အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း ၂၂၆ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူခြင်း
ဒုတိယနေ့သို့ ရောက်သောအခါ ဆွန်ဖုန်းသည် စူးမေး၏ ကန့်ကွက်မှုများကို ဂရုမစိုက်တော့ဘဲ ဖုန်းရွေ့ သုတေသနဌာန ဖွဲ့စည်းရေး ကိစ္စရပ်များကို စတင် အကောင်အထည်ဖော်တော့သည်။
ဆွန်ဖုန်းသည် အသံလက်ထောက်နှင့် ကြိုတင် တိုင်ပင်ထားပြီး ဖြစ်သည်။
ပထမခြေလှမ်း အနေဖြင့် ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူခြင်း လုပ်ငန်းစဉ်ကို သုတေသနပြုမည် ဖြစ်ပြီး ယင်းလုပ်ငန်း အောင်မြင်သွားပါက ပိုမို အဆင့်မြင့်မားသော ပင်လယ်ပြင် ရေနံတူးစင်များနှင့် ပင်လယ်ရေထဲမှ မဂ္ဂနီဆီယမ် ထုတ်ယူသည့် ပရောဂျက်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။
သေချာသည်ကတော့ ဆွန်ဖုန်း အနေဖြင့် အရူးတစ်ယောက်နှယ် သိပ္ပံပညာရှင် တစ်သိုက်ကို ငှားရမ်းပြီး ယူရေနီယမ် ထုတ်ယူရေး သုတေသနကို တကယ်တမ်း လုပ်ခိုင်းမည် မဟုတ်ပေ။
ထိုသို့ လုပ်ဆောင်ပါက စူးမေး ပြောသကဲ့သို့ပင် ငွေကုန်ကျမည်သာ အဖတ်တင်ပြီး ကြီးမားသည့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည် မဟုတ်ပေ။
အကယ်၍ ရလဒ် အနည်းငယ် ထွက်ပေါ်လာခဲ့လျှင်တောင်မှ လက်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများက ရှာဖွေတွေ့ရှိထားသော နည်းလမ်းများကို မီနိုင်မည် မဟုတ်ချေ။
၎င်းတို့သည် နှစ်ပေါင်း ၆၀ တိုင်တိုင် သုတေသနပြုကာ အသုံးပြုနေခဲ့ကြပြီး လက်ရှိတွင် ယူရေနီယမ် ထုတ်ယူသည့် နည်းလမ်းသစ်များ မည်မျှပင် အဆင့်မြှင့်တင်ပြီး ဖြစ်ကြောင်းကို မှန်းဆ၍ပင် မရနိုင်ပေ။
ထိုအထဲတွင် အမေရိကန်နှင့် ဂျပန်တို့က ဤသုတေသန အပိုင်း၌ အလွန် ထူးချွန်ကြပြီး ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် ကုန်ကျစရိတ်မှာလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျလာလျက် ရှိသည်။
ယူရေနီယမ်ကို လက်ရှိတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများအတွက် ကုန်ကြမ်းအဖြစ် အများဆုံး အသုံးပြုကြသည်။
အနာဂတ်တွင် နျူကလီးယား စွမ်းအင် အသုံးပြုမှုက ပိုမို ရင့်ကျက်ပြီး ကျယ်ပြန့်လာမည် ဖြစ်ရာ ၎င်းသည် လူသားတို့၏ အဓိက စွမ်းအင်များထဲမှ တစ်ခု ဖြစ်လာပေမည်။
ထို့ကြောင့် ဆွန်ဖုန်းသည် ဤလုပ်ငန်းကို အလွန် အလားအလာရှိသည်ဟု မျှော်မှန်းထားသည်။
သူသာ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူရာတွင် ပိုမို သက်သာသော ကုန်ကျစရိတ်နှင့် ပိုမို အဆင့်မြင့်သော နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါက ဤကြီးမားသော ကိတ်မုန့်ကြီးထဲမှ ဝေစု တစ်ခုကို ရရှိမည်မှာ သေချာပြီး အနာဂတ်တွင် ဤဧရာမ ဈေးကွက်ကြီး တစ်ခုလုံးကို သူ တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်သည်။
လက်ရှိတွင်လည်း လုပ်ငန်းရှင်ကြီး တော်တော်များများက ဤပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူခြင်းကို အလေးထား သုတေသန ပြုလုပ်နေကြသည်။
တရုတ်ပြည်တွင် ပုဂ္ဂလိက လုပ်ငန်းများ မလုပ်ကိုင်နိုင်သော်လည်း နိုင်ငံခြား အရင်းရှင်လောကတွင်မူ အင်အားနှင့် ငွေကြေး တောင့်တင်းသော စက်မှုလုပ်ငန်းကြီးများက ဤကိစ္စကို စတင် လုပ်ဆောင်နေကြပြီ ဖြစ်သလို အစိုးရနှင့် ပူးပေါင်း၍လည်း သုတေသန ပြုလုပ်နေကြသည်။
ယူရေနီယမ်ကို အဓိကအားဖြင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများဆီသို့ ရောင်းချရန် ဖြစ်ပြီး လက်ရှိတွင် အလွန် အရောင်းသွက်သော ပစ္စည်းတစ်ခုပင် ဖြစ်သည်။
ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည် ဆိုသည်မှာ ပင်လယ်ရေထဲရှိ ယူရေနီယမ် ဒြပ်ပေါင်းများကို ထုတ်ယူသည့် လုပ်ငန်းစဉ် ဖြစ်သည်။
ယင်းသုတေသနသည် အဓိကအားဖြင့် စုပ်ယူပစ္စည်း ထုတ်လုပ်ခြင်းနှင့် စုပ်ယူသည့် ကိရိယာ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှု ဟူသော အပိုင်းနှစ်ပိုင်းတွင် အဓိက အာရုံစိုက်ထားသည်။
ထိုအထဲတွင် စုပ်ယူပစ္စည်း သုတေသနလုပ်ခြင်းက အရေးအကြီးဆုံး ဖြစ်ပေသည်။
ဆွန်ဖုန်း၏ ဖုန်းရွေ့ သုတေသနဌာနသည် အဆင့်အမြင့်ဆုံး ယူရေနီယမ် စုပ်ယူပစ္စည်းကို ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
လက်ရှိ ကမ္ဘာပေါ်တွင် ပင်လယ်ရေထဲမှ ယူရေနီယမ် ၀.၄၅ ကီလိုဂရမ် (တစ်ပေါင်) ထုတ်ယူရန် လိုအပ်သော ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၀၀ ခန့် ရှိသည်။
ဆွန်ဖုန်း ထုတ်လုပ်မည့် ယူရေနီယမ် စုပ်ယူပစ္စည်းက ဤထုတ်ယူမှု ကုန်ကျစရိတ်ကို ပိုမို လျှော့ချပေးနိုင်ရန် ဖြစ်သည်။ သို့မှသာ သူ့၏ စုပ်ယူပစ္စည်းက အခြားသူများထက် သာလွန်မည် ဖြစ်သည်။
ထိုအခါကျလျှင် ဤယူရေနီယမ် ဈေးကွက်တွင် သူများတွေထက် ပိုမို ခိုင်မာသော နေရာနှင့် ဈေးကွက်ကို ရယူနိုင်လိမ့်မည်။
သူ၏ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် ကုန်ကျစရိတ် လျော့ကျသွားချိန်တွင် အရောင်းအဝယ် မဖြစ်မည်ကို စိုးရိမ်စရာ လိုသေးသလား။ ဈေးကွက် မရှိမည်ကို စိုးရိမ်စရာ လိုသေးသလား။ ပိုက်ဆံ မရမည်ကို စိုးရိမ်စရာ လိုသေးသလား။
ဆွန်ဖုန်း ဖုန်းရွေ့ သုတေသနဌာန ဖွဲ့စည်းရခြင်းမှာ သူ့၏ အဆင့်မြင့် စုပ်ယူပစ္စည်း ပေါ်ထွက်လာမှုအတွက် အကြောင်းပြချက်တစ်ခု ဖန်တီးချင်ရုံ သက်သက်သာ ဖြစ်သည်။ သို့မှသာ ရဲရဲဝံ့ဝံ့ ဆက်လက် လုပ်ကိုင်နိုင်မည် မဟုတ်ပါလား။
ကျန်သည့် ပရောဂျက် နှစ်ခုနှင့် ပတ်သက်ပြီး ပြောရလျှင် တစ်ခုက အဆင့်မြင့် ပင်လယ်ပြင် ရေနံတူးစင်ကို သုတေသန လုပ်ရန် ဖြစ်ပြီး ယင်းမှာ ဆွန်ဖုန်း၏ ရေနံ အင်ပါယာ ကြီးစိုးရေးအတွက် ကြိုတင် ပြင်ဆင်မှု ဖြစ်သည်။
သူသည် အနှေးနှင့်အမြန် ရေနက်ပိုင်းမှ ရေနံများကို တူးဖော်ရမည် ဖြစ်ရာ ရေနံများကို ခိုးကြောင်ခိုးဝှက် ထုတ်ရောင်းနေ၍တော့ မဖြစ်ပေ။ ထိုသို့ လုပ်ခြင်းက အလွန် ရှုပ်ထွေးလွန်းလှသည်။
ဆွန်ဖုန်းဆီတွင် ပင်လယ်ထဲရှိ ရေနံမြေကြီးများကို အကုန် သိမ်းပိုက်နိုင်လောက်မည့် ငွေကြေး အလုံအလောက် ရလာသည့် အချိန်ကျလျှင် ဤပင်လယ်ပြင် ရေနံတူးစင်၏ အသုံးဝင်မှုက ထင်ရှားလာမည် ဖြစ်သည်။
နောက်တစ်ခုဖြစ်သည့် ပင်လယ်ရေထဲမှ မဂ္ဂနီဆီယမ် ထုတ်ယူခြင်းကလည်း ဆွန်ဖုန်း၏ လုပ်ငန်းကဏ္ဍသစ်ဆီ စတင် ခြေလှမ်းမည့် စမ်းသပ်မှု တစ်ခု ဖြစ်ပေသည်။
ဆွန်ဖုန်းက ယခုအချိန်တွင် သူ၏ ဖုန်းရွေ့ စက်မှုလုပ်ငန်းစုကြီးမှာ တဖြည်းဖြည်း ကြီးထွားလာပြီး သူ့လက်အောက်က လုပ်ငန်းများလည်း များပြားလာကာ စူပါ ဖုန်းရွေ့ စက်မှုလုပ်ငန်းစုကြီး တစ်ခု ဖြစ်လာမည်ဟု တွေးတောနေမိသည်။
သူသည် ဖုန်းရွေ့ သုတေသနဌာနကို အရင်ဖွဲ့စည်းပြီး သိပ္ပံပညာရှင် တချို့ကို ဟန်ပြအနေဖြင့် ငှားရမ်းမည်။
ထို့နောက် အသိဉာဏ်တု စက်ရုပ်ကို နာမည်ကြီး သိပ္ပံပညာရှင်ကြီးအဖြစ် ဟန်ဆောင်ခိုင်းပြီး လက်ရှိတွင် စုပ်ယူပစ္စည်းကို သုတေသန လုပ်နေသည်ဟု ပြသရန် စီစဉ်ထားသည်။
အချိန်အတန်ကြာပြီးသည့်အခါ စုပ်ယူပစ္စည်း အသစ် ထွက်လာပြီဟု ကြေညာလိုက်ရုံသာ ဖြစ်သည်။
ရုံးခန်းထဲတွင် ဆွန်ဖုန်းက သူ၏ အစီအစဉ်များကို ရေးဆွဲပြီးနောက် အသံလက်ထောက်အား မေးလိုက်သည်။
"အသံလက်ထောက်... မင်းဆီမှာ ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူနိုင်မယ့် စုပ်ယူပစ္စည်း အသစ်ကို တီထွင်နိုင်ဖို့ သေချာမှု ရှိလား"
"အစီရင်ခံပါတယ် လက်ခံသူ... ငါတို့ X ဂလက်ဆီမှာ ယူရေနီယမ် ဆိုတဲ့ ဒြပ်စင် မရှိပါဘူး... ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ အာမခံချက် အပြည့်အဝ မရှိဘူး... ဒါပေမယ့် ငါ တစ်ပတ်လောက် လေ့လာပြီးတဲ့ နောက်မှာတော့ သီအိုရီအရ ပင်လယ်ရေထဲက သနားစရာ ကောင်းလောက်အောင် နည်းပါးလှတဲ့ ယူရေနီယမ်တွေကို စုပ်ယူဖို့ ဆိုတာ ငါ့လို ကြီးမြတ်တဲ့ သူအတွက်တော့ သိပ်မခက်ခဲပါဘူး... မနေ့ကပဲ ငါ စုပ်ယူပစ္စည်း အသစ် တစ်မျိုးကို တီထွင်ပြီးပြီ... မင်းတို့ ကမ္ဘာက လက်ရှိ စုပ်ယူပစ္စည်းတွေ ထက် နည်းနည်းလေး ပိုအဆင့်မြင့်ရုံပါပဲ"
အသံလက်ထောက်က ဤတစ်ကြိမ်တွင် အရင်ကလို အကြီးအကျယ် ကြွားလုံးထုတ်ခြင်းမျိုး မရှိတော့ချေ။ သူ တီထွင်လိုက်သည့် အရာကို သူကိုယ်တိုင် အားမရ၍ ဖြစ်ပုံရသည်။ ကမ္ဘာမြေသားများထက် အနည်းငယ်သာ ပိုအဆင့်မြင့်သည်တဲ့လေ။
"အခု ဘယ်လို ရလဒ်တွေ ရထားပြီလဲ... ပြောပြပါဦး"
အသံလက်ထောက်၏ စကားကို ကြားသောအခါ အနည်းငယ် တိုးတက်မှု ရှိနေပြီဆိုသည်ကို ဆွန်ဖုန်း မထင်မှတ်ထားခဲ့ပေ။ စုပ်ယူပစ္စည်း အသစ် တစ်မျိုး တီထွင်ပြီးပြီဟု ပြောခဲ့သည် မဟုတ်ပါလား။
လက်ရှိ ကမ္ဘာမြေ၏ ယူရေနီယမ် စုပ်ယူပစ္စည်းထက် အနည်းငယ် ပိုအဆင့်မြင့်သည်ဟု ပြောသော်လည်း အနည်းငယ်ဆိုလျှင်လည်း အနည်းငယ်ပေါ့။ အဆင့်မြင့်သည် ဆိုလျှင်ကို လုံလောက်နေပြီ ဖြစ်သည်။
ယူရေနီယမ် စုပ်ယူပစ္စည်း တစ်ခုတွင် ပထမဆုံးအနေဖြင့် စုပ်ယူနိုင်စွမ်း ကြီးမားရမည်၊ စုပ်ယူမှု မြန်ဆန်ရမည်၊ ရွေးချယ်နိုင်စွမ်း ကောင်းမွန်ရမည်၊ ဓာတုဗေဒပိုင်း တည်ငြိမ်မှု ရှိရမည်၊ စက်ပိုင်းဆိုင်ရာ ခိုင်ခံ့မှု ကောင်းမွန်ရမည်၊ ဆေးကြောသန့်စင်ရန် လွယ်ကူရမည်၊ ပင်လယ် ပတ်ဝန်းကျင်ကို မညစ်ညမ်းစေရပေ။ ပြီးတော့ အရေးအကြီးဆုံး အချက်က ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာရမည် ဖြစ်သည်။
လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူခြင်းကို သုတေသန ပြုလုပ်နေကြသည်မှာ ဤအချက်များကို ဗဟိုပြု၍ လုပ်နေကြခြင်းပင် ဖြစ်သည်။
အကျိုးသက်ရောက်မှု ကောင်းမွန်ပြီး စုပ်ယူပစ္စည်း ထုတ်လုပ်သည့် ကုန်ကျစရိတ် သက်သာရမည် ဖြစ်သည်။ ဒါမှသာ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် ကုန်ကျစရိတ်က လျော့ကျသွားမည် ဖြစ်သည်။
"လက်ရှိ ငါ တီထွင်ထားတဲ့ ယူရေနီယမ် စုပ်ယူပစ္စည်း အသစ်ကို X စုပ်ယူပစ္စည်း လို့ နာမည်ပေးထားတယ်... ပင်လယ်ရေထဲကနေ ယူရေနီယမ် တစ်ပေါင် ၀.၄၅ ကီလိုဂရမ် ကို ထုတ်ယူဖို့ အမေရိကန် ဒေါ်လာ ၂၇၀ ပဲ ကုန်ကျမယ်... ဆိုလိုတာက လက်ရှိ ကမ္ဘာမြေရဲ့ ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူတဲ့ ကုန်ကျစရိတ် ထက် ၁၀ ရာခိုင်နှုန်း လောက် ပိုသက်သာသွားတာပေါ့... ကုန်ကျစရိတ်ကို ပိုလျှော့ချချင်ပြီး ပိုအဆင့်မြင့်ချင်ရင်တော့ ငါ ထပ်ပြီး သုတေသန လုပ်ဖို့ လိုသေးတယ်... အခုလောလောဆယ်တော့ ဘာရလဒ်မှ ထွက်လာဦးမှာ မဟုတ်ဘူး"
အသံလက်ထောက်က ရှင်းပြလိုက်သည်။
"ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်း လျော့ကျသွားတာလား... မဆိုးဘူးပဲ... သူများတွေက ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ ဒေါ်လာ ၃၀၀ ကုန်ကျချိန်မှာ ငါက ၂၇၀ ပဲ ကုန်ကျမယ် ဆိုတော့ ငါတို့က သူတို့ထက် နည်းနည်းလေး သာသွားပြီ မဟုတ်လား"
ဆွန်ဖုန်းက ရယ်မောလိုက်သည်။ ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းသာ လျော့ကျသွားသော်လည်း သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။
ဤအရာက အလွယ်တကူ ကြီးမားသည့် အောင်မြင်မှု ရနိုင်မည့် အရာမျိုး မဟုတ်ပေ။ ရေနက်ပိုင်း တူးဖော်ရေး အသိဉာဏ်တု စက်ရုံကြီးကလည်း နတ်ဘုရား မဟုတ်သလို အရာအားလုံးကို တတ်စွမ်းနိုင်သည် မဟုတ်ချေ။
ဘာကြောင့် အသံလက်ထောက်ဆီတွင် ဤအတွေ့အကြုံနှင့် သုတေသန စွမ်းရည်များ ရှိနေရသလဲဟု မေးလျှင် အသံလက်ထောက်က ဆွန်ဖုန်းကို ပြောပြခဲ့ဖူးသည်။ X ဂလက်ဆီရှိ ဂြိုဟ်တော်တော်များများတွင် သမုဒ္ဒရာများ ရှိပြီး ပင်လယ်ရေထဲမှ ဒြပ်စင် စွမ်းအင် ထုတ်ယူခြင်းနှင့် ပတ်သက်သည့် အလားတူ သုတေသန လုပ်ငန်းများ ရှိသည်ဟု ဆိုသည်။
"ငါတို့ ရေနက်ပိုင်း တူးဖော်ရေး အသိဉာဏ်တု စက်ရုံက ဂြိုဟ်တွေရဲ့ အစိုင်အခဲ အရည် ဓာတ်ငွေ့ စတဲ့ စွမ်းအင်တွေကို တူးဖော် သုတေသန ပြုလုပ်ရုံသာမက ငါတို့ X ဂလက်ဆီမှာလည်း ရေထဲကနေ ဒြပ်စင် စွမ်းအင် ထုတ်ယူတဲ့ အပိုင်းကို သုတေသန ပြုလုပ်ထားတာ ရှိတယ်... ငါ မှတ်မိသလောက်ဆို ဂြိုဟ်တော်တော်များများရဲ့ သမုဒ္ဒရာတွေထဲမှာ ချိ လို့ ခေါ်တဲ့ ဒြပ်စင် တစ်မျိုး ရှိတယ်... ဒီဒြပ်စင်က X ဂလက်ဆီက ဂြိုဟ်တော်တော်များများရဲ့ သမုဒ္ဒရာတွေထဲမှာ ရှိတယ်... အဲ့ဒီဒြပ်စင်မှာ ပြင်းထန်တဲ့ အပူ စွမ်းအင်တွေ ပါဝင်တယ်... နောက်ပိုင်း သုတေသန လုပ်ကြည့်တော့ သူတို့ကို စွမ်းအင် အဖြစ် အသုံးပြုလို့ ရတယ် ဆိုတာ တွေ့ရတယ်... ချိ ဒြပ်စင်ကို ပင်လယ်ရေထဲကနေ ထုတ်ယူပြီး တခြား ဒြပ်စင်တွေနဲ့ ပေါင်းစပ် ချက်လုပ်လိုက်ရင် ချိဟယ် လို့ ခေါ်တဲ့ စွမ်းအင်သစ် တစ်မျိုးကို ရနိုင်တယ်... ဒီ ချိဟယ် စွမ်းအင်ကို အလယ်အလတ် အဆင့် စွမ်းအင် အဖြစ် သတ်မှတ်ထားပြီး တော်တော်လေး ကောင်းမွန်တဲ့ စွမ်းအင် တစ်မျိုးပါပဲ"
"ဒါပေမယ့် မင်းတို့ ကမ္ဘာမြေရဲ့ သမုဒ္ဒရာတွေ ထဲမှာတော့ ချိ လို့ ခေါ်တဲ့ ဒြပ်စင်ကို ငါ မတွေ့ရဘူး... ဂလက်ဆီ မတူလို့ ဒေသ မတူလို့ မရှိတာကိုလည်း နားလည်ပေးလို့ ရပါတယ်"
အသံလက်ထောက်က ဆက်ပြောသည်။
"ဪ ဒီလိုကိုး... ဒါဆို မင်း ကမ္ဘာမြေပေါ်မှာ အလယ်အလတ် အဆင့် စွမ်းအင် ဒါမှမဟုတ် အဆင့်နိမ့် အဆင့် စွမ်းအင် ဖြစ်လာနိုင်တဲ့ ဘယ်ဒြပ်စင်တွေကိုများ တွေ့သေးလဲ"
ဆွန်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အကယ်၍ သူ့ဆီတွင် အောက်ဆုံး အဆင့် စွမ်းအင်ကို ရေနက်ပိုင်း တူးဖော်ရေး အသိဉာဏ်တု စက်ရုံအတွက် အသုံးပြုနိုင်မည် ဆိုပါက သူ့၏ ရွှေလက်ချောင်း စွမ်းဆောင်ရည်က အများကြီး တိုးတက်လာမည် ဖြစ်သည်။
"တောင်းပန်ပါတယ် လက်ခံသူ... မင်း နည်းနည်းတော့ စိတ်ပျက်သွားလိမ့်မယ်... ကမ္ဘာမြေပေါ်မှာ တန်ဖိုးရှိတဲ့ စွမ်းအင် ဘာတစ်ခုမှ ငါ မတွေ့ရဘူး... မင်းတို့ ကမ္ဘာမြေရဲ့ နျူကလီးယား စွမ်းအင် ဆိုတာတောင် အဆင့်နိမ့် အဆင့် စွမ်းအင် စာရင်းထဲ မဝင်ဘူး"
အသံလက်ထောက်က ဆွန်ဖုန်းအား အညှာအတာမဲ့စွာ ပြောလိုက်သည်။
"ကောင်းပါပြီ... ကမ္ဘာမြေက ဒီလောက်တောင် အခြေအနေ ဆိုးနေတာကိုး"
ဆွန်ဖုန်းက အနည်းငယ် စိတ်ပျက်သွားသည်။ တကယ်လို့ သူသာ အဆင့်နိမ့် စွမ်းအင်ကို အသုံးပြုနိုင်ပါက ပိုပြီး လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။
"အမှန်တိုင်း ပြောရရင် လက်ခံသူ... မင်းတို့ ဒီ နေအဖွဲ့အစည်းနဲ့ နဂါးငွေ့တန်း ဂလက်ဆီက အဆင့် နည်းနည်း နိမ့်တယ်... သက်ရှိ ဆင့်ကဲပြောင်းလဲမှု အပိုင်းမှာရော နည်းပညာ တိုးတက်မှု အပိုင်းမှာပါ အဆင့်နိမ့်တယ်... တကယ်လို့ ဂြိုဟ်သားတွေသာ ကမ္ဘာကို ကျူးကျော်လာရင် မင်းတို့ ကမ္ဘာမြေသားတွေက ကျွန်ပြုခံရရင် ခံရ... မခံရရင် မျိုးသုဉ်းသွားနိုင်တယ်"
အသံလက်ထောက်က ပြောလိုက်သည်။
"ကောင်းပါပြီ မင်း အရမ်း အဝေးကြီးတွေးနေပြီ... ဂြိုဟ်သားတွေ လာလည်း စူပါမင်းတွေ ရှိသေးတာပဲ... ငါနဲ့ ဘာဆိုင်လို့လဲ... ငါက ဖုန်းရွေ့ သုတေသနဌာနကို ဘယ်လို ဖွဲ့စည်းရမလဲ ဆိုတာကိုပဲ စဉ်းစားရမယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။ သူက ကယ်တင်ရှင်လည်း မဟုတ်သလို လက်ရှိအချိန်ထိ ဂြိုဟ်သား ဆိုတာကိုလည်း မမြင်ဖူးသေးပေ။
အင်း... သူ့၏ ရွှေလက်ချောင်းလေးကလွဲရင်ပေါ့။ ဒီရွှေလက်ချောင်းလေးကြောင့်သာ ဤစကြဝဠာကြီးထဲတွင် လူသားတွေသာ ရှိနေတာ မဟုတ်ဘူး ဆိုသည်ကို သူ သိခွင့်ရခဲ့ခြင်း ဖြစ်သည်။