အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း ၂၁၃ သတင်းကောင်း
"အထက်လူကြီး... ဒီလိုပါ... မူလကတော့ ဒီရွှေတွေ အပြည့် တင်ထားတဲ့ ဆယ်ယူရေး သင်္ဘောကို အမြန်ဆုံး တားဆီးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မှု ရှိခဲ့ပါတယ်... ဒါပေမယ့် ဘယ်လို ဖြစ်သွားမှန်း မသိဘဲ တစ်ဖက်လူက ရုတ်တရက်ကြီး ကျွန်တော်တို့ရဲ့ ရေဒါ မျက်နှာပြင်ပေါ်ကနေ ပျောက်သွားတယ်... အဲဒီ ဆွန်ဖုန်း မှာ ကျွန်တော်တို့ရဲ့ ရေဒါကို အနှောင့်အယှက်ပေးတဲ့ စက်ပစ္စည်း ရှိနေတာ သေချာတယ်... အဲဒါကြောင့် ကျွန်တော်တို့..." ထရစ်ကိုက်စ် က လူသတ်တော့မည့် ဖီးလ်မိုး၏ အကြည့်ကို အံတုကာ သနားစရာ ကောင်းသော အသံဖြင့် ပြောလိုက်သည်။
ထရစ်ကိုက်စ် လည်း ဤသို့ မဖြစ်ချင်ခဲ့သော်လည်း မမျှော်လင့်ထားသော ကိစ္စများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ရာ ယခု သူ့အနေဖြင့် ဝမ်းဗိုက်ကို ခွဲကာ ကိုယ့်ကိုယ်ကိုယ် သတ်သေလျှင်ပင် ပြန်လည် ကုစားနိုင်တော့မည် မဟုတ်ပေ။
ဆွန်ဖုန်း လွတ်မြောက်သွားပြီ ဖြစ်ရာ နောက်ပိုင်းတွင် သူတို့ အနေဖြင့် ထပ်မံ လှုပ်ရှားရန် အခွင့်အရေး မရှိတော့ပေ။ ယခု ရွှေသင်္ဘောပျက် ဆယ့်ခုနစ်စင်း၏ ရတနာများမှာ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီပိုင် ဖြစ်သွားပြီ ဖြစ်သည်။
နိုင်ငံတကာ သမုဒ္ဒရာ ဆယ်ယူရေး ဥပဒေ၏ အကာအကွယ် ရှိနေသဖြင့် စပိန် အနေဖြင့် လက်ရှိတွင် ဘာမှ တတ်နိုင်တော့မည် မဟုတ်ပေ။
"ဒါက မင်းတို့ ကျရှုံးရတဲ့ ဆင်ခြေလား... ဒါဆို မင်းတို့ကို ဘာလုပ်ဖို့ ထားရမှာလဲ... ဟမ်... ကောင်းကင်ပိုက်ကွန် မြေကြီးပိုက်ကွန်တွေ ဖြန့်ထားတယ် ဆိုပြီး အခုတော့ ပေါက်နေတဲ့ ငါးဖမ်းပိုက်စုတ်ကြီး ဖြစ်နေတာပဲ... အဲဒါကြောင့် သူ လွတ်သွားတာ... သင်္ဘောပျက် ဆယ့်ခုနစ်စင်းစာ ရွှေတွေ ရတနာတွေကွ... အဲဒါ ပိုက်ဆံ ဘယ်လောက်လဲဆိုတာ မင်း သိလား... အနည်းဆုံး ဒေါ်လာ ဘီလီယံချီ တန်တယ်... ဒေါ်လာ ဘီလီယံချီ နဲ့ ဘာတွေ လုပ်လို့ရလဲဆိုတာ မင်း သိလား" ဖီးလ်မိုး က နံစော်နေသော ပါးစပ်ဖြင့် ထရစ်ကိုက်စ်၏ နှာခေါင်းနား ကပ်ကာ ထရစ်ကိုက်စ်၏ အင်္ကျီကော်လာကို ဆွဲပြီး ဆဲဆိုလိုက်သည်။
"ကျွန်တော်..." ယခုအချိန်တွင် ထရစ်ကိုက်စ် မှာ အထက်လူကြီး၏ ပါးစပ်အနံ့ဆိုးကြောင့် ချက်ချင်းပင် အန်ထွက်တော့မတတ် ဖြစ်သွားသည်။
"အထက်လူကြီး... ကျွန်တော်တို့... အဟမ်း အဟမ်း... တရားစွဲရင်တော့ ရွှေရတနာတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ ပြန်ရနိုင်သေးတယ်" ဗစ်တာ က ခေါင်းငုံ့ကာ ခြင်သံလေးဖြင့် ပြောလိုက်သည်။
"၁၀ ရာခိုင်နှုန်း လခွီး ငါ မသိဘူးလို့ ထင်နေလား ငါ လိုချင်တာက ၁၀၀ ရာခိုင်နှုန်းကွ ၁၀ ရာခိုင်နှုန်း မဟုတ်ဘူး မင်းတို့ နားလည်လား ဟွန့် ငါ့ မျက်နှာတော့ မင်းတို့ကြောင့် အကုန် ပျက်ရပြီ ဒီကိစ္စကို ငါ ကိုယ်တိုင် တာဝန်ယူထားတာ အခုတော့ အကုန် ပျက်စီးသွားပြီ ငါ့ရဲ့ ပြိုင်ဘက်ဟောင်းတွေက ငါ့ကို ဝိုင်းပြီး ဖိနှိပ်ကြတော့မယ်" ဖီးလ်မိုး က ထရစ်ကိုက်စ် ကို လွှတ်ပေးလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"အထက်လူကြီး... ကျွန်တော်တို့ အမှားပါ... ကိစ္စတွေကို ပျက်စီးအောင် လုပ်မိပြီ" ထရစ်ကိုက်စ် နှင့် ဗစ်တာ တို့ နှစ်ယောက်လုံး ခေါင်းငုံ့ကာ မိမိတို့ကိုယ်ကို အပြစ်တင်လိုက်ကြသည်။
"ဟင်း... မင်းတို့ကိုလည်း မပြစ်တင်ပါဘူး... ဒီနှစ်က ကံမကောင်းတဲ့ နှစ်ပဲ... ဘာလုပ်လုပ် အဆင်မပြေဘူး" ဖီးလ်မိုး က ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ကုလားထိုင်ကို မှီကာ ပြောလိုက်သည်။
ထရစ်ကိုက်စ် တို့ နှစ်ယောက် ဤစကားကို ကြားသောအခါ စိတ်ထဲတွင် အလွန် ဝမ်းသာသွားကြသည်။ ဤအခြေအနေကို ကြည့်ရသည်မှာ မိမိတို့ အထက်လူကြီးက မိမိတို့ကို အပြစ်ပေးရန် အစီအစဉ် မရှိပုံရသည်။ ဤသည်မှာ သတင်းကောင်း တစ်ခုပင်။ ဝက်တံတွေးများနှင့် အထွေးခံလိုက်ရသော်လည်း တန်သည်ဟု ဆိုရပေမည်။
"ထရစ်ကိုက်စ် ဗစ်တာ" ဖီးလ်မိုး က သူတို့ နှစ်ယောက်ကို လေးနက်သော အသံဖြင့် ခေါ်လိုက်သည်။
"ရှိပါတယ်" သူတို့ နှစ်ယောက် ချက်ချင်း မတ်မတ်ရပ်ကာ ရင်ကော့လိုက်ပြီး စောစောက စိတ်ညစ်နေသော မျက်နှာထားများကို ဖျောက်ဖျက်လိုက်ကာ အရေးကြီး တာဝန်ကို လက်ခံတော့မည့် ပုံစံမျိုး လုပ်လိုက်ကြသည်။
"မင်းတို့ နှစ်ယောက် လစာမဲ့ ခြောက်လ နားလိုက်... ခြောက်လ ပြန်စဉ်းစားပြီးမှ အလုပ်ပြန်ဝင်ဖို့ လာသတင်းပို့" ဖီးလ်မိုး က အေးစက်စွာ ပြောလိုက်သည်။
"ဘာ" သူတို့ နှစ်ယောက် မှင်တက်သွားကြသည်။ မူလက အထက်လူကြီးက သူတို့ကို ဆက်လက် ကြိုးစား အလုပ်လုပ်ခိုင်းမည်ဟု ထင်ထားခဲ့သော်လည်း ဤသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။
"ဘာတွေ ဘာ ညာ လုပ်နေတာလဲ ငါ့ရှေ့ကနေ ထွက်သွားကြစမ်း" ဖီးလ်မိုး က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ" သူတို့ နှစ်ယောက် ခွေးဝဲစားများ ကဲ့သို့ အရှက်တကွဲဖြင့် အပြင်သို့ ထွက်သွားကြလေသည်။
......
ဆွန်ဖုန်း သည် စပိန်မှ လေယာဉ်စီးရန် မရွေးချယ်ခဲ့ဘဲ ပေါ်တူဂီမှ လေယာဉ်စီးကာ ကနေဒါနိုင်ငံ ဗန်ကူးဗားသို့ ပြန်လာခဲ့သည်။
ခရီးစဉ်မှာ ချောမွေ့ခဲ့ပြီး လေယာဉ်ပေါ်တွင် ဆွန်ဖုန်း သည် ရက်များကို တွက်ချက်ကြည့်ရာ ဟယ်မင်ယီ မှာ ဤရက်သတ္တပတ် အတွင်း ကလေး မွေးဖွားတော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက လေလံတင်မည့် အလုပ်ကို အလျင်မလိုခြင်း ဖြစ်ပြီး ကလေး မွေးဖွားပြီး အချိန် အတန်ကြာမှသာ ထိုရွှေရတနာများကို လေလံတင်ရန် ဆုံးဖြတ်ထားသည်။
"ဟား... မေ့တော့မလို့... ကလေး မွေးပြီးရင် မင်္ဂလာပွဲကိုလည်း တစ်ခါတည်း ကျင်းပရမှာပဲ... ကြည့်ရတာ နောက်ပိုင်း မင်္ဂလာပွဲ အတွက် ပြင်ဆင်ရတော့မယ်" ဆွန်ဖုန်း က စိတ်ထဲတွင် တွေးလိုက်သည်။ ဤရက်ပိုင်း အတွင်း သူက အမြဲတမ်း အလုပ်များနေခဲ့သဖြင့် ဤကိစ္စကို ကိုင်တွယ် ဖြေရှင်းရန် အချိန် မရှိခဲ့ပေ။
ယခင်က ဆွန်ဖုန်း၊ ဟယ်မင်ယီ နှင့် လျန်ယင် တို့ သုံးယောက် တိုင်ပင်ထားခဲ့ပြီး ဖြစ်သည်။ ဤတစ်ကြိမ် မင်္ဂလာပွဲကို အလွန် ကြီးကျယ် ခမ်းနားစွာ မကျင်းပဘဲ သာမန် လေးသာ ကျင်းပရန်၊ ဆွေမျိုး မိတ်ဆွေ အချို့ကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်ထားကြသည်။
ဆွန်ဖုန်း ၏ မိဘများ သေချာပေါက် လာကြမည် ဖြစ်ပြီး ဟယ်မင်ယီ ၏ မိဘများ၊ လျန်ယင် ၏ မိဘများ စသည်တို့လည်း လာကြမည် ဖြစ်သည်။ ဆွန်ဖုန်း ၏ အဒေါ်များ၊ အဒေါ်ဝမ်းကွဲများကိုတော့ နှစ်သစ်ကူး အိမ်ပြန်ချိန်မှသာ ကျေးလက် ရိုးရာ အတိုင်း ဧည့်ခံပွဲ ကြီးကျယ်စွာ ကျင်းပပေးရန် သူ ဆုံးဖြတ်ထားသည်။
ညရှစ်နာရီ အချိန်တွင် ဆွန်ဖုန်း သည် ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
မပြန်လာမီ ဆွန်ဖုန်း သည် ယန်ရွှယ် ထံသို့ ဖုန်းဆက်ကာ လာကြိုခိုင်းထားခဲ့သည်။
လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ဆွန်ဖုန်း သည် လှပကျော့ရှင်းစွာဖြင့် မျှော်လင့်တကြီး စောင့်နေသော ယန်ရွှယ် ကို မြင်တွေ့လိုက်ရသည်။
"ရွှယ်" ဆွန်ဖုန်း သည် အပြုံးလေးဖြင့် လျှောက်သွားကာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသော ယန်ရွှယ် ကို ဖက်လိုက်ရာ ပတ်ဝန်းကျင်မှ သူစိမ်းများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"ကိုကို... ကို ပြန်ရောက်လာပြီပဲ... ဒီရက်ပိုင်း မင်ယီက ကို ဘာလို့ ပြန်မလာသေးတာလဲ၊ ကလေးက မွေးတော့မှာကို ဆိုပြီး နေ့တိုင်း ညည်းနေတာ" ယန်ရွှယ် က ဆွန်ဖုန်း ၏ ရင်ခွင်ထဲတွင် မှီကာ နူးညံ့စွာ ပြောလိုက်သည်။
"ဟဲဟဲ... အခု ကိုယ် ပြန်ရောက်လာပြီပဲ... လာ အိမ်ပြန်ကြစို့" ဆွန်ဖုန်း သည် ယန်ရွှယ် ကို ဆွဲကာ ကားပေါ် တက်ပြီး ဗန်ကူးဗားရှိ စံအိမ်ဆီသို့ ပြန်လာခဲ့ကြသည်။
မကြာမီ သူတို့ နှစ်ယောက် အိမ်ပြန်ရောက်သွားကြသည်။
ယခုအချိန်တွင် ဟယ်မင်ယီ သည် ဗိုက်ကြီးဖြင့် ဆွန်ဖုန်း ပြန်အလာကို တံခါးဝတွင် မျှော်လင့်တကြီး စောင့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
"မင်ယီ" ဆွန်ဖုန်း သည် ကားပေါ်မှ ဆင်းသည်နှင့် တံခါးဝတွင် ရပ်ကာ ဗိုက်ကို ပွတ်ရင်း သူ့ကို မျက်ရည်ဝဲကာ ကြည့်နေသော ဟယ်မင်ယီ ကို မြင်လိုက်ရသည်။
"လူဆိုးကြီး... ကို မပြန်လာတော့ဘူးလို့ ထင်နေတာ"
ဆွန်ဖုန်း အမြန် လျှောက်သွားကာ ဟယ်မင်ယီ ၏ လက်ငယ်လေးကို ဆွဲပြီး ပြုံး၍ ပြောလိုက်သည်။ "ကဲ... အခု ကိုယ် ပြန်ရောက်လာပြီပဲ... အခုတလော ဘယ်လိုနေလဲ... နေမကောင်းတာ ဘာညာ မရှိဘူးမလား... အစားအသောက်တွေကော ဂရုစိုက်ရဲ့လား... လမ်းကော လျှောက်ရဲ့လား" ဆွန်ဖုန်း သည် ဟယ်မင်ယီ ကို ဆွဲကာ အိမ်ထဲသို့ ဝင်ရင်း ဂရုတစိုက် မေးလိုက်သည်။
"အကုန် ပုံမှန်ပါပဲ... ကလေးက ကောင်းကောင်း ဖွံ့ဖြိုးနေတယ်လို့ ဆရာဝန်က ပြောတယ်... နောက်အပတ် တနင်္လာနေ့ဆိုရင် ခွဲမွေးလို့ ရပြီတဲ့" ဤသို့ ပြောလိုက်ချိန်တွင် ဟယ်မင်ယီ ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အချို့နှင့်အတူ စိတ်လှုပ်ရှားမှု၊ မေတ္တာတရားများလည်း ပေါ်လာသည်။
"ဒီလိုလား... ဒါဆို အရမ်းကောင်းတာပေါ့... နောက်ရက်အနည်းငယ်နေရင် ကိုယ် မင်ယီ့ကို ဆေးရုံမှာ လိုက်စောင့်ပေးပြီး အဆင်သင့် ဖြစ်အောင် လုပ်ပေးမယ်" ဆွန်ဖုန်း ထိုစကားကို ကြားသောအခါ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လာသည်။ နောက်ရက်အနည်းငယ် နေလျှင် အဖေ ဖြစ်တော့မည် မဟုတ်ပါလား။ အချိန်တွေ ကုန်တာ တကယ် မြန်လှသည်။
"ကိုကို... မင်ယီ နည်းနည်း စိတ်ပူနေတယ် ဘယ်လိုလုပ်မလဲ" ဟယ်မင်ယီ က ဆွန်ဖုန်း ၏ အင်္ကျီကို ဆွဲကာ မျက်နှာတွင် စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ မိန်းမများ ပထမဆုံးအကြိမ် ကလေးမွေးရာတွင် ကြောက်ရွံ့ စိုးရိမ်မှုများ ရှိမည်မှာ သေချာပေသည်။
"ဘာမှမဖြစ်ဘူး... ကိုယ် ရှိတယ်လေ... ဘာကြောက်စရာ ရှိလို့လဲ... ကိုယ် မင်ယီ့ဘေးမှာ အမြဲရှိနေပေးမှာပါ" ဆွန်ဖုန်း က ဟယ်မင်ယီ ၏ ဖြူဖွေးနုဖတ်နေသော ပါးပြင်ကို ဆွဲလိမ်ကာ ပြုံး၍ ပြောလိုက်သည်။
"ဒါက ကလေးမမွေးခင် စိုးရိမ်ပူပန်တဲ့ ရောဂါပါ... ကြီးကြီးမားမား ပြဿနာ မရှိပါဘူး... ပြီးတော့ ဆရာဝန်က အချိန်တန်ရင် မေ့ဆေး ပေးမှာပဲ... မနာပါဘူး... စိတ်ချပါ အချစ်ရယ်" ဆွန်ဖုန်း သည် ဟယ်မင်ယီ ကို ဆွဲကာ ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ပြောလိုက်သည်။
"အင်းပါ... ဒါပေမယ့် မင်ယီ နည်းနည်းတော့ စိုးရိမ်နေတုန်းပဲ" ဟယ်မင်ယီ က ပြောလိုက်သည်။
"အဟမ်း အဟမ်း... အဲဒါဆို ကိုယ်တို့ မင်္ဂလာပွဲ အကြောင်း ပြောကြရအောင်... ဒါနဲ့ မင်ယီ့ မိဘတွေကို လာဖို့ အကြောင်းကြားသင့်သလား... ဘာပဲဖြစ်ဖြစ် မင်ယီက တစ်ဦးတည်းသော သမီး ကလေးမွေးမှာလေ" ဆွန်ဖုန်း သည် ဟယ်မင်ယီ ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်သည်။
"မင်ယီ့ အဖေ ဘက်ကိုလား... မလိုပါဘူး... ကလေး တစ်လပြည့်ပြီး မင်္ဂလာဆောင်မှပဲ သူ့ကို ခေါ်လိုက်တော့မယ်" ဟယ်မင်ယီ က ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဒါ သိပ်မကောင်းဘူး ထင်တယ်" ဆွန်ဖုန်း မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားလေတော့သည်။