အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း ၂၃၅ - လမ်းပျောက်ခြင်း
ရေငုပ်စစ်ဝတ်စုံကို အမြန်ဆုံး အမြန်နှုန်းဖြင့် မောင်းနှင်လာခဲ့ရာ နာရီအနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ဘာမြူဒါတြိဂံ ပင်လယ်ပြင်အနီးသို့ ရောက်ရှိလာခဲ့သည်။
သတိထားသည့်အနေဖြင့် ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေထောက်လှမ်းရေး စနစ်ကို ဖွင့်ထားလိုက်သည်။ သို့မှသာ တစ်စုံတစ်ရာ ထူးခြားသော အခြေအနေများ ရှိပါက ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။
ကီလိုမီတာ ၃၅၀ ပတ်လည် အကျယ်အဝန်းကို ထောက်လှမ်းနိုင်သော စနစ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခွင်ရှိ အခြေအနေ အားလုံးသည် ဆွန်ဖုန်း၏ မျက်စိအောက်သို့ ရောက်ရှိလာသည်။
မကြာမီပင် ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ ဘာမြူဒါတြိဂံ ပင်လယ်ပြင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ရှာဖွေရေးစနစ် ဖွင့်ထားသဖြင့် အနည်းငယ် ရှေ့သို့ တိုးသွားပြီး မကြာခင်မှာပင် အသံလက်ထောက်ထံမှ အသိပေးချက်တစ်ခုကို ဆွန်ဖုန်း လက်ခံရရှိလိုက်သည်။
ကီလိုမီတာ ၃၅၀ ပတ်လည်အတွင်းတွင် နစ်မြုပ်နေသော သင်္ဘော နှစ်စင်းကို ရှာဖွေ တွေ့ရှိထားပြီ ဖြစ်သည်။
ဤသတင်းကြောင့် ဆွန်ဖုန်း အနည်းငယ် အံ့ဩသွားမိသည်။
ဒီနှစ်ရာချီအတွင်း ဘာမြူဒါတြိဂံမှာ သင်္ဘောတွေ အတော်များများ နစ်မြုပ်ခဲ့တာ အမှန်ပဲ... ကီလိုမီတာ ၃၅၀ အတွင်းမှာတင် နစ်မြုပ်နေတဲ့ သင်္ဘော နှစ်စင်းကို တွေ့လိုက်ရပြီကိုး... ဟု ဆွန်ဖုန်း တွေးလိုက်မိသည်။
"သေချာ အသေးစိတ် စစ်ဆေးကြည့်လိုက်ပါဦး... တန်ဖိုးကြီး ရတနာတွေ ဘာတွေများ ပါမလားလို့..." ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်သည်။
"ပုံရိပ်ယောင် စကင်ဖတ်စစ်ဆေးမှုကို စတင်နေပါပြီ... စစ်ဆေးနေဆဲ... စစ်ဆေးမှု ပြီးဆုံးပါပြီ..."
"သခင်... ဒီနစ်မြုပ်နေတဲ့ သင်္ဘော နှစ်စင်းစလုံးက ခေတ်သစ် ကုန်တင်သင်္ဘောတွေပါ... ရတနာသိုက် ဆိုတာမျိုး လုံးဝ မရှိပါဘူး... လျစ်လျူရှုလိုက်လို့ ရပါတယ်..." ဟု အသံလက်ထောက်က အစီရင်ခံသည်။
"ကျစ်... ငါ ပြောသားပဲ... ဘာမြူဒါတြိဂံကို လာတာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့... မင်းကသာ အတင်း လာချင်နေတာ... ကြည့်စမ်း... သင်္ဘောပျက် နှစ်စင်း တွေ့တာတောင် ဘာအကျိုးအမြတ်မှ မရဘူး... တောင်တရုတ်ပင်လယ်က ရှေးဟောင်း ရေကြောင်းလမ်းဘက် သွားပြီး လျှောက်ရှာရင်တောင် ရှေးဟောင်းပစ္စည်းတွေ ပါတဲ့ သင်္ဘောပျက်တွေ တွေ့နိုင်သေးတယ်..."
ဆွန်ဖုန်းက မကျေမနပ်ဖြင့် ငြီးတွားလိုက်သည်။
"သခင်... နေ့တိုင်း သင်္ဘောပျက်တွေချည်း လိုက်ဆယ်နေရတာ ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ... ကျွန်တော်တို့က စွန့်စားခရီး ထွက်ရမှာ... စွန့်စားရတာကမှ စိတ်လှုပ်ရှားစရာ ကောင်းတာ..." ဟု အသံလက်ထောက်က အသံကို မြှင့်ကာ ပြန်ပြောလိုက်သည်။
"စွန့်စားခရီး ခေါင်းကြီးကို ထွက်... ဒီမှာ သင်္ဘောပျက် အစုတ်လေးတွေကလွဲပြီး ဘာများ စွန့်စားစရာ ရှိလို့လဲ..."
ဆွန်ဖုန်းက ရေငုပ်စစ်ဝတ်စုံ၏ မျက်နှာပြင်ကို ကြည့်ရင်း ပြောလိုက်သည်။
ကီလိုမီတာ ရာနှင့်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်အတွင်း ရေစီးကြောင်းများ ဆုံတွေ့ရာမှ ဖြစ်ပေါ်လာသော ရေစီးကြမ်းများ၊ အန္တရာယ်ရှိသော ရေဝဲများမှလွဲ၍ ထူးထူးခြားခြား ဘာမှ မရှိသည်ကို သူ တွေ့မြင်နေရသည်။ လျှို့ဝှက်ဆန်းကြယ်သည့် အရာများ ဆိုသည်ကား ဝေလာဝေးပင်။
"အို... သခင်... ဟိုရှေ့ ကီလိုမီတာ ၃၀၀ လောက်အကွာမှာ လူသားတွေရဲ့ ကယ်ဆယ်ရေး သင်္ဘော နှစ်စင်းကို တွေ့ရတယ်... ကြည့်ရတာ ဒီလအတွင်း ပျောက်ဆုံးသွားတဲ့ သင်္ဘောတွေကို လိုက်ရှာနေပုံပဲ... ကျွန်တော်တို့ သွားပြီး ကြည့်ကြမလား..."
အသံလက်ထောက်က ရုတ်တရက် သတိပေးလာသည်။
ထိုအချိန်တွင် ဆွန်ဖုန်းလည်း ရေငုပ်စစ်ဝတ်စုံ၏ မျက်နှာပြင်မှတစ်ဆင့် ရှေ့ ကီလိုမီတာ ၃၀၀ အကွာ၌ သင်္ဘော နှစ်စင်း ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
"ကောင်းပြီလေ... မင်းရဲ့ စပ်စုချင်စိတ်ကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ သွားကြည့်ကြတာပေါ့... ဒါပေမဲ့ ငါ ကြိုပြောထားမယ်နော်... ဒီတစ်ခေါက် ပြီးရင် ဂျပန်ပင်လယ်ဘက်ကို ပြန်ပြီး တူနာငါး သွားဖမ်းတော့မှာ... ဒီမှာက ဘာမှ ထူးခြားတာ မရှိဘူး..."
ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်သည်။ ဤမျှ ပျင်းစရာကောင်းသော ကိစ္စမျိုးကို သူ ဆက်ပြီး မလုပ်ချင်တော့ပေ။ အိမ်ပြန်ပြီး ဇနီးသည်များကို ဖက်ကာ ပျော်ပျော်ရွှင်ရွှင် နေရသည်ကမှ ပိုကောင်းသေးသည်။
"ရပါတယ် ရပါတယ်..."
အသံလက်ထောက်မှာလည်း စိတ်ဝင်စားမှု လျော့ကျသွားပုံ ရသည်။ ဒီနေရာသို့ ရောက်လာပြီး ကြည့်လိုက်သော်လည်း သံသယဖြစ်ဖွယ် ဘာမှ မတွေ့ရပေ။
သတင်းထဲက ပျောက်ဆုံးသွားတယ်ဆိုတဲ့ သင်္ဘောတွေက တိုင်ဖွန်းမုန်တိုင်းနဲ့ ပါသွားတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ရေဝဲတွေထဲ နစ်မြုပ်သွားတာပဲ ဖြစ်မယ်... ဟု အသံလက်ထောက်က တွေးလိုက်သည်။
"သွားမယ်..."
ရေငုပ်စစ်ဝတ်စုံသည် ချက်ချင်းပင် ရှေ့သို့ ပျံသန်းထွက်ခွာသွားလေသည်။
...
ထိုအချိန်တွင် ကယ်ဆယ်ရေး သင်္ဘော နှစ်စင်းစလုံးသည် တိုက်ဆိုင်စွာပင် ပင်လယ်ပြင်ထက်၌ ရပ်တန့်နေကြသည်။
ကယ်ဆယ်ရေး သင်္ဘော တစ်စင်းပေါ်တွင် ကပ္ပတိန် ကားလ် သည် ယာဉ်မောင်းခန်းရှိ ဒိုင်ခွက်များကို ကြည့်ကာ ရပ်နေသည်။ ဂြိုဟ်တု လမ်းကြောင်းပြ စနစ်၏ အချက်ပြများ လုံးဝ ပြတ်တောက်သွားသည်ကို မြင်တွေ့ရသောအခါ သူ၏ စိတ်ထဲတွင် လေးလံလာသည်။
လွန်ခဲ့သော မိနစ် ၂၀ ခန့်က သင်္ဘောပေါ်ရှိ ဂြိုဟ်တု လမ်းကြောင်းပြ စနစ် အချက်ပြများ ပြတ်တောက်သွားကြောင်း သူ၏ လက်ထောက်များက လာရောက် သတင်းပို့ခဲ့သည်။ ထိုစဉ်က အချက်ပြစနစ် မကောင်းခြင်း သို့မဟုတ် သံလိုက်စက်ကွင်းများ ရှိသော ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် ယခု မိနစ် ၂၀ ကြာသွားပြီ ဖြစ်သော်လည်း ဂြိုဟ်တု အချက်ပြများ ပြန်လည် ရရှိမလာသေးပေ။
နောက်ထပ် သင်္ဘောတစ်စင်းလည်း ဤကဲ့သို့ပင် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ယခုအခါ ကားလ် ၏ သင်္ဘောသည် ပင်လယ်ထဲတွင် မိမိတို့ မည်သည့်နေရာသို့ ရောက်နေသည်ကို ရှာဖွေ၍ မရတော့ပေ။ ဂြိုဟ်တုဖုန်းများပင် ခေါ်ဆို၍ မရတော့ဘဲ သင်္ဘော နှစ်စင်းစလုံး၏ ဆက်သွယ်ရေး စက်ပစ္စည်းများ အားလုံးကို ဧရာမ ဆက်သွယ်ရေး ဖြတ်တောက်သည့် အရာတစ်ခုက ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။
"ကပ္ပတိန်... ကျွန်တော်တို့ အခု ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်သွားပြီ... ဘယ်လို လုပ်ကြမလဲ... လမ်းကြောင်းပြ စနစ်တောင် သုံးလို့ မရတော့ဘူး... ဘယ်အရပ်မျက်နှာကို ဘယ်လို ရှာပြီး ဘယ်လမ်းကြောင်းက သွားရမလဲ..."
ပထမ အရာရှိ ဘရက်ဒီ ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဤကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်နှင့် ရင်ဆိုင်လိုက်ရသဖြင့် သူ့စိတ်ထဲတွင် ထိတ်လန့်လာမိသည်။ ဒီလအတွင်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သော သင်္ဘောများကို သူ တွေးမိလိုက်သည်။ သူတို့လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရတော့မည်လား။
သူတို့သည် ကယ်ဆယ်ရေး လုပ်ငန်းအတွက် လာခဲ့ကြခြင်း ဖြစ်သော်လည်း ယခုအခါ အခြားသူများကို ကယ်ဆယ်ရန် မဆိုထားနှင့်၊ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခရောက်နေကြပြီ ဖြစ်သည်။ ယခု ဂြိုဟ်တုဖုန်းများသာမက ဂြိုဟ်တု လမ်းကြောင်းပြ စနစ်များပါ အားလုံး အလုပ်မလုပ်တော့ပေ။
ဤသတင်းကို ကြားသိရသောအခါ သင်္ဘောပေါ်ရှိ သင်္ဘောသားများ၏ မျက်နှာများမှာ ဖြူရော်သွားကြသည်။ လမ်းမှားသွားမည်ကို စိုးရိမ်သဖြင့် သင်္ဘောကို ရပ်တန့်ထားလိုက်ရသည်။ သင်္ဘောသားများသည် အုပ်စုလိုက် စုဖွဲ့ကာ လက်ရှိ ကြုံတွေ့နေရသော ထူးဆန်းသည့် အခြေအနေကို ဆွေးနွေးနေကြသည်။
ရုတ်တရက်ပင် ဤသင်္ဘော နှစ်စင်းသည် ရှေးခေတ်ကာလသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။ ဂြိုဟ်တု လမ်းကြောင်းပြ စနစ် မရှိတော့သဖြင့် မြေပုံနှင့် သံလိုက်အိမ်မြှောင်များကိုသာ အားကိုး၍ အရပ်မျက်နှာကို ခန့်မှန်းရတော့မည် ဖြစ်သည်။
"ဒီ ဘာမြူဒါတြိဂံက တကယ်ကို မကောင်းဆိုးဝါး ဆန်တယ်... ဂြိုဟ်တု လမ်းကြောင်းပြ စနစ်တောင် အလုပ်မလုပ်တော့ဘူးဆိုတော့ တော်တော် ဆိုးတာပဲ..."
"အေးလေ... လောကကြီးမှာ ထူးဆန်းတာတွေ အများကြီး ရှိတာပဲ... အခု ကျွန်တော်တို့ ကြုံနေရတာက ဘာမှ မဟုတ်သေးဘူး... ဒီလထဲမှာ သင်္ဘော လေးစင်း ပျောက်သွားတာကမှ တကယ့် ကံဆိုးတာ..."
"အခု ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတော့ နောက်ထပ် အန္တရာယ်တွေ ဘာတွေများ ကြုံလာရဦးမလဲ မသိဘူး..."
"ဟေ့ လိုင်ဘတ်... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... နိမိတ်မရှိ အမင်္ဂလာ စကားတွေ..."
ယာဉ်မောင်းခန်းထဲမှ ကားလ် သည် ကုန်းပတ်ပေါ်တွင် တီးတိုး ပြောဆိုနေကြသော သင်္ဘောသားများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဤပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ခြင်း မရှိပါက သင်္ဘောသားများ၏ စိတ်ဓာတ်များ ကျဆင်းသွားပြီး ထိတ်လန့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သူ သိနေသည်။
အဘယ်ကြောင့်ဆိုသော် ကားလ် သည် စောစောကမှ သတင်းဆိုးတစ်ခုကို ထပ်မံ လက်ခံရရှိထားသောကြောင့်ပင်။ သံလိုက်အိမ်မြှောင်များပင် အလုပ်မလုပ်တော့ပေ။
ဤသတင်းကို ကြားသောအခါ ကားလ် တစ်ယောက် လူသတ်ချင်စိတ်ပင် ပေါ်လာမိသည်။
ဆက်သွယ်ရေး ပြတ်တောက်သွားသည့်အပြင် သံလိုက်အိမ်မြှောင်များပါ အလုပ်မလုပ်တော့ပါက သူ ဘယ်လို ဆက်လက် ခရီးနှင်ရမည်နည်း။ ဤအခြေအနေမျိုးတွင် လမ်းမှားသွားရန် လွယ်ကူပြီး အန္တရာယ်များနှင့်လည်း ကြုံတွေ့လာနိုင်ပေသည်။
"ကပ္ပတိန်... ကျွန်တော်တို့ အခု ဘယ်လို လုပ်ကြမလဲ... လှည့်ပြန်သင့်ပြီလို့ ထင်တယ်... ဒီလို အခြေအနေမျိုးမှာ ကယ်ဆယ်ရေး အလုပ်တွေကို ဆက်မလုပ်သင့်တော့ဘူး..."
ပထမ အရာရှိ ဘရက်ဒီက အကြံပြုလိုက်သည်။
"ကောင်းပြီလေ... လှည့်ပြန်ကြတာပေါ့... ကျွန်တော်တို့ အရှေ့ဘက်ကနေ စတင်ပြီး ရှာဖွေလာခဲ့တာဆိုတော့ အခု အရှေ့ဘက်ကိုပဲ ပြန်လှည့်ကြမယ်... ဂြိုဟ်တု လမ်းကြောင်းပြ စနစ် မရှိပေမယ့် လမ်းကြောင်းတော့ မှားမှာ မဟုတ်ပါဘူး..."
ကားလ်က ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။ ဤအခြေအနေမျိုးတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် မလုပ်ဆောင်သင့်တော့ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက် ဘရက်ဒီသည် ဖြူရော်နေသော မျက်နှာ၊ လေးနက်သော အမူအရာဖြင့် ဝင်လာပြီး...
"ကပ္ပတိန်... ပြဿနာ အကြီးကြီး တက်ပြီ... နေမင်းကြီး... နေမင်းကြီး ပျောက်သွားပြီ... ကောင်းကင်ကြီးက မှိုင်းညို့နေတယ်..."
ဘရက်ဒီ၏ အသံတွင် ကြောက်ရွံ့မှုများ စွက်ဖက်နေသည်။
"ဘာ..."
ကားလ်သည် မျက်ခုံးပင့်ကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။
သူတို့သည် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှေ့ဘက်မှ စတင်ခဲ့သော်လည်း ရှာဖွေရေး လုပ်နေစဉ်အတွင်း အရပ်မျက်နှာများကို အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ကြသည်။ ယခု သင်္ဘောခေါင်းကို လှည့်လိုက်ရုံဖြင့် အရှေ့ဘက်သို့ ရောက်ရှိသွားမည် မဟုတ်ပေ။
ယခု နေမင်းကြီးပါ ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူတို့သည် အရပ်မျက်နှာကို လုံးဝ ခွဲခြား၍ မရနိုင်တော့ပေ။