အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း ၂၃၁ - ကမ္ဘာတစ်ဝန်း အာရုံစိုက်မှု
သတင်းစာ ရှင်းလင်းပွဲမှာ တစ်နာရီကျော်ကြာမှ ပြီးဆုံးသွားခဲ့သည်။ လူစုကွဲသွားချိန်တွင် ဆွန်ဖုန်းသည် သူ အသစ်ဝယ်ထားသော ဖာရာရီကားကို မောင်းနှင်ကာ လူစီကို တင်ဆောင်ပြီး ညစာ စားရန် ထွက်ခွာခဲ့သည်။
ကားပေါ်တွင် လူစီသည် အနည်းငယ် ပြုံးရွှင်နေသည်။ ယနေ့ သူမ၏ ဖျော်ဖြေတင်ဆက်မှုနှင့် မီဒီယာများ၏ ချီးကျူးမှုများအပေါ် သူမ အလွန် ကျေနပ်နေခြင်း ဖြစ်သည်။
မကြာမီတွင် သူမ၏ နာမည်မှာ သတင်းစာများ၊ သတင်းများတွင် ပျံ့နှံ့သွားတော့မည်။ အကြောင်းရင်းမှာ သူမသည် ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူခြင်းနှင့် ပတ်သက်သည့် တော်လှန်ပြောင်းလဲမှုဆန်သော စာတမ်းကို ဖတ်ကြားခဲ့ခြင်းနှင့် X စုပ်ယူပစ္စည်း၏ ပင်မ သုတေသီ ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။
တကယ်တမ်းတွင် ဤအရာများမှာ အတုအယောင်များသာ ဖြစ်ပြီး သူမနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း ပြင်ပလောက အတွက်မူ သူမသည်သာ ဖြစ်သည်။ သူမ၏ ကြိုးစားမှုက အကျိုးအမြတ် ပြန်ရနေပြီ မဟုတ်ပါလား။
လူစီသည် ကားကို အာရုံစိုက် မောင်းနှင်နေသော ဆွန်ဖုန်းကို စောင်းငဲ့ကြည့်လိုက်သည်။
သူမသည် ဤအနည်းငယ် ရွံစရာကောင်းသော သူဌေးအပေါ် အမည်မဖော်နိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဖြစ်နိုင်သည်မှာ အတူတူ အချိန်ကြာမြင့်စွာ ရှိနေခဲ့သဖြင့် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်မျိုး ဖြစ်ပေလိမ့်မည်။
"သူဌေး... ကျွန်မတို့ သုတေသနဌာနက တီထွင်လိုက်တဲ့ X စုပ်ယူပစ္စည်းက လုပ်ငန်းခွင်ထဲက တခြား ကုမ္ပဏီကြီးတွေရဲ့ အာရုံစိုက်မှုကို ရရှိတော့မှာ သေချာတယ်... သူတို့က ဒီဖော်မြူလာကို ဈေးကြီးပေးပြီး ဝယ်ယူသွားဖို့ ကြိုးစားလာလိမ့်မယ်" ဟု လူစီက ကားအတွင်းရှိ အနေခက်သော လေထုကို ဖြေလျှော့ရန် ပြောလိုက်သည်။
ဤကာလအတွင်း လူစီသည် ဆွန်ဖုန်းနှင့် စကားပြောလေ့ မရှိပေ။ ဖြစ်နိုင်သည်မှာ ဆွန်ဖုန်းကို သူမ စိတ်ထဲတွင် ရွံမုန်းနေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ယနေ့ပြီးနောက်တွင်မူ ရွံမုန်းနေလျှင်ရော ဘာတတ်နိုင်မှာလဲဟု သူမ တွေးမိသည်။
ဘဝ ဆိုသည်မှာ ဤသို့ပင် မဟုတ်ပါလား။ ထို့အပြင် ဤတရုတ် လူငယ်သည် ချောမောရုံသာမက စွမ်းရည်လည်း ရှိသည်။
သူမထက် အသက် လေးငါးနှစ်မျှ ငယ်သော်လည်း ဤမျှသော လုပ်ငန်းကို တည်ထောင်နိုင်ခဲ့သည်။
ဤကဲ့သို့ အရည်အချင်းရှိပြီး ချမ်းသာသော သူဌေးမျိုးကို မိန်းကလေးများစွာက လိုက်လံ ပိုးပန်းကြမည်မှာ အမှန်ပင် ဖြစ်သည်။
"ဈေးကြီးပေးပြီး ဝယ်ယူမယ် ဟုတ်လား... ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် စုပ်ယူပစ္စည်းကို တီထွင်တာက ပိုက်ဆံရဖို့ပဲ မဟုတ်လား... ဘယ်လိုနည်းနဲ့မဆို အမြတ်ရရင် ပြီးတာပဲ... ဒီနည်းနဲ့ဆိုရင် ပိုက်ဆံ ပိုမြန်မြန် ရနိုင်သေးတယ်" ဟု ဆွန်ဖုန်းက လုံးဝ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
X စုပ်ယူပစ္စည်းက ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းသာ လျှော့ချနိုင်သေးသည်ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် အလွန်အမင်း မကျေနပ်သေးပေ။ သူသည် ကုန်ကျစရိတ်ကို ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပို၍ လျှော့ချနိုင်မည့် ပစ္စည်းအသစ်ကို လိုချင်နေခြင်း ဖြစ်သည်။
"သူဌေး... ဒါက အဆင့်မြင့်တဲ့ စုပ်ယူပစ္စည်းအသစ် ဖြစ်နေတာ... ဘယ်လိုလုပ်ပြီး တခြားသူတွေကို ရောင်းပေးနိုင်မှာလဲ... ဒီ ပစ္စည်းကြောင့်ပဲ ကျွန်မတို့ တည်ဆောက်မယ့် စက်ရုံက ဘယ်လောက်တောင် အမြတ်ရနိုင်မလဲ စဉ်းစားကြည့်ပါဦး" ဟု လူစီက နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
"ဟင်းဟင်း... ဒါက သိပ္ပံပညာရှင်နဲ့ စီးပွားရေးသမားရဲ့ ကွာခြားချက်ပဲ" ဟု ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။ သူသည် အမြတ်မရမည့် အလုပ်မျိုးကို ဘယ်တော့မှ လုပ်မည် မဟုတ်ပေ။ လူစီ ပြောသည့် စကားကို သူ မစဉ်းစားဘဲ နေပါ့မလား။
"ကောင်းပါပြီ... ကျွန်မရဲ့ လုပ်ငန်းရှင်ကြီးရေ" ဟု လူစီက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ ဆွန်ဖုန်းက သူမကို ခနဲ့နေသည်ဟု သူမ ခံစားလိုက်ရသည်။
...
ဖုန်းရွေ့ သုတေသနဌာနက ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူနိုင်သည့် X စုပ်ယူပစ္စည်းအသစ်ကို တီထွင်နိုင်ခဲ့သည်ဟူသော သတင်းမှာ မီဒီယာများမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ရွှေသင်္ဘောစုကို ပိုင်ဆိုင်သူသည် ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် စွမ်းအင် လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း လူအများ သိရှိသွားကြသည်။
ကနေဒါ ရုပ်မြင်သံကြား ညသတင်း - "ဖုန်းရွေ့ သုတေသနဌာနက X စုပ်ယူပစ္စည်းအသစ်ကို တီထွင်နိုင်ခဲ့ပါတယ်။ ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ ကုန်ကျစရိတ် ဒေါ်လာ ၂၇၀ သာ ရှိတော့ပြီး လက်ရှိ နည်းလမ်းတွေထက် ၁၀ ရာခိုင်နှုန်း သက်သာသွားပါတယ်... ဒီသတင်းက ဖုန်းရွေ့ သုတေသနဌာနက စွမ်းအင် လုပ်ငန်းနယ်ပယ်ကို တကယ်ပဲ ဝင်ရောက်တော့မယ် ဆိုတာကို ပြသလိုက်တာပါပဲ... နှစ်လတောင် မပြည့်သေးတဲ့ သုတေသနဌာနက ဒီလောက်အထိ တိုးတက်မှု ရရှိတာဟာ အံ့ဩစရာပါပဲ... ဆွန်ဖုန်းကတော့ သူ့အနေနဲ့ ဒီသုတေသနကို ခြောက်လလောက် ကတည်းက လျှို့ဝှက် လုပ်ဆောင်နေခဲ့တာလို့ ပြောပါတယ်"
အမေရိကန် တိုင်းမ်သတင်းစာ - "X စုပ်ယူပစ္စည်းအသစ်ကြောင့် ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တာဟာ တကယ်ကို မယုံနိုင်စရာပါပဲ... လူစီရဲ့ အဆိုအရ နည်းပညာ ခေတ်ကြီးမှာ ဆန်းသစ်တီထွင်မှု မရှိရင် နောက်ပြန်ဆုတ်သွားလိမ့်မယ် ဆိုတာ မှန်ကန်ပါတယ်"
အင်္ဂလန် ညသတင်း - "၂၈ နှစ်အရွယ် ပါရဂူမလေး လူစီ ဦးဆောင်တဲ့ ဖုန်းရွေ့ သုတေသနဌာနက သမိုင်းဝင် X စုပ်ယူပစ္စည်းကို တီထွင်နိုင်ခဲ့ပါတယ်။ သူမဟာ ဒီနှစ်ရဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင် ၁၀ ဦးထဲမှာ တစ်ဦးအဖြစ် ပါဝင်လာမှာ သေချာပါတယ်။ အနာဂတ်မှာ နျူကလီးယား စွမ်းအင်က အဓိက ဖြစ်လာမှာမို့ ဒီတီထွင်မှုက အလွန် အရေးပါလှပါတယ်"
မကြာမီပင် ဤသတင်းမှာ ပြင်ပလောကတွင် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် လုပ်ငန်းရှင်ကြီးများစွာက ဤသတင်းကို ကြားသောအခါ X စုပ်ယူပစ္စည်းအပေါ် လောဘဇောကပ်သွားကြသည်။
ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းက သူတို့အတွက် ငွေပမာဏ မည်မျှ ပိုရရှိစေမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဤပစ္စည်းကိုသာ ရရှိသွားပါက ထုတ်လုပ်မှု ပမာဏ တိုးတက်လာပြီး အမြတ်လည်း ပိုရနိုင်ပေမည်။
ထို့ကြောင့် လုပ်ငန်းရှင်ကြီး အများအပြားသည် ဖုန်းရွေ့ သုတေသနဌာနနှင့် ဆက်သွယ်ရန် ကြိုးစားလာကြသည်။
အချို့ကလည်း ခြိမ်းခြောက်မှုများကို ခံစားလာရပြီး မိမိတို့ ကုမ္ပဏီ အတွင်းရှိ သုတေသန ဌာနများကို အရှိန်မြှင့်ရန် အမိန့်ပေးကြသည်။
အထူးသဖြင့် ဂျပန်တို့က ဤ X စုပ်ယူပစ္စည်းအပေါ် အလွန် စိတ်ဝင်စားနေကြသည်။ ဂျပန်နိုင်ငံသည် စွမ်းအင်နှင့် အရင်းအမြစ် လိုအပ်ချက်များသော နိုင်ငံဖြစ်ရာ နျူကလီးယား စွမ်းအင်ပိုင်းတွင် ကမ္ဘာ့ထိပ်တန်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် အခြေအနေကြောင့် ဂျပန်တို့၏ စွမ်းဆောင်ရည်မှာ အလွန် မြင့်မားသည်။
ယခု ဖုန်းရွေ့ သုတေသနဌာန၏ တိုးတက်မှုအပေါ် သူတို့ လွန်စွာ စိတ်ဝင်စားနေပြီး ဤ X စုပ်ယူပစ္စည်းကို ရရှိအောင် ကြိုးစားနေကြတော့သည်။