အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း ၂၀၈ ညတိုက်ပွဲ
မကြာမီ နှစ်ဖက်လုံး အရှိန်အဟုန်ဖြင့် ရှေ့သို့ ချီတက်လာကြရာ အကွာအဝေး နီးကပ်လာချိန်တွင် ညအမှောင်ထဲ၌ တစ်ဖက်နှင့်တစ်ဖက် ခပ်ရေးရေး မြင်လာရသည်။
အဆိပ်ငါးမန်း ပင်လယ်ဓားပြ အဖွဲ့ဘက်မှ ကြိုတင် ပြင်ဆင်ထားသဖြင့် သူတို့၏ သင်္ဘော သုံးစင်းလုံးက ရှာဖွေရေး မီးမောင်းကြီးများကို ဖွင့်လိုက်ရာ ဆွန်ဖုန်း ရှိနေသော သင်္ဘောမှာ မီးရောင်များ အောက်တွင် ချက်ချင်း ထင်ရှားစွာ ပေါ်လွင်သွားပြီး သူတို့ ရှေ့တွင် အထင်းသား ဖြစ်သွားသည်။
ယခုအချိန်တွင် နှစ်ဖက် အကွာအဝေးမှာ ရေမိုင် တစ်ဝက်ခန့်သာ ရှိတော့ပြီး ဂျွန်ဆင် က သူ၏ တပည့်များကို အပေါက်ကျယ် စက်သေနတ်ကြီးများ၊ အမြောက်များ စသည့် ပြင်းထန်သော လက်နက်ကြီးများဖြင့် ဆွန်ဖုန်း၏ သင်္ဘောကို ချိန်ရွယ်ထားရန် အစောကတည်းက အမိန့်ပေးထားပြီး ဖြစ်သည်။
မီးရောင် အောက်တွင် ဤလက်နက်ကြီးများက အသက်ရှူရ ကြပ်လောက်အောင် လေးလံသော ဖိအား တစ်ခုကို ပေးစွမ်းနေသည်။
နှစ်ဖက်လုံး အရှိန် လျှော့လိုက်ကြပြီး အဆိပ်ငါးမန်း ပင်လယ်ဓားပြ ဘက်မှလည်း စကားပိုတွေ ပြောမနေတော့ပေ။ သူတို့က တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေကြသည်။ မကြာမီ စက်သေနတ်ကြီး သုံးလက်နှင့် အမြောက်ငယ် နှစ်လက် ပြိုင်တူ စတင် ပစ်ခတ်တော့သည်။
"ဒိုင်း ဒိုင်း ဒိုင်း"
"ဘုန်း ဘုန်း ဘုန်း"
ပြင်းထန် ကျယ်လောင်သော သေနတ်သံကြီးများက တိတ်ဆိတ်နေသော ညဉ့်ယံတွင် ပဲ့တင်ထပ်သွားပြီး တိုက်ပွဲ ချက်ချင်း စတင်သွားသည်။
အစွမ်းထက်သော စက်သေနတ်ကြီးများနှင့် အမြောက်များက စတင် ပစ်ခတ်နေပြီ ဖြစ်ရာ ပစ်အား အလွန် ပြင်းထန်ပြီး နောက်ပြန်ကန်အားလည်း ကြီးမားသဖြင့် သေနတ်သမားများ ခြေအောက်ရှိ ကုန်းပတ်ပင်လျှင် လိုက်လံ တုန်ခါနေသည်။
ညကောင်းကင်ယံ အောက်တွင် ကျည်ဆန်မီးတန်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး မျက်နှာချင်းဆိုင်ရှိ ဆွန်ဖုန်း၏ သင်္ဘောဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
"လခွီး အကုန် သွားသေကြစမ်း ဟားဟားဟား"
"ဒေါင် ဒေါင် ဒေါင်"
အပေါက်ကျယ် ကျည်ဆန်များက ဆွန်ဖုန်း သင်္ဘော၏ ဦးပိုင်းနှင့် ဘေးဘောင်ရှိ သံမဏိပြားများကို ထိမှန်သွားရာ ပြင်းထန်သော မီးပွားများ ထွက်ပေါ်လာပြီး သတ္တုနှင့် ထိခိုက်မိသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ညီအစ်ကိုတို့ သူတို့ကို အသေသတ်စမ်း တစ်ယောက်မှ အရှင်မထားနဲ့ ဟိုဘက်က အမှိုက်သင်္ဘောကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ပစ်" ဂျွန်ဆင် က AK ရိုင်ဖယ် တစ်လက်ကို ကိုင်ကာ တစ်ဖက်သို့ ပစ်ခတ်ရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ လက်ရှိတွင် AK ၏ ပစ်ခတ်နိုင်စွမ်းက တစ်ဖက်သို့ မရောက်နိုင်သော်လည်း သူက အားတက်စေရန်နှင့် စိတ်ထွက်ပေါက် အနေဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင် အခု တစ်ဖက်က ပြန်တောင် မခုခံနိုင်ဘူး ဟားဟား ကြည့်ရတာ ကျွန်တော်တို့ ပစ်နေတာနဲ့ ခေါင်းတောင် ထောင်ရဲမှာ မဟုတ်ဘူး သင်္ဘောခန်းထဲ ပုန်းပြီး တုန်နေလောက်ပြီ သေးတောင် ထွက်ကျနေလောက်တယ် ဟားဟားဟား"
"မကြာခင် ဒီသင်္ဘော ပျားအုံလို အပေါက်တွေ ဖြစ်သွားတော့မှာ" ဂျွန်ဆင်၏ တပည့် တစ်ယောက်က စက်သေနတ်ကို ကိုင်ကာ တစ်ဖက်သင်္ဘောဆီသို့ အရူးအမူး ပစ်ခတ်ရင်း ဟားတိုက် ရယ်မောလိုက်သည်။
"ကောင်းတယ် ကျန်တဲ့ သင်္ဘော နှစ်စင်းကို ဘယ်ညာ ခွဲပြီး သူတို့ကို ညှပ်ပစ်ဖို့ အကြောင်းကြားလိုက် သူတို့ကို အမြန်ဆုံး အပြတ်ရှင်းပြီး ရွှေတွေသယ်ပြီး ပြန်ကြမယ်" ဂျွန်ဆင် က တစ်ဖက်မှ ပြန်လည် ခုခံခြင်း မရှိသေးသည်ကို မြင်သောအခါ တစ်ဖက်တွင် မိမိတို့ကို ပြန်လည် ခုခံနိုင်စွမ်းရှိသော လက်နက်ကြီးများ မရှိမှန်း သိလိုက်သည်။ ထို့ကြောင့် တစ်ဖက်လူမှာ အိုးထဲမှ လိပ်ကဲ့သို့ ဖြစ်နေပြီး သူ သတ်ဖြတ်ရန်သာ စောင့်နေရတော့သည်ဟု သူ ထင်လိုက်သည်။
မကြာမီ ဂျွန်ဆင်၏ ဘေးမှ သင်္ဘော နှစ်စင်းသည် ဘယ်ညာ ခွဲထွက်ကာ ဆွန်ဖုန်း၏ သင်္ဘောကို ဝိုင်းရံရန် ချဉ်းကပ်လာကြရာ အန္တရာယ်က ချက်ချင်း ပိုမို ကြီးမားလာသည်။
သင်္ဘောပေါ်တွင် ဆွန်ဖုန်းသည် ယခုအချိန်၌ သင်္ဘောခန်း အတွင်း တကယ်ပဲ ဝပ်နေရပြီး ခေါင်းပင် မထောင်ရဲပေ။ သူ အလွန် အစွမ်းထက်ပြီး လူတစ်ရာကို တစ်ယောက်တည်း ရိုက်နှက်နိုင်သလို သူ၏ ကိုယ်ခန္ဓာကလည်း လူသားများ၏ အမြင့်ဆုံး အဆင့်ကို ကျော်လွန်နေသော်လည်း ကျည်ဆန်က ခေါင်းကို ထိမှန်သွားပါက သေသွားမည်မှာ သေချာပေသည်။
ယခုအချိန်တွင် ဤသင်္ဘောမှာ တစ်ဖက်လူ၏ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခံနေရသဖြင့် ဆွန်ဖုန်း တို့ဘက်မှ ထိရောက်သော ပြန်လည် ခုခံမှုကို မလုပ်နိုင်သေးပေ။ ပထမ အချက်မှာ တစ်ဖက်လူ၏ ပစ်အားက အလွန် ပြင်းထန်လွန်းနေသည်။ မိုးရွာသကဲ့သို့ ပစ်ခတ်နေမှုကြောင့် ခေါင်းပင် ထောင်၍ မရပေ။ ဒုတိယ အချက်မှာ မိမိတို့ဘက်ရှိ သေနတ်များ၏ ပစ်ခတ်နိုင်စွမ်းက တစ်ဖက်သို့ မရောက်နိုင်သေးပေ။ သို့သော် တစ်ဖက်လူ၏ အပေါက်ကျယ် စက်သေနတ်ကြီးများနှင့် အမြောက်များကတော့ ရောက်ရှိနိုင်ပေသည်။
ဤအချက်က ဆွန်ဖုန်းကို အလွန် ဒေါသထွက်စေပြီး ကျိန်ဆဲချင်စိတ်များပင် ပေါက်လာစေသည်။
"ပိုင်ရှင်ကို သတင်းပို့ပါတယ် အခု ကျွန်တော်တို့ရဲ့ သေနတ်တွေ ပစ်နိုင်တဲ့ အကွာအဝေးကို ရောက်ပါပြီ ပြန်လည် ခုခံရတော့မလား" ယခုအချိန်တွင် စက်ရုပ် သက်တော်စောင့် တစ်ယောက်က ဆွန်ဖုန်း၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ ဆောင့်ကြောင့်ထိုင်၍ မေးလိုက်သည်။ ဤကောင်တွေ အကုန်လုံးက စက်ရုပ်တွေ ဖြစ်သဖြင့် ကျည်ဆန်များကို မကြောက်ကြဘဲ တစ်ယောက်ချင်းစီ မတ်တတ်ရပ်ကာ ရှုခင်း ကြည့်နေကြသည်။ သူ တစ်ယောက်တည်းသာ ကြမ်းပြင်ပေါ် ဝပ်နေရသဖြင့် သူ့ကို အလွန် ဒေါသထွက်စေသည်။
"ပြန်ပစ် ပြန်ပစ် စနိုက်ပါသမားတွေကို တစ်ဖက်က စက်သေနတ်သမားတွေကို အရင် ရှင်းခိုင်းလိုက် လခွီးပဲ" ဆွန်ဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ပိုင်ရှင့် ဆန္ဒအတိုင်းပါပဲ"
မကြာမီ ဤစက်ရုပ် သက်တော်စောင့် လေးဆယ်က ပြန်လည် တိုက်ခိုက်တော့သည်။ သူတို့က ကျည်ဆန်ကို မကြောက်သော်လည်း အပစ်ခံရပါက နောက်ပြန်ကန်အားကြောင့် အနည်းငယ် နောက်ဆုတ်သွားနိုင်ပေသည်။ ထို့ကြောင့် သူတို့က တစ်ချက်ပစ်ပြီး နေရာပြောင်းကာ ဆက်လက် ပြန်လည် ပစ်ခတ်ကြသည်။
ယခုအချိန်တွင် နှစ်ဖက် အကွာအဝေးမှာ မီတာ တစ်ထောင့်ငါးရာပင် မရှိတော့ဘဲ ဆွန်ဖုန်းဘက်မှ စနိုက်ပါသမား အယောက် ၂၀ က တစ်ဖက်လူများကို နာမည်ခေါ်ပြီး ခေါင်းကို ပစ်ဖောက်သကဲ့သို့ တစ်ချက်ပစ်လျှင် တစ်ယောက် တည့်တည့် ထိမှန်နေသည်။
"ဖောင်း ဖောင်း ဖောင်း"
ထွားကြိုင်းသော နိုင်ငံခြားသား တစ်ယောက်က အရူးအမူး အော်ဟစ်ကာ သူ၏ အဆုံးမဲ့ ဒေါသများကို ဖွင့်ထုတ်နေသည်။ သူက စက်သေနတ်ကြီး၏ ခလုတ်ကို ဆွဲထားရာ သေနတ်ပြောင်းဝမှ မီးတောက်များ ထွက်ပေါ်လာပြီး ကျည်ဆန်များက ဒီရေအလား ထွက်ပေါ်လာကာ ညကောင်းကင်ယံကို ဖြတ်သန်း၍ ဆွန်ဖုန်းတို့ဘက်ရှိ သင်္ဘောကို ထိမှန်နေသည်။
သင်္ဘောပေါ်ရှိ အဆောက်အအုံများမှာ ပျားအုံကဲ့သို့ အပေါက်များ ဖြစ်နေပြီး ရစရာမရှိအောင် ပျက်စီးနေပြီ ဖြစ်သည်။ သင်္ဘောကိုယ်ထည်ကတော့ အထူစား သံမဏိများဖြင့် တည်ဆောက်ထားသဖြင့် ပေါက်ကွဲသွားသည့် လက္ခဏာ မရှိသေးပေ။ သို့သော် အခြေအနေကတော့ အလွန် ဆိုးရွားနေသည်။
သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။
အလွန် မြန်ဆန်စွာ ပြေးဝင်လာသော ကျည်ဆန် တစ်တောင့်က ဤရူးသွပ်နေသော နိုင်ငံခြားသား စက်သေနတ်သမား၏ ခေါင်းကို ချက်ချင်း ဖောက်ထွက်သွားသည်။
"ဗွမ်း"
ကောင်းမွန်နေသော ခေါင်းတစ်လုံးမှာ ပုပ်ဟက်နေသော ဖရဲသီးကဲ့သို့ ဖြစ်သွားပြီး ဦးနှောက်များ သွေးများနှင့် အရိုးစများ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည်။ ဘေးတွင် ကျည်ထည့်ပေးနေသော သူ၏ မျက်နှာကိုပါ လာစင်သွားသည်။ သို့သော် ထိုကျည်ထည့်ပေးသူမှာ အလွန် တည်ငြိမ်နေပြီး မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် ဘာမှ မရှိပေ။ သူတို့လို သေရေးရှင်ရေး လမ်းကြောင်းပေါ်တွင် အမြဲ သွားလာနေသော လူယုတ်မာများက ဘယ်လို မြင်ကွင်းမျိုးကို မမြင်ဖူးဘဲ နေမည်နည်း။
သူက ကျည်ကတ်ကို သေချာ ထည့်ပြီးနောက် စက်သေနတ်စင်ပေါ်တွင် မှောက်လျက် လဲကျနေသော အလောင်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီး "လခွီး လခွီး လခွီး" ဟု ဆဲဆိုကာ သေနတ်ခလုတ်ကို ဆက်ဆွဲပြီး တစ်ဖက်သို့ ဆက်လက် ပစ်ခတ်နေသည်။
"ဒိုင်း ဒိုင်း ဒိုင်း"
ဆယ်စက္ကန့်ပင် မကြာမီ ဤစက်သေနတ်ကြီး ထပ်မံ အစွမ်းပြလာပြီး ရေပက်သကဲ့သို့ မရေမတွက်နိုင်သော ကျည်ဆန်များက တစ်ဖက်သို့ ပြေးဝင်သွားသည်။
သို့သော် ငါးစက္ကန့်ပင် မကြာမီ နောက်ထပ် ကျည်ဆန် တစ်တောင့်က ဤတည်ငြိမ်နေသော စက်သေနတ်သမားကို အနောက်ဘုံရှိ သူ၏ ဘုရားသခင်နှင့် အဖေဆီသို့ ပို့ဆောင်လိုက်ပြန်သည်။ သူ မသေခင် အချိန်လေးတွင် သူက စောစောက သေသွားသော ညီအစ်ကိုထက် ဆယ်စက္ကန့်လောက်ပဲ ပိုအသက်ရှင်လိုက်ရတယ် ဆိုတာကိုတောင် မသိလိုက်ပေ။
"ဖောင်း ဖောင်း ဖောင်း"
စနိုက်ပါ ကျည်ဆန်များက စက်သေနတ်သမားများနှင့် အမြောက်သမားများ၏ အသက်ကို တစ်တောင့်ချင်းစီ ရိတ်သိမ်းနေပြီး အားလုံး ခေါင်းကိုသာ ပစ်ဖောက်ခံရသည်။ အစပိုင်းတွင် ဤကြမ်းကြုတ်သော ပင်လယ်ဓားပြများက သိပ်မကြောက်ကြပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲဖြစ်လျှင် လူသေတတ်သည်မှာ သူတို့အတွက် ရိုးနေပြီ ဖြစ်သောကြောင့်ပင်။ သို့သော် စက်သေနတ်သမား အယောက် နှစ်ဆယ်ကျော် သေဆုံးသွားပြီးနောက် သူတို့ စိတ်ထဲတွင် စတင် ကြောက်ရွံ့လာကြသည်။ အားလုံးက ခေါင်းကိုချည်း ပစ်ဖောက်ခံရပြီး ခေါင်းပြတ် အလောင်းများချည်း ဖြစ်ကုန်ကြသည်။ တစ်ဖက်မှ စနိုက်ပါသမားက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
သူတို့ စိတ်ဓာတ် ဘယ်လောက်ပဲ မာကျောပါစေ အခုချိန်မှာတော့ အနည်းငယ် ကြောက်လာကြပြီ။ ဘယ်သူမဆို သေရမှာ ကြောက်ကြတာပဲလေ။ တစ်ယောက်ပြီး တစ်ယောက် စက်သေနတ်သမား နေရာကို မဝင်ရဲကြတော့ဘဲ ဘေးတွင် ပုန်းကာ ရိုင်ဖယ်များဖြင့်သာ တစ်ဖက်သို့ ပစ်ခတ်နေကြတော့သည်။
ချက်ချင်းပင် အဆိပ်ငါးမန်း ပင်လယ်ဓားပြ အဖွဲ့ဘက်မှ ပစ်အား သိသိသာသာ လျော့ကျသွားပြီး စက်သေနတ်များနှင့် အမြောက် အများစုမှာ အသံတိတ်သွားကြသည်။ အချို့ ပင်လယ်ဓားပြများက သွားရောက် အစားထိုးပြီး ဆက်ပစ်ချင်ကြသော်လည်း တက်သွားပြီး ဆယ်စက္ကန့်ပင် မကြာမီ ခေါင်းပစ်ဖောက်ခံရပြန်သည်။ ထို့ကြောင့် ချက်ချင်းပင် စက်သေနတ်သမား နေရာကို မည်သူမှ မသွားရဲကြတော့ပေ။