်ခဲ့သော နှစ်ရာချီက ရွှေများကို သူတို့ ပိုင်ဆိုင်ခဲ့သည်ဟု ပြောရဲသေးသည်။ ထိုသို့ဆိုလျှင် တောင်ကိုရီးယားက အရင်က တရုတ်ပိုင်နက် ဖြစ်ခဲ့သည်ဟု ပြောလို့ရပေသည်။ အကယ်၍ သူတို့က တောင်ကိုရီးယားကို တရုတ်ပိုင်နက် အဖြစ် သဘောတူအောင် ပြောနိုင်မည် ဆိုပါက ဆွန်ဖုန်းက ဤရွှေများကို လက်နှစ်ဖက်ဖြင့် ပင့်မကာ ပေးအပ်မည် ဖြစ်သည်။
"မစ္စတာဆွန်ဖုန်း ဘာရယ်တာလဲ"
ထရစ်ကိုက်စ် က ရုတ်တရက် ရယ်မောလိုက်သော ဆွန်ဖုန်းကို နားမလည်နိုင်စွာ မေးလိုက်သည်။ သူက တရုတ်စကား နားမလည်သော်လည်း ကောင်းသော စကား မဟုတ်မှန်း စိတ်ထဲတွင် ခံစားမိသည်။
"ကျွန်တော် ရယ်တာက... တကယ်တော့ ကျွန်တော် သမိုင်းကို တော်တော် နားလည်လို့ပါ"
ဆွန်ဖုန်းက မနည်း အောင့်အီးကာ ပြောလိုက်သည်။
"ဪ... မစ္စတာဆွန်ဖုန်း နားလည်တယ် ဆိုရင်လည်း ပြီးတာပါပဲ... ဒီလိုဆိုရင် ကျွန်တော်တို့ စပိန် အစိုးရက ရွှေသင်္ဘောစုကို ကျွန်တော်တို့ အစိုးရဆီ ပြန်ပေးဖို့ တရားဝင် တောင်းဆိုပါတယ်... ဒါပေမယ့် မစ္စတာဆွန်ဖုန်းက ရှာဖွေတွေ့ရှိသူ ဖြစ်တဲ့ အတွက် ကျွန်တော်တို့က မစ္စတာဆွန်ဖုန်းကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးမှာပါ"
ထရစ်ကိုက်စ်က ပြောလိုက်သည်။
"နေဦး... စောစောက ကျွန်တော်တို့ သမိုင်း အကြောင်း ပြောနေတာ... အခု ဘာလို့ ရွှေသင်္ဘောစုကို ခင်ဗျားတို့ကို ပြန်ပေးရမယ် ဆိုတဲ့ ကိစ္စ ရောက်သွားတာလဲ... ရွှေသင်္ဘောစုက ခင်ဗျားတို့ စပိန်ပိုင်တာ မဟုတ်ပါဘူးနော်... ဒီရွှေသင်္ဘောစု ထဲက ရွှေတွေ ရတနာတွေ အားလုံးက ပီရူး နဲ့ မက္ကဆီကို ကလို့ ကျွန်တော် မှတ်မိတယ်... တကယ်လို့ ပြန်ပေးရမယ် ဆိုရင်တောင် သူတို့ကိုပဲ ပြန်ပေးရမှာ... နောက်ပြီး ကျွန်တော်က ပြန်ပေးမယ်လို့ ဘယ်တုန်းက ပြောလို့လဲ... နိုင်ငံတကာ ဆယ်ယူရေး ဥပဒေ အရ နိုင်ငံတကာ ရေပိုင်နက်မှာ တွေ့တဲ့ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိသူက ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရှိတယ်... ဪ... ဒါပေမယ့် ကျွန်တော် ၁၀ ရာခိုင်နှုန်းကိုတော့ ပီရူး နဲ့ မက္ကဆီကို ကို ပြန်ပေးဖို့ စဉ်းစားဦးမယ်"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ ဤစကားထဲတွင် စပိန်ကို လုံးဝ ဘေးဖယ်ထားပြီး ရွှေသင်္ဘောစုနှင့် သူတို့ ဆက်စပ်မှုကို လုံးဝ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။
ထိုနှစ်ယောက်လုံး ဤစကားကို ကြားသောအခါ မျက်နှာများ ပြာနှမ်းသွားကြသည်။ ဒါ ဘာစကားလဲ။ ရွှေသင်္ဘောစုက သူတို့နှင့် ဘာမှ မဆိုင်ဘူးဟု ပြောရုံသာမက လွန်ခဲ့သော နှစ်ရာချီက သူတို့ ပီရူး နှင့် မက္ကဆီကို မှ လုယူခဲ့သည်ကိုပါ သွယ်ဝိုက်ပြီး သရော်လိုက်သေးသည်။
"ဆွန်ဖုန်း... မင်း ဒါ ဘာသဘောလဲ"
ထရစ်ကိုက်စ် သည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး မျက်လုံးများမှ မီးတောက်များ ထွက်လာမတတ် ဆွန်ဖုန်းကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော့် သဘောက... လက်ရှိမှာ ရွှေသင်္ဘောစု က ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ ရဲ့ ကိုယ်ပိုင် စည်းစိမ်ပဲ"
ဆွန်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မစ္စတာဆွန်ဖုန်း... ဒီရွှေသင်္ဘောစုက ခင်ဗျားတို့ ကုမ္ပဏီပိုင်တာ မဟုတ်ဘူး... ကျွန်တော်တို့ စပိန်ပိုင်တာ... လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက ပိုင်ခဲ့သလို အခုလည်း ပိုင်တယ်... ဒါက ကျွန်တော်တို့ပိုင်တယ် ဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထားတွေ ရှိတယ်"
ဗစ်တာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟုတ်တယ်... အခု မင်းတို့က ကံကောင်းလို့ ရွှေသင်္ဘောစုကို တွေ့သွားတာပဲ ရှိတယ်... ငါ မင်းကို နောက်တစ်ခါ အခွင့်အရေး ပေးမယ်... ရွှေသင်္ဘောစုက မင်းပိုင်တာလား ဒါမှမဟုတ် ကျွန်တော်တို့ စပိန်ပိုင်တာလား"
ထရစ်ကိုက်စ် က မတ်တတ်ရပ်လိုက်ပြီး ထိုင်နေသော ဆွန်ဖုန်းကို မျက်စောင်းထိုးကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ဆွန်ဖုန်း အဖြေမှားပါက ချက်ချင်း သတ်ပစ်မည့် ပုံစံမျိုး ဖြစ်နေသည်။
"သေချာပေါက် ရှာဖွေတွေ့ရှိသူ ပိုင်တာပေါ့... မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား... ငါ ပြောလိုက်မယ်... ငါ မကြောက်ဘူး... သတ္တိရှိရင် တရားရုံးမှာ တွေ့မယ်... နိုင်ငံတကာ ဆယ်ယူရေး ဥပဒေ အကာအကွယ် ရှိတယ်... တရားရုံးက ဘယ်သူ့ကို အနိုင်ပေးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
ဆွန်ဖုန်းကလည်း မရွံ့မကြောက် မတ်တတ်ရပ်လိုက်ပြီး ဒေါသထွက်နေသော ထရစ်ကိုက်စ် ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီလိုဆိုရင်တော့ ဆွေးနွေးစရာ မလိုတော့ဘူးပေါ့"
ထရစ်ကိုက်စ် က မျက်နှာပျက်ကာ ပြောလိုက်သည်။
"သေချာပေါက် ဆွေးနွေးစရာ မလိုတာပေါ့... မင်းတို့က အချောင်လာနှိုက်ချင်နေတာ... မင်းတို့ အိပ်မက်မက်နေတာ... ငွေရူးရူးနေတာ"
ဆွန်ဖုန်းက လှောင်ရယ်လိုက်သည်။
"ကောင်းပြီ... အရမ်း ကောင်းတယ်"
ထရစ်ကိုက်စ် သည် ဒေါသကြောင့် မျက်နှာများ နီရဲလာပြီး ခန္ဓာကိုယ်များ တုန်ယင်လာကာ ယခုချက်ချင်းပင် ဆွန်ဖုန်းကို သတ်ချင်နေသော ပုံစံမျိုး ဖြစ်နေသည်။
"ဆွန်ဖုန်း... မင်းက ဒီလောက်တောင် လူရာမဝင်မှတော့ ငါ ဒီနေ့ စကားတစ်ခွန်း ပြောခဲ့မယ်... မင်း အတ္တလန္တိတ် သမုဒ္ဒရာ ကနေ လုံခြုံစွာ ထွက်သွားနိုင်မယ် မထင်နဲ့... ဟွန့်... စောင့်ကြည့်နေ"
ထရစ်ကိုက်စ် သည် ယခုအချိန်တွင် သေနတ်ထုတ်ကာ ဤတရုတ်လူမျိုးကို ပစ်သတ်ချင်နေသော်လည်း ဒေါသကို မြိုသိပ်ထားလိုက်သည်။
"ဆွန်ဖုန်း... ဒီနေ့ ငါတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... မင်း ရွှေသင်္ဘောစုကို ဆယ်ယူနိုင်ရင်တောင် မင်း ဒီရွှေတွေကို ဒီကနေ သယ်သွားနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"
ဗစ်တာက အေးစက်သော လေသံဖြင့် ခြိမ်းခြောက်လိုက်သည်။
"ဒီခြိမ်းခြောက်မှုက မဆိုးဘူး... ငါ မင်းတို့ကို အမှတ်ပြည့် ပေးတယ်... မင်းတို့ ပြောလို့ ပြီးရင်တော့ ဆောရီးပဲ... ငါ သွားတော့မယ်... ဪ ဒါနဲ့... ဒီကနေ ထွက်သွားပေးပါ... ငါတို့ အလုပ်ကို မနှောင့်ယှက်ပါနဲ့"
ဆွန်ဖုန်းသည် သူတို့၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘဲ အပြင်သို့ ထွက်သွားလေသည်။
ထရစ်ကိုက်စ် တို့ နှစ်ယောက်သည် သူတို့၏ ခြိမ်းခြောက်မှုကို ဆွန်ဖုန်းက လုံးဝ ဂရုမစိုက်သည်ကို မြင်သောအခါ စိတ်ထဲတွင် အလွန် ဒေါသထွက်သွားကြလေသည်။
"ကောင်းပြီ ဆွန်ဖုန်း... မင်း မှတ်ထား"
ဗစ်တာက ဒေါသတကြီး ပြောလိုက်သည်။
"ဗစ်တာ... အခု ချက်ချင်း သူ့ကို ဖမ်းလိုက်ရမလား"
ထရစ်ကိုက်စ် က ရူးသွပ်နေသော မျက်နှာဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
"မဖြစ်ဘူး... ငါတို့ အပြင်ပန်းကနေ လုပ်လို့ မရဘူး... သူက ငါတို့ ခြိမ်းခြောက်တာကို မကြောက်ဘူး ဆိုတော့... ကြည့်ရတာ နောက်ကွယ်ကနေပဲ လုပ်ရတော့မယ်... အခု ငါတို့ ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားပြီး သူတို့ ဘာဆုံးဖြတ်မလဲ ဆိုတာ ကြည့်ရအောင်"
ဗစ်တာက ခေါင်းခါကာ ပြောလိုက်သည်။ ယခုအချိန်တွင် သူ ဆွန်ဖုန်းကို နားမလည်နိုင်အောင် ဖြစ်နေသည်။ ဤလူက ထိုသက်တော်စောင့် အယောက် ငါးဆယ်ကို အားကိုးပြီး သင်္ဘောပျက်ကို အေးအေးဆေးဆေး ဆယ်ယူနိုင်ကာ လုံခြုံစွာ သယ်သွားနိုင်မည်ဟု ထင်နေတာလား။ တစ်ဖက်လူက မာနကြီးလွန်းသလား ဒါမှမဟုတ် နောက်ကွယ်မှာ အင်အား တစ်ခုခု ရှိနေသလား ဆိုတာ မသေချာပေ။
သို့သော် ဤအရာများက အရေးမကြီးတော့ပေ။ ဤဆွန်ဖုန်း ဆိုသော လူငယ်လေးက သူတို့၏ ဧရာမ အင်အားစုကြီးကို ယှဉ်နိုင်မည် မဟုတ်ဟု သူ ယုံကြည်သည်။
ဆွန်ဖုန်းနှင့် သက်တော်စောင့် လေးယောက် ဆယ်ယူရေး သင်္ဘောပေါ်သို့ ပြန်ရောက်လာပြီးနောက် ဗစ်တာ လည်း ဤစစ်သင်္ဘောငယ်လေးကို မောင်းနှင်ကာ အရှက်တကွဲဖြင့် ထွက်သွားလေသည်။
ပေကျိ သည် စစ်သင်္ဘော ထွက်သွားသည်ကို ကြည့်ကာ ဆွန်ဖုန်းကို မေးလိုက်သည်။
"သူဌေး... တစ်ဖက်လူက ရွှေသင်္ဘောစုကို အကြံအစည် ရှိနေတာလား"
"ဟုတ်တယ်... သူတို့က ငါ့ကို ရွှေသင်္ဘောစုကို လက်နှစ်ဖက်နဲ့ ပင့်မပြီး ပေးစေချင်နေတာ"
ဆွန်ဖုန်းက ဖြေလိုက်သည်။
"သူဌေး သဘောတူလိုက်တာလား"
ပေကျိ က စိုးရိမ်တကြီး မေးလိုက်သည်။ အကယ်၍ ဤသို့ ခြိမ်းခြောက်မှုကြောင့် ရွှေသင်္ဘောစုကို ပေးလိုက်ရမည် ဆိုပါက ဤတစ်ကြိမ် အကြီးအကျယ် ရှုံးနှိမ့်သွားပြီ ဖြစ်သည်။
"မတူဘူးလေ... ငါ ငြင်းလိုက်တယ်... တစ်ဖက်လူက ငါ့ကို ခြိမ်းခြောက်သွားသေးတယ်... ဒီရွှေတွေကို ငါ လုံခြုံစွာ သယ်သွားနိုင်မှာ မဟုတ်ဘူး တဲ့"
ဆွန်ဖုန်းက စီးကရက် တစ်လိပ်ကို မီးညှိကာ အေးဆေးစွာ ပြောလိုက်သည်။
"ဘာ... သူတို့က... ဥပဒေ ကြောင့် အပြင်ပန်းကနေ ဘာမှ မလုပ်ရဲဘဲ နောက်ကွယ်ကနေ လုပ်ကြံဖို့ စဉ်းစားနေတာလား"
ပေကျိ က ဝမ်းနည်း ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
"ဟွန့်... သူတို့ ဘယ်လို လုပ်ကြံမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
ဆွန်ဖုန်းက ဆေးလိပ်ငွေ့ တစ်ချက် မှုတ်ထုတ်ကာ အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီ... မင်းတို့ ဆက်အလုပ်လုပ်ကြ... ဒီကိစ္စတွေ အတွက် စိတ်ပူစရာ မလိုဘူး... ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိတယ်"
ဆွန်ဖုန်း ပြောပြီးသည်နှင့် စက်ရုပ် သက်တော်စောင့်များကို ခေါ်ကာ ရွှေများကို စတင် သယ်ယူခိုင်းလေသည်။ ဆယ်ယူရရှိထားသော ရွှေများ အားလုံးကို မနေ့က သိမ်းဆည်းရမိသော သင်္ဘောပေါ်သို့ သယ်ယူခိုင်းလိုက်သည်။ ဤရွှေများကို အရင်ဆုံး သယ်ထုတ်သွားရန် ဆွန်ဖုန်း စီစဉ်ထားသည်။
"မင်းတို့ ငါးဆယ်လုံး... ဒီရွှေတွေ အားလုံးကို ဟိုဘက် သင်္ဘောပေါ်ကို သယ်သွား... မြန်မြန် မြန်မြန်"
ဆွန်ဖုန်းက စက်ရုပ် သက်တော်စောင့်များ ရှေ့သို့ သွားကာ ပြောလိုက်သည်။
ဤသက်တော်စောင့်များက အလွန် စကားနားထောင်ပြီး ဘာမှ မပြောဘဲ ချက်ချင်း အလုပ်လုပ်ကြလေသည်။
မကြာမီ ဤစက်ရုပ် သက်တော်စောင့်များသည် ဆယ်ယူရေး သင်္ဘောပေါ်မှ ဆယ်ယူရရှိထားသော ရွှေသင်္ဘောပျက် နှစ်စင်းစာ ရွှေများ အားလုံးကို ထိုသင်္ဘောငယ်ပေါ်သို့ သယ်ယူသွားကြလေသည်။ ထိုသင်္ဘောငယ်ပေါ်တွင် ရွှေများ အပြည့် ဖြစ်သွားလေသည်။
"တယ်ကျီ၊ ပေကျိ... မင်းတို့ နှစ်ယောက် ဒီမှာ ဆယ်ယူရေး အလုပ်ကို ဆက်ဦးဆောင်ထား... ငါ ဒီမှာ သက်တော်စောင့် အယောက် သုံးဆယ် ချန်ထားခဲ့ပြီး မင်းတို့ လုံခြုံရေးကို စောင့်ရှောက်ခိုင်းထားမယ်... ငါ ဒီရွှေတွေကို အရင် သယ်သွားလိုက်ဦးမယ်... အင်း... တစ်နာရီလောက် နေရင် ငါ ပြန်လာခဲ့မယ်... စိတ်မပူနဲ့... ရွှေတွေကို သယ်ဖို့ ငါ့မှာ လျှို့ဝှက် အစီအစဉ် ရှိတယ်"
ဆွန်ဖုန်းသည် သူတို့ နှစ်ယောက် အနီးသို့ သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။