အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း ၂၁၂ ရူးတော့မတတ် ဖြစ်နေသော ထရစ်ကိုက်စ်
ဆွန်ဖုန်းသည် တိတ်တဆိတ် ထွက်ခွာသွားပြီ ဖြစ်သော်လည်း ထရစ်ကိုက်စ်တို့ဘက်မှာမူ ဆက်လက် လိုက်လံရှာဖွေနေဆဲ ဖြစ်သည်။ သင်္ဘောငါးစင်းသည် အရှေ့ဘက်သို့ ဖြန့်ခွဲ၍ အလျင်အမြန် ရှာဖွေနေကြသည်။
ဤအမြန်နှုန်းအတိုင်း ဆက်ရှာမည်ဆိုပါက ဆွန်ဖုန်းသာ စောစောက နည်းလမ်းကို မသုံးခဲ့လျှင် သူတို့ အမီလိုက်နိုင်ပြီး သေချာပေါက် ရှာတွေ့သွားမည် ဖြစ်သည်။ သို့သော် ယခုတော့ ထိုအခွင့်အရေးက ထာဝရ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ဗစ်တာ... ရေဒါမှာ တစ်ဖက်လူရဲ့ လမ်းကြောင်းကို ပြန်တွေ့ပြီလား"
ထရစ်ကိုက်စ်က ကုန်းပတ်ပေါ်မှ ဆင်းလာပြီး ရေဒါ မျက်နှာပြင်ကို စောင့်ကြည့်နေသော ဗစ်တာကို မေးလိုက်သည်။ ယခု ဆွန်ဖုန်း၏ လမ်းကြောင်း ပျောက်ဆုံးသွားသည်မှာ နာရီဝက်ခန့် ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။
ထရစ်ကိုက်စ်မှာ ယခုအချိန်တွင် အလွန် စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။ မူလက ဤရွှေသင်္ဘောစုကို လုယက်မည့် စီမံကိန်းအပေါ် သူ အလွန် ယုံကြည်မှု ရှိခဲ့သော်လည်း ရေဒါက တစ်ဖက်လူ၏ လမ်းကြောင်းကို မဖမ်းမိတော့သည့် ဤကဲ့သို့ မျက်စိကျွတ်လုမတတ် အံ့ဩစရာ ကောင်းသော မမျှော်လင့်ထားသည့် အခြေအနေမျိုး ဖြစ်လာမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
တစ်ဖက်လူက သူတို့ မျက်စိအောက်တွင်ပင် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
"မတွေ့ဘူး... ရေဒါက တစ်ဖက်လူရဲ့ အရိပ်အယောင်ကို လုံးဝ မဖမ်းမိဘူး... ဆွန်ဖုန်းနဲ့ သူ့သင်္ဘောက လေထဲမှာ အငွေ့ပျံသွားသလိုပဲ"
ဗစ်တာက ခေါင်းခါကာ ပြောလိုက်သည်။ ဆွန်ဖုန်း၏ သင်္ဘောပေါ်တွင် ရေဒါကို အနှောင့်အယှက်ပေးသည့် စက်ပစ္စည်း တပ်ဆင်ထားသည်မှာ သေချာသည်ဟု သူ တွေးလိုက်သည်။ မဟုတ်ပါက သူတို့၏ ရေဒါတွင် မျက်မြင်ကိုယ်တွေ့ ခြေရာခံနေစဉ်မှာပင် ဆွန်ဖုန်း၏ တည်နေရာက ချက်ချင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။
"လခွီး... လခွီး လခွီး"
ထရစ်ကိုက်စ် ထိုစကားကို ကြားသောအခါ မောင်းနှင်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေပြီး ဒေါသကြောင့် သွေးအန်မတတ် ဖြစ်နေသည်။ အကယ်၍ ဆွန်ဖုန်း၏ သင်္ဘော တည်နေရာကို ပြန်ရှာမတွေ့ပါက တစ်ဖက်လူက သူတို့၏ ရှာဖွေရေး ကွန်ရက်ထဲမှ ထွက်ပြေးလွတ်မြောက်သွားနိုင်ခြေ အလွန် များသည်။
တစ်ကြိမ် လွတ်မြောက်သွားသည်နှင့် သူ၏ စီမံကိန်းလည်း ပျက်စီးသွားပေလိမ့်မည်။ စီမံကိန်း ပျက်စီးသွားရုံမက ရွှေသင်္ဘောစု၏ ရွှေများလည်း ဆုံးရှုံးသွားမည်ဖြစ်ပြီး သူ့အနေဖြင့်လည်း အထက်လူကြီး၏ အပြစ်တင် ကြိမ်းမောင်းခြင်းကို ခံရကာ ရာထူးကျခြင်း စသည်တို့လည်း ဖြစ်နိုင်ပေသည်။
ထရစ်ကိုက်စ် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး ဤတစ်ကြိမ်သာ ဆွန်ဖုန်းကို ဖမ်းမိပါက ဤကမ္ဘာလောကသို့ လူလာဖြစ်ရသည်ကို နောင်တရသွားအောင် လုပ်ပစ်မည်ဟု ကျိန်တွယ်လိုက်သည်။
ထရစ်ကိုက်စ်နှင့် ဗစ်တာတို့ နှစ်ယောက် ညတစ်ညလုံး ဆွန်ဖုန်း၏ အရိပ်အယောင်ကို ဆက်လက် ရှာဖွေနေချိန်တွင် ဆွန်ဖုန်းကမူ ဗီဂိုမြို့သို့ အစောကတည်းက ရောက်ရှိနေပြီ ဖြစ်သည်။ သေချာပေါက် သူက တိတ်တဆိတ် ကုန်းပေါ်သို့ တက်လာခြင်း ဖြစ်ပြီး ယခုအချိန်တွင် သူက လူမြင်ကွင်းသို့ ထွက်ကာ ပြဿနာရှာရန် မလိုလားပေ။
......
ယခုအချိန်မှာ နံနက် တစ်နာရီ ထိုးနေပြီ ဖြစ်သည်။
ထရစ်ကိုက်စ် ဖွဲ့စည်းထားသော သင်္ဘောငါးစင်းသည် ယခုအချိန်အထိ အတ္တလန္တိတ် သမုဒ္ဒရာပေါ်တွင် ဆက်လက် ရှာဖွေနေဆဲ ဖြစ်သော်လည်း ထရစ်ကိုက်စ်နှင့် ဗစ်တာတို့ နှစ်ယောက်စလုံး ယခုအခါ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပြီ ဖြစ်သည်။
သူတို့က ခြောက်နာရီ၊ ခုနစ်နာရီခန့် ဆက်တိုက် ရမ်းသန်း ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ တစ်ဖက်လူ၏ အရိပ်အယောင်လေးမျှပင် မတွေ့ရပေ။
ဆွန်ဖုန်းက သူတို့၏ လိုက်လံရှာဖွေမှုကို လိမ္မာပါးနပ်စွာ ရှောင်ကွင်းကာ ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်ကြောင်း ထရစ်ကိုက်စ် သိလိုက်သည်။
"ဗစ်တာ... ကြည့်ရတာ ဒီကျိန်စာသင့်နေတဲ့ ဆွန်ဖုန်းမှာ နောက်ကွယ်က အကြံအစည်တွေ အစောကတည်းက ရှိနေပုံရတယ်... မဟုတ်ရင် သူ ဒီလောက် လွယ်လွယ်နဲ့ လွတ်သွားမှာ မဟုတ်ဘူး"
ထရစ်ကိုက်စ်က ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ဟင်း... ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေ ဖြစ်လာမယ်လို့ ငါတို့ ဘယ်သူမှ မထင်ထားခဲ့ဘူး... ငါတို့ရဲ့ တွက်ချက်မှု မှားယွင်းသွားပြီး တစ်ဖက်လူကို အထင်သေးမိသွားတယ်"
ဗစ်တာက သက်ပြင်းချကာ ပြောလိုက်သည်။
ပထမအချက်မှာ ဆွန်ဖုန်း အနေဖြင့် သင်္ဘောပျက်များကို အပြီးသတ် ဆယ်ယူရန် ခြောက်ရက်၊ ခုနစ်ရက်ခန့် အချိန်ယူရဦးမည်ဟု သူတို့ ထင်ထားခဲ့သည်။ ထိုအခါ သူတို့က တစ်ပြိုင်တည်း ဝင်ရောက် လုယက်ရန် စဉ်းစားထားခဲ့သည်။
အကယ်၍ ဆယ်ယူရေး မပြီးဆုံးမီ ရွှေများကို ဝင်လုပါက ကျန်ရှိနေသော ရွှေများကို မည်သူက ဆက်လက် ဆယ်ယူမည်နည်း။ ထိုအချိန်ကျမှ စပိန်က ဝင်ရောက် ဆယ်ယူပါက လူမိုက်များပင်လျှင် ဤသည်မှာ စပိန်၏ အကြံအစည် ဖြစ်ကြောင်း သိသွားကြပေလိမ့်မည်။
ဒုတိယအချက်မှာ ဆွန်ဖုန်း အနေဖြင့် သူတို့ချထားသော ထောင်ချောက်ထဲမှ လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ဟု သူတို့ ထင်ထားခဲ့သော်လည်း သူတို့၏ ရေဒါဖြင့် ရှာဖွေနေစဉ်မှာပင် ဆွန်ဖုန်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဤအချက်က အဓိက အကျဆုံး ဖြစ်ပြီး သူတို့ကို အငိုက်မိသွားစေကာ ဤလိုက်လံရှာဖွေရေး စစ်ဆင်ရေးကို အမှန်တကယ် ထိန်းချုပ်မှု ဆုံးရှုံးသွားစေခဲ့သည်။
"ဒါဆို ငါတို့ အထက်ကို ဘယ်လို တင်ပြကြမလဲ"
ထရစ်ကိုက်စ်၏ မျက်နှာမှာ ဖြူလျော်နေပြီး သူ၏ အနာဂတ်က ဤနေရာတွင်ပင် ပြီးဆုံးသွားပြီဖြစ်ကာ တစ်သက်လုံး ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ဟု ခံစားလိုက်ရသည်။ ဤမျှ ကြီးမားသော ကိစ္စကြီးကို သူက ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလား။
"ဘယ်လို လုပ်ရမလဲ... လုပ်နိုင်တာ ဘာရှိသေးလို့လဲ"
ဗစ်တာက ခါးသီးစွာ ရယ်မောလိုက်သည်။
မကြာမီ ညတစ်ည ဤသို့ပင် ကုန်ဆုံးသွားခဲ့သည်။ ထရစ်ကိုက်စ်နှင့် ဗစ်တာတို့က တစ်ညလုံး အိပ်မအိပ်ဘဲ ရှာဖွေခဲ့သော်လည်း ဆွန်ဖုန်း၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ ထို့နောက် နေ့လယ်ဘက်တွင် တစ်ရက်လုံး ထပ်မံ ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်ခုမျှ မရရှိခဲ့ဘဲ နောက်ဆုံးတွင် နောင်တရစွာဖြင့် အလုပ်သိမ်းလိုက်ရတော့သည်။
......
ဗီဂိုမြို့၊ ဟိုတယ် တစ်ခု၊ အခန်း ၄၀၉...
ဆွန်ဖုန်းက မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ အခန်း ၄၀၉ ၏ တံခါးကို ခေါက်လိုက်သည်။
တံခါး ချက်ချင်း ပွင့်လာသည်။
"သူဌေး"
တယ်ကျီ က တံခါးဖွင့်လိုက်ရာ သူဌေး ဖြစ်နေသည်ကို မြင်သောအခါ မျက်နှာတွင် အလွန် ဝမ်းသာသွားပြီး ဆွန်ဖုန်းကို ဖက်ရန် ပြင်လိုက်သော်လည်း ဆွန်ဖုန်းက ရွံရှာစွာဖြင့် ဘေးသို့ ရှောင်လိုက်သည်။
"အဟမ်း အဟမ်း..."
တယ်ကျီ က အနေခက်စွာဖြင့် ရယ်မောလိုက်သည်။
"သူဌေး... ဒီရက်ပိုင်း ဘာပြဿနာမှ မကြုံခဲ့ဘူးမလား"
ပေကျီ လည်း အခန်းထဲမှ ထွက်လာပြီး ဆွန်ဖုန်းကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။ ဆွန်ဖုန်းက ဘာမှ မဖြစ်သကဲ့သို့ သူတို့ ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်းက လွန်ခဲ့သော နှစ်ရက်က ရွှေများကို သယ်ဆောင်ရာတွင် ဘာပြဿနာမှ မကြုံခဲ့ရကြောင်း သိလိုက်သည်။
"အင်း... အထဲရောက်မှ ပြောကြတာပေါ့"
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ကောင်းပါပြီ"
အခန်းထဲသို့ ရောက်ပြီးနောက် သုံးယောက်သား အတန်ကြာ စကားပြောဖြစ်ကြသည်။ မိမိတို့ ဝန်ထမ်း တစ်အုပ်မှာ ဤရက်ပိုင်း အတွင်း ဗီဂိုမြို့တွင် အလွန် ပျော်ရွှင်စွာ လည်ပတ်နေကြပြီး ဘာပြဿနာမှ မကြုံတွေ့ခဲ့ရကြောင်း၊ အပြန်လမ်းတွင် ပင်လယ်ဓားပြ ဝတ်ဆင်ထားသော လူအချို့က တားဆီးကာ သူတို့ ဘယ်သွားမည်ကို မေးမြန်းခဲ့သော်လည်း အနှောင့်အယှက် မပေးဘဲ လွှတ်ပေးခဲ့ကြောင်း သူတို့က ပြောပြသည်။ ၎င်းတို့မှာ ထရစ်ကိုက်စ်တို့ အဖွဲ့၏ တပည့်များ ဖြစ်မည်ဟု ဆွန်ဖုန်း ခန့်မှန်းမိသည်။
"သူဌေး... နောက်ကော ရွှေရတနာတွေကို လေလံတင်မှာလား ဒါမှမဟုတ် ကနေဒါကို အရင် ပြန်မှာလား"
ပေကျီက မေးလိုက်သည်။
"လေလံတင်ဖို့ မလောပါဘူး... ကနေဒါကို အရင် ပြန်မယ်... ဪ ဒါနဲ့ ဝန်ထမ်း တစ်ယောက်ကို အမေရိကန် ဒေါ်လာ တစ်သိန်းစီ သူတို့ရဲ့ ဘဏ်အကောင့်ထဲကို ထည့်ပေးလိုက်ပြီ... မင်းတို့ နှစ်ယောက်ကတော့ တစ်ယောက်ကို ဒေါ်လာ နှစ်သိန်း စီရမယ်... အင်း... မင်းတို့နဲ့ တခြား ဝန်ထမ်းတွေက ဒီမှာ ရက်အနည်းငယ် ဆက်လည်ချင်ရင် လည်လို့ ရတယ်... ဒါမှမဟုတ် အခုချက်ချင်း ကနေဒါ ကုမ္ပဏီကို ပြန်ချင်ရင်လည်း ရတယ်... ငါကတော့ မင်းတို့နဲ့ အတူတူ မပြန်တော့ဘူး"
ဆွန်ဖုန်းက သူတို့ နှစ်ယောက်ကို ပြောလိုက်သည်။
"ဝါး... ကျေးဇူးတင်ပါတယ် သူဌေး"
တယ်ကျီ သည် ဒေါ်လာ နှစ်သိန်း ဟူသော စကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"သူဌေး... ကျွန်တော်တို့ နားလည်ပါတယ်"
ပေကျီ ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။ လက်ရှိတွင် ဆွန်ဖုန်း၏ အခြေအနေက အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်နေပြီး သူက လက်ရှိတွင် ကြီးမားသော ရတနာသိုက်ကြီးကို ပိုင်ဆိုင်ထားကာ ကြီးမားသော အသားတုံးကြီး တစ်တုံး ကဲ့သို့ ဖြစ်နေသည်ကို အားလုံး သိကြသည်။ ကနေဒါသို့ ပြန်မည့်လမ်းတွင် သတိထားရန် လိုအပ်ပေသည်။
"အင်း... ဒါဆို ငါ အရင် သွားတော့မယ်... မင်းတို့ ကနေဒါကို ပြန်ရောက်ရင် ငါ့ကို ဖုန်းဆက်လိုက်"
ဆွန်ဖုန်း ပြောပြီးသည်နှင့် ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။ မူလက တယ်ကျီက ဆွန်ဖုန်းကို နေပါဦးဟု ပြောချင်သော်လည်း ဆွန်ဖုန်းက ဆက်မနေချင်သည်ကို မြင်သောအခါ ဘာမှ ဆက်မပြောတော့ပေ။
......
စပိန် C ဌာန တွင်...
ယခုအချိန်တွင် ထရစ်ကိုက်စ်နှင့် ဗစ်တာတို့သည် ခမ်းနားထည်ဝါသော ရုံးခန်းတစ်ခု အတွင်း၌ သူတို့၏ အထက်လူကြီး ဖီးလ်မိုး၏ ပြင်းထန်သော ကြိမ်းမောင်းမှုကို ခံနေရသည်။
"မင်းတို့ ဘာပြောတယ်... ဆွန်ဖုန်းက အတ္တလန္တိတ် သမုဒ္ဒရာ ပေါ်မှာ ပျောက်သွားတယ် ဟုတ်လား... ဒီအတိုင်း မင်းတို့ မျက်စိအောက်ကနေ ပျောက်သွားတာ ဟုတ်လား... ဒါဆို ရွှေသင်္ဘောစု သင်္ဘောပျက်က ရွှေတွေ ရတနာတွေ ဘာတစ်ခုမှ မလုနိုင်ခဲ့ဘူးပေါ့... အသုံးမကျတဲ့ ကောင်တွေ... မင်းတို့ နှစ်ကောင်လုံး အသုံးမကျတဲ့ ကောင်တွေ... အစတုန်းက မင်းတို့က တာဝန် ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ရင်ဘတ်စည်တီးပြီး ကတိပေးခဲ့တယ် မဟုတ်လား... အခုကျတော့ ဆွန်ဖုန်း ပျောက်သွားပြီ... ရွှေတွေလည်း ပြန်မလုနိုင်ခဲ့ဘူး လို့ လာပြောနေတယ်... မင်းတို့ အသက်ရှင်နေတာ ဘာအသုံးကျလို့လဲ... တစ်ယောက်ကို တစ်ယောက် ဓားနဲ့ ထိုးသတ်လိုက်ကြတော့... အသက်ရှင်နေလည်း ထမင်းဖြုန်းတာပဲ အဖတ်တင်တယ်"
ဖီးလ်မိုး သည် ထရစ်ကိုက်စ် ထံမှ တာဝန် ကျရှုံးကြောင်း ကြားပြီးချိန်မှစ၍ ယခုအချိန်အထိ သူတို့ နှစ်ယောက်ကို ဆယ့်ငါးမိနစ်နှင့် သုံးစက္ကန့်တိတိ ကြိမ်းမောင်းနေခဲ့သည်။
နံစော်နေသော တံတွေးများက သူတို့ နှစ်ယောက်၏ မျက်နှာပေါ်သို့ စင်ကျနေသော်လည်း သူတို့က မသုတ်ရဲဘဲ ခေါင်းငုံ့ကာ ဖီးလ်မိုး၏ အဆက်မပြတ် ကြိမ်းမောင်းမှုကို ဆက်လက် ခံယူနေရလေသည်။